အခန်း ၆၁
Vol. 7 Ch. 61
Chapter 61
ချန်ကျိုး ရောက်ရှိလာခြင်းကြောင့် အခန်းအတွင်း၌ အခြေအနေမှာ သက်ဝင်လှုပ်ရှားလာပြီး ငြိမ်သက်နေသော ခေါင်းတလားသည် အနည်းငယ် တုန်ခါလာသည်။ အဝါရောင်အဆောင်လက်ဖွဲ့၏ ဖိနှိပ်ထားမှုကြောင့် တုန်ခါမှုပမာဏမှာ အလွန်သေးငယ်လှ၏။
သို့သော်လည်း ခေါင်းတလား၏ တုန်ခါမှုသည် ချန်ကျိုး၏ စူးစမ်းလိုစိတ်ကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားကာ ခေါင်းတလားဘေးတွင် ပတ်ပတ်လည် လိုက်လံတီးခေါက်နေတော့သည်။ ချန်ကျိုး၏ တီးခေါက်မှုနှင့်အတူ တုန်ခါမှုပမာဏသည် တဖြည်းဖြည်း ပြင်းထန်လာခဲ့သည်။
အပြင်ဘက်တွင်မူ မြွေပါငယ်သည် တံခါးဝ၌ ဝပ်စောင်းကာ အခြေအနေကို ဆက်လက်အကဲခတ်နေဆဲ ဖြစ်သည်။ ၎င်း၏ နောက်ကျောဘက်တွင် ကြီးမားသော အရိပ်တစ်ခု ရှိနေသကဲ့သို့ ခံစားရပြီး တစ်စုံတစ်ခုက ၎င်းအား မကြာခဏ လာရောက်တို့ထိနေသည်။
လှည့်ကြည့်လိုက်သောအခါ ဘေးခန်းမှ အလှပြင်သူလေးသည် ၎င်းနောက်တွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရ၏။ ၎င်းအား လာရောက်တို့ထိနေသည့်အရာမှာ သူမ၏ ဝတ်စုံပင် ဖြစ်သည်။
မြွေပါငယ်သည် လန့်ဖျတ်သွားပြီး အလှပြင်သူမလေးအား မော့ကြည့်လိုက်သည်။
အလှပြင်သူမလေးသည် ခေါင်းကိုပြူ၍ ဘေးခန်းမှ အဖြစ်အပျက်ကို စိတ်ဝင်တစား ကြည့်ရှုနေခြင်း ဖြစ်၏။
အခန်းတွင်း၌ ချန်ကျိုးသည် ခဏမျှ ပုတ်ခတ်ပြီးနောက် စူးစမ်းလိုစိတ်ကို မအောင့်နိုင်တော့ဘဲ ခေါင်းတလားအဖုံးကို လှန်ဖွင့်လိုက်လေသည်။
မကောင်းသောအငွေ့အသက်များသည် ခေါင်းတလားအတွင်းမှ လိပ်တက်လာပြီး စက္ကန့်ပိုင်းအတွင်း အခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ခေါင်းတလားအထက်တွင် ဝတ်စုံနီဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး လွင့်မျောနေပြီး ၎င်း၏ ဝမ်းဗိုက်မှာ ခွဲစိတ်ခြင်းခံထားရကာ မျက်ဝန်းအစုံမှာ မင်အိုးကဲ့သို့ နက်မှောင်နေ၏။
[ သားအမိခေါင်းတလား - မိခင်ဖြစ်သူသည် အဆင့်သုံး အငြိုးကြီးတစ္ဆေ အဆင့်နှောင်းပိုင်း ဖြစ်သည်၊ မိခင်နှင့် သားသမီးခွဲခြားခြင်း ခံထားရသဖြင့် မိခင်ဝိညာဉ်သည် သောင်းကျန်းရူးသွပ်နေသော အခြေအနေသို့ ရောက်ရှိနေပြီး အသိစိတ်မဲ့စွာ တိုက်ခိုက်လိမ့်မည် ]
