အခန်း ၅၇
Vol. 6 Ch. 57
Chapter 57
ဖုန်းကို မြှောက်ကိုင်ထားသော ချန်ကျိုးသည် မျက်လုံးတစ်ဖက်ကို ပင့်လျက် ကျန်မျက်လုံးတစ်ဖက်ကို နှိမ့်ကာ မြွေပါငယ်အား အကဲခတ်နေသည်။
သူ့ပုံစံက ခိုးကြောင်ခိုးဝှက်နှင့်မို့ စိတ်ထဲတွင် မကောင်းသောအကြံအစည်များ ပြည့်နှက်နေသည်မှာ သေချာသည်။
သတိကြီးလှသော ချန်ကျိုးသည် မြွေပါငယ် ထွက်ပြေးမသွားစေရန်အတွက် ၎င်း၏လည်ပင်းတွင် ကြိုးတစ်ချောင်း ချည်နှောင်ထားလိုက်သည်။
မြွေပါငယ်သည် ချန်ကျိုး၏ဖုန်းမျက်နှာပြင်ပေါ်တွင် လက်မဖြင့် ဟိုဟိုဒီဒီ ပွတ်ဆွဲနေရင်း ပါးစပ်မှလည်း ငြီးတွားနေသည်။
"ဒါက ဘယ်ခေတ်က ဖုန်းမို့လို့ သုံးရတာ လေးပင်နေရတာလဲ၊ ဆော့ဖ်ဝဲတစ်ခု ဖွင့်ဖို့တောင် ဒီလောက် အချိန်ယူနေရတယ်၊ ကင်မရာ အရည်အသွေးက မုန့်ပြားကြီးလို မှုန်ဝါးနေတာ မဆန်းပါဘူး"
မြွေပါငယ်က ချန်ကျိုးအား ဖုန်း၏လုပ်ဆောင်ချက်များကို ရှင်းပြနေစဉ် အခြားတစ်ဖက်၌မူ မျက်စိစောင်းသရဲမသည် သတ္တိနည်းလှသဖြင့် လေလွင့်ဝိညာဉ်လေးကို အတင်းဆွဲခေါ်ကာ ဝိညာဉ်ချုပ်ထိန်းရေးဌာနသို့ အတူတူ ထွက်လာခဲ့ကြသည်။
လေလွင့်ဝိညာဉ်လေးသည် ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ ခွင့်ပြုချက်မရရှိထားသဖြင့် အတွင်းသို့ ဝင်ရောက်ခွင့်မရှိဘဲ တံခါးအပြင်ဘက်၌သာ စောင့်ဆိုင်းနေရပြီး မျက်စိစောင်းသရဲမ တစ်ကောင်တည်းသာ ဝိညာဉ်ချုပ်ထိန်းရေးဌာနအတွင်းသို့ ဝင်သွားခဲ့သည်။
ဌာနမှူးရုံးခန်းအတွင်း၌ ငြိမ့်ညောင်းသော ရှေးဟောင်းသီချင်းတစ်ပုဒ် ဖွင့်လှစ်ထားသည်။
လော့ယွီမင်၏ ဝဖြိုးသောခန္ဓာကိုယ်ကြီးသည် သီချင်းသံစဉ်နှင့်အတူ လှုပ်ရှားနေပြီး ပါးစပ်မှလည်း လိုက်လံညည်းဆိုနေသည်။
"ချိုမြိန်လှတယ်၊ မင်းရဲ့အပြုံးက ချိုမြိန်လှတယ်၊ နွေဦးလေပြေထဲမှာ ပွင့်လန်းနေတဲ့ ပန်းကလေးတစ်ပွင့်အတိုင်းပဲ"
ဝိညာဉ်ချုပ်ထိန်းရေးဌာနအနေဖြင့် ကိုးယင်ခန္ဓာပိုင်ရှင် သရဲမတစ်ကောင်ကို မကြာမီ ပိုင်ဆိုင်ရတော့မည်ဟု တွေးမိသည်နှင့် ကျင်းဟိုင်မြို့လုံးတွင်သာမက တစ်နိုင်ငံလုံး၌ပင် ကိုးယင်ခန္ဓာပိုင်ရှင် တစ်ယောက်မျှ မရှိသေးချေ။
