← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

Chapter 51

“အာ... လက်တွေတောင် မမြှောက်နိုင်တော့ဘူး”

“ပါးစပ်ပိတ်ထား၊ ပါးစပ်ပိတ်ထားစမ်း”

“ဒါတွေက ဘာဂါထာတွေ ရွတ်နေတာလဲ၊ နားထောင်ရ အတော်ဆိုးတာပဲ”

“မင်းကို သတိပေးလိုက်မယ်နော်၊ မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ့ခန္ဓာကိုယ်ကို ငါ့ဆီ အမြန်ပြန်ပေးစမ်း”

ချန်ကျိုးသည် မိမိ၏ ခန္ဓာကိုယ်ထဲတွင် ရူးသွပ်စွာ ရုန်းကန်နေမိသည်။

သို့သော်လည်း ဘေးလူများ၏ အမြင်တွင်မူ ချန်ကျိုးသည် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် ကျင့်ကြံခြင်းအောင်မြင်ပြီးသော ပညာရှင်ကြီးတစ်ဦးအသွင်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

လော့ယွီမင်မှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်ပင် မပိတ်နိုင်တော့ချေ။

သူသည် ယခုအလုပ်ထဲသို့ ရောက်ရှိလာကတည်းက သရဲကျင့်ကြံသူ ပညာရှင်ကြီး အများအပြားကို မြင်တွေ့ခဲ့ဖူးသည်။ သူ အလွန်ကြည်ညိုလေးစားရသည့် ထိုပညာရှင်ကြီးများသည် ချန်ကျိုးနှင့် နှိုင်းယှဉ်လိုက်ပါက မူကြိုကျောင်းပင် မပြီးသေးသည့် ကလေးငယ်များကဲ့သို့ ဖြစ်နေတော့သည်။

ချန်ကျိုး၏ ယခုပုံစံသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

နန်ရန်ဇီကို တစ်ဖန်ကြည့်လိုက်ပြန်တော့လည်း သူ၏ မျက်ဝန်းအိမ်ထဲတွင် ရွှေမျှင်တန်းများအောက်မှ ဝိညာဉ်ပုံရိပ်တို့ ထင်ဟပ်နေသည်။ ပျက်စီးယိုယွင်းနေသော ထိုသုံးပါးသော ဝိညာဉ်နှင့် ခုနစ်ပါးသော လိပ်ပြာတို့သည် သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်အဟုန်ဖြင့် အပြန်အလှန် ပေါင်းစပ်လျက် ပြန်လည်ပြုပြင်လာကြသည်။

နန်ရန်ဇီသည် မိမိ၏ အကြည့်ကို တစ်စက္ကန့်မျှပင် အလွဲမခံဝံ့ချေ။

ထိုသည်မှာ အလွန်တုန်လှုပ်စရာကောင်းလွန်းသည်။

ရှေးဟောင်းကျမ်းစာများထဲ၌သာ တည်ရှိသည်ဆိုသော ဝိညာဉ်ပြုပြင်သည့် လျှို့ဝှက်ဆန်းကြယ် အတတ်ပညာမှာ အမှန်တကယ် ရှိနေပြီး သူ၏ မျက်စိရှေ့မှောက်တွင် ဒိန်းခနဲ ဒိုင်းခနဲ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

လက်ရှိ သရဲကျင့်ကြံသူများ၏ စွမ်းရည်နှင့်ဆိုလျှင် လျှို့ဝှက်အတတ်ပညာကို ကျင့်ကြံဖို့ နေနေသာသာ ထိုကဲ့သို့သော အတတ်ပညာမျိုး ရှိသည်ဟု ယုံကြည်ဝံ့သည့် သရဲကျင့်ကြံသူပင် မရှိချေ။

ဤသို့ဆိုလျှင် ချန်ကျိုးက သူတို့ကို လူမိုက်များဟု အမြဲတစေ ပြောဆိုနေခြင်းမှာ အကြောင်းမဲ့မဟုတ်ပေ။ အထွတ်အထိပ်တွင် ရပ်တည်နေသော လူတစ်ယောက်က ၎င်းတို့အား ငုံ့ကြည့်သည့်အခါ မိုက်မဲသော ပုရွက်ဆိတ်တစ်အုပ်ကို ကြည့်နေရသကဲ့သို့ ဖြစ်နေမည် မဟုတ်ပါလော။

