အခန်း ၆၂
Vol. 7 Ch. 62
Chapter 62
ချန်ကျိုးသည် အခန်းအတွင်း၌ ညစ်ပတ်ပေရေနေသော အဝတ်စုတ်တစ်ခုကို ကောက်ယူလိုက်ပြီး ဝိညာဉ်ရုပ်တုပေါ်သို့ အမှတ်မထင် အုပ်လိုက်လေသည်။
[ လက်နက်အာနိသင်တိုးမြှင့်ခြင်း - ခြောက်ခြားဖွယ်ရာ ပိုက်ကွန် ]
မွေးမြူထားသော ကလေးငယ်၏ရယ်မောသံမှာ ရုတ်ချည်း ရပ်တန့်သွားတော့သည်။
မှောင်မည်းနေသော အခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။
အခန်းတွင်းနှင့် အခန်းပြင်ရှိ မျက်လုံးအစုံပေါင်းများစွာတို့သည် ဝိညာဉ်ရုပ်တုပေါ်ရှိ အဝတ်စုတ်ကိုစိုက်ကြည့်နေကြသည်။
တစ္ဆေအားလုံးသည် ချန်ကျိုးနှင့် လောင်အမည်ရှိသူ မွေးမြူထားသော ကလေးငယ်တို့၏ စစ်မှန်သော ထိပ်တိုက်ရင်ဆိုင်ပွဲကို စောင့်ဆိုင်းနေကြပုံရသည်။
သို့သော်လည်း...
ယင်းမှာ အလွန်ပေါ့ပျက်ပျက်နိုင်လွန်းလှသည်။
စောင့်ဆိုင်းနေကြသည်...
ဘာတုံ့ပြန်မှုမျှ မရှိ...
စောင့်ဆိုင်းနေကြဆဲ...
အခန်းထဲတွင် ချန်ကျိုး၏ ဗရမ်းဗတာ လိုက်လံမွှေနှောက်ရှာဖွေနေသော အသံများသာ ထွက်ပေါ်နေသည်။
အကြီးစား Boss ဟု သတ်မှတ်ထားသောအရာသည် တိုက်ခိုက်ခွင့်ပင် မရလိုက်ပါလား။
အပြင်ဘက်တွင် တစ္ဆေများက စောင့်ဆိုင်းနေကြသော်လည်း အခန်းထဲတွင် လူကတော့ အလုပ်ရှုပ်နေသည်။
"အသံတိတ်တိတ်လုပ်ကြစမ်း၊ ငါတို့လာသွားမှန်း လောင်အမည်ရှိသူ သိသွားအောင် သဲလွန်စတွေ အများကြီး မထားခဲ့နဲ့"
ချန်ကျိုး သတိပေးလိုက်သည်။
မြွေပါငယ်၏ နှုတ်ခမ်းအစုံ တုန်ရီသွား၏၊ ချန်ကျိုးက ခါးကိုကိုင်းကာ ခြေဖျားထောက်လျက် သူခိုးရုပ်ပေါက်နေသည်ကို ၎င်း၏ မျက်လုံးငယ်များဖြင့် မြင်နေရသည်။
"အခုမှ ဒါကို ပြောနေတာ နည်းနည်း နောက်ကျသွားပြီလို့ မထင်ဘူးလား"
အတော်ကြာ မွှေနှောက်ရှာဖွေပြီးနောက် ဗီရိုကြားထဲမှ ကူပိုးကောင်ထည့်ထားသောလူများ၏ အချက်အလက် မှတ်တမ်းစာအုပ်ကို ရှာတွေ့သွားခဲ့သည်။ ၎င်းနှင့်အတူ လောင်အမည်ရှိသူနှင့် ကောင်းကင်မိစ္ဆာဂိုဏ်းတို့ ဆက်သွယ်ထားသော အထောက်အထားများလည်း ပါဝင်သည်။
ထွက်ခွာသွားချိန်တွင် မျက်လုံးပေါင်းများစွာက စောင့်ကြည့်နေကြသော်လည်း ချန်ကျိုး၏ထောက်လှမ်းရေးသမား လုပ်လိုသော စိတ်ဆန္ဒကို မတားဆီးနိုင်ခဲ့ပေ။
