အခန်း ၆၀
Vol. 6 Ch. 60
Chapter 60
မြွေပါငယ်သည် စကားအနည်းငယ် ပြန်လည်ချေပရန် ပြင်ဆင်လိုက်သော်လည်း လေလွင့်ဝိညာဉ်လေး၏ ဒေါသတကြီး ဖြစ်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ၎င်းအနေဖြင့် အလျှော့ပေးလိုက်ရတော့သည်။
လေလွင့်ဝိညာဉ်လေးအတွက်မူ ချန်ကျိုးက အီးပေါက်လျှင်ပင် အမွှေးနံ့သာ ဖြစ်နေပေလိမ့်မည်။
မြွေပါငယ်သည် မတတ်သာဘဲ ကိစ္စရပ်ကို လွှဲပြောင်းရန်အတွက် စကားဆိုသည်။
"အရေးကြီးတဲ့ကိစ္စက ပိုအရေးကြီးပါတယ်၊ အရေးကြီးတဲ့ကိစ္စကို အရင်လုပ်ကြတာပေါ့"
စိတ်ထဲတွင် အားနာနေသော ချန်ကျိုးသည်လည်း အလိုက်သင့်ပင် စကားဆိုသည်။
"မှန်တယ်၊ မှန်တယ်၊ အရေးကြီးတဲ့ကိစ္စကို အရင်လုပ်ကြတာပေါ့"
ချန်ကျိုးသည် ကုလားထိုင်ပေါ်သို့ ခြေဖျားထောက်လျက် အပေါ်သို့ တစ်ချက် ခုန်တက်လိုက်သည်။
သို့သော်လည်း အပေါ်သို့ ရောက်မသွားချေ။
"မြန်မြန်၊ ငါ့ကို အပေါ်ကို ပင့်တင်ပေးကြစမ်း"
ချန်ကျိုး၏ခေါင်းသည် ဆယ့်လေးထပ်အတွင်း ရောက်နေလျက် အော်ဟစ်သည်။
မျက်စိစောင်းသရဲမ အားယန်သည် ရှေ့သို့လှမ်း၍ ချန်ကျိုးအား ပင့်တင်ရန် ပြင်ဆင်သော်လည်း လေလွင့်ဝိညာဉ်လေး ထုတ်လွှတ်လိုက်သော မိစ္ဆာအငွေ့အသက်များကြောင့် လှုပ်ရှားမှု ရပ်တန့်သွားခဲ့ရပြီး ချန်ကျိုးအား ဆယ့်လေးထပ်အတွင်းသို့ တိုက်ရိုက် ပစ်တင်ပေးလိုက်တော့သည်။
ချန်ကျိုးသည် ဦးစွာပထမ နံရံသုံးခုပေါ်က အဆောင်များကို ဆုတ်ဖြဲပစ်လိုက်ရာ လေလွင့် ဝိညာဉ်လေးနှင့် အခြားသရဲများမှာ ထိုအခါမှသာ တစ်ဆယ့်လေးထပ်အတွင်းသို့ ရဲရဲဝံ့ဝံ့ လှမ်းတက်လာဝံ့ကြသည်။
ယခုအချိန်တွင် တစ်ခုတည်းသော လမ်းကြောင်းမှာ တံခါးတစ်ချပ် ဖြစ်ပေသည်။
ချန်ကျိုးသည် တံခါးကို လက်ဖြင့် ပုတ်ခတ်ကြည့်ရာ အသံမှာ အလွန်လေးလံလှသဖြင့် ဤတံခါး၏ ထုထည်ကြီးမားမှုကို ခန့်မှန်းနိုင်ပေသည်။
ချန်ကျိုးသည် နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်ပြီး လက်သီးကို မြှောက်လျက် လက်မောင်းကို ဝေ့ယံလိုက်သည်။
“တံခါးကို ဒီအတိုင်း ထုရိုက်ဖို့ ပြင်ဆင်နေတာလား”
တွေးကြည့်ရုံနဲ့တင် လက်နာစရာ ကောင်းလှပေသည်။
[လက်သီးစွမ်းရည် တိုးမြှင့်ခြင်း]
ချန်ကျိုး၏လက်သီးမှတစ်ဆင့် လျှပ်စီးကြောင်းများနှင့် မီးပန်းများ ထွက်ပေါ်လာခဲ့ပြီး တံခါးချပ်ပေါ်သို့ တဂျိန်းဂျိန်း ထုရိုက်ပစ်လိုက်သည်။
