← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

Chapter 53

“အာ....သွားမှာ ကပ်နေပြီ”

ချန်ကျိုးတွင် ပရိသတ် အများအပြား မရှိသော်လည်း အနုပညာရှင်တစ်ယောက်ကဲ့သို့ သိက္ခာ ထိန်းချင်စိတ်တော့ ရှိပေသည်။

သူသည် ယခင်ကကဲ့သို့ ပုံရိပ်ပျက်အောင် သွားကြားမထိုးဝံ့တော့သဖြင့် ပါးစပ်ကို စူထားလျက် လျှာဖြင့်သာ ဟိုယက်ဒီယက် လုပ်နေရတော့သည်။

မကြာမီမှာပင် နောက်ထပ် ဆီးသီးယိုတစ်ချောင်းမှာလည်း ဗိုက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အဆိပ်ခတ်သူကလည်း တကယ်ကို ခေါင်းမာလွန်းလှပြီး ဆီးသီးယို နှစ်ချောင်းအတင်း ကျွေးသဖြင့် ချန်ကျိုး၏ ပါးစပ်ထဲတွင် ချဉ်စုတ်စုတ် ဖြစ်သွားကာ အတော်လေး နေရခက်သွားရသည်။

ချန်ကျိုးအား အဆိပ်ခတ်ရန် တာဝန်ယူထားရသော ကောင်းကင်မိစ္ဆာဂိုဏ်းမှ မိစ္ဆာဂိုဏ်းသားမှာမူ စိတ်ပျက်အားငယ်နေတော့သည်။

ကောင်းကင်မိစ္ဆာဂိုဏ်း၏ လျှို့ဝှက်ချက်နည်းလမ်းဖြင့် ပြုလုပ်ထားသော အဆိပ်များ ပါဝင်သည့် ဆီးသီးယို နှစ်ချောင်းလုံးမှာ ချန်ကျိုး၏ ဗိုက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသော်လည်း ချန်ကျိုးမှာ ဘာတုံ့ပြန်မှုမျှ မရှိချေ။

တဖြည်းဖြည်းနှင့်

ငါးမိနစ် ကုန်ဆုံးသွားခဲ့သည်။

ဆယ်မိနစ် ကုန်ဆုံးသွားခဲ့သည်။

နာရီဝက်ပင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ချန်ကျိုးမှာမူ ထာဝရ ကျန်းမာလန်းဆန်းနေဆဲ ဖြစ်ပြီး ယခင်ကထက်ပင် ပိုမိုတက်ကြွနေသေးသည်။

မိစ္ဆာဂိုဏ်းသားသည် လက်ထဲတွင် ကျန်ရှိနေသော နောက်ဆုံး ဆီးသီးယိုတစ်ချောင်းကို ကြည့်လျက် တိတ်တဆိတ် မျက်မှောင်ကုပ်မိကာ ငါ အဆိပ်ခတ်ဖို့ မေ့သွားတာများလားဟု တွေးတောနေမိသည်။

"နည်းနည်းလောက် မြည်းကြည့်ရမလား"

မိစ္ဆာဂိုဏ်းသား၏ စိတ်ထဲတွင် ထိုကဲ့သို့သော အတွေးမျိုး ရုတ်တရက် လျှပ်ခနဲ ပေါ်လာသဖြင့် သူသည် ဆီးသီးယိုကို နှာခေါင်းနားသို့ ကပ်၍ နမ်းရှူကြည့်ရာ ထူးခြားသော အနံ့အသက် မရှိချေ။

သူသည် သရဲပူးသကဲ့သို့ပင် လျှာကို ဆန့်ထုတ်ကာ အသာအယာ ယက်ကြည့်လိုက်မိသည်။

နောက်တစ်စက္ကန့်တွင် အဆိပ်ခတ်သူ၏ မျက်နှာမှာ ဖြူလျော်သွားပြီး မျက်စိရှေ့တွင် မည်းမှောင်ကာ လဲကျသွားတော့သည်။

ထို့နောက်တွင် ပါးစပ်မှ အမြှုပ်များ ထွက်လာပြီး တစ်ကိုယ်လုံး တုန်ရီလာခဲ့သည်။

"အား"

