အခန်း ၆၀
Vol. 6 Ch. 60
အပိုင်း ၆၀
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ရဲ့ကျင်းယွီက အမြန်ရှေ့တိုးလာ၏။ လန်လင်း၏ ခေါင်းပေါ်သို့ သူမ၏ လက်ကို တင်လိုက်ကာ နူးညံ့သည့် နဂါးစွမ်းအားတစ်ပတ်ကို သူ့ အထဲသို့ ဖြည်းညင်းစွာ ပို့လွှတ်ပေးလိုက်သည်။
ချက်ချင်းဆိုသလိုပင် လန်လင်း၏ ထိုးကိုက်နေသည့် ခေါင်းကိုက်ဝေဒနာမှာ တဖြည်းဖြည်း သက်သာလာ၏။
ရဲ့ကျင်းယွီက လေးနက်စွာ ပြောသည်။ "ဒါက သခင်လေးရဲ့ စိတ် အရမ်းပင်ပန်းနေလို့ပါ။ တကယ်တော့ ပုံမှန်ပါပဲ။ တိုက်ခိုက်ရေးသမားတိုင်း ဒီနာကျင်မှုကို ခံစားရတာချည်းပါပဲ။ အခု နောက်တစ်ခါ ပြန်မလေ့ကျင့်ခင် နာရီအနည်းငယ်လောက် အနားယူဖို့ လိုတယ်။ ကျွန်မနောက် လိုက်ခဲ့ပါ။"
ခေါင်းအလွန်ကိုက်နေသော်ငြား ရဲ့ကျင်းယွီနောက်မှ ကြည်လင်နေသည့် ရေကန်ဆီသို့ လိုက်သွားသည်။
ရဲ့ကျင်းယွီက မျက်မှောင်ကျုံ့လိုက်သည်။ "သခင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ နဂါးစွမ်းအား နည်းနည်းမှ မကျန်တော့တာ သေချာလား။"
လန်လင်းက ခေါင်းညိတ်လိုက်သည်။ "အင်း... နည်းနည်းလေးတောင် မကျန်တော့ဘူး။"
ရဲ့ကျင်းယွီက လေးနက်စွာ ဆက်ပြောသည်။ "နဂါးစွမ်းအား ရှိမယ်ဆိုရင် စိတ်က အမြန်ပြန်ကောင်းလာလိမ့်မယ်။ မရှိဘူးဆိုရင်တော့ ခန္ဓာကိုယ်က သူ့အလိုလို ပြန်ကောင်းအောင် လုပ်ရမှာမို့ အချိန်အများကြီး ပိုယူရလိမ့်မယ်။ အဝတ်အစားတွေ ချွတ်ပြီး ရေထဲမှာ ထိုင်လိုက်ပါ။ အသက်ရှူဖို့ ပိုက်တစ်ခုကို ပါးစပ်ထဲထည့်ထားပြီး ခေါင်းတစ်ခုလုံးကို ရေမြုပ်ထားလိုက်။ ရေက စိတ်ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးလိမ့်မယ်။"
လန်လင်း ရှက်မနေတော့ချေ။ ဘောင်းဘီတိုတစ်ထည်ကိုသာ ချန်ထားပြီး အဝတ်အစားများကို ချွတ်လိုက်၏။ အသက်ရှူပိုက်ကို ပါးစပ်ထဲတပ်ကာ အေးစက်ပြီး ကြည်လင်နေသည့် ရေကန်ထဲသို့ ထိုင်ချလိုက်သည်။ အသက်ရှူနိုင်ရန်အတွက် ပိုက်ကိုသာ အပြင်ဘက်၌ ထားရှိပြီး ရေအောက်သို့ တစ်ကိုယ်လုံး မြုပ်သွားစေလိုက်သည်။
ရဲ့ကျင်းယွီက လေးနက်စွာ ပြောသည်။ "မျက်စိမှိတ်ထားပါ။ ဘာမှ မတွေးနဲ့။ နိုးနေတာနဲ့ အိပ်ပျော်နေတဲ့ ကြားမှာပဲ အနားယူလိုက်ပါ။ သခင်လေးအတွက် ငြိမ်းချမ်းခြင်းနဲ့ အေးချမ်းခြင်း ဂါထာကို ကျွန်မ ရွတ်ပေးမယ်။ အဲဒါကို သင်ယူဖို့ ဒါမှမဟုတ် နားလည်ဖို့ မလိုဘူး။ ဒီတိုင်း နားသာထောင်နေလိုက်ပါ။"