ဒိုင်းခနဲ အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ထိုသံတံခါးကြီးသည် အထဲသို့ လဲမှောက်သွားခဲ့ရပြီး ခြေထောက်အောက်က အလွှာတစ်ခုလုံးကိုပါ တုန်ခါသွားစေသည်။
တံခါးနောက်ကွယ်တွင် မှောင်မည်းနေသော လမ်းမကြီး ရှိနေပြီး အေးမြသော လေပြေလေးများသည် အတွင်းဘက်မှ တရွေ့ရွေ့ တိုက်ခတ်နေသည်။
ဆယ့်လေးထပ်တွင် ဘာအလှဆင်မှုမျှ မရှိချေ။ အနည်းငယ်မျှ ဟောင်းနွမ်းလှသော လူနေအဆောက်အအုံပုံစံမျိုး ဖြစ်နေပြီး လမ်းမဝဲယာ၌ မလှမ်းမကမ်းတွင် တံခါးတစ်ချပ်စီ ရှိနေသည်။
မြွေပါငယ်သည် မျက်လုံးကို တစ်ချက်မျှ မမှိတ်ဝံ့ဘဲ လမ်းမကြီးကို သေသေချာချာ စိုက်ကြည့်နေမိသည်။
"ချန်ကျိုး၊ နေရာကို ရောက်ပြီ၊ ဒီနေရာက တံခါးတိုင်းရဲ့ နောက်ကွယ်မှာ သရဲမိစ္ဆာတစ်ကောင်စီ ပိတ်လှောင်ထားတာ၊ ဒီထဲမှာ ယဥ်ပါးအောင် မလုပ်ရသေးတဲ့ သရဲမိစ္ဆာတွေ အများကြီးပဲ၊ တို့တွေ ပစ္စည်းကို ခိုးယူပြီးတာနဲ့ ချက်ချင်းပြန်ကြရအောင်၊ တခြားအရာတွေကို လျှောက်မလုပ်နဲ့နော်"
ချန်ကျိုးသည် မြွေပါငယ်အား အသံမထွက်ရန် လက်ဟန်ပြလိုက်ပြီး မိမိ၏ခန္ဓာကိုယ်ကို နံရံတွင် ကပ်လျက် လမ်းမကြီးအတွင်းသို့ ခြေသံလုံလုံဖြင့် လှမ်းဝင်ခဲ့သည်။
ချန်ကျိုးကတော့ မိမိကိုယ်ကိုယ် အတုမရှိသော ပညာရှင်ကြီးတစ်ဦး၊ ကမ္ဘာကျော် ပညာရှင်ကြီးတစ်ဦးအသွင်ဖြင့် ပြသလိုရုံသက်သက်သာ ဖြစ်ပေသည်။
မြွေပါငယ်၏ အမြင်တွင်မူ ချန်ကျိုးသည် အန္တရာယ်ကို ကြိုတင်ရိပ်မိထားခဲ့သဖြင့် အလေးအနက် ထားနေခြင်းဖြစ်သည်ဟု ထင်မှတ်နေမိသည်။
ချန်ကျိုးသည် နံရံတွင် ကိုယ်ကိုကပ်လျက် ခြေလှမ်းအနည်းငယ်ဖြင့် တံခါးတစ်ချောင်း၏ ဘေးသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
ထိုတံခါးချပ်ပေါ်တွင် တံခါးနှင့်အရွယ်အစားတူညီသော အဝါရောင်အဆောင်ကြီးတစ်ခုကို ကပ်ထားခဲ့သည်။
ချန်ကျိုးသည် ဝဲယာသို့ ခေါင်းပြူ၍ အကဲခတ်လိုက်ပြီး တံခါးကြားတွင် ကိုယ်ကိုကပ်လျက် မျက်လုံးငယ်များကို မှေးစင်းကာ အတွင်းဘက်သို့ လှမ်းကြည့်သည်။
လုံခြုံလွန်းလှသဖြင့် ဘာမျှမြင်တွေ့ရခြင်း မရှိချေ။
မြွေပါငယ်သည် ချန်ကျိုး၏နားနားသို့ ကပ်လျက် တိုးညှင်းသောလေသံဖြင့် စကားဆိုသည်။
"ပစ္စည်းက ဒီအခန်းထဲမှာ မဟုတ်ဘူး၊ အထဲကို ဆက်သွားဦး၊ နောက်ဆုံးအခန်းကမှ ပစ္စည်းတွေကို ဝှက်ထားတဲ့နေရာ"