စိတ်ရောဂါဆေးရုံအပြင်ဘက်ရှိ မိန်းကလေးငယ်များမှာ ထိတ်လန့်တကြား အော်ဟစ်ကြသဖြင့် တစ်ခဏချင်းမှာပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

လူအုပ်ကြီးက ပိတ်ဆို့ထားသဖြင့် ချန်ကျိုးမှာ လှမ်းမမြင်ရချေ။ ဘေးကနေ ကြည့်ရတာ ကြိုက်သော သူ၏ စိတ်ထဲတွင်မူ စိတ်ဝင်တစား ရှိလှပေသည်။

"ဘာဖြစ်တာလဲ၊ ငါ့ကို မပိတ်ထားကြနဲ့၊ ငါ့ကို ပေးကြည့်ဦး"

စိတ်ရောဂါဆေးရုံမှ ဝန်ထမ်းများသည် တံခါးကြီးကို ချက်ချင်း ဖွင့်လှစ်ကာ အဆိပ်မိနေသော မိစ္ဆာဂိုဏ်းသားအား အရေးပေါ် ကယ်ဆယ်ရေး ပြုလုပ်ကြရသည်။

ချန်ကျိုးမှာမူ စိတ်ရောဂါဆေးရုံတံခါးအပြင်သို့ ထွက်ခွင့်မရှိသဖြင့် ကုလားထိုင်ပေါ်သို့ ခြေတင်လျက် ခြေဖျားထောက်ကာ သံတံခါးကို လက်ဖြင့် ဆွဲကိုင်ထားပြီး လွတ်သွားမည်ကို စိုးရိမ်သဖြင့် ခေါင်းကို ဖြုတ်၍ တံခါးအမြင့်ဆုံးနေရာတွင် ချိတ်ဆွဲထားချင်စိတ်ပင် ပေါက်နေတော့သည်။

[လီယွီ - ကောင်းကင်မိစ္ဆာဂိုဏ်း၏ အောက်ခြေမိစ္ဆာဂိုဏ်းသား၊ ကျင့်ဝမ်ကျင့်စဉ်အဆင့်ရှိ ကျင့်ကြံသူ]

ကောင်းကင်မိစ္ဆာဂိုဏ်း၏ လျှို့ဝှက်အဆိပ်ကို စားသုံးမိခြင်း ဖြစ်သည်။

[စနစ်သတိပေးချက် : တစ်ဖက်လူ၏ လုပ်ရပ်မှာ မိမိကိုယ်ကိုယ် သတ်သေခြင်းသာ ဖြစ်ပြီး ဤစနစ်အနေဖြင့် သူ၏ စိတ်ကူးကို အနည်းငယ်မျှသာ ပံ့ပိုးပေးခဲ့ခြင်း ဖြစ်သဖြင့် နောက်ဆက်တွဲ အကျိုးဆက်များသည် ဤစနစ်နှင့် သက်ဆိုင်ခြင်း မရှိပါ]

လုံးဝ ချန်ကျိုးစတိုင် ပုံစံပေါက်နေသော စနစ်သည် လုပ်ငန်းစဉ်များပါ ချန်ကျိုးနှင့် တူညီလာပုံရသည်။

"မင်းတို့လို မိစ္ဆာဂိုဏ်းသားတွေက ဘာတွေကို တွေးနေကြတာလဲ၊ ကိုယ့်ဘာသာကိုယ် အဆိပ်ခတ်ရတယ်လို့"

ချန်ကျိုးက ဗြောင်ကျကျပြောလိုက်သည်။

ချန်ကျိုးသည် မိစ္ဆာဂိုဏ်းသားအား ရန်သူဟု မသတ်မှတ်ချေ။ သူ၏ အမြင်တွင်မူ ကောင်းကင်မိစ္ဆာဂိုဏ်း ဖြစ်စေ၊ ဝိညာဉ်ချုပ်ထိန်းရေးဌာန ဖြစ်စေ အားလုံးမှာ မိုက်မဲသော လူသားများ၏ ကစားပွဲသာ ဖြစ်ပြီး သူကဲ့သို့သော ပညာရှင်ကြီး၊ နတ်ဘုရားကဲ့သို့ တည်ရှိနေသူတစ်ယောက်အနေဖြင့် ဤမျှ မိုက်မဲသော သံသရာထဲသို့ ဝင်ရောက်ပတ်သက်ရန် အဆင့်မရှိချေ။