ကြည်ညိုလေးစားမှု အပြည့်ရှိသော အကြည့်များအောက်တွင် ချန်ကျိုးသည် တစ်နာရီနီးပါးခန့် အချိန်ယူလိုက်ရပြီးမှသာ ရုပ်အလောင်းထဲမှ လွင့်ပျယ်နေသော ဝိညာဉ်နှင့် လိပ်ပြာတို့သည် အားနည်းလှသော ဝိညာဉ်တစ်ခုလုံးအဖြစ် ပေါင်းစပ်သွားနိုင်တော့သည်။ ထိုဝိညာဉ်သည် အလွန်အားနည်းလွန်းသဖြင့် နှာချေလိုက်ရုံမျှဖြင့်ပင် လွင့်စင်ပျက်စီးသွားနိုင်ပေသည်။

ချန်ကျိုးသည် အခက်ခဲဆုံး အစိတ်အပိုင်းကို ပြီးမြောက်အောင် ဆောင်ရွက်ပေးခဲ့ပြီ ဖြစ်သည်။ လက်ရှိဝိညာဉ်မှာ စစ်ဆေးမေးမြန်းရန် မသင့်တော်သေးသဖြင့် လော့ယွီမင်သည် ဝိညာဉ်ကို ဝိညာဉ်ချုပ်ထိန်းရေးဌာနသို့ ယာယီထိန်းသိမ်းရန် စီစဉ်ရပြီး မကောင်းသော မိစ္ဆာအငွေ့အသက်များဖြင့် ကာကွယ်ထားလိုက်ရသည်။

ကိစ္စရပ်များ ပြီးဆုံးသွားသောအခါ စနစ်သည် ခန္ဓာကိုယ်ထိန်းချုပ်ခွင့်ကို ချန်ကျိုးထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

စနစ်၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားပြီးနောက် ခန္ဓာကိုယ်ထဲတွင် အပြင်းအထန် ရုန်းကန်နေသော ချန်ကျိုးသည် ရုတ်တရက် ခန္ဓာကိုယ်ထိန်းချုပ်ခွင့်ကို ပြန်လည်ရရှိသွားသဖြင့် ဟန်ချက်ပျက်ကာ နောက်စေ့နှင့် နံရံတို့မှာ အထိန်းအကွပ်မရှိဘဲ တိုက်မိသွားတော့သည်။ အသံအကျယ်ကြီး ထွက်ပေါ်လာပြီး လူကိုပင် ဝိညာဉ်လွင့်မတတ် တုန်လှုပ်သွားစေသည်။

ထိုခဏ၌။

လောကကြီးတစ်ခုလုံး မှောင်မိုက်သွားသည်။

မျက်စိရှေ့တွင် မည်းမှောင်သွားပြီးနောက်။

သတိလစ်မေ့မြောသွားခဲ့ရသည်။

[ ကိစ္စက ရုတ်တရက်ဆန်လွန်းသဖြင့် ဤစနစ်အနေဖြင့် ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိပါ၊ စနစ်သည် Host ၏ ဦးနှောက်ထိခိုက်ဒဏ်ရာကို ပြန်လည်ပြုပြင်ပေးနေပါသည် ]

အခန်းထဲရှိ လူအားလုံးမှာ ချန်ကျိုး၏ ခေါင်းမှ ထွက်ပေါ်လာသော အုန်းခနဲအသံကြောင့် ကြောင်အသွားကြသည်။

ပညာရှင်ကြီး ဒဏ်ရာရပုံကပင် ဤမျှအထိ မယုံကြည်နိုင်စရာ ကောင်းလှပေသည်။

[ ပြုပြင်ခြင်း ပြီးဆုံးပါပြီ၊ Host သတိပြန်လည်လာပါပြီ ]

