အခန်း ၅၉
Vol. 6 Ch. 59
Chapter 59
ဝါခေါင်လပြည့် သရဲပွဲတော်ရောက်ရှိလာပြီဖြစ်သောကြောင့် ညပိုင်းအချိန်၌ ကျင်းဟိုင်မြို့သည် တိတ်ဆိတ်မနေတော့ဘဲ ကြာမြင့်စွာ ငြိမ်သက်နေခဲ့သော သရဲမိစ္ဆာများသည် စတင်လှုပ်ရှားလာကြကာ လမ်းမများပေါ်တွင် သရဲမိစ္ဆာများမှာ သုံးယောက်တစ်စု နှစ်ယောက်တစ်ဖော်ဖြင့် လွင့်မျောနေကြသည်။
ချန်ကျိုးသည် နှစ်တစ်ထောင် ကျားဝိညာဉ်ကို စီးနင်းလျက် မြွေပါငယ်အား ခြိမ်းခြောက်ကာ လေလွင့်ဝိညာဉ်လေးနှင့် မျက်စိစောင်းသရဲမတို့ကို ခေါ်ဆောင်၍ လောင်ဝမ်ရှားဆီသို့ အရှိန်အဟုတ်ဖြင့် ပြေးထွက်လာခဲ့သည်။
မြွေပါငယ်၏ လမ်းညွှန်မှုအတိုင်း ချန်ကျိုးသည် ကျင်းဟိုင်မြို့ပြင်ရှိ မင်ရှန့်သတ္တုတွင်း ကုမ္ပဏီလီမိတက် ဟု ကမ္ပည်းရေးထိုးထားသော ကုမ္ပဏီတစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
ညပိုင်းအချိန်၌ မူလကပင် တိတ်ဆိတ်လှသည်ဖြစ်ရာ မြို့ပြင်တွင် ပို၍ပင် ပြောနေစရာမလိုတော့ချေ၊ ချန်ကျိုးနှင့် သူ၏အပေါင်းအပါ များသည် ထိုကဲ့သို့ ကုမ္ပဏီတံခါးဝကြီးတွင် ဗြောင်ကျကျ မတ်တတ်ရပ်နေကြသဖြင့် တစ်ဖက်လူများ သတိမပြုမိရန် အလွန်ခက်ခဲပေ လိမ့်မည်။
လုံခြုံရေးအခန်းထဲတွင် လုံခြုံရေးဝန်ထမ်းသုံးဦးသည် တစ်ယောက်ကိုတစ်ယောက် ဖက်လျက် တုန်တုန်ရီရီ ဖြစ်နေကြသည်၊ ၎င်းတို့အားလုံးသည် သာမန်လူသားများဖြစ်ကြရာ ဤကဲ့သို့ သန်းခေါင်ယံအချိန်ကြီးတွင် တံခါးဝ၌ ရုတ်တရက် နတ်ဘုရားလိုလို ၊ သရဲလိုလို သတ္တဝါတစ်အုပ် ရောက်ရှိလာသဖြင့် ဘာကောင်မှန်းမသိရဘဲ ကြောက်လန့်စရာ ကောင်းလှပေသည်။
ချန်ကျိုးသည် တံခါးကို ချိုးဖျက်၍ ဝင်ရောက်ရန် ပြင်ဆင်စဉ် မြွေပါငယ်က ချန်ကျိုး၏လမ်းကို ပိတ်ဆို့လိုက်သည်။
"တံခါးဝက လူမိုက်ကလေးတွေကို ငါ့လက်ထဲပဲ အပ်လိုက်ပါ၊ ငါ့ရဲ့စွမ်းရည်ကို မင်းကို ပြသရတာပေါ့"
မြွေပါငယ်သည် ခြေလှမ်းအနည်းငယ်ဖြင့် လုံခြုံရေးအခန်း၏ ပြတင်းပေါက်ပေါ်သို့ ခုန်တက်လိုက်ပြီး ခြေသည်းကလေးများဖြင့် ပြတင်းပေါက်ကို ဟကာ ဖင်ကို အတွင်းဘက်သို့ လှည့်လိုက်သည်။