ချန်ကျိုးသည် ထိုမြင်ကွင်းကို မြင်သောအခါ နှုတ်ခမ်းကို အိုပုံစံ ဝိုင်းသွားအောင် လုပ်လိုက်သည်။
အလွန်အစွမ်းထက်ပုံရပေသည်။
မိခင်ဝိညာဉ်သည် ရန်ငြိုးအားလုံးကို ချန်ကျိုးထံသို့ ပုံအောလိုက်ပြီး မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ မိစ္ဆာအငွေ့အသက်များကို ထုတ်ဖော်ကာ ချန်ကျိုးထံသို့ ပြေးဝင်တိုက်ခိုက်လေတော့သည်။
ဤမျှ သန်မာထက်မြက်သော ပြိုင်ဘက်နှင့် ရင်ဆိုင်ရသော်လည်း ချန်ကျိုးသည် ခြေနှစ်ဖက်ကို ကားယားဖြဲကာ ရုပ်ရှင်ထဲမှ ယုံချွန်းသိုင်းကွက်အတိုင်း အလေးအနက်ထားသည့်ဟန်ကို ဖော်ဆောင်လိုက်သည်။ လက်တစ်ဖက်ကို နောက်သို့ပစ်၍ ကျန်လက်တစ်ဖက်ဖြင့် မိခင်ဝိညာဉ်၏ တိုက်ခိုက်မှုကို ဆီးကြိုလိုက်၏။
[ စနစ်က တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်သည် - ချုပ်နှောင်ခြင်း ]
ချန်ကျိုး၏ လက်ဖဝါး အလယ်မှ သေးငယ်သော အဖြူရောင်ချည်မျှင်များသည် ပိုးအိမ်ကဲ့သို့ ထွက်ပေါ်လာပြီး အမျိုးသမီးဝိညာဉ်ကို ရစ်ပတ်ချုပ်နှောင်လိုက်သည်။
"ပေါက်ကွဲစမ်း၊ ပီကာချူး"
ချန်ကျိုးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
[ စနစ် ... ]
အဖြူရောင်ချည်မျှင်များသည် ပိုမိုကျဉ်းမြောင်းလာပြီး မိခင်ဝိညာဉ်ကို အလုံးလိုက်ဖြစ်အောင် ဖိသိပ်ကာ နောက်ဆုံးတွင် ပေါက်ကွဲသွားတော့သည်။ မည်းနက်နီမြန်းသော အရည်များသည် အခန်းတစ်ခုလုံးသို့ ပျံနှံ့သွားခဲ့သည်။
ညှစ်ထုတ်ပေါက်ကွဲသွားသော အပိုင်းအစ မြောက်မြားစွာတို့သည် ခေါင်းတလားအထက်တွင် လျင်မြန်စွာ ပြန်လည်ပူးပေါင်းသွားပြီး ခေါင်းတလားဘေးသို့ ပြုတ်ကျသွားသည်။
"အား"
မိခင်ဝိညာဉ်သည် ရင်ကွဲမတတ် အော်ဟစ်ကာ ချန်ကျိုးထံသို့ ဆက်လက်တိုက်ခိုက်ရန် ပြေးဝင်ပြန်သည်။
ချန်ကျိုးသည် လက်နှစ်ဖက်ကို လေထဲတွင် ဖရိုဖရဲ ဝေ့ယမ်းလိုက်ပြီး ဘယ်လက်ဖြင့် ညာလက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ညာလက်ဖြင့် လက်ကွက်ဖော်၍ မိခင်ဝိညာဉ်၏ နဖူးအလယ်တည့်တည့်ကို ထောက်လိုက်၏။