အခန်းထဲရှိ လူများ တုံ့ပြန်မှုမလုပ်ရသေးခင်မှာပင် ချန်ကျိုးသည် သတိလစ်ရာမှ ပြန်လည်နိုးထလာသည့် ဖြစ်စဉ်ကို ဖြတ်သန်းပြီးသွားခဲ့ပြီ ဖြစ်သည်။

လက်ရှိ ချန်ကျိုးမှာမူ ကိုက်ခဲနေသော ခေါင်းကို အုပ်လျက် အော်ဟစ်ငိုယိုနေတော့သည်။

“ခွေးကောင်၊ သတ္တိရှိရင် ထွက်လာပြီး ငါနဲ့ တစ်ယောက်ချင်း တစ်ပွဲနွှဲလိုက်၊ ငကြောက်လို ပုန်းမနေနဲ့”

[ စနစ် : Host အနေဖြင့် ယဉ်ကျေးသော စကားလုံးများကို အသုံးပြုပါရန်၊ ဤစနစ်သည်လည်း Host ၏ ရှုပ်ထွေးနေသော ကိစ္စရပ်များကို ကူညီရှင်းလင်းပေးနေခြင်းဖြစ်ပါသည်၊ Host သည် ဝိညာဉ်နှင့် ရုပ်အလောင်းကို အတင်းအဓမ္မ ခွဲထုတ်ခဲ့သဖြင့် ဝိညာဉ်မှာ လွင့်ပျယ်သွားနိုင်ပါသည်၊ ဝိညာဉ်ကို ပြန်လည်ပြုပြင်ရန်အတွက် အာရုံစူးစိုက်မှု အလွန် မြင့်မားဖို့ လိုအပ်သော်လည်း Host တွင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှိနေသဖြင့် အာရုံစူးစိုက်မှုကို မြင့်မားစွာ မလုပ်ဆောင်နိုင်ပါ ]

“မင်းပဲ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတာ၊ မင်းလို ခွေးကောင်က၊ တောက်... မင်းတို့တစ်မိသားစုလုံး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတာ၊ မင်းတို့တစ်မိသားစုလုံး စိတ်ရောဂါသည်တွေ”

ချီးမွမ်းစကား တစ်ခွန်းနှစ်ခွန်း ပြောရန် ပြင်ဆင်နေသော လော့ယွီမင်သည် ပြုံးရွှင်သော မျက်နှာဖြင့် ချန်ကျိုး၏ ဘေးသို့ တိုးကပ်သွားသော်လည်း စကားပင်မပြောရသေးမီ ချန်ကျိုး၏ ဆဲဆိုခြင်းကို အကြောင်းရင်းမရှိဘဲ ခံလိုက်ရသည်။

သူ့ကိုယ်သူ ဘယ်နေရာမှာ ချန်ကျိုးကို ပြစ်မှားမိသွားသလဲ၊ သို့မဟုတ် ဗီဒီယိုများ ပြန့်နှံ့သွားပြီးနောက် သူက ပထမဆုံးအချိန်၌ ထွက်၍ ရှင်းလင်းမပေးခဲ့သဖြင့် ချန်ကျိုးက သူ့ကို စိတ်ဆိုးနေတာလားဟုပင် သံသယဝင်မိသွားသည်။

[ Host သည် ဤမျှအထိ ရိုင်းစိုင်းနေပါက ဤစနစ်အနေဖြင့် သတ်မှတ်ချက်ထက် ကျော်လွန်သော တန်ပြန်တိုက်ခိုက်မှုကို ပြုလုပ်ရပါလိမ့်မည် ]

“မင်းရဲ့ ခွေးစကားတွေ လျှောက်ပြောမနေနဲ့၊ ခွေးကောင်၊ ခွေးစိတ်ရောဂါသည်”

ချန်ကျိုးသည် ဆဲလေလေ ပိုစိတ်လှုပ်ရှားလာလေလေ၊ ဆဲလေလေ ပိုဒေါသထွက်လာလေလေ ဖြစ်သည်။

[ စနစ်သည် အနည်းငယ်သော လျှပ်စစ်ရှော့ခ်ကို ထုတ်လွှတ်နေပါသည် ]