“ဘွတ်”
ဝါဝင်းသော အဆိပ်ငွေ့များသည် လုံခြုံရေးအခန်းအတွင်းသို့ ပျံ့လွင့်ဝင်ရောက်သွားခဲ့ရာ လုံခြုံရေးဝန်ထမ်းသုံးဦးသည် မြွေပါငယ်၏ဖင်ကို ကြောင်အစွာ စိုက်ကြည့်နေမိကြသည်။
စက္ကန့်အနည်းငယ်မျှသော အချိန်အတွင်းမှာပင် တစ်ယောက်က ကုလားထိုင်ကို ဖက်လျက် အဝတ်အစားများ ချွတ်၍ ကခုန်နေပြီး လှုပ်ရှားမှုများမှာ အလွန်စိတ်ပျက်ဖွယ် ရှိလှသည်။
အခြားတစ်ယောက်က စားပွဲခြေထောက်ကို ဖက်၍ ကိုက်ခဲနေကာ ကျန်တစ်ယောက်ကတော့ တံခါးကို ဖွင့်လှစ်လျက် အပြင်သို့ အတင်းပြေးထွက်သွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
မြွေပါငယ်သည် လုံခြုံရေးအခန်းအတွင်းသို့ တိုးဝင်ကာ အလိုအလျောက်တံခါး၏ ခလုတ်ကို နှိပ်လိုက်ပြီး ပြတင်းပေါက်ပေါ်သို့ ပြန်လည်ခုန်တက်လျက် ချန်ကျိုးအား မေးစေ့ပင့်ပြလိုက်သည်။
"ချန်ကျိုး၊ မင်း ငါ့ကို လေးစားသွားပြီမလား"
လေလွင့်ဝိညာဉ်လေးကတော့ မဲ့လိုက်ရင်း “အဟက်”ဟု အသံပြုလိုက်သည်။
ချန်ကျိုးသည် ကုမ္ပဏီဝင်းကြီးအတွင်းသို့ လှမ်းဝင်ခဲ့ရာ ဦးနှောက်အတွင်းရှိ စနစ်က စကန်ဖတ်ခြင်းကို စတင်လိုက်ပြီး အဆောက်အအုံကြီး တစ်ခုအတွင်း၌ ထူထပ်လှသော အနီရောင်အစက်ကလေးများ၏ တည်နေရာများကို ပြသလာခဲ့သည်။
အနီရောင်အစက်ကလေးများ ရှိရာဘက်သို့ ခေါင်းမော့ကြည့်လိုက်ရာ ထိုနေရာသည် တံခါးမကြီးနှင့် တည့်တည့်ဖြစ်နေသော အဆောက်အအုံကြီးတစ်ခု၏ အမိုးထပ် ဖြစ်ပေသည်။
မြွေပါငယ်သည် ကားပါကင်နေရာဘက်သို့ လှမ်းကြည့်လိုက်ပြီး ကားပါကင်တွင် ဟာလာဟင်းလင်း ဖြစ်နေသည်ကို မြင်တွေ့ရသဖြင့် အနည်းငယ် စိတ်အေးသွားခဲ့သည်။
"လောင်အမည်ရှိသူက မြို့ထဲကို အစည်းအဝေးသွားတက်တာ ဖြစ်လိမ့်မယ်၊ တော်သေးတယ် သူ မရှိလို့"
"သူက ဘာအစည်းအဝေး သွားတက်တာလဲ"
လေလွင့်ဝိညာဉ်လေးက ပြန်မေးသည်။
"ဘာအစည်းအဝေး ရှိရမှာလဲ၊ သရဲပွဲတော်အတွက် အစည်းအဝေးပေါ့"
