← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

အပိုင်း ၅၇

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

နှစ်စက္ကန့် ၊ သုံးစက္ကန့်ခန့်အကြာ၌ သူ၏ လက်ချောင်းများ ကျိုးပဲ့သွားတော့မည့်အလား ခံစားလိုက်ရသည်။ သူ ဆက်၍ သည်းမခံနိုင်တော့ဘဲ အံကို တင်းတင်းကြိတ်ကာ အမြန် လွှတ်ချလိုက်၏။

"ဗြုန်းးး" လေးကြိုးက မြည်ဟည်းသွားပြီး လေးမှာ တုန်ယင်သွားသည်။

ရဲ့ကျင်းယွီက လန်လင်းကို စိုက်ကြည့်လိုက်၏။ "သခင်လေးရဲ့ ကိုယ်ပိုင်ခွန်အားကို သုံးရင် ကျင်းခြောက်ဆယ်လေးက အကန့်အသတ်ပဲ။ ဉာဏ်အလင်းပွင့်ခြင်း အဆင့်သုံးဆင့်ကို သင်ယူပြီးပြီဆိုတော့ နဂါးစွမ်းအားကို ထုတ်လွှတ်နိုင်ပြီ။ နောက်တစ်ဆင့်အနေနဲ့ အဲဒါကို ထိန်းချုပ်ကြည့်ပါ။ နဂါးစွမ်းအားကို ညာဘက်လက်မောင်းဆီ ရွှေ့ပြီး လေးကြိုးကို ဆွဲကြည့်။"

လန်လင်းက မျက်လုံးမှိတ်လိုက်ပြီး အသူရာမိစ္ဆာကြယ်ကို လွယ်ကူစွာ အာရုံခံလိုက်သည်။ ထို့နောက် အသူရာမိစ္ဆာကြယ်မှ စွမ်းအင်တစ်ဟုန်ထိုး ထုတ်လွှတ်ပေးရန် စိတ်ဖြင့် အမိန့်ပေးလိုက်၏။ ဆက်လက်၍ ထိုစွမ်းအင်ကို ဂရုတစိုက် ထိန်းချုပ်ကာ ညာဘက်လက်မောင်းအတွင်းသို့ အားလုံး စုစည်းလိုက်သည်။

ဝှစ်။

လန်လင်း ကျင်းခြောက်ဆယ်လေးကို လွယ်ကူစွာ ဆွဲနိုင်သွား၏။ စက္ကန့်သုံးဆယ် အတိအကျ ငြိမ်သက်နေအောင် သူ ထိန်းထားနိုင်လိုက်သည်။ သို့သော် ထိုအချိန်အတောအတွင်း၌ အသူရာမိစ္ဆာကြယ်၏ စွမ်းအင်များက လျင်မြန်စွာ ကုန်ဆုံးသွား၏။

ရဲ့ကျင်းယွီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ဘယ်လိုလဲ။ ဒါက နဂါးစွမ်းအားရဲ့ စွမ်းအင်ပဲ။ အဲဒါကို လက်မောင်းတွေဆီ စုစည်းလိုက်ရင် လက်ရုံးခွန်အားကို တိုးလာစေတယ်။ ခြေထောက်တွေဆီ စုစည်းလိုက်ရင် အများကြီး ပိုမြန်လာနိုင်တယ်။"

လန်လင်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။ နဂါးစွမ်းအားမှာ လူ့လောကရှိ လှည့်ကွက်တစ်ခုပင်။

ကမ္ဘာမြေပေါ်ရှိ လူများက သူတို့၏ ခွန်အားကို အဆပေါင်းများစွာ တိုးပွားစေရန် တိမ်မြုပ်နေသည့် အလားအလာများကို တစ်ခါတစ်ရံ၌ ဖွင့်ထုတ်နိုင်ကြသည်။ သို့သော် ထိုအရာက သေရေးရှင်ရေးနှင့် ရင်ဆိုင်ရချိန်၌သာ အများအားဖြင့် ဖြစ်ပေါ်လေ့ရှိ၏။ လူများစွာက တစ်သက်လုံး ထိုစွမ်းအားကို အသုံးပြုရန် အခွင့်အရေး ရနိုင်မည် မဟုတ်ချေ။