ချန်ကျိုးတစ်ကိုယ်လုံး တုန်ရီလာတော့သည်။

လော့ယွီမင်သည် ကျိုးအိုက်ကော်မပါဘဲ ချန်ကျိုးနှင့် ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်းဖြစ်ရာ မည်သို့ ဆက်ဆံရမည်ကို အနည်းငယ် မသိမသာ ဖြစ်နေရှာသည်။

“ဆွန်... ဆေးရုံအုပ်ဆွန်၊ မင်းက ဆရာဝန်ပဲ၊ ချန်ကျိုး ရောဂါထပြန်တာလား ကြည့်ပေးပါဦး”

ဆေးရုံအုပ်ဆွန်က စကားမဆိုနိုင် ဖြစ်ကာ “ငါ့ကို လာမကြည့်နဲ့လေ၊ ငါက ပုံမှန်လူတွေကိုပဲ ကုသပေးတာ၊ စိတ်... အဲဒါမျိုးကို ငါလည်း မထိတွေ့ဖူးဘူး” ဟု ပြောသည်။

စနစ်၏ လျှပ်စစ်ရှော့ခ် ခြိမ်းခြောက်မှုကို အလျော့ပေးမည့်လူထဲတွင် ချန်ကျိုး ဘယ်တုန်းကမှ မပါခဲ့ချေ။ သူသည် ကြမ်းပြင်ပေါ်မှ ထရပ်ကာ လူနာခန်းထဲမှ ထွက်လာခဲ့ပြီး လျှပ်စစ်ရှော့ခ်ကြောင့် တုန်ရီနေရင်းမှပင် ပါးစပ်က ရမ်းကားစွာ ဆဲဆိုလိုက်သည်။

“ခွေးမသား၊ သတ္တိရှိရင် ထွက်လာခဲ့၊ မင်းရဲ့ မျက်လုံးနှစ်လုံးကို ငါ ထိုးဖောက်ပစ်မယ်၊ ကြည့်နေလိုက်”

[ စနစ်သည်လည်း ဒေါသထွက်တတ်ပါသည်၊ Host သည် ဤစနစ်ကို ချက်ချင်း တောင်းပန်ပါ ]

“မင်းမေကြီးတော်ကိုပဲ တောင်းပန်လိုက်မယ်”

[ စနစ်၏ လျှပ်စစ်စီးကြောင်း ပမာဏကို တိုးမြှင့်လိုက်ပါသည် ]

အခန်းထဲရှိ လူအားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး လော့ယွီမင် တစ်ယောက်သာ သတ္တိမွေးကာ ချန်ကျိုးကို သွားရောက် ထိတွေ့မိသည်။

ချန်ကျိုး၏ လက်မောင်းကို အသာအယာ ထိမိရုံမျှဖြင့် စနစ်မှ လွှတ်ထုတ်လိုက်သော လျှပ်စစ်စီးကြောင်းက လော့ယွီမင်ကို လွင့်စင်သွားစေသည်။ လွင့်စင်သွားသော လော့ယွီမင်သည် လက်ဆန့်ထားသည့် ပုံစံအတိုင်း တစ်ကိုယ်လုံး ဝက်ရူးပြန်ရောဂါ ထနေသကဲ့သို့ တုန်ရီနေတော့သည်။

[ စနစ်သည် ချန်ကျိုး၏ စကားစုများကို မှတ်တမ်းတင်နေပါသည်၊ ခွေးမသား ချန်ကျိုး၊ မင်း ငါ့ကို ထပ်ဆဲရင် စနစ်က မင်းကို ဘယ်တော့မှ ကူညီတော့မှာ မဟုတ်ဘူး ]

“လစ်လိုက်တော့၊ ငါ့ကို မင်းကူညီစရာလိုလား၊ မင်းက ငါ့ကို ဒုက္ခပဲ ပေးတတ်တာ”

[ ချန်ကျိုး မင်းက ငတုံး အကြီးစားပဲ ]