"မာလေဟေး၊ မာလေဟေး၊ မာလေဟေးဟေး ပီကာချူး"
[ သန့်စင်ခြင်း ]
လှိုင်းလုံးအစုစုသည် ချန်ကျိုး၏ လက်ချောင်းထိပ်များမှ ထွက်ပေါ်လာပြီး မိခင်ဝိညာဉ်ကို ဝန်းရံသွားသည်။ မည်းနက်သော အငွေ့အသက်များသည် လှိုင်းလုံးများနှင့်အတူ လွင့်ပါးသွားကာ မိခင်ဝိညာဉ်၏ မျက်ဝန်းထဲမှ အမည်းရောင်အငွေ့အသက်များသည် တဖြည်းဖြည်း မှေးမှိန်သွားပြီး အသိစိတ်သည် တစ်စထက်တစ်စ ပြန်လည်နိုးထလာသည်။
ချန်ကျိုးက လက်ကို ရုတ်သိမ်းလိုက်သောအခါ မိခင်ဝိညာဉ်သည် အသိစိတ်ပြန်လည်ရရှိသွားပြီး ကြမ်းပြင်ပေါ်တွင် ပျော့ခွေစွာ ဝပ်စင်းကာ မျက်ဝန်းထဲ၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေတော့သည်။
"ကလေး၊ ကျွန်မရဲ့ကလေး၊ ရှင်တို့ ကျွန်မကို ဘာခိုင်းခိုင်း ကျွန်မ အကုန်လုပ်ပါ့မယ်၊ ကျွန်မရဲ့ကလေးကိုတော့ ထိခိုက်အောင်မလုပ်ပါနဲ့၊ ကျွန်မ ရှင်တို့ကို တောင်းပန်ပါတယ်၊ ကျွန်မကလေးကို တစ်ချက်လောက်၊ တစ်ချက်လောက်ပဲ ကြည့်ခွင့်ပေးပါ၊ ကျွန်မ တောင်းပန်ပါတယ်"
မိခင်ဝိညာဉ်သည် ကြမ်းပြင်ပေါ်တွင် တွားသွားကာ ချန်ကျိုး၏ ခြေရင်း၌ အသနားခံနေသည်။
ချန်ကျိုးသည် ခြေထောက်ကို ပြန်ရုတ်ပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်ကာ "ဘာကလေးလဲ၊ မင်းကလေး ဘယ်မှာရှိမှန်း ငါက ဘယ်လိုသိမှာလဲ" ဟု ဆိုသည်။
"ဟိုဟာ၊ ကျွန်မ ဘယ်မှာလဲဆိုတာ သိသလိုပဲ"
အပြင်ဘက်မှ အလှပြင်သူလေးက စကားဖြတ်ပြောလိုက်သည်။
လူနှင့် တစ္ဆေအားလုံး၏အကြည့်များသည် အလှပြင်သူလေးထံသို့ ရောက်ရှိသွားကြ၏။
ဤမျှများပြားသော အကြည့်များဖြင့် အကြည့်ခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် အလှပြင်သူလေးသည် အလွန်ရှက်ရွံ့သွားပြီး စကားများပင် ထစ်အငေါ့ ဖြစ်သွားရသည်။
"ဒီ၊ ဒီအတိုင်းပဲ၊ သူ့ရဲ့ဘေးခန်းထဲမှာ ပိတ်လှောင်ထားတာ"
မိခင်ဝိညာဉ်သည် ထိုစကားကို ကြားသောအခါ ရူးသွပ်သွားသကဲ့သို့ တွားသွားလျက် တံခါးအပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။