သို့သော် ဤကမ္ဘာ၌မူ နဂါးစွမ်းအားကို အချိန်မရွေး အသုံးပြုနိုင်သည်။

ရဲ့ကျင်းယွီက မျက်ခုံးပင့်လိုက်၏။ "ဒါပေမဲ့ သခင်လေးရဲ့ သွေးဆက်နဂါးစွမ်းအား စွမ်းအင်က ကန့်သတ်ချက်ရှိတယ်။ တစ်ရက်ကို အများဆုံး သုံးကြိမ်ကနေ ငါးကြိမ်အထိပဲ သုံးလို့ရမယ်။ ဒါကြောင့် လေးပစ်ဖို့ပဲဖြစ်ဖြစ် ၊ တိုက်ခိုက်ဖို့ပဲဖြစ်ဖြစ် နဂါးစွမ်းအားကို သုံးတာက အပြင်းထန်ဆုံး တိုက်ခိုက်မှုတစ်ခုလို့ သတ်မှတ်ကြတယ်။ ဒီလိုပြင်းထန်တဲ့ တိုက်ခိုက်မှုကို အရေးအကြီးဆုံး အချိန်တွေအတွက်ပဲ ချန်ထားရမယ်။ ပုံမှန်အချိန်တွေမှာတော့ ကိုယ်ပိုင် ခန္ဓာကိုယ်ခွန်အားကိုပဲ အားကိုးရမယ်။ နားလည်လား။"

သူ နားလည်ကြောင်း ပြသသည့်အနေဖြင့် လန်လင်းက ဆက်လက်၍ ခေါင်းညိတ်လိုက်သည်။ နဂါးစွမ်းအားကို အသုံးပြုခြင်းမှာ တိုက်ခိုက်မှုစွမ်းအားကို နှစ်ဆတိုးစေသည့် အပြင်းထန်ဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်၏။ တစ်ရက်လျှင် သုံးကြိမ်မှ ငါးကြိမ်အထိသာ လုပ်ဆောင်နိုင်သည်။

ရဲ့ကျင်းယွီက ဆက်ပြော၏။ "ဒါဆိုရင် ကိုယ်ပိုင် ခန္ဓာကိုယ်ရဲ့ မူလခွန်အားကို ဘယ်လို တိုးမြှင့်ရမလဲ။ သွေးဆက်နဂါးစွမ်းအားကိုပဲ အားကိုးရဦးမယ်။ ဉာဏ်အလင်းပွင့်ခြင်း ပထမအဆင့်မှာ သခင်လေး ဒါကို သတိထားမိမှာပါ။ နဂါးစွမ်းအားက နှလုံးသား နက်ရှိုင်းတဲ့နေရာကနေ အပြင်ကို ထွက်လာပြီး လက်မောင်းတွေ ၊ ခြေထောက်တွေနဲ့ အရိုးတွေထဲ ချက်ချင်း ပျောက်ကွယ်သွားတယ်။"

လန်လင်းက အသေအချာ နားထောင်နေသည်။

ရဲ့ကျင်းယွီက ရှင်းပြ၏။ "နဂါးစွမ်းအားက အရိုးတွေထဲ ဝင်သွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ နာကျင်မှုကို ကုသပေးဖို့လောက်ပဲ သူက ကြိုးစားတယ်။ ဒီအကြောင်းကြောင့် စွမ်းအင်တွေ ကုန်သွားပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို တိုးတက်လာစေမှာ မဟုတ်ဘူး။ အကယ်၍ သခင်လေးက ပိုသန်မာချင်တယ်ဆိုရင် ဉာဏ်အလင်းပွင့်ခြင်း တတိယအဆင့်ဖြစ်တဲ့ နဂါးစွမ်းအား ထိန်းချုပ်ခြင်းကို လိုအပ်တယ်။ သက်ဝင်နေတဲ့ နဂါးစွမ်းအားကို သီးခြား ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုရဲ့ စွမ်းအင်လမ်းကြောင်းတွေဆီ တိုက်ရိုက် လမ်းညွှန်ပေးရမယ်။"

ထို့နောက် ရဲ့ကျင်းယွီက ညာလက်ကို မြှောက်ကာ လက်ဟန်ခြေဟန်ဖြင့် ပြသလိုက်သည်။ "ဥပမာအနေနဲ့ သခင်လေးရဲ့ လက်မောင်းကို ပိုသန်မာစေချင်ရင် သွေးဆက်နဂါးစွမ်းအားကို နှိုးဆွနိုင်တယ်။ ပြီးရင် အဲဒီစွမ်းအားကို လက်မောင်းရဲ့ ကြွက်သားတွေနဲ့ အရွတ်တွေထဲကို တွန်းပို့လိုက်။"