ဤမျှ အဖိုးတန်လှသော ရတနာကြီးကို သူကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ရာ လော့ယွီမင်အနေဖြင့် မပျော်ဘဲ နေပါမည်နည်း။
သူသည် အလွန်တရာ ဝမ်းမြောက်နေမိသည်။
လော့ယွီမင်သည် နှစ်ရက်နှစ်ညတိုင်တိုင် စဉ်းစားရင်း အိပ်မပျော်နိုင်လောက်အောင် ပျော်ရွှင်နေရခြင်း ဖြစ်သည်။
ကိုးယင်ခန္ဓာပိုင်ရှင်သည် ကျင့်ကြံဆင့် အောင်မြင်ခြင်းမရှိသေးမီ အချိန်အတွင်း လူယုတ်မာများ၏ ရန်မှကာကွယ်ရန်အတွက် အခြားသူများကို အသိမပေးဘဲ တိတ်တဆိတ် ဝမ်းမြောက်နေရသည့် ခံစားချက်ကို တွေးကြည့်နိုင်မည်လား။
သူ၏စိတ်ထဲတွင် ပန်းကလေးများ တလှိုင်လှိုင် ပွင့်လန်းနေပြီး အခြားသူများ သိရှိသွားမည်ကိုလည်း စိုးရိမ်နေမိသည်။
လော့ယွီမင်နည်းတူ မျက်စိစောင်းသရဲမသည်လည်း အလွန်ပျော်ရွှင်နေသည်။ ချန်ကျိုးက နောက်ဆုံးတွင် သူမကို လက်ခံလိုက်ပြီဖြစ်ရာ သူမသည် အသုံးဝင်သူတစ်ယောက် ဖြစ်သွားခဲ့ပြီ မဟုတ်ပါလော။ စကားပုံတစ်ခု ရှိသည်မဟုတ်လား။ ပညာရှင်ကြီး၏ ဘေးနားက ခွေးတစ်ကောင် ဖြစ်ရခြင်းက အသုံးမဝင်သူများကြားထဲတွင် ခေါင်းဆောင်ဖြစ်ရခြင်းထက် ပိုမြတ်သည်။
ယင်းစကားပုံက သူမဘာသာ စဉ်းစားထားခြင်းဖြစ်သော်လည်း ထိုအရာများက အရေးမကြီးပေ။
လမ်းတစ်လျှောက်လုံး ပြုံးပျော်လာခဲ့သော မျက်စိစောင်းသရဲမသည် ဌာနမှူးရုံးခန်းတံခါးရှေ့တွင် အမူအရာကို ပြင်ဆင်လိုက်ပြီးနောက် ရုံးခန်းတံခါးကို လာရောက်ခေါက်လိုက်သည်။
ရုတ်တရက် ထွက်ပေါ်လာသော တံခါးခေါက်သံကြောင့် လော့ယွီမင်၏ ခါးကြီးပင် လျှောခနဲ ဖြစ်သွားခဲ့ရသည်။
သို့သော်လည်း တံခါးဖွင့်လိုက်၍ မျက်စိစောင်းသရဲမကို မြင်လိုက်ရသောအခါ သူ၏ပါးစပ်ကြီးမှာ နားရွက်ချိတ်မတတ် ပြုံးဖြဲသွားတော့သည်။
"အားယန် ပြန်လာပြီပဲ၊ မြန်မြန်ဝင်ခဲ့ဦး၊ လမ်းမှာ ဘာအဆင်မပြေတာ ရှိသေးလဲ၊ မင်းကို လူတွေနဲ့ လွှတ်ရင် ဘယ်လောက် လုံခြုံမလဲ၊ အခုတော့ မင်းဘာသာမင်း သွားရတယ်လို့"
"ဆရာကြီးက သူစိမ်းတွေ လာနှောင့်ယှက်တာကို မကြိုက်ဘူးလေ၊ ဒါပေမဲ့ ဆရာကြီးက လေလွင့်ဝိညာဉ်လေးကို လိုက်ပို့ခိုင်းပါတယ်"