ချန်ကျိုးသည် တံခါးကြားမှ ခေါင်းကို ပြန်ရုပ်သိမ်းလိုက်ပြီး မျက်လုံးကို မှေးစင်းလိုက်သည်။
"အကောင်ငယ်လေး၊ ပညာရှင်ကြီး ကိစ္စလုပ်တာကို မင်းက ဘာဖြစ်လို့ လာရောက် စွက်ဖက်နေရတာလဲ"
လက်နှစ်ဖက်ကို တံခါးပေါ်တွင် တင်လျက် အသာအယာ တွန်းလိုက်သည်။
[လက်ဖဝါးစွမ်းရည် တိုးမြှင့်ခြင်း]
နောက်ထပ် ဒိုင်းခနဲ အသံကြီးတစ်သံ ထွက်ပေါ်လာပြန်သည်။ တံခါးသည် အထဲသို့ လဲမှောက်သွားခဲ့ရသည်။
အခန်းတွင်း၌ အလွန်လှပဆန်းပြားသော သစ်သားအလှပြင်စားပွဲတစ်လုံးသာ ရှိနေပြီး အလှပြင်စားပွဲ၏ ရှေ့မှောက်တွင် ဆံပင်ဖြီးနေသော မိန်းမပျိုတစ်ဦး ထိုင်နေသည်။
ဒါကလွဲရင် အခြားအရာ ဘာမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။
"ဟီး၊ ဟီး ၊ ဟီး၊ ဟီး"
အလှပြင်စားပွဲရှေ့က မိန်းမပျိုသည် ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။
ချန်ကျိုးသည် တံခါးဝတွင် ရပ်လျက် ညာခြေကို ရှေ့သို့လှမ်းကာ လည်ပင်းကို ဆန့်၍ အတွင်းဘက်သို့ လှမ်းကြည့်သည်။
မြွေပါငယ်သည် ကြောက်လန့်လွန်းသဖြင့် အခန်းထဲသို့ မဝင်ဝံ့ဘဲ တံခါးအပြင်ဘက်တွင် ပုန်းလျှိုးလျက် ခေါင်းကလေးပြူ၍ ချောင်းကြည့်နေမိသည်။ ကြောက်လန့်နေသော်လည်း စိတ်ဝင်စားနေသည်မှာတော့ အမှန်ပင် ဖြစ်သည်။
ထိုမိန်းမပျိုသည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး မျက်နှာပေါ်က မျက်ရည်စများကို အသာအယာ သုတ်လိုက်ရင်းမှ လှည့်ကြည့်လိုက်သည်။
[အလှပြင်သူ - အဆင့်သုံး အငြိုးကြီးသရဲ နောက်ဆုံးအဆင့်၊ လက်ထပ်မည့် သတို့သားက အခြားသူအား လက်ထပ်သွားခဲ့သဖြင့် ဝမ်းနည်းလွန်းကာ စိတ်မကောင်းဖြစ်၍ သေဆုံးသွားခဲ့ရရှာသည်၊ သေဆုံးပြီးနောက် ရန်ငြိုးရန်စများ ပြည့်နှက်သွားခဲ့ပြီး သရဲမိစ္ဆာအသွင် ပြောင်းလဲခဲ့ကာ စစ်မှန်သော သတို့သားကို ရှာဖွေရန် ကျိန်ဆိုထားခဲ့သည်၊ အကယ်၍ တစ်ဖက်လူသည် သစ္စာဖောက်တစ်ယောက် ဖြစ်ကြောင်း သိရှိသွားပါက ချက်ချင်းသတ်ဖြတ်တတ်သည်၊ အဓိက စွမ်းရည်မှာ ညှို့ယူဖမ်းစားခြင်း ဖြစ်သည်]
"မောင်ကြီးကျိုး"
တစ်ခဏချင်းမှာပင် ပတ်ဝန်းကျင် အခြေအနေအားလုံး ပြောင်းလဲသွားခဲ့ပြီး အလှပြင်အခန်းငယ်လေး ဖြစ်လာကာ ဆန်းပြားသော စားပွဲများနှင့် လိုက်ကာများ ရှိနေသဖြင့် ရှေးဟောင်းအိမ်ကြီးတစ်အိမ်၏ မြင်ကွင်းပုံစံမျိုး ဖြစ်နေသည်။