လန်လင်းက မျက်မှောင်ကြုတ်လိုက်၏။ "ဒါက ခွန်အားကိုတော့ တိုးစေမှာပေါ့။ ဒါပေမဲ့ အမြန်နှုန်းကို တိုးချင်ရင်ရော ဘယ်လိုလုပ်ရမလဲ။ ဥပမာ တချို့ လေးပစ်စွမ်းရည်တွေနဲ့ လုပ်ကြံသတ်ဖြတ်သူတွေက ခွန်အား သိပ်မလိုဘူးလေ။ အဲဒီအစား သူတို့က အရမ်းမြန်တဲ့ အမြန်နှုန်းကို လိုအပ်တယ်။"

ရဲ့ကျင်းယွီက ဖြေသည်။ "နဂါးစွမ်းအားကို လက်မောင်းတွေထဲ တွန်းပို့လိုက်။ အဲဒါက ခွန်အား ပိုပေးမလား ၊ အမြန်နှုန်း ပိုပေးမလားဆိုတာက သခင်လေးရဲ့ သွေးဆက်ပါရမီအပေါ် လုံးဝ မူတည်တယ်။ အကယ်၍ သခင်လေးဆီမှာ ခွန်အားအတွက် မြင့်မားတဲ့ ပါရမီပါရင် ခွန်အားက သဘာဝအတိုင်း ပိုတိုးလာလိမ့်မယ်။ အကယ်၍ အမြန်နှုန်းအတွက် မြင့်မားတဲ့ ပါရမီပါရင် အမြန်နှုန်းက သဘာဝအတိုင်း ပိုတိုးလာလိမ့်မယ်။"

လန်လင်း၏ မျက်လုံးတို့က တောက်ပသွား၏။ နဂါးစွမ်းအား၏ အလုပ်လုပ်ပုံကို သဘောပေါက်သွားပြီး အရာအားလုံးကို ပြီးပြည့်စုံစွာ နားလည်သွားသည်။

ရဲ့ကျင်းယွီက ဆက်ပြော၏။ "လာမယ့် ကာလတစ်ခုအထိ ဒီပြောင်ချိုင့်ဝှမ်းမှာ ကျွန်မတို့ စခန်းချမယ်။ ပထမဆုံးအနေနဲ့ ကျွန်မတို့ရဲ့ လက်တွေ့ လေးပစ်လေ့ကျင့်မှုရဲ့ အစောဆုံး ပန်းတိုင်ကို ဖြတ်ကျော်ရမယ်။ သခင်လေးက လေးကို ဆယ်ကြိမ်ဆက်တိုက် ဆွဲရမယ်... ပြီးရင် တစ်ကြိမ်ဆွဲတိုင်း မိနစ်ဝက်လောက် ထိန်းထားရမယ်။"

**--**--**--**--**--**--**--**

ရဲ့ကျင်းယွီက မေးလိုက်သည်။ "သခင်လေးရဲ့ ကိုယ်ပိုင်ခွန်အားနဲ့တင် အဲဒါကို လုပ်နိုင်မလား။"

လန်လင်းက ခေါင်းရမ်းလိုက်၏။

လက်ရှိ သူ၏ စွမ်းအားဖြင့် ကျင်းခြောက်ဆယ်လေးကိုသာ ဆွဲနိုင်သည်။ သို့သော် ဆွဲပြီးနောက် စက္ကန့်အနည်းငယ်ထက် ပို၍ သူ မထိန်းထားနိုင်ချေ။ သူ၏ လက်များ စတင်တုန်ယင်လာမည်ဖြစ်ပြီး ပစ်မှတ်ရွယ်ရန် မဖြစ်နိုင်ချေ။

ဆယ်ကြိမ်ဆက်တိုက် ဆွဲရန် ကြိုးစားခြင်းနှင့် တစ်ကြိမ်လျှင် စက္ကန့်သုံးဆယ်ကြာအောင် ထိန်းထားရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

ရဲ့ကျင်းယွီက ပြော၏။ "ဒါပါပဲ... လာမယ့် နှစ်ပတ်အတွင်း သခင်လေးရဲ့ တစ်ခုတည်းသော အလုပ်က ဒီပထမအဆင့်ကို အဆုံးသတ်ဖို့ပဲ။ အဲဒီနောက်မှသာ နောက်တစ်ဆင့် လေ့ကျင့်မှုဆီ ကူးပြောင်းနိုင်လိမ့်မယ်။"

လန်လင်း မျက်လုံးပြူးသွားသည်။ "လဝက်တောင်လား။"