ဘေးခန်း၏တံခါးသည်လည်း အဆောင်လက်ဖွဲ့များဖြင့် ပိတ်ဆို့ထားသဖြင့် မိခင်ဝိညာဉ်သည် နံရံကို ဖြတ်သန်းသွားလာနိုင်ခြင်း မရှိပေ။ သူမသည် အားကိုးရာမဲ့စွာဖြင့် အဆောင်လက်ဖွဲ့များ ကပ်ထားသော တံခါးချပ်ကို ထပ်ခါတလဲလဲ ပုတ်ခတ်နေရုံသာ တတ်နိုင်ရှာသည်။ သူမ ဝိညာဉ်ခန္ဓာသည် တံခါးချပ်ကို တစ်ကြိမ်ပုတ်ခတ်တိုင်း လက်ဖဝါး၌ အဆောင်လက်ဖွဲ့၏လောင်မြိုက်မှုကို ခံရရှာသည်။
မျက်စိစောင်းသရဲမ အားယန်သည် သူရဲဘောကြောင်ပြီး စိတ်နှလုံးနုနယ်သူ ဖြစ်သဖြင့် သူတစ်ပါး သနားစရာဖြစ်နေသည်ကို မကြည့်ရက်ချေ။
"စီနီယာ၊ သူမကို ကူညီပေးပါဦး၊ သူမကလည်း သနားစရာကောင်းတဲ့ ဝိညာဉ်တစ်ကောင်ပါပဲ"
ဤစကားသည် အလှပြင်သူလေး၏ စိတ်ထဲသို့ တိုက်ရိုက်ထိမှန်သွားကာ ခုနတင် ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်ဘဲ နုနယ်ပျော့ပြောင်းနေသူသည် အခုတော့ သူတစ်ပါးကိစ္စကို ဝင်ရောက်စွက်ဖက်ချင်နေပြန်သည်။
"တကယ်ကို သနားစရာကောင်းလွန်းပါတယ်"
မြွေပါငယ်သည် ရွံရှာသော အကြည့်ကို မလွှဲမရှောင်သာ ပို့လွှတ်လိုက်မိသည်။ ဤသရဲမသည် မျက်နှာနှစ်ဖက် ရှိနေသည်တကား။
မိခင်ဝိညာဉ်သည် ခဏမျှ ပုတ်ခတ်ပြီးနောက် မိမိဘာသာ တံခါးဖွင့်၍ မရနိုင်မှန်း သိသွားသဖြင့် ချန်ကျိုးထံသို့ အကြည့်ကို ပို့လွှတ်လိုက်သည်။
မိခင်ဝိညာဉ်သည် ချန်ကျိုးထံသို့ လွင့်မျောလာပြီး ဘုန်းခနဲ ဒူးထောက်ကာ ချန်ကျိုးအား ပြင်းထန်စွာ ဦးချတော့သည်။
"ဆရာကြီးကို ရှိခိုးပါတယ်၊ ကျွန်မရဲ့ကလေးကို ကယ်တင်ပေးပါဦး၊ ဆရာကြီးကို တောင်းပန်ပါတယ်"
မူလကတည်းက မိမိကိုယ်ကိုယ် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ထားသော ချန်ကျိုးသည် သူတစ်ပါး၏ ဒူးထောက်ဦးချမှုကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။
“ဟူး၊ ကျွမ်းကျင်သူတွေဆိုတာ အမြဲတမ်း သူတစ်ပါးရဲ့ ရှိခိုးမှုကို ခံရစမြဲပါပဲ”
ချန်ကျိုးသည် ကျွမ်းကျင်သူတစ်ယောက်၏ ဖိအားကို ခံယူကာ ထိုတံခါးကို တွန်းဖွင့်ပေးလိုက် ရတော့သည်။