“ဟမ်... မင်းက ငါ့ကို ငတုံး အကြီးစားလို့ ဆဲဝံ့တယ်ပေါ့၊ မင်းက တော်တော်သတ္တိတွေကောင်းနေတာပဲ၊ ခွေးမသား၊ မင်းရဲ့ ဘိုးဘွားဘီဘင် တစ်သိုက်လုံးကို ငါ သွားရောက် နှုတ်ဆက်ပေးမယ်”

ဆဲဆိုသံများသည် ချန်ကျိုးက ကျားဝိညာဉ်ကို စီးနင်းကာ ဆေးရုံထဲမှ ထွက်ခွာသွားသည်အထိ ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။

ဆေးရုံအုပ်ဆွန်နှင့် နန်ရန်ဇီတို့သည် ချန်ကျိုး ထွက်ခွာသွားသည်ကို လိုက်လံ ပို့ဆောင်ပေးခဲ့ကြသည်။

“ဆရာကြီးချန်က ဘယ်သူ့ကို ဆဲနေတာလဲ” ဟု ဆေးရုံအုပ်က မေးသည်။

နန်ရန်ဇီက “ဒီစကားတွေအရဆိုရင် ငါတို့တွေကိုတော့ ဆဲတာမဖြစ်နိုင်ဘူး” ဟု ပြောသည်။

ဆေးရုံအုပ်က ဌာနမှူးလော့ကို သနားဂရုဏာ သက်စွာ ကြည့်လိုက်ရင်း “ဆရာကြီးချန်ရဲ့ လုပ်ဆောင်ပုံတွေက တကယ်ပဲ ငါ နားမလည်နိုင်စရာပဲ” ဟု ဆိုသည်။

နန်ရန်ဇီက “ပညာရှင်တစ်ယောက်ရဲ့ အတွေးကို ငါတို့လို လူတွေက ဘယ်လိုလုပ် နားလည်နိုင်မှာလဲ” ဟု ပြန်ပြောလိုက်သည်။

လော့ယွီမင်မှာမူ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းလျက် ဝက်ရူးပြန်လူနာကဲ့သို့ ဆက်တိုက် တုန်ရီနေရှာသည်။

...

ဆေးရုံထဲမှ ထွက်လာပြီးနောက် ချန်ကျိုးသည် ကြောင်ကြီးကို စီးနင်းလာခဲ့သည်။ လမ်းမပေါ်တွင် ချန်ကျိုး၏ နားမခံသာသော ဆဲဆိုသံများ ပျံ့လွင့်နေသဖြင့် လမ်းပေါ်ရှိ လှုပ်ရှားချင်နေသော သရဲမိစ္ဆာများပင် အသံမထွက်ဝံ့ကြချေ။

တဖြည်းဖြည်းနှင့် စနစ်သည်လည်း စိတ်ရောဂါသည်တစ်ယောက်နှင့် ဖက်မပြိုင်ချင်တော့သဖြင့် ချန်ကျိုးအား အောင်နိုင်သူတစ်ယောက်ကဲ့သို့ အမူအရာ လုပ်ခွင့်ပြုလိုက်တော့သည်။

ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံ၏ တံခါးဝသို့ ရောက်သောအခါ ချန်ကျိုးသည် ကြောင်ကြီးကို စီးနင်းရင်း ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

သန်းခေါင်ယံအချိန်ကြီးတွင် ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံ၏ တံခါးကြီးမှာ ဟောင်းလောင်းကြီး ပွင့်နေသည်။

အလွန် ထူးဆန်းလှပေသည်။ ချန်ကျိုး ဤနေရာတွင် နေထိုင်ခဲ့သည်မှာ အနှစ်နှစ်ဆယ်ကျော် ရှိပြီဖြစ်သော်လည်း စိတ်ရောဂါဆေးရုံ၏ တံခါးကြီး ဤမျှအထိ ပွင့်ဟနေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ချန်ကျိုးသည် ကြောင်ကြီးပေါ်မှ ဆင်းကာ လုံခြုံရေးအခန်းဆီသို့ ပြေးသွားခဲ့သည်။

