အခန်း ၆၆
Vol. 7 Ch. 66
Chapter 66
ကားထဲရှိ အခြားလူများနှင့် သရဲများသည် အဓိပ္ပာယ်မရှိသကဲ့သို့ ချန်ကျိုးကို ကြည့်နေကြသည်။
ဘာကို ရယ်နေတာလဲ။
ဘာများ ရယ်စရာရှိလို့လဲ။
သန်းခေါင်ယံအချိန်ကြီးတွင် ဤမျှ ညစ်ကျယ်ကျယ် ရယ်မောနေသည်မှာ အနည်းငယ် ကြောက်စရာကောင်းလှသည်။
ချန်ကျိုးသည် မိမိကိုယ်ကိုယ် အရူးတစ်ယောက်လို ရယ်မောနေမိမှန်း သတိပြုမိသွားသဖြင့် ဆတ်ခနဲ ပုံစံပြန်သွင်းလိုက်သည်။
"ဟမ်း ဟမ်း၊ ဆရာက ပျော်စရာကောင်းတဲ့ ကိစ္စအချို့ကို သတိရသွားလို့ပါ"
စကားအနည်းငယ် ပြောဆိုနေသည့် အချိန်အတွင်းမှာပင် ချန်ကျိုး၏ ကားလေးသည် ကျန်းပေ့ကျေးရွာ ထိပ်သို့ ရောက်ရှိလာခဲ့သည်။
ကျန်းပေ့ကျေးရွာ၏ ဝန်ထမ်းများသည် တံခါးဝတွင် စောစောစီးစီးကတည်းက စောင့်ဆိုင်းနေကြပြီး ယနေ့ညတွင် ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ လူများလာရောက်၍ ၎င်းတို့ လူနေရပ်ကွက်၏ တစ်ဆယ့်လေးလွှာ အမှုတွဲကို ဖြေရှင်းပေးမည်ဟု အထက်လူကြီးထံမှ ယာယီသတင်း ရရှိထားကြသည်။
ကြယ်ကို မျှော်၊ လကို မျှော်ရင်းနှင့် မျှော်လင့်နေခဲ့ကြရာ နောက်ဆုံးတွင် ကားလေးတစ်စီးသာ ရောက်ရှိလာချေသည်။
ဝိညာဉ်ချုပ်ထိန်းရေးဌာနသည် ဘယ်အချိန်ကစလို့ ခရီးစရိတ်များကို ဤမျှ ချွေတာသွားရသနည်း။ ကားလေးတစ်စီးသာ လွှတ်လိုက်ရုံနှင့် ပြီးရောလား။
ချန်ကျိုးသည် ဘေးထိုင်ခုံ ပြတင်းပေါက်မှနေ၍ ကတုံးပြောင်ပြောင် ခေါင်းကြီးကို ပြူးထွက်လိုက်ပြီး ဖုန်းကို ဝန်ထမ်းတစ်ဦး၏ နှာခေါင်းထိပ်နားသို့ ကပ်ကာ ပြသလိုက်သည်။
"ကျင့်ကြံသူစခန်းက ဆရာကြီးချန်လက်ခံထားတဲ့ အော်ဒါပဲ"
ဖုန်းမျက်နှာပြင် လင်းမနေသည်ကို သတိပြုမိသွားသောအခါ လက်ကစားပြီး ဖုန်းကို နှိပ်၍ လင်းစေလိုက်သည်။
စာလုံးတစ်လုံးတည်း ပြောရလျှင် ကန်းနေတာပဲ။
အိမ်ခြံမြေ ဝန်ထမ်းတစ်ဦးသည် ချန်ကျိုး၏ မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိသွားပုံရသော်လည်း အင်တာနက်ပေါ်တွင် ဟိုးလေးတကျော် အောင်မြင်နေသော ချန်ကျိုးတွင် ဆံပင်ရှိပြီး ယခုမျက်စိရှေ့ရှိ လူမှာမူ ကတုံး ဖြစ်နေသည်။
"ဆရာကြီးချန်၊ ရှင်က ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံက ဆရာကြီးချန် မဟုတ်လား" ဟု အမာခံပရိသတ်မလေး ဖြစ်သွားသော အိမ်ခြံမြေ ဝန်ထမ်းမလေးက မေးမြန်းလိုက်သည်။
ချန်ကျိုးသည် တစ်ချက်မှင်တက်သွားပြီး မိမိ၏နာမည်ကျော်ကြားမှုက ဤမျှအထိ ကြီးမားသွားပြီလားဟု တွေးတောမိသည်။
"မှန်တယ်"
"ဆရာကြီးချန်၊ ကျွန်မ ရှင့်ကို အရမ်းသဘောကျတာပဲ၊ ကျွန်မ ရှင့်နဲ့ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်လို့ ရမလား"