ထိုသို့ဖြင့် လူတစ်ယောက်က ရှေ့မှနေ၍ ပုန်းလျှိုးကွယ်လျှိုး သွားနေပြီး သူ၏ နောက်ကွယ်တွင်မူ တစ္ဆေအုပ်ကြီးက ခန့်ခန့်ထည်ထည် လိုက်ပါလျက် မင်ရှန့် သတ္တုတွင်း ကုမ္ပဏီလီမိတက်၏ တံခါးကြီးအပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။
တံခါးအပြင်ဘက် မှောင်မည်းသော ထောင့်တစ်နေရာတွင် အခြေအနေ မဟန်မှန်း သိသွားသော လောင်ဝမ်ရှားက ကားဖြင့် အပြေးအလွှား ရောက်ရှိလာခဲ့ရာ သူ ဝယ်ယူထားသောတစ္ဆေများက ချန်ကျိုးအား နှုတ်ဆက်နေကြသည့် မြင်ကွင်းနှင့် ကွက်တိ တိုးတော့သည်။
တွန့်ဆုတ်နေခြင်း အလျှင်းမရှိဘဲ ကားကို ချက်ချင်းလှည့်လိုက်ကာ လီဗာကို နင်း၍ မှောင်မည်းနေသော ညအမှောင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။
လောင်ဝမ်ရှားသည် အလွန်ဒေါသထွက်နေသော်လည်း သူ့ အစွမ်းဖြင့်ဆိုလျှင် ဤတစ္ဆေများ၏ ရန်ငြိုးကို ခံနိုင်ရည်မရှိမှန်း ကောင်းကောင်း သိထားသည်။
တံခါးဝတွင် ရပ်၍ ကယ်တင်ထားသော တစ္ဆေများကို နှုတ်ဆက်နေသည့် ချန်ကျိုးသည် လောင်ဝမ်ရှား၏ကားနောက်ပိုင်းကိုသာ လှမ်းမြင်လိုက်ရသဖြင့် စိတ်ထဲတွင် သံသယဖြစ်သွားသော်လည်း တစ္ဆေများ၏ မြှောက်ပင့်စကားများကြောင့် ချက်ချင်းပင် အာရုံပြောင်းသွားခဲ့သည်။
တစ္ဆေများ လူစုခွဲသွားပြီးနောက် ချန်ကျိုးသည် ကြောင်ကြီးကို စီး၍ ဝိညာဉ်ချုပ်ထိန်းရေးဌာန တံခါးရှေ့သို့ ရောက်လာခဲ့သည်။ ကင်းစောင့်ရဲဘော်သည် ချန်ကျိုး၏ မျက်နှာကို မြင်သည်နှင့် တံတွေးကို မြိုချကာ လက်နက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
ဤမျက်နှာမျိုးကို ဝိညာဉ်ချုပ်ထိန်းရေးဌာနတွင် မသိသူ မရှိသလောက်ပင်။
လေလွင့်ဝိညာဉ်ကလေးက တံခါးဝတွင် ကပ်ထားသော ကြေညာချက်ကို လက်ညှိုးထိုးကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"ချန်ကျိုး၊ ဟိုစာရွက်ပဲ"
ချန်ကျိုးသည် အပြေးအလွှား သွားကြည့်လိုက်ရာ ကြေညာချက်ပေါ်တွင် ကူပိုးကောင် ထည့်ထားသောလူ တစ်ဦးကို ဖော်ထုတ်တိုင် ကြားပါက ဆုကြေးငွေ ငါးထောင်ပေးမည်ဟု အတိအလင်း ရေးသားထားသည်။
ချန်ကျိုးနှင့် ဝိညာဉ်ကလေးတို့ အကြည့်ချင်းဆုံကာ ပြုံးလိုက်ကြပြီးနောက် ဆုကြေးငွေ ကြေညာချက်စာရွက်ကို ဆွဲခွာလိုက်တော့သည်။
"ချန်ကျိုး၊ ခင်ဗျား..."