မြွေပါငယ်သည် ချန်ကျိုးကို တစ်ချက်လှမ်းကြည့်လိုက်ရင်း စကားဆိုသည်။
"ချန်ကျိုးကို ဘယ်လိုနှိမ်နင်းရမလဲဆိုတဲ့ အစည်းအဝေးပေါ့"
"သူတို့က ဘာဖြစ်လို့ ချန်ကျိုးကို နှိမ်နင်းချင်ရတာလဲ"
မြွေပါငယ်သည် ပုခုံးတွန့်လျက် လက်သည်းများကို ဖြဲပြလိုက်သည်။ ၎င်းအနေဖြင့် အများကြီး ထပ်မံရှင်းလင်းလိုခြင်း မရှိတော့ချေ။ တစ်ဖက်လူများက ဒေါသထွက်လွန်းသဖြင့် ရူးသွပ်မတတ် ဖြစ်နေကြသော်လည်း ချန်ကျိုးဘက်ကတော့ ဘယ်လိုအကြောင်းကြောင့် တစ်ဖက်လူကို ပြစ်မှားမိမှန်း မသိဘဲ ရှိနေကာ အပေါင်းအပါများ၏ အပြစ်ကင်းစင်လှသော မျက်နှာများကို ကြည့်ရသည်မှာ တကယ်ကို ထရိုက်ချင်စရာ ကောင်းလှပေသည်။ သူသည် အဘယ်ကြောင့် ဤကဲ့သို့ အရိုက်ခံချင်စရာ ကောင်းလှသော အုပ်စုထဲသို့ ဝင်ရောက်မိပါလိမ့်။
မြွေပါငယ်က မပြောသလို ချန်ကျိုးကလည်း ထပ်မမေးချေ။ ချန်ကျိုးကတော့ ပညာရှင်ကြီးများသည် သာမန်လူများ၏ မနာလိုခြင်းကို အမြဲခံရတတ်သည်ဟု ထင်မှတ်နေမိသည်။
ဝင်းအတွင်း၌ လူတစ်ယောက်မျှ မရှိပါလျက်နှင့် ချန်ကျိုးသည် လျှို့ဝှက်အေးဂျင့်တစ်ဦးအသွင်ဖြင့် ဟိုဟိုဒီဒီ ပုန်းလျှိုးကွယ်လျှိုးလုပ်ကာ အနီရောင်အစက်ကလေးများ ရှိရာ အဆောက်အအုံကြီး၏ အောက်သို့ ရောက်ရှိလာခဲ့ပြီး သူ၏ရှေ့မှောက်တွင် ထူးခြားသော ဖန်တံခါးကြီးတစ်ချပ် ရှိနေကာ တံခါးပေါ်တွင် လက်ဗွေရာသော့တစ်လုံး တပ်ဆင်ထားသည်။
မြွေပါငယ်သည် ချန်ကျိုးပုခုံးပေါ်သို့ ခုန်တက်လိုက်သည်။
"ဒါက လက်ဗွေရာသော့ကွ၊ မှတ်တမ်းတင်ထားတဲ့ လက်ဗွေရာတွေထဲမှာ လောင်အမည်ရှိသူအပြင် တခြားမန်နေဂျာအချို့ရဲ့ လက်ဗွေရာတွေပဲရှိတာ"
ချန်ကျိုးသည် မိမိ၏လက်မကြီးကို ဖိနှိပ်လိုက်သည်။
[စနစ်သည် သော့အတွင်းရှိ လုပ်ငန်းစဉ်များကို ပြင်ဆင်နေပါသည်]
"မရဘူး၊ သတ်မှတ်ထားတဲ့ လက်ဗွေရာတွေနဲ့မှ သော့ပွင့်နိုင်တာ၊ မင်းက ကလေးကလားတွေး"
မြွေပါငယ်၏ စကားမဆုံးသေးမီမှာပင် လျှို့ဝှက်နံပါတ်သော့ထံမှ အသံတစ်ချက် ထွက်ပေါ်လာပြီး တံခါးမှာ အလိုအလျောက် ပွင့်ဟသွားခဲ့သည်။