ထို့နောက် ရဲ့ကျင်းယွီ ရေကန်ဘေး၌ တင်ပျဉ်ခွေထိုင်ကာ ဂါထာကို စတင်ရွတ်ဆို၏။
လန်လင်း ရေအောက်ရောက်နေသော်ငြား ရဲ့ကျင်းယွီ၏ အသံကို ရှင်းလင်းပြတ်သားစွာ ကြားနေရသည်။ ဂါထာ၌ တကယ့်စကားလုံးများ မပါဝင်ချေ။ မှော်ဆန်သည့် တေးသွားတစ်ခုနှင့်သာ တူနေ၏။
လန်လင်း နားထောင်ရင်းဖြင့် အလွန်တိတ်ဆိတ်ပြီး မှော်ဆန်သည့် အိပ်မက်တစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူ့ ပတ်ဝန်းကျင်ရှိ ရေများမှာ သူ၏ ခန္ဓာကိုယ်အား ဖက်တွယ်ထားသည့် နူးညံ့သော တိမ်တိုက်များနှင့် တူနေ၏။ အလွန်ကို သက်သောင့်သက်သာရှိလှပြီး ကြိုးစားစရာမလိုဘဲ လုံးဝကို စိတ်အေးလက်အေး ဖြစ်သွားရသည်။
တဖြည်းဖြည်းနှင့် အိပ်ပျော်ခြင်းနှင့် နိုးကြားခြင်းတို့၏ ကြားရှိ အခြေအနေတစ်ခုသို့ ရောက်ရှိသွား၏။ ဤသည်က သူ၏ စိတ်ဝိညာဉ်စွမ်းအား ပြန်လည်ရရှိရန် အကောင်းဆုံး နည်းလမ်းပင်။
လေးနာရီခန့် အကြာ၌ လန်လင်း လုံးဝ သက်သာသွားသည်ဟု ခံစားလိုက်ရသည်။ ရေထဲ၌ လေးနာရီကြာ အနားယူရခြင်းက ဆယ်နာရီကြာ အိပ်စက်ရသည်နှင့် တူညီနေ၏။
ထို့နောက် လန်လင်း သူ၏ စိတ်ဝိညာဉ်ဖြင့် ခြေရာခံသည့် လေ့ကျင့်မှုကို ထပ်မံစတင်လိုက်ပြန်သည်။
သူ၏ ရည်မှန်းချက်က ရိုးရှင်းလှ၏။ ပေကိုးဆယ် အကွာအဝေးရှိ ပစ်မှတ်၏ ဗဟိုချက်ကို ခြေရာခံရန် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုခြင်းပင်။
သူ၏ စိတ်ထဲမှ အခြားအရာများအားလုံး ပျောက်ကွယ်သွားပြီး ပစ်မှတ်၏ ဗဟိုချက်သာ ကျန်ရှိနေချိန်၌ သူ အောင်မြင်မည်ဖြစ်သည်။
လန်လင်း၏ စိတ်ဝိညာဉ်စွမ်းအားက ပစ်မှတ်ကို ခြေရာခံနိုင်လောက်အောင် သန်မာလှ၏။ သို့သော် နဂါးစွမ်းအား မပါဘဲနှင့် ထိုအခြေအနေကို အချိန်ကြာကြာ သူ မထိန်းထားနိုင်ချေ။
မိနစ်အနည်းငယ်မျှ လေ့ကျင့်ပြီးသည်နှင့် သူ၏ စိတ်ဝိညာဉ်စွမ်းအားများ လုံးဝ ကုန်ခမ်းသွား၏။ ထိုအခါ ပြန်လည်ကောင်းမွန်လာစေရန် ရေကန်ထဲသို့ သူ ပြန်သွားရ၏။
အိပ်စက်အနားယူရန် လိုအပ်သည့်အတွက် ဤစိတ်ဝိညာဉ်ဖြင့် ခြေရာခံခြင်းကို တစ်ရက်လျှင် သုံးကြိမ်သာ သူ လေ့ကျင့်နိုင်သည်။
တစ်ကြိမ် ၊ နှစ်ကြိမ် ၊ သုံးကြိမ်၊ လေးကြိမ် စသဖြင့် သူ ကြိုးစား၏...။ သူ၏ စိတ်ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားသည့် အချိန်တိုင်း ဦးခေါင်းက ပေါက်ကွဲထွက်မတတ် ပြင်းထန်စွာ နာကျင်ရသည်။