ကင်းစောင့်ရဲက တစ်စုံတစ်ခု သတိပေးရန် ပြင်လိုက်သည်။
ချန်ကျိုးက ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ သူ့ အပြုံးများမှာ ချက်ချင်းပင် တည်တင်းသွားပြီး အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ကင်းစောင့်ရဲသည် ပြောမည့်စကားကို မျိုချလိုက်ကာ ဘာမှ ထပ်မပြောတော့ပေ။
သတင်းရရှိသွားသော ဌာနမှူး လော့ယွီမင်သည် အပြေးအလွှား ရောက်ရှိလာခဲ့သည်။
ကျိုးအိုက်ကော် မရှိသဖြင့် ချန်ကျိုးအား မြှောက်ပင့်ရန် အခွင့်အရေးကို သူ တစ်ယောက်တည်း ရရှိလိုက်ခြင်း ဖြစ်ရာ ချန်ကျိုးအား အလွန် ယဉ်ကျေးပျူငှာစွာဖြင့် အထဲသို့ ကြိုဆိုလိုက်သည်။
ဧည့်ခန်းဆောင်
လော့ယွီမင်က ကိုကာကိုလာ တစ်ပုလင်းကို ချန်ကျိုးရှေ့တွင် ချပေးလိုက်သည်။
"ဆရာကြီး ကြွလာမှန်း မသိလို့ ကြိုဆိုဖို့ ကြိုတင်ပြင်ဆင်မထားမိဘူး၊ ဆရာကြီးအနေနဲ့ ခွင့်လွှတ်ပေးပါဦး"
ချန်ကျိုး ကိုကာကိုလာကို လှမ်းယူလိုက်ပြီး မျက်နှာတွင် ပျော်ရွှင်မှုများ အထင်အသား ပေါ်လွင်နေသည်။
"နောက်ဆိုရင် ဆရာကြီးလို့ မခေါ်နဲ့တော့၊ ငါ့ရဲ့ ကျင့်ကြံမှုက တိုးတက်သွားပြီ၊ ဆရာကြီးဆိုတဲ့ အသုံးအနှုန်းက ငါနဲ့ မတန်တော့ဘူး၊ နောက်ဆိုရင် ငါ့ကို 'မောင်ကြီးကျိုး' လို့ပဲ ခေါ်တော့"
"ဗျာ... မောင်... မောင်ကြီးကျိုး"
မြွေပါငယ်က ချန်ကျိုး၏အင်္ကျီကို ဆွဲကာ ချောင်းတစ်ချက် ဟန့်လိုက်သည်။
"ချန်ကျိုး၊ အရေးကြီးတဲ့ ကိစ္စကို အရင်လုပ်"
မြွေပါငယ်၏သတိပေးမှုကြောင့် ချန်ကျိုးသည် ကိုကာကိုလာကို ချလိုက်ပြီး ဝိညာဉ်ချုပ်ထိန်းရေး ဌာန၏ဆုကြေးငွေ ကြေညာချက်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ ထို့နောက် မှတ်တမ်းစာအုပ်ကိုလည်း စားပွဲပေါ်သို့ တင်လိုက်၏။
လော့ယွီမင်က မှတ်တမ်းစာအုပ်ကို လှမ်းယူရန် ပြင်လိုက်သော်လည်း မြွေပါငယ်က လက်သွက်လှသည်။ စားပွဲပေါ်သို့ ခုန်တက်ကာ ခြေလေးဖက်ဖြင့် မှတ်တမ်းစာအုပ်ကို အုပ်ထားလိုက်သည်။
"ဒါက"
လော့ယွီမင် လက်ကို ပြန်ရုတ်လိုက်သည်။
ချန်ကျိုး ဆိုဖာပေါ်တွင် မှီထိုင်လျက် ခန့်ညားစွာ ပြောလိုက်သည်။
"ကူပိုးကောင်ထည့်ထားတဲ့လူတွေရဲ့ အမည်စာရင်း အချက်အလက်တွေပေါ့"
လော့ယွီမင်၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ဝိညာဉ်ချုပ်ထိန်းရေးဌာနသည် မကြာသေးမီက သရဲပွဲတော်အတွက် ပြင်ဆင်နေသည့် အပြင် ကူပိုးကောင်အမှုများကိုလည်း အဓိက ကိုင်တွယ်နေရခြင်း ဖြစ်သည်။ ကျင်းဟိုင်မြို့ တစ်မြို့လုံးတွင် လူဦးရေ သန်းချီ ရှိနေရာ ထိုအချက်အလက်များကို စိစစ်ဖော်ထုတ်ရန် မည်မျှ ခက်ခဲမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။
"ဆရာကြီး၊ မဟုတ်ဘူး၊ မောင်ကြီးကျိုး၊ ဒီထဲမှာ ကူပိုးကောင်ထည့်ထားတဲ့လူတွေရဲ့ အသေးစိတ် အချက်အလက်တွေ ပါတာလား"
ယခုအချိန်တွင် လော့ယွီမင်သည် အခေါ်အဝေါ်ကို ဂရုမစိုက်နိုင်တော့ပေ၊ အဖေဟု ခေါ်ခိုင်းလျှင်ပင် ခေါ်ရန် အသင့်ရှိနေသည်။
"ဒါပေါ့၊ ငါ ဒီည အန္တရာယ်တွေကြားကနေ သွားယူလာတာ၊ ဒီထဲမှာ စုစုပေါင်း... အင်း... စုစုပေါင်း..."