လုံခြုံရေးအခန်းထဲရှိ လုံခြုံရေးဝန်ထမ်းမှာ တခူးခူးနှင့် အိပ်ပျော်နေပြီး သူ၏ ဦးခေါင်းထက်တွင် မိစ္ဆာအငွေ့အသက်များ ဝဲပျံနေသည်။

ချန်ကျိုးသည် စနစ်၏ လျှပ်စစ်ရှော့ခ်တိုက်မှုကို တစ်လမ်းလုံး ခံလာရသဖြင့် ဦးနှောက်မှာ ထူးထူးခြားခြား ကြည်လင်နေသည်။

မိမိ၏ အခန်းငယ်လေးတံခါးရှေ့သို့ အပြေးအလွှား ရောက်ရှိသွားသောအခါ လရောင်အောက်ရှိ အခန်းငယ်လေးတွင် သူ မသွားခင်က သေသေချာချာ ခတ်ထားခဲ့သော သော့ခလောက်မှာ ရှိနေသေးသော်လည်း တံခါးချပ်ကြီးမှာမူ ဘယ်ရောက်သွားမှန်း မသိတော့ဘဲ အတွင်းဘက်တွင် မှောင်မည်းနေတော့သည်။

[ စနစ်သည် အန္တရာယ်ကို ရှာဖွေတွေ့ရှိခြင်း မရှိပါ ]

ချန်ကျိုးသည် အခန်းငယ်လေးထဲသို့ တိုးဝင်ကာ မီးခလုတ်ကို နှိပ်လိုက်သော်လည်း မီးလုံးမှာ ထင်မှတ်ထားသကဲ့သို့ လင်းပွင့်မလာခဲ့ချေ။

ချန်ကျိုးသည် မျက်မှောင်ကုပ်လျက် အခန်းထဲသို့ သတိကြီးစွာဖြင့် လှမ်းဝင်လိုက်ရာ ခြေထောက်အောက်မှ ဂျွတ်ခနဲ အသံတစ်သံ ထွက်ပေါ်လာသည်။

[ စနစ်၏ မျက်စိစွမ်းရည် တိုးမြှင့်ခြင်း : ညကြည့်မျက်လုံး ]

မှောင်မိုက်နေသော အမှောင်ထုထဲတွင် ချန်ကျိုး၏ မျက်ဝန်းအစုံမှ စိမ်းဖန့်ဖန့်အလင်းတန်းများ ထွက်ပေါ်လာပြီး အခန်းတွင်း အခြေအနေများကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။

ဖြူလွှလွှ နံရံများပေါ်တွင် တစ်စုံတစ်ယောက်က မည်းနက်နီမြန်းသော သွေးများကို ပက်ဖျန်းထားခဲ့ပြီး ခေါင်းတလားကြီးသည်လည်း ကြမ်းပြင်ပေါ်တွင် လဲမှောက်နေသည်။ ထောင့်စွန်းရှိ မုန့်ပဲသရေစာများ မှာလည်း အခန်းအနှံ့ ဆုတ်ဖြဲပစ်ခြင်း ခံထားရပြီး သူ၏ အသုံးအဆောင်များနှင့် မဝတ်ရသေးသော အဝတ်အစားသစ်များမှာလည်း အပိုင်းပိုင်းအစစ ဖြစ်နေတော့သည်။

ခြေထောက်အောက်မှ ကြွပ်ခနဲမြည်သော အသံမှာ မီးသီးအကျိုးအပဲ့များဆီမှ ဖြစ်ပြီး ခေါင်းမော့ ကြည့်လိုက်ရာ ပျက်စီးနေသော မီးသီးဟောင်းကြီးမှာ ဦးခေါင်းထက်တွင် တုန်တုန်ရီရီဖြင့် တွဲလောင်းကျနေသည်။

ဤကဲ့သို့သော မြင်ကွင်းမျိုး။

အဖြစ်အပျက်မှာ သူ မရှိခိုက်မှာ သူ့ရဲ့ အခန်းငယ်လေးကို လာရောက် ဖျက်ဆီးသွားကြခြင်း ဖြစ်ပေသည်။

All Chapters