ရဲ့ကျင်းယွီက ပခုံးတွန့်လိုက်၏။ "သေချာတာပေါ့။ ကျွန်မက သခင်လေးကို ပါရမီရှင်တစ်ယောက်လို သဘောထားပြီးပြီ။ ပုံမှန်ဆိုရင် ပါရမီမြင့်တဲ့သူတွေတောင် ဒီပထမအဆင့်ကို ပြီးမြောက်ဖို့ နှစ်လ ဒါမှမဟုတ် သုံးလလောက် အချိန်ယူရတယ်။ သခင်လေးရဲ့ ညာဘက်လက်မောင်း အမြင့်ဆုံးခွန်အားက ကျင်းခြောက်ဆယ်ပဲ ရှိသေးတယ်။ ဒီပန်းတိုင်ကို အဆုံးသတ်ဖို့ သခင်လေးရဲ့ ညာဘက်လက်မောင်းက အနည်းဆုံး ခွန်အား ကျင်းရှစ်ဆယ် ရှိဖို့ လိုအပ်တယ်။"

တစ်နည်းအားဖြင့် လန်လင်း၏ နောက်ထပ် တာဝန်မှာ သူ၏ ညာဘက်လက်မောင်း ခွန်အားကို ကျင်းနှစ်ဆယ် တိုးရန် ဖြစ်သည်။ ထိုအရာကို လုပ်ဆောင်ရန် ရဲ့ကျင်းယွီက သူ့ကို လဝက်ခန့်သာ အချိန်ပေးထား၏။

ထို့နောက် ရဲ့ကျင်းယွီက အနီးအနား၌ စခန်းချရန် ထွက်သွားသည်။ လန်လင်းတစ်ယောက်တည်း လေးဆွဲလေ့ကျင့်ရန် သူမ ချန်ထားရစ်၏။

ဤလေ့ကျင့်မှုကို အပိုင်းနှစ်ပိုင်း ခွဲခြားထားသည်။

ပထမပိုင်းမှာ မည်သည့် နဂါးစွမ်းအားကိုမှ အသုံးမပြုဘဲ သူ၏ ပုံမှန် ခွန်အားကိုသာ အသုံးပြုရန် ဖြစ်၏။ သူ လေးကိုဆွဲကာ တတ်နိုင်သမျှ အကြာဆုံး ထိန်းထားရမည် ဖြစ်သည်။ နေ့စဉ် လေ့ကျင့်မှုဖြင့် သူ၏ ခွန်အားမှာ တဖြည်းဖြည်း တိုးတက်လာပေလိမ့်မည်။ ကြွက်သားများ တည်ဆောက်ရန် ကမ္ဘာမြေပေါ်၌ အလေးမသကဲ့သို့ပင်။

ဒုတိယပိုင်းမှာ နဂါးစွမ်းအားကို အသုံးပြု၍ ကြွက်သားများနှင့် အရိုးများကို ကြံ့ခိုင်စေရန် ဖြစ်သည်။ ဤသည်မှာ လန်လင်း၏ လေ့ကျင့်မှု၌ အရေးအကြီးဆုံး အပိုင်းဖြစ်၏။

နဂါးစွမ်းအားဖြင့် ကြံ့ခိုင်စေခြင်းဆိုသည်မှာ မည်သည်နည်း။

အရွတ်များ ၊ အရိုးများနှင့် ကြွက်သားများကို မာကျောစေရန် လက်မောင်းအတွင်းသို့ နဂါးစွမ်းအားကို တွန်းပို့ခြင်းပင်။ ထိုအရာက လက်မောင်းကို တိုက်ရိုက် သန်မာလာစေသည်။

သေချာပေါက် ဤကဲ့သို့ နဂါးစွမ်းအားဖြင့် ကြံ့ခိုင်စေခြင်းမှာ သာမန်လူများအတွက် အလွန်တရာ တန်ဖိုးကြီးလှ၏။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်က သူတို့၏ သွေးဆက်နဂါးစွမ်းအားကို တစ်ရက်လျှင် သုံးကြိမ်မှ ငါးကြိမ်အထိသာ နှိုးဆွနိုင်သည့်အတွက် ဖြစ်သည်။

ရိုးရိုးရှင်းရှင်း ဆိုရလျှင် လူတစ်ယောက်မှာ သူတို့၏ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေရန် တစ်ရက်လျှင် သုံးကြိမ်မှ ငါးကြိမ်သာ အခွင့်အရေးရှိ၏။

လန်လင်းက ခေါင်းကုတ်လိုက်သည်။ "ဒါဆိုရင် လက်မောင်းခွန်အား ကျင်းနှစ်ဆယ် တိုးဖို့ လက်မောင်းရဲ့ အရိုးတွေနဲ့ အရွတ်တွေကို နဂါးစွမ်းအား သုံးပြီး အကြိမ် သုံးရာလောက်တောင် ကြံ့ခိုင်အောင် လုပ်ဖို့ လိုတယ်ဆိုတဲ့ အဓိပ္ပာယ်လား။"