"ဒီလောက်ပဲလား"
ချန်ကျိုးသည် ပုခုံးတွန့်လိုက်ရင်း မိမိကိုယ်ကိုယ် တကယ့်လျှို့ဝှက်အေးဂျင့်ကြီးတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။
မြွေပါငယ်သည် လက်ကလေးများဖြင့် မျက်လုံးကို ပွတ်ကြည့်လိုက်မိသည်။
“တကယ်ပဲ ပွင့်သွားတာလား”
တံခါးကတော့ ပွင့်သွားခဲ့ပြီဖြစ်ရာ မြွေပါငယ်သည် ကြောက်လန့်လာခဲ့သည်။ ၎င်းကတော့ ချန်ကျိုးအား အခက်အခဲကို မြင်၍နောက် ဆုတ်သွားစေချင်ရုံသာ ဖြစ်သော်လည်း ဤစိတ်ရောဂါသည်က တံခါးကို အမှန်အကန် ဖွင့်လှစ်လိုက်လိမ့်မည်ဟု မထင်မှတ်ခဲ့မိချေ။
ချန်ကျိုးသည် မြွေပါငယ်မှာ ကြောက်တတ်သောအကောင် ဖြစ်မှန်း စောစောကပင် ရိပ်မိထားခဲ့သဖြင့် မြွေပါငယ်အား လမ်းပြရန် အတင်းအဓမ္မ စေခိုင်းလျက် ဓာတ်လှေကားအတွင်းသို့ ဝင်ရောက်ကာ အမြင့်ဆုံးထပ်ဖြစ်သော ဆယ့်သုံးထပ်၏ ခလုတ်ကို နှိပ်လိုက်သည်။
ဓာတ်လှေကားသည် ဆယ့်သုံးထပ်သို့ ရောက်ရှိသွားခဲ့ရာ ဆယ့်သုံးထပ်သည် သာမန် ရုံးခန်းအလွှာတစ်ခုသာ ဖြစ်ပြီး အမှောင်ထုထဲတွင် စနစ်တကျ စီစဉ်ထားသော ရုံးခန်းစားပွဲများနှင့် ကုလားထိုင်များသာ ရှိနေသည်။
ချန်ကျိုး၏ပုခုံးပေါ်တွင် ရပ်နေသော မြွေပါငယ်သည် ခြေသည်းလေးဖက်လုံးဖြင့် ချန်ကျိုး၏ပုခုံးကို တင်းတင်းဆုပ်ကိုင်ထားမိကာ မျက်ဝန်းအစုံမှ စိမ်းဖန့်ဖန့်အလင်းတန်းများ ထွက်ပေါ်လျက် ပတ်ဝန်းကျင် အခြေအနေများကို သတိကြီးစွာဖြင့် အကဲခတ်နေသည်။
ချန်ကျိုးသည် အမိုးထပ်ဘက်သို့ မော့ကြည့်လိုက်ရာ ဦးနှောက်အတွင်းရှိ အနီရောင်အစက်ကလေးများသည် သိသာစွာပင် အပေါ်ထပ်တစ်ခု၌ ရှိနေသေးသည်။
"ဘာလို့ နောက်ထပ်တစ်ထပ် ရှိနေသေးတာလဲ"
မြွေပါငယ်သည် အောက်ထပ်တွင် ရှိစဉ်ကကဲ့သို့ ရဲတင်းခြင်းမရှိတော့ဘဲ တုန်တုန်ရီရီဖြင့် ပြောရှာသည်။