တံခါးအပြင်ဘက်က လေလွင့်ဝိညာဉ်လေးကို တွေးမိသည်နှင့် မျက်စိစောင်းသရဲမ၏စိတ်ထဲတွင် လုံခြုံမှုများ ပြည့်နှက်သွားခဲ့ရသည်။
"လေလွင့်ဝိညာဉ်လေးက လိုက်ပို့တာလား၊ ဒါဆိုရင်လည်း အထဲကို ဝင်ထိုင်ဖို့ ဖိတ်ခေါ်လိုက်ပါလား"
"သူမက တံခါးအပြင်မှာ စောင့်နေတာ၊ ဆရာကြီးက ဝိညာဉ်ချုပ်ထိန်းရေးဌာနကို မကြိုက်သလို လေလွင့်ဝိညာဉ်လေးကလည်း မကြိုက်ဘူးလေ"
လော့ယွီမင်သည် ဒီစကားကို ကြားသောအခါ ကြောင်အသွားပြီး အပြုံးများ အေးခဲသွားခဲ့ရသည်။
"ဟမ်၊ မင်းကို စောင့်နေတာ ဟုတ်လား၊ သူမက မင်းကို ဘာလို့ စောင့်နေရတာလဲ"
မျက်စိစောင်းသရဲမသည် ရှက်ကိုးရှက်ကန်းဖြင့် နဖူးပြင်ထက်က ဆံပင်များကို သပ်လိုက်ရာ သူမ၏နဖူးတွင် ချိုးဆိုသည့် စာသားလေးတစ်ခု လင်းလာခဲ့သည်။
လော့ယွီမင်သည် သရဲမလေး၏နဖူးပေါ်က စာသားကို ကြည့်လျက် အတန်ကြာအောင် ကြောင်အသွားမိပြီး ဘာမျှ ပြန်လည်တုံ့ပြန်နိုင်ခြင်း မရှိသေးချေ။
မျက်စိစောင်းသရဲမကတော့ မိမိ၏ပျော်ရွှင်မှုထဲတွင် နစ်မြုပ်နေသဖြင့် လော့ယွီမင် အမူအရာကို သတိမပြုမိဘဲ ပြောလိုက်သည်။
"သမီးက အခု ဆရာကြီးရဲ့ ဝိညာဉ်အစေခံ ဖြစ်သွားပါပြီ၊ ဆရာကြီးက နောက်ဆုံးတော့ သမီးကို လက်ခံလိုက်ပြီဆိုတော့ သမီး ဝိညာဉ်ချုပ်ထိန်းရေးဌာနနဲ့ စာချုပ်ထပ်မချုပ်နိုင်တော့ပါဘူး၊ ဒီအတောအတွင်း သမီးအပေါ် ဂရုစိုက်ပေးခဲ့တဲ့ ဌာနမှူးကို ကျေးဇူးတင်တဲ့အနေနဲ့ အထူးတလည် လာရောက် နှုတ်ဆက်တာပါ"
လော့ယွီမင်၏ ဦးနှောက်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။
ချန်ကျိုးကို သွားရောက်နှုတ်ဆက်ပြီး ဝိညာဉ်ချုပ်ထိန်းရေးဌာနနှင့် စာချုပ်ချုပ်ဆိုရန် ပြန်လာခဲ့ခြင်း မဟုတ်ပါလော။
အဘယ်ကြောင့် ချန်ကျိုးဆီ တစ်ခေါက်သွားရုံနဲ့ ချန်ကျိုး၏ဝိညာဉ်အစေခံ ဖြစ်သွားရသနည်း။
ပျော်ရွှင်နေသော သရဲမလေးကို ကြည့်လျက် လော့ယွီမင်၏လက်ရှိခံစားချက်မှာ မစင်တုံးကြီးကို စားလိုက်ရသကဲ့သို့ အလွန်ရွံရှာဖွယ် ကောင်းလှပြီး ၎င်း၏အနံ့အသက်ကြောင့် အသက်ရှူကျပ်နေသည့် ခံစားချက်မျိုး ဖြစ်နေသည်။
ဌာနမှူးထံမှ စကားသံထပ်မံထွက်ပေါ်မလာသဖြင့် သရဲမလေးက နှုတ်ဆက်လိုက်သည်။
"ဒါဆိုရင် ဌာနမှူးမှာ တခြားကိစ္စမရှိရင် သမီး အရင်ပြန်ပါရစေဦး"