ထိုသို့ နာကျင်နေချိန်အတွင်း အသူရာမိစ္ဆာကြယ်နှင့် သူ၏ နဂါးစွမ်းအားကို တကယ်ပင် လွမ်းဆွတ်နေမိ၏။ အကယ်၍ သူ့ကို ကူညီရန် အသူရာမိစ္ဆာကြယ်၏ စွမ်းအားသာ ရှိနေပါက ဤလေ့ကျင့်မှုကို တစ်ထိုင်တည်းနှင့် အပြီးသတ်နိုင်မည် ဖြစ်သည်။
နောက်ဆုံး၌ ဆယ့်သုံးကြိမ်မြောက် ကြိုးစားမှု၌ လန်လင်းတစ်ယောက် ပေကိုးဆယ်အကွာရှိ ပစ်မှတ်အား စိတ်ဝိညာဉ်ဖြင့် ခြေရာခံခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်သွားလေပြီ။
သူ၏ စိတ်ထဲ၌ အခြားအရာအားလုံး မှုန်ဝါးပျောက်ကွယ်သွား၏။ ပစ်မှတ်၏ ဗဟိုချက်တစ်ခုသာ ကျန်ရစ်ခဲ့သည်။
လက်ရှိအချိန်မှာ လေးရက်မြောက်နေ့ နံနက်ခင်းသို့ ရောက်နေပြီဖြစ်သည်။ ပြီးခဲ့သည့် သုံးရက်အတွင်း လန်လင်းတစ်ယောက် တစ်ရက်လျှင် သုံးကြိမ်ခန့် အလွန်ဆိုးရွားသည့် ခေါင်းကိုက်ဝေဒနာကို ခံစားခဲ့ရ၏။
ရဲ့ကျင်းယွီက ပြုံးသည်။ "သခင်လေး စိတ်ဝိညာဉ်နဲ့ ခြေရာခံတာရဲ့ အလွယ်ဆုံးအဆင့်ကို ပြီးမြောက်သွားပြီပဲ။ နောက်တစ်ဆင့်အနေနဲ့ ဒါကိုသုံးပြီး ပစ်မှတ်တွေကို ပစ်ခတ်လေ့ကျင့်ရမယ်။"
ပန်းတိုင်မှာ မြားဆယ်ချောင်း ဆက်တိုက်ပစ်ကာ ရမှတ် ရှစ်ဆယ် ရရှိရန်ပင်။
ထိုအရာကို သူ လုပ်ဆောင်နိုင်သည်နှင့် တောရိုင်းပြောင်များကို သွားရောက် အမဲလိုက်နိုင်ပေလိမ့်မည်။ ထို့နောက် သူတို့၏ စွမ်းအင်များကို စုပ်ယူနိုင်မည်ဖြစ်၏။
**--**--**--**--**--**--**--**
လန်လင်း သူ၏ လေးနှင့် မြားများကို ပြန်ကောက်ကိုင်လိုက်ချိန်၌ အလွန်ပင် ပျော်ရွှင်နေမိ၏။ နောက်ဆုံးတော့ သူ ပစ်မှတ်ကို သာမန်အတိုင်း စိုက်ကြည့်နေစရာ မလိုချေ။ သူ၏ စွမ်းရည်အသစ်ကို အသုံးပြု၍ ပစ်ခတ်နိုင်ပြီဖြစ်သည်။
အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ လေးကြိုးပေါ်သို့ မြားတစ်ချောင်းတင်ပြီး အားကုန် ဆွဲလိုက်သည်။
မျက်လုံးများကို ကျဉ်းလိုက်ကာ ဖန်သော်တာ နည်းစနစ်အား အမြန်အသုံးပြုလိုက်၏။ ပေကိုးဆယ်အကွာရှိ ပစ်မှတ်ဗဟိုချက်ကို ခြေရာခံရန် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်သည်။
ငါးစက္ကန့် ၊ ဆယ်စက္ကန့် ၊ ဆယ့်ငါးစက္ကန့် ကုန်လွန်သွား၏။
ခြေရာခံခြင်း အောင်မြင်သွားလေပြီ။ သူ၏ စိတ်ထဲ၌ ပစ်မှတ်ဗဟိုချက်ကို မြင်နေရသည်။
"ရွှစ်..." ကြိုးကို သူ လွှတ်ချလိုက်၏။
မြားက လေထဲသို့ အရှိန်အဟုန်ဖြင့် ပျံသန်းထွက်သွားသည်။
"ဒုတ်..." ပစ်မှတ်ကို ထိသွားပြီး သုံးမှတ် ရသွား၏။
လန်လင်းတစ်ယောက် ပျော်ရွှင်သွားသလို အနည်းငယ်လည်း ရှုပ်ထွေးသွားရသည်။