"နှစ်ထောင်သုံးရာခုနစ်ဆယ့်ခြောက်ယောက်"
မြွေပါငယ်က သတိပေးလိုက်သည်။
"ဟုတ်တယ်၊ နှစ်ထောင်သုံးရာခုနစ်ဆယ့်ခြောက်ယောက်၊ ကူပိုးကောင်ထည့်ထားတဲ့လူ တစ်ယောက်ကို ငါးထောင်ဆိုတော့... စုစုပေါင်း..."
ချန်ကျိုး မြွေပါငယ်ကို ပြန်ကြည့်လိုက်ပြန်သည်။
မြွေပါငယ်သည် ကြီးမားသော ဖိအားများကြားမှ ၎င်း၏ ဦးနှောက်ငယ်လေးဖြင့် လျင်မြန်စွာ တွက်ချက်လိုက်သည်။
" ၁၁.၈၈ သန်း"
လော့ယွီမင်သည် ဤမျှများပြားသော ငွေပမာဏကို ကြားလိုက်ရသောအခါ ပါးစပ်ဟသွားပြီး ဘာပြောရမှန်း မသိတော့ပေ။
အတော်ကြာ စဉ်းစားပြီးနောက် လော့ယွီမင်က အသာအယာ မေးလိုက်သည်။
"ဒါဆိုရင် အထဲက အချက်အလက်တွေကို အနည်းဆုံးတော့ ကျွန်တော် ကြည့်ရဦးမယ် မဟုတ်လား၊ အချက်အလက်တွေ မှန်ကန်ကြောင်း အတည်ပြုပြီးမှ ဝိညာဉ်ချုပ်ထိန်းရေးဌာနဘက်ကလည်း ရန်ပုံငွေ ချပေးဖို့ ညှိနှိုင်းလို့ ရမှာလေ"
ချန်ကျိုး မျက်စောင်းထိုးကြည့်လိုက်သည်။
"မင်းက အကုန်ကြည့်ပြီးမှ ငါ့ကို ပိုက်ဆံမပေးဘဲ နေရင် ဘယ်လိုလုပ်မလဲ"
"ဆရာကြီးချန်၊ မောင်ကြီးရယ်၊ ကျွန်တော်က နတ်ဘုရားမှမဟုတ်တာ၊ ဒီလောက် အချက်အလက်အများကြီးကို တစ်ခါတည်းနဲ့ ဘယ်လို မှတ်မိနိုင်မှာလဲ"
လော့ယွီမင်က ဆိုသည်။
မြွေပါငယ်သည် ထိုစကားကြားရသဖြင့် ဌာနမှူးအား မယုံကြည်ရကြောင်း သိသာနေသည်။
"ကျွန်တော့်မှာ နည်းလမ်းတစ်ခု ရှိတယ်၊ နည်းနည်းတော့ အလုပ်ရှုပ်မယ်၊ ခင်ဗျားက ငါးထောင်ပေးပြီး အချက်အလက် တစ်ခုကိုဝယ်ယူပါ၊ စားပွဲပေါ် ပိုက်ဆံတင်ထား၊ အချက်အလက် မှန်ကန်ရင် ငါးထောင်ကို ကျွန်တော်တို့ယူမယ်၊ တစ်ခုချင်းစီ သွားကြတာပေါ့၊ ဘယ်သူမှ မနစ်နာစေရဘူး၊ ဒီနည်းလမ်းကို ဌာနမှူး ဘယ်လိုသဘောရသလဲ"
လော့ယွီမင်၏ စိတ်ထဲတွင်
“ချန်ကျိုးက ဒီမြွေပါငယ်ကို ဘယ်ကနေ ရှာလာတာလဲ၊ မျောက်လိုပဲ အရမ်းပါးနပ်လှချည်လား”
"ဒီလောက် ကြီးမားတဲ့ ကိစ္စကို ဌာနထဲက လူတွေနဲ့ တိုင်ပင်ရဦးမယ်"
လော့ယွီမင်သည် ဧည့်ခန်းဆောင်မှ ထွက်ခွာသွားပြီး အရေးပေါ် အစည်းအဝေး သွားလုပ်တော့သည်။
မြွေပါငယ်သည် အခြေအနေကို ကြည့်ပြီး ချက်ချင်းအဖြေထွက်မည် မဟုတ်မှန်း သိသဖြင့် ချန်ကျိုးနှင့် တိုင်ပင်လိုက်သည်။