မရည်ရွယ်ဘဲ ပြောလိုက်သော စကားတစ်ခွန်းက တံခါးအပြင်ဘက်ရှိ လူအုပ်ကြီးကို ထိတ်လန့်သွားစေသည်။

မိစ္ဆာဂိုဏ်းသားများက လူ့နှလုံးသားကို ထုတ်ယူခြင်း၊ ကလေးငယ်များကို သတ်ဖြတ်ခြင်း စသည်ဖြင့် လုပ်ဆောင်ပုံများမှာ အလွန်တရာ ရက်စက်လှပေသည်။

မိစ္ဆာဂိုဏ်းသားအား ကယ်ဆယ်နေသော ဝန်ထမ်းများပင် လက်များ တုန်ရီနေကြရသည်။ ကောလာဟလများအရ မိစ္ဆာဂိုဏ်းသားများနှင့် ထိတွေ့ဖူးသူများသည် အကြောင်းမဲ့ သေဆုံးတတ်သည်ဟု ကြားဖူးသဖြင့် အမှန်အကန် ဟုတ်မဟုတ် မသိရသော်လည်း လူကိုတော့ ကြောက်လန့်စေရန် လုံလောက်ပေသည်။

ထို့နောက်မှ ရောက်ရှိလာသော ချင်ရှန်းဆေးရုံအုပ်သည် ချန်ကျိုးထံမှ မိစ္ဆာဂိုဏ်းသား၏ အထောက်အထားကို ထပ်မံ အတည်ပြုပြီးနောက် ဝိညာဉ်ချုပ်ထိန်းရေးဌာနသို့ အစီရင်ခံလိုက်သည်။

မကြာမီမှာပင် ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ ကားမှာ အလျင်အမြန် မောင်းနှင်ရောက်ရှိလာခဲ့သည်။

ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံတံခါးဝတွင် တားမြစ်စည်းများ ချထားလိုက်ပြီး တစ်ဖက်မှ မိစ္ဆာဂိုဏ်းသားအား အရေးပေါ် ကယ်ဆယ်ရေး ပြုလုပ်နေသလို တခြားတစ်ဖက်မှလည်း ထိုနေရာတွင် ရှိနေသူအားလုံး၏ အထောက်အထားများကို စစ်ဆေးကာ အဆိပ်အတောက်များကိုလည်း စမ်းသပ်စစ်ဆေးနေကြသည်။

အဆိပ်မိနေသော မိစ္ဆာဂိုဏ်းသားမှာ ကြည့်ရုံနှင့်တင် မသက်သာတော့မှန်း သိသာလှပြီး ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ အတွေ့အကြုံမရှိသူများကို အားကိုးနေရသဖြင့် လူသေသွားသည့်တိုင် ကုသမှု အစီအစဉ် ထွက်လာလိမ့်မည် မဟုတ်ချေ။

လော့ယွီမင်ကတော့ အကဲခတ် အလွန်တော်သူ ဖြစ်ရာ ဘေးကနေ တစ်ယောက်တည်း ကြည့်ကောင်းနေသော ချန်ကျိုးကို ချက်ချင်း မြင်တွေ့သွားသည်။

လော့ယွီမင်သည် စိတ်ထဲတွင် စကားလုံးများကို အသေအချာ ပြင်ဆင်လျက် ချန်ကျိုး၏ ရှေ့သို့ အလိုက်သင့် တိုးကပ်သွားခဲ့သည်။

"ချန်ကျိုး၊ ဆရာကြီးချန်၊ ပညာရှင်ကြီးချန်"

ချန်ကျိုးသည် မကြာသေးမီကမှ ရရှိထားသော မုန့်များကို အသိစိတ်ဖြင့် သိမ်းဆည်းလိုက်ရင်း သတိကြီးစွာဖြင့် မေးသည်။