စိတ်ဝိညာဉ်ဖြင့် ခြေရာခံသည့် စွမ်းရည်မှာ အလွန်တရာ အံ့မခန်းဖြစ်၏။ ယခင်က သူ အမြဲတမ်း လွဲချော်လေ့ရှိသည်။ ပစ်မှတ်ကို ထိလျှင်ပင် သုညမှတ်သာ ရ၏။
သို့သော် ယခုမူ ပစ်မှတ်ကို ချက်ချင်း ထိသွားသည်။ ထိုသို့တိုင် သူ၏ စိတ်က ဗဟိုချက်ကို ခြေရာခံထားနိုင်ပါလျက်နှင့် အပြည့်အဝ ဆယ်မှတ် မရသင့်ဘူးလော။
လန်လင်း မည်သည်တို့ကို တွေးနေသည်ကို သိနေသည့်အလား ရဲ့ကျင်းယွီက ခေါင်းရမ်းလိုက်သည်။ "စိတ်ဝိညာဉ်နဲ့ ခြေရာခံတာက ချိန်ရွယ်ဖို့လောက်ပဲ ကူညီပေးတာပါ။ သခင်လေးက ဒီလေးကို အပြည့်အဝ မကျွမ်းကျင်သေးဘူးလေ။ ကြိုးကို လွှတ်လိုက်တဲ့ အချိန်မှာ ခန္ဓာကိုယ်က အမှားသေးသေးလေး တစ်ခု လုပ်မိသွားတယ်။ နားလည်လား။"
လန်လင်းက ခေါင်းညိတ်လိုက်သည်။ "ဪ...။"
ရဲ့ကျင်းယွီက လေးနက်စွာ ဆက်ပြောသည်။ "စိတ်နဲ့ ခန္ဓာကိုယ်ကြားက ဒီကွာဟချက်ကို အကြိမ်ကြိမ် လေ့ကျင့်ခြင်းအားဖြင့် ပြင်ဆင်လို့ရပါတယ်။ တစ်ကြိမ်ကို မြားဆယ်ချောင်းနဲ့ တစ်ရက်ကို သုံးကြိမ်ပဲ သခင်လေး ပစ်လို့ရမယ်။ အကြိမ်တိုင်း အကောင်းဆုံး ကြိုးစားရမယ်နော်။"
လန်လင်း ခေါင်းညိတ်လိုက်သည်။ "နားလည်ပြီ။"
သူ လေးကို ဆွဲလိုက်ပြီး ဒုတိယမြောက် မြားကို တင်လိုက်သည်။ ပစ်မှတ်ကို သူ၏ စိတ်ဖြင့် ထပ်မံ ခြေရာခံလိုက်၏။
ပထမတစ်ချက် ပစ်စဉ်က အမှားကို ပြန်သတိရသွားပြီး သူ၏ ချိန်ရွယ်မှုကို အနည်းငယ် ပြင်ဆင်လိုက်သည်။
"ရွှစ်..." မြား ပျံထွက်သွား၏။
လေးမှတ်... မဆိုးချေ။ ပိုကောင်းလာသည်။
တတိယမြားက လေးမှတ် ထပ်ရပြန်၏။
ပဉ္စမမြောက်မြားက ငါးမှတ် ရသည်။
ဆဋ္ဌမမြောက်မြား ငါးမှတ်။
**--**--**--**--**--**--**--**
ဒသမမြောက်မြားက ခုနစ်မှတ် ရသွား၏။
နဂါးစွမ်းအား မရှိဘဲနှင့် လန်လင်းတစ်ယောက် သူ၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနှင့် ပါရမီကိုသာ အားကိုးရလေမည်။ အသူရာမိစ္ဆာကြယ်ကို သူ ထပ်၍ အားကိုး၍ မရနိုင်ချေ။
စိတ်ဝိညာဉ်ဖြင့် ခြေရာခံခြင်းက အလွန်မိုက်၏။ သို့သော် ပထမဆုံး မြားဆယ်ချောင်းအတွက် သူ၏ စုစုပေါင်း ရမှတ်မှာ ငါးဆယ့်သုံးမှတ်သာ ရှိသေး၏။ တောရိုင်းပြောင်တစ်ကောင်ကို သွားရောက် အမဲမလိုက်နိုင်မီ ရှစ်ဆယ်မှတ် ရရှိရန် လိုအပ်နေသည်။
မြားဆယ်ချောင်း ပစ်ပြီးနောက် လန်လင်း၏ စိတ်နှင့် ခန္ဓာကိုယ် နှစ်ခုစလုံး လုံးဝကို ပင်ပန်းနွမ်းနယ်သွားရသည်။