"ဒီအဆောက်အအုံက စုစုပေါင်း ဆယ့်လေးထပ် ရှိတာ၊ ပြင်ပလူတွေကိုတော့ ဆယ့်သုံးထပ်အထိပဲ ရုံးခန်းအဖြစ် ဖွင့်ပြထားတာမို့ တစ်ဆယ့်လေးထပ် ရှိနေသေးတာကို ဘယ်သူမှ မသိကြဘူး၊ တစ်ဆယ့်လေးထပ်ထဲမှာ ပိတ်လှောင်ထားတာတွေက လောင်အမည်ရှိသူ ဝယ်ယူလာတဲ့ သရဲမိစ္ဆာတွေ ဖြစ်ပြီး အများစုကတော့ လိုက်လျောညီထွေဖြစ်အောင် မလုပ်ရသေးဘူး၊ ဆယ့်လေးထပ်မှာ ပြတင်းပေါက်မရှိဘူး၊ တစ်ခုတည်းသော... ဝင်ပေါက်ကတော့ ဟိုဘက်မှာ ရှိတယ်"
မြွေပါငယ်၏ ခြေသည်းညွှန်ရာဘက်အတိုင်း ချန်ကျိုးသည် လမ်းလျှောက်သွားခဲ့ပြီး မျက်နှာကျက်ဘက်သို့ မော့ကြည့်လိုက်ရာ မျက်နှာကျက်တွင် စတုရန်းပုံစံ ပျဉ်ပြားတစ်ခု ရှိနေပြီး ပျဉ်ပြားပေါ်တွင် သော့တစ်လုံး ခတ်ထားကာ ဤသော့မှာ အတော်လေး အဆင့်မြင့်ပုံရသည်။
လေလွင့်ဝိညာဉ်လေးသည် ကုလားထိုင်တစ်လုံးကို ယူဆောင်လာခဲ့သဖြင့် ချန်ကျိုးသည် ကုလားထိုင်ပေါ်သို့ နင်းတက်လျက် သော့ကို လက်ဖြင့်ကိုင်ကာ အင်တိုက်အားတိုက် ဆွဲလိုက်သည်။
[စနစ်သည် သော့ကို ဖွင့်လှစ်နေပါသည်]
သော့ခေါင်းမှာ ပွင့်ထွက်သွားခဲ့သဖြင့် ချန်ကျိုးသည် သော့ကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။
ခြေဖျားထောက်လျက် ချန်ကျိုးသည် မျက်နှာကျက်အတွင်းသို့ ခေါင်းတစ်ဝက်ခန့် လှမ်းလျှိုသွင်းကာ ပတ်ဝန်းကျင်ကို ဝေ့ယံကြည့်ရှုရာ တစ်ပြင်လုံး မှောင်မည်းနေပြီး မြင်ကွင်းမှာ ဗလာဖြစ်နေသည်။
ချန်ကျိုးသည် မျက်လုံးကို ပွတ်လိုက်သည်။
[စနစ်သည် Host ၏ နတ်မျက်စိကို ဖွင့်လှစ်ပေးနေပါသည်]
ချန်ကျိုး၏ ခေါင်းတစ်ဝက်သည် ဆယ့်သုံးထပ်၏ မျက်နှာကျက်မှတစ်ဆင့် ဆယ့်လေးထပ်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီး မျက်လုံးငယ်များဖြင့် ဆယ့်လေးထပ်၏ အခြေအနေများကို အကဲခတ်လိုက်ရာ နံရံသုံးဖက်နှင့် တံခါးတစ်ချပ် ရှိနေသည်။
ထိုနံရံသုံးဖက်ပေါ်တွင် အဝါရောင်အဆောင်များ အပြည့်ကပ်ထားခဲ့ပြီး ထိုတံခါးချပ်ပေါ်တွင်လည်း ကြီးမားလှသော အဆောင်စာသားတစ်ခုကို ရေးဆွဲထားသည်။