"ချန်ကျိုး၊ မိုးလင်းတာနဲ့ လေလွင့်ဝိညာဉ်ကလေးတို့ ပျောက်ကွယ်သွားလိမ့်မယ်၊ မင်း လူတွေ ခေါ်လိုက်ဦး"
"လူခေါ်ရမယ်၊ ငါက သူတို့ကို ကြောက်နေလို့လား"
"သူတို့ မင်းကို မယှဉ်နိုင်တာ သေချာပါတယ်၊ ဒါပေမဲ့ စကားနဲ့ တိုက်ခိုက်ရင်တော့ မပြောနိုင်ဘူး၊ မင်းမှာ ပါးစပ်တစ်ပေါက်ပဲ ရှိတယ်၊ ငါ့မှာလည်း တစ်ပေါက်ပဲ ရှိတယ်၊ သူတို့ ဝိညာဉ်ချုပ်ထိန်းရေးဌာနမှာ ပါးစပ်တွေ ရာနဲ့ချီပြီး ရှိနေတာ၊ ငါတို့ဘက်ကလည်း လူခေါ်ထားမှ ဖြစ်မယ်"
ချန်ကျိုး စဉ်းစားကြည့်ရာ ထိုစကားမှာလည်း ယုတ္တိရှိပေသည်။
သုန်းသုန်းချီကို ဖုန်းဆက်သည်...
ချင်ရှန်း ဆေးရုံအုပ်ကြီးကို ဖုန်းဆက်သည်...
ကျန်းယိုယိုကို ဖုန်းဆက်သည်...
ဝူပေါ်ထုံကို ဖုန်းဆက်သည်...
ဝူရွှမ်ချီကို ဖုန်းဆက်သည်...
ဖုန်းဆက်ပြီးနောက် ဓာတ်ပုံတစ်ပုံ ရိုက်ကာ WeChat တွင် တင်လိုက်သည်။
"ရဲရင့်တဲ့ စစ်သည်တော်တွေ အကူအညီလိုအပ်နေတယ်၊ နေရာက ဝိညာဉ်ချုပ်ထိန်းရေးဌာန"
ထို့နောက် အိမ်သာသွားမည်ဟု အကြောင်းပြကာ အိမ်သာထဲတွင် လူမရှိမှန်း အသေအချာ စစ်ဆေးပြီးနောက် အင်္ကျီပေါ်က ကြယ်သီးကို ဆွဲလိုက်သည်။
"သုန်းသုန်းယောင် ဌာနချုပ်ကိုခေါ်ဆိုနေပါတယ်၊ ဌာနချုပ် ကြားရလျှင် ပြန်ဖြေပါ၊ သုန်းသုန်းယောင်ဟာ မိုက်မဲတဲ့ လူသားကမ္ဘာမှာ ပိုမို အသားကျစေရန်အတွက် ရန်ပုံငွေ အမြောက်အမြား လိုအပ်နေပါတယ်၊ ရန်ပုံငွေ ရရှိမယ့် လမ်းကြောင်းကို သုန်းသုန်းယောင် ဖြေရှင်းပြီးပါပြီ၊ သုန်းသုန်းယောင်ကို ဌာနချုပ်မှ ဝန်းရံကူညီပေးရန် တောင်းဆိုပါတယ်၊ အို အို"
ဝဲယာသို့ ကြည့်လိုက်သည်။
"သုန်းသုန်းယောင် ဌာနချုပ်ကို ခေါ်ဆိုနေပါတယ်၊ ဌာနချုပ် ကြားရလျှင် ပြန်ဖြေပါ၊ သုန်းသုန်းယောင်ဟာ မိုက်မဲတဲ့ လူသားကမ္ဘာမှာ ပိုမို အသားကျစေရန်အတွက် ရန်ပုံငွေ အမြောက်အမြား လိုအပ်နေပါတယ်၊ ရန်ပုံငွေရရှိမယ့် လမ်းကြောင်းကို သုန်းသုန်းယောင် ဖြေရှင်းပြီးပါပြီ၊ သုန်းသုန်းယောင်ကို ဌာနချုပ်မှ ဝန်းရံကူညီပေးရန် တောင်းဆိုပါတယ်၊ ဌာနချုပ်မှ ကြားရလျှင်ပြန်ဖြေပါ၊ အို အို"