ထို့နောက် ရဲ့ကျင်းယွီက သူ၏ တစ်ကိုယ်လုံးကို ပွတ်နယ်နှိပ်နယ်ပေး၏။
စိတ်ပြန်လည်ကောင်းမွန်လာစေရန် ရေကန်ထဲသို့ ပြန်ဆင်းကာ သူမ ရွတ်ဆိုသည့် ဂါထာကို နားထောင်ရပြန်သည်။
လေးနာရီ ကြာပြီးနောက် သူ၏ ဒုတိယအကြိမ်မြောက် ပစ်ခတ်လေ့ကျင့်မှုကို စတင်သည်။
ယခုတစ်ကြိမ်၌ သူ ပိုကောင်းလာ၏။ စုစုပေါင်း ရမှတ် ခြောက်ဆယ် ရရှိသည်။
နောက်ထပ် လေးနာရီကြာ အနားယူပြီးနောက် တတိယအကြိမ် လေ့ကျင့်၏။
တတိယအကြိမ်၌ ရမှတ် ခြောက်ဆယ့်သုံးမှတ် ရရှိ၏။
လေးရက်မြောက် လေးပစ်လေ့ကျင့်မှု ပြီးဆုံးသွားသည်။
ထိုည၌ ရဲ့ကျင်းယွီက သူ့ကို အနားယူရန်ပင် ပြောစရာ မလိုချေ။ လန်လင်း သူ၏ အိပ်ယာအိတ်ထဲသို့ ဝင်ကာ ချက်ချင်း အိပ်ပျော်သွားသည်။ စကားပြောရန်ပင် သူ အလွန်အမင်း ပင်ပန်းနေပြီဖြစ်၏။
နောက်ရက်အနည်းငယ်အတွင်း လန်လင်းတစ်ယောက် ပစ်မှတ်ပေါ်၌သာ ဆက်လက် လေ့ကျင့်နေ၏။
သူ့ထံ၌ ရည်မှန်းချက် တစ်ခုတည်းသာ ရှိသည်။ မြားဆယ်ချောင်းနှင့် ပေကိုးဆယ် အကွာမှနေ၍ ရမှတ် ရှစ်ဆယ် ရရှိရန်ပင်။
ငါးရက်မြောက်နေ့၌ လန်လင်း၏ အကောင်းဆုံး ရမှတ်မှာ ခြောက်ဆယ့်ငါးမှတ် ဖြစ်နေလေပြီ။
ခြောက်ရက်မြောက်နေ့၌ အကောင်းဆုံး ရမှတ် ခြောက်ဆယ့်ရှစ်မှတ် ရသည်။
ခုနစ်ရက်မြောက်နေ့၌လည်း ခြောက်ဆယ့်ရှစ်မှတ်သာ ရှိသေး၏။
ရှစ်ရက်မြောက်နေ့၌ အကောင်းဆုံး ရမှတ်မှာ ခြောက်ဆယ့်ငါးမှတ်သို့ ကျဆင်းသွားသည်။ သူ ပို၍ ဆိုးရွားလာနေ၏။
လေးပစ်လေ့ကျင့်ရသည်မှာ မည်မျှ ငြီးငွေ့ဖွယ်ကောင်းပြီး နာကျင်ရကြောင်းကို လန်လင်း နောက်ဆုံး၌ သဘောပေါက်သွားသည်။ သူ တူညီသည့် အရာကိုသာ ထပ်တလဲလဲ လုပ်ဆောင်နေရ၏။ ဒသမမြောက်မြား အပြီး၌ သူ၏ စိတ်ခွန်အားမှာ လုံးဝကို ကုန်ခမ်းသွားရသည်။ ပင်ပန်းနွမ်းနယ်မှုနှင့် ခေါင်းကိုက်ဝေဒနာတို့မှာ ပြောမပြတတ်အောင် ဆိုးရွားလှ၏။
ရှစ်ရက်မြောက်နေ့၌ သူ၏ ရမှတ်များ ထပ်မံပြီ ကျဆင်းလာပြန်သည်။ ရဲ့ကျင်းယွီက သူ့ကို တစ်ရက်ခန့် နားခွင့်ပေးမည်ဟု လန်လင်း ထင်ထားသော်လည်း သူမက ပုံမှန်အတိုင်းပင် လေ့ကျင့်စေ၏။
နောက်ဆုံး၌ လန်လင်းက မျက်မှောင်ကျုံ့လိုက်သည်။ "အစ်မ ပစ်မှတ်တွေကို ပထမဆုံး စပစ်တုန်းက မြားဆယ်ချောင်းနဲ့ ရှစ်ဆယ်မှတ်ရဖို့ ဘယ်နှရက်လောက် အချိန်ယူခဲ့ရလဲ။"
ရဲ့ကျင်းယွီက ခေါင်းရမ်းလိုက်သည်။ "နှစ်ဆယ့်ခုနစ်ရက်။ အဲဒီ နာကျင်မှုကို ကျွန်မ အခုထိ ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ။"