အလှပြင်သူလေးသည် မျက်လုံးကို ပင့်လျက် ချန်ကျိုးအား စိုက်ကြည့်လိုက်ရာ မျက်နှာသွင်ပြင်မှာ အလွန်လှပလှပြီး နတ်မိစ္ဆာအငွေ့အသက်အချို့ ရှိနေသော်လည်း လူကို ခံစားရစေသည်မှာ အနည်းငယ် သနားစရာ ကောင်းလှသဖြင့် မြင်ရသူအား ဂရုဏာသက်၍ ကြင်နာချင်စိတ် ပေါက်သွားစေသည်။
[စနစ်သည် Host ၏ နတ်မျက်စိကို အဆင့်မြှင့်တင်ပေးနေပါသည်]
ချန်ကျိုးသည် မိမိကိုယ်ကိုယ် အသိစိတ်ဖြင့် တစ်ချက် တုန်ရီသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် စောစောက မြင်တွေ့ခဲ့ရသော အလှပြင်အခန်းငယ်လေး၏ မြင်ကွင်းများသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"မောင်ကြီးကျိုး"
အလှပြင်သူလေးသည် နောက်တစ်ကြိမ် လှမ်းခေါ်လိုက်ပြန်ရာ စောစောကထက် ပိုညုတုတု ရှိလှသည်။
"မင်း၊ မင်း ငါ့ကို ခေါ်တာလား"
ချန်ကျိုးသည် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ ငယ်စဉ်ကတည်းက ယခုအချိန်အထိ သူ့ကို မောင်ကြီးကျိုး ဟု ခေါ်ဆိုသူကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်ပေသည်။
“ချန်ကျိုး၊ မောင်ကြီးကျိုး”
ဘယ်လိုပဲဖြစ်ဖြစ် မောင်ကြီးကျိုး ဆိုတာက ပိုပြီး နားထောင်လို့ ကောင်းပေသည်။ ပြန်ရောက်ရင် ကျန်းယိုယိုနဲ့ သုန်းသုန်းချီတို့ကို သူ့ကို မောင်ကြီးကျိုး ဟု ခေါ်ခိုင်းရမည်။
အလှပြင်သူလေးသည် ဖြည်းညှင်းစွာ ရှေ့သို့လှမ်းလာခဲ့ပြီး ချန်ကျိုးအား လက်ကို ဖြဲပြလိုက်ရာ လက်ထဲတွင် အလွန်လှပသော သစ်သားဘီးတစ်ချောင်း ရှိနေသည်။
"မောင်ကြီးကျိုး၊ ကျွန်မအတွက် ဆံပင်ဖြီးပေးလို့ ရမလား"
ချန်ကျိုးသည် အလှပြင်သူလေး၏ အကြည့်ကို ဆုံလိုက်မိရာ မျက်ဝန်းချင်းဆုံတွေ့သွားခဲ့ပြီး တစ်ချက်ကလေးမျှ ရှောင်တိမ်းခြင်း မရှိချေ။
ပထမဆုံးအကြိမ် ဆုံတွေ့တာကို သူ့ကို ဆံပင်ဖြီးခိုင်းတယ် ဟုတ်လား။ ဒီလူက တကယ်ကို အတင့်ရဲလွန်းလှသည်။
နောက်သို့ လှည့်၍ အပေါင်းအပါများကို လှမ်းကြည့်လိုက်ရာ ယခုအချိန်တွင် ၎င်းတို့အားလုံးသည် သရဲမ၏ ညှို့ယူဖမ်းစားခြင်းကို ခံထားရသဖြင့် တစ်ယောက်ချင်းစီမှာ ကမ္ဘာကြီးကို မမြင်ဖူးသော ပုံစံမျိုးဖြင့် လူတစ်ဖက်သား လှပသည်ကို ကြည့်လျက် ကြောင်အစွာ စိုက်ကြည့်နေမိကြသည်။
တကယ်ကို အသုံးမဝင်တဲ့ အကောင်တွေ ဖြစ်ပေသည်။