"ဘာလုပ်မလို့လဲ"

"ပညာရှင်ကြီးချန်၊ မင်း အထင်မလွဲပါနဲ့၊ ငါက မင်းကို အဆိပ်မိနေတဲ့ မိစ္ဆာဂိုဏ်းသားကို ကယ်လို့ ရသေးလားလို့ မေးချင်ရုံတင်ပါ"

"မင်းက ဒီလောက်တောင် စေတနာကောင်းရှိလို့လား"

ချန်ကျိုးသည် မျက်လုံးငယ်များကို မှေးစင်းလျက် လော့ယွီမင်ကို အကဲခတ်လိုက်သည်။

လော့ယွီမင်က လက်ကို မြှောက်ကာ ပြောရှာသည်။

"အာ... ဆရာကြီးချန်ရာ၊ မင်းရဲ့ ခေါင်းတလားကြီး ကိစ္စက တကယ်ပဲ အထင်လွဲတာပါ၊ ငါကလည်း ကျိုးအိုက်ကော်လိုပဲ ပြည်သူ့အတွက် အမှုထမ်းနေတာပါ"

"ဟွန်း၊ မင်းတို့က မတူဘူး"

ကျိုးအိုက်ကော်က လူမိုက်တစ်ယောက် ဖြစ်သော်လည်း အနည်းဆုံးတော့ သူ၏ ဂြိုဟ်ကနေ သူ့ကို လာရောက် ကူညီပေးရသော သုန်းသုန်းချီ ဖြစ်သည်။ အလွန် မိုက်မဲသော်လည်း မိုက်မဲသော ကမ္ဘာမြေက လူသားများနှင့် နှိုင်းယှဉ်လျှင်တော့ နည်းနည်းလေး ပို၍ တတ်သိနားလည်ပေသည်။

ချန်ကျိုးတွင် ထိုကဲ့သို့သော ဂရုဏာစိတ် မရှိသဖြင့် လော့ယွီမင်သည် နောက်တစ်ကြိမ် ငွေသုံးရမည့် လမ်းပေါ်တွင် မိမိကိုယ်ကိုယ် အဆုံးစီရင်လိုက်ရပြန်သည်။

ငွေငါးရာတန် အိတ်ထဲသို့ ရောက်ရှိသွားပြီးနောက်။

ချန်ကျိုးသည် မျက်လုံးငယ်များကို မှေးစင်းလိုက်မိကာ မျက်နှာပေါ်ရှိ ဝမ်းမြောက်မှုကို ဖုံးကွယ်မထားနိုင်ဘဲ ရယ်ချင်စိတ်ကို အောင့်ထားရင်း နှုတ်ခမ်းကို ကိုက်ထားသဖြင့် နှုတ်ခမ်းထောင့်များမှာ ကောင်းကင်ပေါ်သို့ ပျံတက်မတတ် ဖြစ်နေတော့သည်။

"ဒါဆိုရင်တော့ အသက်ရှင်ဖို့ မျှော်လင့်ချက် တစ်စွန်းတစ်စ ရှိပါသေးတယ်"

ထို့နောက်တွင် ချန်ကျိုး၏ ညွှန်ကြားချက်အတိုင်း မိစ္ဆာဂိုဏ်းသား၏ ခြေထောက်နှစ်ဖက်ကို ချည်နှောင်ကာ သစ်ပင်တစ်ပင်ပေါ်တွင် တွဲလောင်း ဆွဲထားလိုက်ကြရသည်။

ချန်ကျိုးသည် မိစ္ဆာဂိုဏ်းသားကို ဆွဲထားသော သစ်ပင်အောက်တွင် ရပ်နေသည်။

ဘယ်ဘက်သို့ ခုန်လိုက်ရင်း။

"ဟေးဟိုး ဟေးဟိုး ဟေးဟေးဟိုး"

ညာဘက်သို့ ခုန်လိုက်ရင်း။

"အို ... အို ... ဟေးဟို .....ဟေးဟို.... အို အို အို"