လော့ယွီမင်မှာမူ ထိုနေရာတွင် ကြောင်အစွာ ရပ်ကျန်ခဲ့ပြီး လက်ထဲရောက်လုနီးပါးဖြစ်နေသော ကိုးယင်ခန္ဓာပိုင်ရှင်မှာ ဤကဲ့သို့ လွင့်ပြယ်သွားခဲ့ပြီဖြစ်ကြောင်းကို သူ မယုံကြည်နိုင်ဘဲ ရှိနေတော့သည်။
သရဲမလေးသည် အလွန်ပျော်ရွှင်စွာဖြင့် ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ ထွက်ခွာလာခဲ့ပြီး လေလွင့်ဝိညာဉ်လေးနှင့် ပြန်လည်ဆုံတွေ့ရာ လေလွင့်ဝိညာဉ်လေးသည် ဝိညာဉ်ချုပ်ထိန်းရေး ဌာနတံခါးဝတွင် ကပ်ထားသော စာရွက်တစ်ရွက်ကို မော့ကြည့်နေသည်။
"ဟေး၊ ဒီအပေါ်မှာ ဘာတွေ ရေးထားတာလဲ"
လေလွင့်ဝိညာဉ်လေးက ရမ်းကားစွာ မေးလိုက်သည်။
မျက်စိစောင်းသရဲမက လှမ်းကြည့်လိုက်ရင်း ပြောသည်။
"ဝရမ်းထုတ်ထားတဲ့ ကြေညာချက်လေ၊ လေလွင့်ဝိညာဉ်လေး၊ နင် စာမတတ်ဘူးတော့ မဟုတ်ပါဘူးနော်"
"လေလွင့်ဝိညာဉ်လေးလို့ မခေါ်နဲ့၊ ငါ သေတာ နင့်ထက် စောတယ်၊ သရဲတွေက သရဲသက်တမ်းနဲ့ တွက်ချက်တာမို့ ငါက နင့်ထက် အများကြီး ကြီးတယ်"
"ဒါဆို သမီးက မမသရဲလေးလို့ ခေါ်ရမလား"
"ရတာပေါ့၊ ဒါနဲ့ နင့်နာမည်က ဘာလဲ"
"သမီးနာမည်က အားယန်ပါ"
ယခုအခါ နံနက်လေးနာရီအချိန်သို့ ရောက်ရှိနေပြီဖြစ်ရာ ချန်ကျိုးသည် နောက်ဆုံးတွင် အိပ်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ ဖုန်းကို ပွေ့ပိုက်လျက် ကုတင်ပေါ်၌ နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့သည်။
မြွေပါငယ်သည် စေတနာကောင်းဖြင့် လေအေးပေးစက်၏ အပူချိန်ကို ပြင်ဆင်ပေးလိုက်ပြီးနောက် ပြတင်းပေါက်တွင် တစ်ကောင်တည်း ရပ်လျက် အခန်းပြင်ပက လမင်းကြီးကို ငေးကြည့်နေမိသည်။
၎င်း၏ဦးနှောက်အနည်းငယ်ထဲတွင် သံသယများ ပြည့်နှက်နေသည်။
သူသည် ဤစိတ်ရောဂါသည်အပေါ်တွင် ဘာဖြစ်လို့ သတိလက်လွတ် ယုံကြည်မိသွားရတာလဲ။
သူသည် ယခင်က လောင်ဝမ်ရှားနှင့် စာချုပ်ရှိခဲ့စဉ်ကပင် ၎င်းတို့နှစ်ဦးစလုံး စိတ်ထဲတွင် သိရှိကြသည်မှာ သူ၏စိတ်ထဲ၌ ကိုယ်ပိုင်အကြံအစည်များ ရှိနေပြီး အခွင့်အရေးရသည်နှင့် ထွက်ပြေးမည်မှာ သေချာသည်။
ယင်းကား တကယ်ကို ထူးဆန်းလှပေသည်။