တဲထိုးရန် ကုန်းနေသည့် ရဲ့ကျင်းယွီက စွေကြည့်လိုက်၏။ သူမက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ပြီးတော့ လေ့ကျင့်မှုအပေါ်ပဲ အာရုံစိုက်ပါ။ ကျွန်မရဲ့ တင်ပါးကို မကြည့်နဲ့။"

လန်လင်း၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွား၏။ သူ အမြန် မျက်နှာလွှဲလိုက်သော်ငြား ရဲ့ကျင်းယွီ ယခုလေးတင် ရှင်းပြသွားသည့် စည်းမျဉ်းကို သူ အပြည့်အဝ နားလည်သွားသည်။

နဂါးစွမ်းအားဖြင့် ကြံ့ခိုင်စေခြင်း၏ အဓိကအချက်မှာ သွေးဆက်နဂါးစွမ်းအားကို ထာဝရ ရုပ်ပိုင်းဆိုင်ရာ ခွန်အားအဖြစ် ပြောင်းလဲပစ်ရန် ဖြစ်၏။ ဤသည်မှာ သိုင်းပညာ၏ စစ်မှန်သည့် အခြေခံအုတ်မြစ်ပင်။

ဤသို့ဆိုလျှင် သွေးဆက်နဂါးစွမ်းအားကို တကယ့်တိုက်ပွဲ၌ အသုံးပြုမည်လား။ သေချာပေါက် အသုံးပြုပေလိမ့်မည်။ တိုက်ပွဲ၌ နဂါးစွမ်းအားကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် သေစေလောက်သည့် အပြင်းထန်ဆုံး တိုက်ခိုက်မှုတစ်ခုကို ဖန်တီးပေးပေလိမ့်မည်။

သို့သော် ထိုတိုက်ခိုက်မှုများမှာ ရှားပါးပြီး တန်ဖိုးကြီးလှ၏။ တိုက်ပွဲတစ်ခု၏ အန္တရာယ်အများဆုံး အချိန်များ၌သာ သူတို့ကို အသုံးပြုရပေလိမ့်မည်။

နဂါးစွမ်းအားဖြင့် ကြံ့ခိုင်စေခြင်းမှတစ်ဆင့် ခွန်အား တည်ဆောက်ခြင်းမှာ ရှည်လျားပြီး ခက်ခဲကြမ်းတမ်းသည့် လမ်းခရီးတစ်ခု ဖြစ်၏။ သို့သော် လန်လင်း၌ ဖြုန်းတီးပစ်ရန် လဝက် အချိန်မရှိချေ။

အဆင့်နှစ် စစ်သည်တော် လေးသည်တော်တစ်ဦး ဖြစ်လာရန် သူ့၌ သုံးလသာ အချိန်ရှိသည်။ ထိုအရာကို လုပ်ဆောင်ရန် သူက ကျင်းနှစ်ရာကျော်ရှိသည့် လေးကိုဆွဲကာ ပစ်မှတ်ကို အကြိမ်တစ်ရာ၌ အကြိမ်ရှစ်ဆယ် မှန်အောင် ပစ်ရမည်ဖြစ်၏။

အကယ်၍ လေးဆွဲသည့် ပထမအဆင့်ကို အဆုံးသတ်ရန်သာ လဝက် အချိန်ယူရမည်ဆိုပါက အဆင့်နှစ် စစ်သည်တော် လေးသည်တော်တစ်ဦး ဖြစ်လာရန် အနည်းဆုံး နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် ကြာမြင့်ပေလိမ့်မည်။

ထို့အတွက်ကြောင့် လန်လင်းက မျက်လုံးနှစ်လုံးကို တင်းတင်းမှိတ်ထားလိုက်ပြီး သူ၏ စိတ်ထဲ၌ မေးလိုက်၏။ "အသူရာမိစ္ဆာကြယ်... မင်းဆီမှာ ကျန်နေတဲ့ စွမ်းအင်တွေနဲ့ ငါ့ရဲ့ ညာဘက်လက်မောင်းခွန်အားကို ကျင်းနှစ်ဆယ် တိုးလာအောင် လုပ်လို့ရမလား။"

အပိုင်း ၅၇ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

၁ ကျင်းကို ၁.၁ ပေါင်ရှိပါတယ်။ ၁၀ ကျင်းကို ၁၁ ပေါင်။ စသဖြင့်။

All Chapters