လန်လင်း မျက်မှောင်ကျုံ့လျက် ဆက်မေးလိုက်သည်။ "အစ်မရဲ့ လက်နက်က ဓားကောက်တစ်လက်လို့ ကျွန်တော် မှတ်မိတယ်။ ဘာလို့ မြားပစ်တာကိုပါ ကျွမ်းကျင်နေရတာလဲ။"
ရဲ့ကျင်းယွီက ပြုံးလိုက်သည်။ "ဒီလောကကြီးမှာ တိုက်ခိုက်ရေးသမားတွေကို ခွဲခြားထားတာ မရှိဘူးလေ။ ဓားသမားတစ်ယောက်က အရိပ်ထဲက လူသတ်သမား ဖြစ်နိုင်သလို ဓားကိုင်တဲ့သူ တစ်ယောက်ကလည်း လေးသည်တော် ဖြစ်နိုင်တာပါပဲ။"
လန်လင်း ခေါင်းညိတ်လိုက်သည်။ "အင်း...။" သူ နားလည်သွားပြီဖြစ်သည်။
ရဲ့ကျင်းယွီအတွက် နှစ်ဆယ့်ခုနစ်ရက် ကြာသည်ကို လန်လင်း မှတ်ထားလိုက်သည်။ သူမပင်လျှင် နှစ်ဆယ့်ခုနစ်ရက် အချိန်ယူရသည့်အတွက် သူမထက် အချိန်ပိုနည်းနည်းသာ ယူရန် သူ ဆုံးဖြတ်ချက်ချလိုက်၏။
ရှစ်ရက်မြောက်နေ့ နောက်ပိုင်း၌ လန်လင်း၏ ရမှတ်မှာ ခုနစ်ဆယ့်နှစ်မှတ်အထိ ခုန်တက်လာသည်။
ကိုးရက်မြောက်နေ့၌ ခုနစ်ဆယ့်ငါးမှတ်သို့ ရောက်ရှိလာ၏။
ယခုအခါ သူ ရှစ်ဆယ်မှတ်နှင့် အလွန်နီးစပ်နေပြီဖြစ်သည်။ ပိုမိုနီးကပ်လာလေလေ တိုးတက်ရန် ပို၍ခက်ခဲလေလေ ဖြစ်သည့်အတွက် သူ စိုးရိမ်စိတ်များ ဝင်လာမိသည်။
သို့သော် နောက်ဆုံး ရလဒ်က သူ့ကို အံ့အားသင့်သွားစေ၏။
ဆယ်ရက်မြောက်နေ့၌ ရှစ်ဆယ်မှတ်ကို ကျော်လွန်ကာ ရှစ်ဆယ့်နှစ်မှတ်သို့ တန်း၍ ရောက်ရှိသွားခြင်းပင်။
နောက်ဆုံးတော့ သူ၏ ပစ်မှတ်လေ့ကျင့်မှု ပြီးဆုံးသွားလေပြီ။ ယခုအခါ တောရိုင်းပြောင်ကို သူ အမဲလိုက်နိုင်ပြီဖြစ်၏။
ပြီးဆုံးသွားသည့်အခါ လန်လင်းတစ်ယောက် လေးကိုဖက်ကာ မြေပြင်ပေါ်၌ ထိုင်ချလိုက်ပြီး ပျော်ရွှင်လွန်း၍ ငိုပင် ငိုချင်လာမိ၏။
ဆယ်ရက် ကြာပြီးနောက် ပေကိုးဆယ်အကွာမှ မြားဆယ်ချောင်းဖြင့် ရမှတ် ရှစ်ဆယ်ကျော် ရရှိရေးဆိုသည့် သူ၏ ရည်မှန်းချက်ကို ပြည့်မီသွားပြီဖြစ်သည်။
ရဲ့ကျင်းယွီက ပြုံးလိုက်သည်။ "အိပ်တော့လေ သခင်လေး။ မနက်ဖြန် မနက် တောရိုင်းပြောင်တွေကို သွားအမဲလိုက်ကြမယ်။"
**--**--**--**--**--**--**--**
ဆယ့်တစ်ရက်မြောက်နေ့၌ နေမထွက်မီမှာပင် လန်လင်း နိုးလာ၏။ သူ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ရဲ့ကျင်းယွီတစ်ယောက် တဲထဲ၌ မရှိသည်ကို တွေ့လိုက်ရသည်။ ထို့နောက် အပြင်ဘက် ရေကန်ထဲမှ ရေပက်သံများကို သူ ကြားလိုက်ရ၏။
သူမသည် အလွန် သန့်သန့်ရှင်းရှင်း နေတတ်ပြီး နေ့တိုင်းနီးပါး ရေချိုးလေ့ရှိသည်။
ထို့အတွက်ကြောင့် လန်လင်းတစ်ယောက် တဲထဲ၌သာ လှဲလျောင်းနေကာ သူမ ပြီးသည်အထိ စောင့်နေလိုက်၏။