သူသည် အမျိုးသားများကို သဘောကျနေတာများလား။
ဒီလိုတွေးမိသည်နှင့် မြွေပါငယ်သည် ခေါင်းကို ကပျာကယာ ခါယမ်းလိုက်ပြီး မိမိကိုယ်ကိုယ် ဤကဲ့သို့သော အန္တရာယ်ရှိသည့် အတွေးများနှင့် ဝေးဝေးတွင် နေစေလိုက်သည်။
မြွေပါငယ်သည် အိပ်ပျော်နေသော ချန်ကျိုးကို အသိစိတ်ဖြင့် လှမ်းကြည့်လိုက်ရာ ဝက်တစ်ကောင်ကဲ့သို့ အိပ်ပျော်နေသဖြင့် သူက ကွယ်ရာတွင် ဒုက္ခပေးမည်ကို မကြောက်ဘူးလား။
သူ မဝံ့ရဲပါချေ။
ဘာပဲဖြစ်ဖြစ် အခုမှ အုပ်စုထဲဝင်ခါစဖြစ်သော သူကဲ့သို့ ကြောင်ကလေးတစ်ကောင်က အခြားသူများ၏ ကျားကြီးနှင့် မည်ကဲ့သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း။
မြွေပါငယ်သည် ဦးခေါင်းထက်က ဦးထုပ်လေးကို ပြင်ဆင်လိုက်ပြီး သက်ပြင်းပြင်းတစ်ချက် ချလိုက်မိကာ အနည်းဆုံးတော့ လောင်ဝမ်ရှား၏ အနီးတွင် နေရခြင်းထက် အများကြီးပိုကောင်းမွန်ပေသည်။
ချန်ကျိုးသည် မူလကပင် နောက်ကျမှ အိပ်စက်ခဲ့သူဖြစ်ရာ နံနက်ပိုင်းတွင် နိုးထလာနိုင်ခြင်း မရှိသေးချေ။
မွန်းတည့်ချိန်သို့ ရောက်သောအခါ နေမင်းကြီးသည် ကမ္ဘာမြေကို ပြင်းထန်စွာ တောက်လောင်နေသဖြင့် ကြမ်းပြင်ပေါ်မှ အပူရှိန်များ တရွေ့ရွေ့ ထွက်ပေါ်နေသည်။
ချင်ရှန်းဆေးရုံအုပ်သည် အလုပ်စဝင်ကတည်းက နာရီဝက်တစ်ကြိမ် ချန်ကျိုး၏ အခန်းငယ်လေးဆီသို့ လာရောက်ခဲ့ပြီး ချန်ကျိုးထံတွင် ထူးခြားသောကိစ္စ ရှိနေပုံရသော်လည်း ချန်ကျိုး၏အိပ်မက်လှလှများကို မနှောင့်ယှက်ဝံ့ချေ။
မြွေပါငယ်မှာမူ အခန်းတွင်းရှိ ပြတင်းပေါက်မှတစ်ဆင့် ဂျာကင်အဖြူဝတ်ထားသော အဘိုးကြီးတစ်ယောက် ဟိုဟိုဒီဒီ လျှောက်လှမ်းနေ သည်ကို အကြိမ်ကြိမ် မြင်တွေ့နေရသည်။
အဖန်ဖန် စဉ်းစားပြီးနောက် မြွေပါငယ်သည် တံခါးလက်ကိုင်ပေါ်သို့ ခုန်တက်ကာ တံခါးကို အနည်းငယ် ဟလိုက်ပြီး လည်ပင်းက ကြိုးကို ဆွဲလျက် တံခါးဝတွင် မတ်တတ်ရပ်လိုက်သည်။
"အဘိုးကြီး"
မြွေပါငယ် လှမ်းခေါ်လိုက်သည်။
ပြန်ရန် ပြင်နေသော ချင်ရှန်းဆေးရုံအုပ်သည် လှည့်ကြည့်လိုက်ရာ ၎င်းအား ခြေဖဝါးပြနေသော မြွေပါတစ်ကောင်ကို မြင်တွေ့လိုက်ရပြီး လူတစ်ယောက်ကဲ့သို့ နောက်ခြေဖြင့် မတ်တတ်ရပ်နေသည်။