ချန်ကျိုးသည် စိတ်ပြန်လည်လာခဲ့ပြီး အလှပြင်သူလေးကို အထက်အောက် ဝေ့ယံကြည့်ရှုလိုက်ရာ ရှေးဟောင်းခေတ်က မိန်းမပျိုတစ်ဦးကို ရွေးချယ်နေသည့်အလား ဖြစ်နေသည်။
မြွေပါငယ်ဆိုတဲ့ အကောင်လေးကတော့ ဆယ့်လေးထပ်တစ်ခုလုံးမှာ လောင်အမည်ရှိသူ ဝယ်ယူလာတဲ့ သရဲမိစ္ဆာတွေချည်းပဲလို့ ပြောခဲ့တယ် မဟုတ်လား။ ပြီးတော့ ဒီသရဲမိစ္ဆာတွေက အရမ်း ရက်စက်ကြတယ်တဲ့။
“ဟွန်း၊ ရက်စက်တယ် ဟုတ်လား”
“ဒီလောက်ပဲလား”
“ဒါတင်ပဲလား”
ချန်ကျိုးသည် ဘာမျှ ပြန်လည်မဖြေကြားသေးသဖြင့် အလှပြင်သူလေးသည် နောက်ထပ် ခြေလှမ်းတစ်လှမ်း တိုးလာခဲ့ပြီး သူမ၏ လှပသော ခန္ဓာကိုယ်နှင့် ချန်ကျိုးတို့မှာ အလွန် နီးကပ်နေတော့သည်။
"မောင်ကြီးကျိုး၊ ကျွန်မအတွက် ဆံပင်ဖြီးပေးလို့ ရမလား"
စောစောကတင် ငိုထားခဲ့သော အလှပြင်သူမလေး၏ မျက်ဝန်းထဲတွင် မျက်ရည်စများ ကျန်ရှိနေသေးသဖြင့် အကြည့်မှာ သနားစရာ ကောင်းလှရာ မြင်ရသူအား ရင်ခွင်ထဲသို့ ထည့်လျက် အသေအလဲ ကြင်နာချင်စိတ် ပေါက်သွားစေသည်။
ချန်ကျိုးသည် ပါးစပ်ကလေးကို စူလိုက်သည်။
သူက ပညာရှင်ကြီးတစ်ဦးလေ။
ပညာရှင်ကြီးတစ်ဦးအနေဖြင့် သေးငယ်လှသော မိန်းမပျိုတစ်ဦးအတွက် ဆံပင်ဖြီးပေးဖို့ ဘယ်လိုလုပ် အောက်ကျခံနိုင်ပါမည်နည်း။
ဦးနှောက်အတွင်း၌ မြင်ကွင်းများစွာကို စဉ်းစားမိလာသည်။ ကျန်းယိုယိုက ပါးစပ်ကိုပိတ်၍ သူ့ကို လှောင်ရယ်နေလိမ့်မည်။ သုန်းသုန်းချီကလည်း ဟန်ဆောင်ပြုံး ပြုံးနေလိမ့်မည်။ ပြီးတော့ ထိုဓားပြဗိုလ်ကြီး လော့ယွီမင်ကလည်း ဗြောင်ကျကျ အော်ဟစ်ရယ်မောနေလိမ့်မည်။
စဉ်းစားလေလေ ပိုဒေါသထွက်လေလေဖြစ်ရာ မျက်နှာအမူအရာမှာ တင်းမာလာခဲ့သည်။
သူ့ရှေ့မှောက်က တရားခံကြီးကတော့ အားနွဲ့ဟန် ဆောင်နေဆဲ ဖြစ်သည်။
ချန်ကျိုးသည် ဘာမျှမပြောဘဲ လက်ကို မြှောက်လျက် အလှပြင်သူလေးအား ပါးရိုက်ချလိုက်သည်။
ဘာမျှ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော အလှပြင်သူမလေးသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ရပြီး တစ်ခဏချင်းမှာပင် ပြန်လည်မတုံ့ပြန်နိုင်သေးချေ။ ကံဆိုးစွာဖြင့် ပုခုံးပေါ်က အဝတ်အစားများ ကျွတ်ကျသွားခဲ့သဖြင့် ဖြူလွှလွှ ပုခုံးသားလေး ပေါ်ပေါက်လာခဲ့သည်။
"မောင်ကြီးကျိုး၊ ရှင် ကျွန်မအပေါ် ဘာလို့ ဒီလိုလုပ်ရတာလဲ "
အလှပြင်သူလေးသည် ဝမ်းနည်းပက်လက်ဖြင့် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