ကခုန်ရတာ စိတ်ပါလာသဖြင့် ပါးစပ်ကပင် သီချင်းညည်းဆိုလေတော့သည်။

"အေးဟေးဟေး၊ ကြောင်နက်စခန်းမှူး၊ အေးဟေးဟေး၊ ငါပဲ၊ ငါက မင်းတို့ရဲ့ သူရဲကောင်းကြီး ချန်ကျိုးကြီးပဲ"

လော့ယွီမင်သည် လက်ဖြင့် နဖူးကို အုပ်ထားမိကာ အမှန်တကယ်ပင် ကြည့်ရက်စရာ မရှိချေ။

ဘယ်မှာ ဆေးကုနေခြင်းဖြစ်မည်နည်း။ ကစားနေခြင်း သက်သက်သာဖြစ်ပေလိမ့်မည်။

စနစ်သည် ကုသမှုကို ဝင်ရောက် စွက်ဖက်လျက် မိစ္ဆာဂိုဏ်းသား၏ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို သန့်စင်ပေးလိုက်သည်။

"အဟွတ် အဟွတ်"

သစ်ပင်ပေါ်တွင် တွဲလောင်း ဆွဲခံထားရသော မိစ္ဆာဂိုဏ်းသားသည် မေ့မြောနေရာမှ ပြန်လည် နိုးထလာခဲ့ပြီး နှာချေကာ ပါးစပ်မှ သွေးတစ်လုပ် အန်ထုတ်လိုက်ရင်း မျက်လုံးများကို အားအင်ချို့နဲ့စွာ ဖွင့်ကြည့်သည်။

လေပြေတစ်ချက် ဝေ့ယံသွားသဖြင့် ကြိုးဖြင့် ချည်နှောင်ထားသော မိစ္ဆာဂိုဏ်းသားသည် ခေါင်းကို အောက်စိုက်လျက် တစ်ပတ် လည်သွားခဲ့သည်။

ထိုမျက်ဝန်းအစုံက ချန်ကျိုးကို သေလုမတတ် စိုက်ကြည့်နေသည်။

သူ မကျေနပ်ချေ။

"ဘာဖြစ်လို့လဲ... မင်းက ဆီးသီးယို နှစ်ချောင်းလုံး စားတာတောင် ဘာမှမဖြစ်တာလဲ"

မိစ္ဆာဂိုဏ်းသားက အားနည်းစွာ မေးလိုက်သည်။

ချန်ကျိုး၏ ဘေးတွင် ရပ်နေသော လော့ယွီမင်သည်လည်း မျက်လုံးအစုံကို ပြူးကနဲ ဖွင့်ကြည့်မိသည်။

“ဘာကြီး”

“ချန်ကျိုးက ပြင်းထန်အဆိပ်တွေ ပါတဲ့ ဆီးသီးယို နှစ်ချောင်းလုံးကို စားလိုက်တာဟုတ်လား”

ချန်ကျိုးသည် သစ်ပင်အောက်တွင် ရပ်လျက် မျက်မှောင်ကုပ်ကာ ပါးစပ်ကို သပ်လိုက်ရင်း ပြောသည်။

"အရသာကတော့ အဆင်ပြေသားပဲ၊ ငါက သက်တမ်းကုန်နေပြီ အောက်မေ့တာ"

မိစ္ဆာဂိုဏ်းသားမှာ သွေးများ ထပ်မံ အန်ထွက်သွားရသည်။ အရသာ၊ သက်တမ်းကုန်တာ။

ကောင်းကင်မိစ္ဆာဂိုဏ်း၏ လျှို့ဝှက်အဆိပ်ဖြင့် အဆိပ်ခတ်ခြင်း ခံထားရပါလျက်နှင့် ဤစိတ်ရောဂါသည်မှာ ကြောက်ရွံ့ခြင်းမရှိဘဲ အဆိပ်၏အရသာအကြောင်းကိုသာ လာရောက်ပြောဆိုနေသည်မှာ ထိုလျှို့ဝှက်အဆိပ်ကို မည်မျှပင် အထင်သေးနေသနည်းဟု တွေးတောစရာပင် ဖြစ်တော့သည်။