ဤအခန်းအတွင်း၌ မိခင်ဝိညာဉ်၏ သားဖြစ်သူကို ပိတ်လှောင်ထားသည်မှာ မှန်ကန်ပေသည်။ သို့သော် ထိုသားဖြစ်သူမှာ လက်ဝါးခန့်သာ ရှိပြီး ချက်ကြိုးပေါ်တွင် ခြောက်သွေ့နေသော ချက်ကြိုးတစ်ခု ဆက်သွယ်နေဆဲ ဖြစ်ကာ ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်ရှုံ့တွ၍ ရုပ်ဆိုးလှပေသည်။
သို့သော်ငြားလည်း မိခင်ဝိညာဉ်၏မျက်ဝန်းထဲတွင်မူ ကမ္ဘာပေါ်၌ အချစ်စဖွယ်အကောင်းဆုံး တည်ရှိမှုဖြစ်နေပြီး ရင်ခွင်ထဲ၌ ပွေ့ဖက်ကာ လက်လွှတ်ရန် နှမြောတွန့်တိုနေရှာသည်။
ဤမိခင်နှင့် သားမှာလည်း သနားစရာကောင်းလှပေသည်။ ဝမ်းဗိုက်အတွင်း၌ပင် သေဆုံးခဲ့ရသည်သာမက သေဆုံးပြီးနောက်တွင်လည်း အေးချမ်းစွာ မနေရဘဲ အလောင်းကို ခွဲစိတ်ခြင်းခံရကာ မိခင်နှင့် သား ခွဲခြားခြင်း ခံခဲ့ရသည်။ မိခင်ဝိညာဉ်၏ စကားများအရ လောင်အမည်ရှိသူသည် သားဖြစ်သူကို ဓားစာခံလုပ်၍ မိခင်ကို ခိုင်းစေလိုခြင်းဖြစ်ကြောင်း ခန့်မှန်းရန် မခက်ခဲပေ။
မိခင်ဝိညာဉ်၏ ရင်ကွဲမတတ်ဖြစ်နေသော ပုံစံကို ကြည့်ပြီး ချန်ကျိုးသည် မျက်နှာကို ဘေးသို့ လွှဲလိုက်ကာ မျက်ဝန်းအိမ်တွင် မျက်ရည်စများ ဝဲတက်လာသည်။
“မိုက်မဲတဲ့ တစ္ဆေတွေဟာ လူသားတွေလိုပဲ၊ အမြဲတမ်း သံယောဇဉ်တွေကြားမှာ နှောင်ဖွဲ့ရတာကို သဘောကျကြတယ်၊ မိုက်မဲလိုက်တာ၊ တကယ်ကို မိုက်မဲတာပဲ”
ချန်ကျိုးသည် ဤကဲ့သို့ မိုက်မဲသော အငွေ့အသက်များကြားတွင် မနေလိုသဖြင့် လှည့်ထွက်ကာ အခြားတံခါးများကို လိုက်လံရှာဖွေတော့သည်။
ချန်ကျိုး၏ မောက်မာလှသော အရှိန်အဝါအောက်တွင် သူရဲဘောကြောင်လှသော မြွေပါငယ်သည်လည်း အလွန်မောက်မာလာခဲ့သည်။
ချန်ကျိုး "ဒီအခန်းကို ငါလက်ချောင်း ဘယ်နှချောင်း သုံးရမလဲ"
မြွေပါငယ် "ငါးချောင်း၊ လက်ဝါးတစ်ချက်နဲ့ ရိုက်ချလိုက်"
ချန်ကျိုး "မှားတယ်၊ သုံးချောင်းပဲ လိုတယ်"
“ဝုန်း”
ချန်ကျိုး "နောက်ထပ် ခန့်မှန်းကြည့်စမ်း၊ ဘယ်နှချောင်းလဲ" ဟု မေးပြန်သည်။
မြွေပါငယ် "သုံးချောင်း"
ချန်ကျိုးက "ထပ်မှားပြန်ပြီ၊ လေးချောင်း လိုတယ်"
“ဝုန်း”
မြွေပါငယ် "လက်ချောင်း နှစ်ချောင်း လိုလိမ့်မယ်"
ချန်ကျိုး "အမြင်စူးရှသားပဲ၊ နှစ်ချောင်း"
“ဝုန်း”
...