လေလွင့်ဝိညာဉ်လေးသည် စိတ်ဝင်စားသွားသဖြင့် ချန်ကျိုး၏ဘေးမှတစ်ဆင့် ခေါင်းကလေး လှမ်းလျှိုကြည့်ရာ တစ်ခဏချင်းမှာပင် လေလွင့်ဝိညာဉ်လေး၏ ဦးခေါင်းထက်၌ အနီရောင်မီးတောက်များ လောင်ကျွမ်းလာခဲ့သဖြင့် သူမသည် ထိတ်လန့်တကြား ခေါင်းကို ပြန်ရုပ်သိမ်းလိုက်ရပြီး လမ်းမပေါ်တွင် နာကျင်စွာဖြင့် ဟိုတိုက်ဒီတိုက် ဖြစ်နေတော့သည်။
မျက်စိစောင်းသရဲမက ကူညီရန် ပြင်ဆင်စဉ် မြွေပါငယ်က တားမြစ်လိုက်သည်။
"ဒီမီးက ဝိညာဉ်ကို လောင်ကျွမ်းစေတဲ့မီးပဲ၊ မင်း မလှုပ်နဲ့၊ လှုပ်လေလေ မီးပိုတောက်လေလေပဲ၊ ရေရှာစမ်း"
မျက်စိစောင်းသရဲမသည် ကပျာကယာဖြင့် ရေပုံးတစ်ပုံးကို ယူဆောင်လာခဲ့ပြီး လေလွင့်ဝိညာဉ်လေး၏ ဦးခေါင်းထက်သို့ လောင်းချလိုက်သည်။
လေလွင့်ဝိညာဉ်လေး၏ ခန္ဓာကိုယ်ပေါ်က မီးတောက်များမှာ တဖြည်းဖြည်းနှင့် ငြိမ်းသတ်သွားခဲ့ရာ ချန်ကျိုးသည် မျက်စိစောင်းသရဲမက ရေပုံးတစ်ပုံးလုံးကို ပွေ့ပိုက်ထားသည်ကို ကြောင်အစွာ စိုက်ကြည့်နေမိသည်။ သူမသည် ကျင့်ကြံဆင့်မရှိသော သရဲမတစ်ကောင် ဖြစ်သော်လည်း ယခုအချိန်တွင် ပြသလာသော စွမ်းရည်မှာ သူမ ရှေ့က အခြေအနေများနှင့် သက်ဆိုင်နေပုံရသည်။
သူမက အားနွဲ့ပြီး မိမိကိုယ်ကိုယ် မစောင့်ရှောက်နိုင်ဘူးလို့ ပြောထားတာ မဟုတ်ဘူးလား။
မျက်စိစောင်းသရဲမသည် ဟာလာဟင်းလင်းဖြစ်သွားသော ရေပုံးကို အလိုက်သင့် ချလိုက်ရင်း အားနွဲ့ဟန်ဖြင့် လက်မောင်းကို ပုတ်ခတ်လိုက်သည်။
"တကယ်ပဲ လေးလိုက်တာ"
"အဟက်"
မြွေပါငယ်ကတော့ စိတ်ပျက်စွာဖြင့် ရယ်လိုက်မိသည်။
လေလွင့်ဝိညာဉ်လေးသည် လောင်ကျွမ်းသွားသော ဆံပင်များကို ကိုင်တွယ်ကြည့်ရှုရာ ဝိညာဉ်ခန္ဓာကို မထိခိုက်သော်လည်း ဦးရေပြားတော့ လောင်ကျွမ်းသွားခဲ့သည်။
သူမက ဦးရေပြားကို အုပ်ထားသည်ကို မြင်တွေ့ရသောအခါ ချန်ကျိုး၏ ပါးစပ်မှာ လှုပ်ရှားသွားခဲ့ပြီး သူ တကယ်ကို မရယ်ချင်ပါဘူး။ သူ့ရဲ့ အသိစိတ်နဲ့ ကျိန်ဆိုဝံ့သည်။
လေလွင့်ဝိညာဉ်လေးသည် ချန်ကျိုး၏ အမူအရာကို မြင်သည်နှင့် မိမိကိုယ်ကိုယ် အလွန် အရုပ်ဆိုးသွားခဲ့ပြီမှန်း သိရှိလိုက်သဖြင့် ပါးစပ်ကို စူလျက် စိတ်မကောင်း ဖြစ်နေတော့သည်။