ဆယ့်ငါးမိနစ်ခန့် အကြာ၌ ရဲ့ကျင်းယွီ ရေထဲမှ ထွက်လာသည်။ လန်လင်းအနေဖြင့် သူမကို မြင်ရန် အပြင်သို့ ကြည့်နိုင်သော်လည်း သူ မကြည့်ချေ။ သူ၏ စိတ်ထဲ၌ သူ၏ ပထမဆုံး အစစ်အမှန် အမဲလိုက်မှုနှင့် စွမ်းအင်များ စုပ်ယူမည့်အကြောင်းကို တွေးတောနေရန်သာ အလွန် အလုပ်များနေသည်။
အဝတ်အစားဝတ်ပြီးနောက် သူမက ပြုံးလျက် လှမ်းခေါ်လိုက်သည်။ "ကဲ... သခင်လေး အခု ထွက်လာလို့ ရပြီ။"
လန်လင်း မျက်နှာသစ်ရန် အပြင်သို့ ထွက်လာသည်။ ရဲ့ကျင်းယွီကမူ အနီးနား၌ နံနက်စာ ချက်ပြုတ်နေ၏။
လန်လင်းက ဘေး၌ ရပ်ကာ သူ၏ လေးနှင့် မြားများကို ဂရုတစိုက် သန့်စင်နေလိုက်သည်။ လေးသည်တော်တစ်ယောက်က ပစ်မှတ်ကို ခြေရာခံရန် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုသည်ဆိုသော်ငြား လက်နက်အကြောင်း သိဖို့လည်း အရေးကြီးလှ၏။ အကောင်းဆုံး ပစ်ခတ်နိုင်ရန်အတွက် သူ၏ လေးရှိ လက်မတိုင်းကို သူ သိရှိနေရန် လိုအပ်သည်။
ရဲ့ကျင်းယွီက လေးနက်စွာ ပြောသည်။ "သခင်လေး... တိုက်ခိုက်ရေးသမား တစ်ယောက်အတွက် အကောင်းဆုံး လက်နက်က ကိုယ်တိုင် ဖန်တီးထားတဲ့ အရာပဲ။ တိုက်ခိုက်ခြင်းရဲ့ အရေးအကြီးဆုံး အပိုင်းက စိတ်ဝိညာဉ်စွမ်းအားပဲ။ ကိုယ်တိုင် ဖန်တီးထားတဲ့ လက်နက်ကမှ ကိုယ့်ရဲ့ စိတ်ဝိညာဉ်နဲ့ အမှန်တကယ် ချိတ်ဆက်နိုင်လိမ့်မယ်။"
လန်လင်း ခေါင်းညိတ်လိုက်၏။ မှန်ပေသည်။ ဤလောကရှိ သိုင်းပညာရှင်ကြီးများ အားလုံးက ကိုယ်ပိုင် လက်နက်များကို ဖန်တီးကြသည်။ တစ်ခါတစ်ရံ သူတို့ကိုယ်တိုင် မြေကြီးထဲမှ သတ္တုများကိုပင် တူးဖော်ကြသေး၏။
ရဲ့ကျင်းယွီက ထမင်းဟင်း ချက်ပြုတ်ရာ၌ မကျွမ်းကျင်ချေ။ သူမ၏ အစားအစာက ဆိုနင်ပင်း၏ ချက်ပြုတ်မှုလောက် မကောင်းပေ။ သို့သော် လန်လင်း အလွန်ဆာလောင်နေသည့်အတွက် ပန်းကန်လုံးကြီး နှစ်လုံးစာမျှ စားလိုက်သည်။
ယခုအချိန်မှာ နေမြင့်နေလေပြီ။ ပြောင်ချိုင့်ဝှမ်းရှိ တောရိုင်းပြောင်များမှာလည်း အစာရှာရန် ထွက်လာကြသည်။
ရဲ့ကျင်းယွီ ခေါင်းညိတ်လိုက်သည်။ "အမဲလိုက်ဖို့ သွားကြမယ်။"
လန်လင်းသည်လည်း သူ၏ လေးနှင့် မြားများကို ချက်ချင်း ကောက်ကိုင်လိုက်ပြီး သူမနောက်မှ အမြန် လိုက်သွား၏။