ထိုအချိန်တွင် စိတ်ရောဂါဆေးရုံ၏ သစ်ရိပ်လမ်းလေးပေါ်တွင် ပရိဘောဂများ တင်ဆောင်လာသော ကုန်တင်ကားတစ်စီး တရွေ့ရွေ့ မောင်းနှင်လာခဲ့သည်။

ယာဉ်မောင်းက ခေါင်းပြူ၍ မေးသည်။

"ချန်ကျိုး၊ မစ္စတာချန်က ဘယ်သူလဲ၊ မင်းရဲ့ ပရိဘောဂတွေ ရောက်ပါပြီ"

"ငါပဲ၊ ငါပဲ"

ချန်ကျိုးက လက်ကို မြှောက်လျက် ကုန်တင်ကားဆီသို့ တောက်တောက် တောက်တောက်နှင့် ပြေးသွားတော့သည်။

ဒီပရိဘောဂတစ်ကားလုံးက ချန်ကျိုး၏ ပရိသတ်များက ပိုက်ဆံစု၍ ဝယ်ပေးထားကြခြင်း ဖြစ်ပြီး ယခုမှ ရောက်ရှိလာခြင်း ဖြစ်သည်။

လော့ယွီမင်သည် ထိုနေရာတွင် ရပ်ကျန်ခဲ့ကာ အော်ပြောရှာသည်။

"ဆရာကြီးချန်... မိစ္ဆာဂိုဏ်းသားက... မင်း အဆိပ်မိနေတာလေ၊ ကိုယ့်ရဲ့ အန္တရာယ်အတွက် ခန္ဓာကိုယ်ကို စစ်ဆေးဦးမှပေါ့၊ ဆရာကြီးချန် ဆရာကြီးချန်... ဒီမိစ္ဆာဂိုဏ်းသားကို ဘယ်အချိန်ကျမှ ပြန်ချပေးရမှာလဲ၊ ဆရာ..."

ချန်ကျိုးကတော့ ပရိဘောဂအသစ်များ ရရှိသည့် ဝမ်းမြောက်မှုထဲတွင် လုံးလုံးလျားလျား နစ်မြုပ်နေခဲ့ပြီ ဖြစ်သည်။

“အာ.....လူတွေက မင်း အသက်ကို လာယူတာလေ၊ မင်းအနေနဲ့ နည်းနည်းလောက် အလေးအနက် ထားလို့မရဘူးလား”

လော့ယွီမင်မှာ မတတ်နိုင်တော့သဖြင့် သစ်ပင်ပေါ်က မိစ္ဆာဂိုဏ်းသားကိုသာ လှမ်း၍ ညည်းတွားမိတော့သည်။

"မင်းကို မင်းပဲ ပြန်ကြည့်ဦး၊ ချန်ကျိုးကို အဆိပ်ခတ်တာ၊ သူကတော့ အမွေးတစ်ပင်တောင် မပျက်စီးဘဲ မင်းကတော့ သေလုမတတ် အဆိပ်မိနေတယ်၊ တကယ်တော့ ဘယ်သူက ဘယ်သူ့ကို အဆိပ်ခတ်တာလဲ"

မိစ္ဆာဂိုဏ်းသားမှာ စကားမဆိုနိုင်တော့ချေ။

ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံတွင် ပရိသတ်များက ပရိဘောဂများ ယူဆောင်လာကြသဖြင့် ချင်ရှန်းဆေးရုံအုပ်သည် ချန်ကျိုးအတွက် ပို၍ ကြီးမားသော အခန်းတစ်ခန်းကို ထပ်မံ စီစဉ်ပေးရတော့သည်။

ချန်ကျိုး၏ လူနေမှုဘဝလေးမှာ ဗိုက်ဝရုံတင်မကဘဲ ချမ်းသာကြွယ်ဝသည့် အဆင့်သို့ တိုက်ရိုက် ကူးပြောင်းသွားခဲ့ပြီး ကုတင်ကြီး၊ ဆိုဖာ၊ အဝတ်ဘီဒို၊ လေအေးပေးစက် စသည်ဖြင့် လိုလေသေးမရှိ အကုန်အစုံ ရှိနေတော့သည်။

All Chapters