ချန်ကျိုးသည် အလှပြင်သူလေးအား ဗြောင်ဆဲဆိုလေသည်။
"မင်းလို မိန်းမပျိုက ဒီလောက်အထိ ကောက်ကျစ်တဲ့ အစီအစဉ်ရှိနေတာပဲ၊ ငါသာ ဉာဏ်ပညာ ထက်မြက်ခြင်းမရှိရင် မင်းရဲ့ အစီအစဉ်ထဲ ကျရောက်သွားတော့မှာ၊ တကယ်ပဲ ကောင်းမွန်တဲ့ နည်းလမ်းကို အသုံးချသွားတာပဲ"
ချန်ကျိုးသည် ကဇာတ်ခုံပေါ်က အမူအရာအတိုင်း မရှိသော အဝတ်လက်မောင်းကို တစ်ချက် ဝေ့ယံလိုက်ရင်း ခြေလှမ်းအနည်းငယ်ဖြင့် ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။
"မောင်ကြီးကျိုး"
အလှပြင်သူမလေးက ဝမ်းနည်းစွာဖြင့် လှမ်းခေါ်ကျန်ရစ်သည်။
တံခါးအပြင်ဘက်က မြွေပါငယ်သည် လေလွင့်ဝိညာဉ်လေးကို လှမ်းကြည့်သည်။
“ငါ တစ်ခုခု လွတ်သွားတာလား ဘာအခြေအနေကြီးလဲ”
လေလွင့်ဝိညာဉ်လေးက ပုခုံးတွန့်ပြလိုက်သည်။
“မသိဘူး၊ ကျင့်သားရနေပြီ”
အလှပြင်သူလေးသည် လူသားများကို ဒုက္ခပေးရန်အတွက် အခြေခံအကြောင်းရင်းတစ်ခု ရှိရမည်။ ထိုအရာမှာ တစ်ဖက်လူသည် သစ္စာဖောက်တစ်ဦး ဖြစ်ရမည်။ သို့သော်လည်း ချန်ကျိုးက ဘာကောင်ကြီးမို့လို့လဲ။
အလှပြင်သူလေးသည် စိတ်ထဲတွင် မကျေနပ်သဖြင့် ထရပ်၍ ချန်ကျိုးနောက်သို့ လိုက်ရန် ပြင်ဆင်သည်။
ချန်ကျိုးသည် မျက်နှာချင်းဆိုင်က တံခါးကို ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ပြင်းထန်လှသော မိစ္ဆာအငွေ့အသက်များ တိုးဝင်လာခဲ့သဖြင့် အလှပြင်သူမလေးသည် တစ်ခဏချင်းမှာပင် ခြေလှမ်း ရပ်တန့်သွားခဲ့ရသည်။
ဒုတိယမြောက် အခန်း
ဟာလာဟင်းလင်း ဖြစ်နေသော အခန်းတွင်း၌ အဝါရောင်အဆောင်များ အပြည့်ကပ်ထားသော ခေါင်းတလားကြီးတစ်လုံး ရှိနေပြီး အဆောင်များ၏ ကြားမှတစ်ဆင့် ကြည့်ရှုလိုက်ရာ ထိုအရာသည် နီမြန်းသော ခေါင်းတလားကြီးတစ်လုံး ဖြစ်ကြောင်း မြင်တွေ့နိုင်ပေသည်။
[သားအမိခေါင်းတလား - ကိုယ်ဝန်ဆောင်မိန်းမသည် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားခဲ့ရပြီး ဝမ်းဗိုက်အတွင်းရှိ သန္ဓေသားမှာလည်း အမှန်အကန်ဖြစ်တည်နေခဲ့ပြီဖြစ်ရာ ဒါက မိစ္ဆာအငွေ့အသက် ပြည့်နှက်နေသော ခေါင်းတလားဖြစ်သည်၊ သေသေချာချာ သင်္ဂြိုဟ်ရန် လိုအပ်ပြီး သေဆုံးရသည့်အကြောင်းအရင်း မတူညီပါက သင်္ဂြိုဟ်သည့်နေရာ မတူညီသလို ခေါင်းတလားအတွင်းရှိ မိစ္ဆာအငွေ့အသက်လည်း မတူညီကြချေ]