**--**--**--**--**--**--**--**
ပြောင်ချိုင့်ဝှမ်းမှာ အလွန်ကြီးမားပြီး မိုင်တစ်ရာခန့် ရှည်လျားသည်။ ထိုနေရာ၌ တောရိုင်းပြောင်များနှင့် ပြည့်နှက်နေပြီး အုပ်စုလိုက်ကြီးများ မကြာခဏ သွားလာလေ့ရှိကြ၏။ သို့သော် လက်ရှိအချိန်၌ လန်လင်းအနေဖြင့် တစ်ကောင်တည်း ရှိနေသည့် ပြောင်များကိုသာ အမဲလိုက်နိုင်စွမ်း ရှိသေးသည်။
ရဲ့ကျင်းယွီက အသံနှိမ့်ကာ လေးနက်စွာ ပြောသည်။ "ရှေ့ကို ကြည့်။" သူမက ပေသုံးရာခန့် အကွာရှိ နေရာတစ်ခုသို့ လက်ညှိုးထိုးပြလိုက်၏။ သန်မာသည့် တောရိုင်းပြောင်တစ်ကောင်က တစ်ကောင်တည်း မြက်စားလျက် ရှိနေသည်။
ရဲ့ကျင်းယွီက လန်လင်းအား တဖြည်းဖြည်း အနီးသို့ ခေါ်သွား၏။ လန်လင်း၏ စိတ်ဖြင့် ခြေရာခံခြင်းကို အသုံးပြုနိုင်ရန် သူတို့ ပေကိုးဆယ် အကွာအဝေးအတွင်းသို့ ရောက်ရှိရန် လိုအပ်နေသည်။
သူတို့ ပေကိုးဆယ် အကွာအဝေးအတွင်းသို့ တိတ်ဆိတ်စွာ ရောက်ရှိလာပြီးနောက် မြေကုန်းငယ်လေးတစ်ခု၏ အနောက်၌ ပုန်းအောင်းနေလိုက်သည်။
ရဲ့ကျင်းယွီက ပြုံးလျက် တီးတိုးပြောသည်။ "စိတ်မလှုပ်ရှားနဲ့ သခင်လေး။ ပထမဆုံး အကြိမ်မှာ အမှားလုပ်မိတာ ပုံမှန်ပါပဲ။"
လန်လင်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ ထို့နောက် လေးကို ဆွဲကာ မြားကို တင်လိုက်ပြီး တောရိုင်းပြောင်၏ ညာဘက်မျက်လုံးဆီသို့ သူ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို အာရုံစိုက်လိုက်၏။
ရှစ်စက္ကန့် ကြာပြီးနောက် လန်လင်း၏ စိတ်ထဲ၌ ပြောင်၏ မျက်လုံးကိုသာ မြင်နေရ၏။ အခြားအရာများ အားလုံးက ပကတိ အမည်းရောင်အဖြစ် ပြောင်းလဲသွားကြသည်။
"ရွှစ်..." လန်လင်း ကြိုးကို လွှတ်ချလိုက်လေရာ မြားက အလွန်လျင်မြန်သည့် အရှိန်ဖြင့် ပျံသန်းထွက်သွားသည်။
တောရိုင်းပြောင်ကြီး လန့်သွားပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားလေပြီ။
"ဒုတ်..." မြားက ညာဘက်မျက်လုံးကို ဖောက်ထွင်းကာ ဦးနှောက်ထဲသို့ တည့်မတ်စွာ စိုက်ဝင်သွား၏။
အပိုင်း ၆၀ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
မနက်ဖြန် ၇ ၊ ၈ တစ်ခါတည်း တင်ပေးမယ်ဗျ။ အခမဲ့ပါ။ စာလုံးရေလျော့ထားတာမလို့ နည်းနည်းတော့ တိုမယ်နော်။ ၉ ၊ ၁၀ က အဝယ် ပါဗျ။ ၁၁ က အခမဲ့ ပါ။
၁၂ အဝယ်
၁၃ အခမဲ့
၁၄ အဝယ်
၁၅ အခမဲ့
၁၆ အဝယ်.... အဲကနေ စာစဥ်အဆုံးသတ်တဲ့အထိ
အဲလိုမျိုး တစ်အုပ် ဝယ်။ တစ်အုပ် free ဖတ်ရပါမယ်ဗျ။ အဆင်ပြေကြလား မသိဘူး။ တောက်လျောက်ဝယ်ဖတ်မဲ့ စာဖတ်သူတွေ သက်သာအောင် ရည်ရွယ်ပါတယ်ဗျ။ အဆင်ပြေ မပြေ comments ထဲမှာ ရေးသွားပေးပါဦးဗျို့။