ချန်ကျိုးသည် ခြေရင်းနားက မြွေပါငယ်ကို တစ်ချက်ကန်လိုက်သည်။
"မင်း ဘာလို့ ခိုးရယ်နေတာလဲ"
"ငါ မရယ်ပါဘူး"
မြွေပါငယ်သည် ကြောင်အသွားခဲ့ရသည်။ ၎င်းအနေဖြင့် အမှန်အကန်မရယ်ခဲ့မိချေ။
ချန်ကျိုးသည် ကုလားထိုင်ပေါ်သို့ နင်းတက်လျက် ခေါင်းတစ်ခုလုံးကို ဆယ့်လေးထပ်အတွင်းသို့ လျှိုသွင်းကာ ပါးစပ်ကြီးကို ဖြဲလျက် တစ်ကိုယ်လုံး လှုပ်ခါနေတော့သည်။
ဆယ့်သုံးထပ်က အပေါင်းအပါများ၏နဖူးပြင်ထက်တွင် မည်းနက်သော လိုင်းများစွာ ဖြတ်သန်းသွားခဲ့ရသည်။
“မင်းပဲ ရယ်ချင်နေတာ ထင်ရှားနေတာကို၊ ခေါင်းကို ဝှက်ထားရုံနဲ့ ငါတို့တွေ မင်းရယ်နေတာကို မသိဘူးလို့ မထင်နဲ့လေ၊ မင်း ဆီက ထူးဆန်းတဲ့အသံတွေ ထွက်နေတာက ဘာသဘောလဲ၊ မင်း တကယ်ကို ရယ်ချင်စိတ်ကို အောင့်မထားနိုင်တော့တာ ထင်ရှားနေတာပဲ”
လေလွင့်ဝိညာဉ်လေးသည် ခြေဆောင့်လိုက်ရင်း ဝမ်းနည်းပက်လက်ဖြင့် အော်ဟစ်လိုက်သည်။
"ချန်ကျိုး"
"ဟမ်"
ချန်ကျိုးသည် ပျော်ရွှင်စွာဖြင့် ပါးစပ်ကြီးကို ဖြဲလျက် ခေါင်းငုံ့ကြည့်လိုက်ပြီး လေလွင့်ဝိညာဉ်လေးအား လှမ်းကြည့်ကာ စကားဆိုသည်။
"ဖူး၊ အားဟားဟားဟားဟားဟားဟား"
လေလွင့်ဝိညာဉ်လေး၏ဆံပင်များမှာ မြေထဲပင်လယ်ကဲ့သို့ လောင်ကျွမ်းသွားခဲ့ရာ ဦးခေါင်းထက်တွင် ပြောင်သလင်းခါနေပြီး ဘေးပတ်ပတ်လည်တွင်သာ ဆံပင်အနည်းငယ် ကျန်ရှိနေတော့သည်။
လေလွင့်ဝိညာဉ်လေး၏မကျေမနပ်သော အကြည့်များကို ရင်ဆိုင်ရသဖြင့် ချန်ကျိုးသည် မြွေပါငယ်ကိုသာ ဓားစာခံလုပ်ရတော့မည့်အလား မြွေပါငယ်အား နောက်ထပ်တစ်ချက်ကန်လိုက်ပြန်သည်။
"လူမိုက်တစ်ယောက်လို ရယ်နေပြန်ပြီ၊ လေလွင့်ဝိညာဉ်လေးကို လှောင်ရယ်မနေနဲ့"
မြွေပါငယ်မှာမူ အကြောင်းမဲ့ နောက်ထပ်တစ်ချက် အရိုက်ခံလိုက်ရသဖြင့် “မင်းအနေနဲ့ အနည်းဆုံးတော့ သွားတွေကို ပြန်စေ့ပြီးမှ တခြားလူပေါ် ပုံချလို့ မရဘူးလား” ဟု စိတ်ထဲက တွေးနေမိတော့သည်။