တဝုန်းဝုန်း အသံများသည် ဆယ့်လေးလွှာတွင် ဆူညံစွာ ထွက်ပေါ်လာပြီး တစ္ဆေအပေါင်းတို့သည် စင်္ကြန်လမ်းမထက်တွင် လွင့်မျောနေကြသည်။
"ဒီလူက ဘယ်သူလဲ၊ ငါတို့ကို ဘာလို့ ကယ်တာလဲ"
"မသိဘူး၊ ငါတို့ကို ဖမ်းတဲ့လူတွေနဲ့ တစ်ဖွဲ့တည်းတော့ မဟုတ်လောက်ဘူး"
"အားလုံး အလောတကြီးမသွားကြနဲ့ဦး၊ အပြင်ဘက်မှာ ချုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားရင် ဒုက္ခ"
"မှန်တယ်၊ ခဏစောင့်ဦး၊ သူနဲ့အတူတူ သွားကြရအောင်"
နောက်ဆုံးအခန်း
ချန်ကျိုးသည် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ယားယံသည်ကို ကုတ်ပေးသကဲ့သို့ တံခါးပေါ်တွင် အသာအယာ ကုတ်ခြစ်လိုက်သည်။
[ စနစ်က ဖိအား အလွန်များနေကြောင်း ပြသနေသည်၊ ချန်ကျိုး၊ မင်း နည်းနည်းလောက် ဟန်ဆောင်ပေးပါဦး ]
“ဝုန်း”
အခန်းတွင်းရှိ ပြင်ဆင်မှုများသည် ရိုးရှင်းလှပြီး စားပွဲနှင့် ကုလားထိုင် တစ်စုံမှလွဲ၍ နဂိုက ကွမ်ကုန်းရုပ်တုကို ကိုးကွယ်ရမည့်နေရာတွင် နီမြန်းသော ကလေးငယ်ပုံသဏ္ဍာန် အရုပ်တစ်ခုကို ကိုးကွယ်ထားသည်။ ပူဇော်ထားသောအရာမှာ အသားစိမ်းတစ်တုံး ဖြစ်ပြီး ခွက်အောက်ခြေတွင် သွေးများကျန်ရှိနေဆဲ ဖြစ်၏။
[ မွေးမြူထားသော ဝိညာဉ်ငယ် - ရိုးရာအရ ဝိညာဉ်ငယ်မွေးမြူခြင်းဟု ခေါ်သည်၊ မွေးကင်းစကလေး အလောင်းဖြင့် ပြုလုပ်ထားပြီး မွေးမြူသူ၏သွေးဖြင့် တိုက်ကျွေးကာ ဝိညာဉ်ငယ်ကို မွေးမြူသူ၏အလိုရှိရာ ခိုင်းစေရန် အသုံးပြုသည်၊ တစ်ကြိမ် မွေးမြူပြီးပါက တစ်သက်လုံး စွန့်ပစ်၍မရနိုင်ဘဲ တန်ပြန်သက်ရောက်မှုနှုန်းအလွန်မြင့်မားကာ မွေးမြူသူသည် ကောင်းမွန်သော သေခြင်းတရားဖြင့် မသေဆုံးနိုင်ပေ ]
"ခစ်ခစ်ခစ်ခစ်"
ကလေးငယ်တစ်ဦး၏ရယ်မောသံသည် ပူဇော်ထားသော ရုပ်တုအတွင်းမှ ထွက်ပေါ်လာသည်။
မြွေပါငယ်သည် ချန်ကျိုး၏ပုခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
"ချန်ကျိုး၊ သူ့ကို မြန်မြန် အပြတ်ရှင်းလိုက်၊ သူက လောင်အမည်ရှိသူကို ကူညီပြီး ဒီအခန်းကို စောင့်ရှောက်ပေးနေတာ၊ လောင်အမည်ရှိသူအတွက် မကောင်းမှုတွေ အများကြီး လုပ်ပေးခဲ့တာလည်း သူပဲ"
ချန်ကျိုးသည် မွေးမြူထားသော ဝိညာဉ်ငယ်ကို နှာခေါင်းရှုံ့၍ ကြည့်လိုက်ပြီး တံခါးအပြင်ဘက်ရှိ တစ္ဆေများကိုလည်း တစ်ချက်လှမ်းကြည့်လိုက်သည်။
အိုမင်းသူ၊ မစွမ်းမသန်သူ၊ အမျိုးသမီးနှင့် ကလေးငယ်၊ စကားလုံးလေးလုံးစလုံး စုံလင်နေပေသည်။
ထိုလောင်အမည်ရှိသူ၏ အရည်အချင်းမှာ ဤမျှသာလော။