ပရိသတ်မလေးသည် ချန်ကျိုး၏ကားပြတင်းပေါက်နားသို့ ပြေးလာပြီး ဖုန်းကို ကိုင်ကာ ကလစ်ခနဲ ကလစ်ခနဲဖြင့် ဓာတ်ပုံငါးပုံ ဆက်တိုက် ရိုက်ကူးလိုက်သည်။
ချန်ကျိုးသည်လည်း ဓာတ်ပုံတစ်ပုံ ရိုက်ကူးလိုက်ပြီး စာသားအချို့နှင့်အတူ တင်လိုက်သည်။
[ပရိသတ်နှင့် မတော်တဆ ဆုံတွေ့ခဲ့သည်၊ တကယ်ကို ဧည့်ဝတ်ကျေပွန်ပြီး ဖော်ရွေလှပါသည်]
ပရိသတ်မလေး၏လမ်းပြမှုကြောင့် ချန်ကျိုးနှင့် အပေါင်းအပါများသည် အခင်းဖြစ်ပွားရာ အဆောက်အအုံ၏ ဓာတ်လှေကားထဲသို့ ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။
အိမ်ခြံမြေ ဝန်ထမ်းများသည် လိုက်ပါလာခြင်း မရှိကြချေ။ သရဲသစ္ဆေများ၏ ရှေ့မှောက်တွင် ၎င်းတို့သည် မည်သို့ပင်ဆိုစေ ကြက်သူငယ်ကဲ့သို့ အားနည်းသော သာမန်လူများသာ ဖြစ်ကြသည်။
အခြားသော အိမ်ခြံမြေ ဝန်ထမ်းများသည် ချန်ကျိုးတို့ အပေါ်ထပ်သို့ တက်သွားသည်ကို မြင်သောအခါ ပရိသတ်မလေး၏ ဘေးသို့ စုရုံးလာပြီး စုံစမ်းမေးမြန်းကြသည်။
"နင် ပြောတဲ့ ဆရာကြီးချန်ဆိုတဲ့လူက ဝိညာဉ်ချုပ်ထိန်းရေးဌာနက လူတွေထက်တောင် သန်မာတာလား"
ပရိသတ်မလေး "ဝိညာဉ်ချုပ်ထိန်းရေးဌာန ဟုတ်လား၊ ဟဲဟဲ၊ ဝိညာဉ်ချုပ်ထိန်းရေးဌာနက လူတွေ အားလုံးပေါင်းရင်တောင် ဆရာကြီးချန် တစ်ယောက်တည်းကို မမီဘူး၊ နင်တို့ အင်တာနက်မှာ ဆရာကြီးချန်အကြောင်း စိတ်ကြိုက် ရှာကြည့်လိုက်၊ အမှုတွဲတိုင်း ကိစ္စတိုင်းက ဝိညာဉ်ချုပ်ထိန်းရေးဌာနနဲ့ နှိုင်းယှဉ်လို့ရတာ တစ်ခုမှ မရှိဘူး"
ပြောရင်းနှင့် ဖုန်းထဲရှိ ဓာတ်ပုံများကို ကြည့်ကာ မိန်းမောနေမိသည်။
"ဆရာကြီးချန်က တကယ်ကို ချောတာပဲ၊ ကတုံးတုံးလိုက်တော့ ပိုပြီးတော့တောင် ချစ်စရာကောင်းသွားသေးတယ်၊ အရမ်း သဘောကျတာပဲ"
ဓာတ်လှေကားသည် တစ်ဆယ့်ငါးလွှာသို့ တိုက်ရိုက် ရောက်ရှိသွားပြီး မည်သည့် ပုံမှန်မဟုတ်သော အခြေအနေမျိုးမျှ မရှိချေ။
"ဆရာ၊ တစ်ဆယ့်လေးလွှာ မရှိတော့ ဘယ်လိုလုပ်မလဲ" ဟု ကျန်းယိုယိုက မေးမြန်းလိုက်သည်။
ချန်ကျိုးသည် ညာဘက်လက်ကို မေးစေ့နားတွင် တင်ကာ မျက်လုံးများကို မှိတ်၍ စဉ်းစားတွေးခေါ်လိုက်သည်။
"အဲဒါဆိုရင် သေချာပေါက် သရဲကောင်က ငါလိုအဆင့်မြင့် ပညာရှင်ရဲ့ အငွေ့အသက်ကို သတိပြုမိသွားလို့ မျက်နှာမပြရဲတာပဲ ဖြစ်ရမယ်၊ ဆရာ့မှာ ကိုယ်ပိုင်နည်းလမ်း ရှိပါတယ်"
ချန်ကျိုး၏ နည်းလမ်းဆိုသည်မှာ တစ်ဆယ့်ငါးလွှာမှ တစ်ဆယ့်သုံးလွှာသို့ စီးလိုက်၊ တစ်ဆယ့်သုံးလွှာမှ တစ်ဆယ့်ငါးလွှာသို့ ပြန်စီးလိုက်ဖြင့် အပြန်အလှန် သံသရာလည်နေခြင်း ဖြစ်သည်။
နောက်ဆုံးတွင် စနစ်ကပင် ဆက်၍ ကြည့်မနေနိုင်တော့ချေ။
[စနစ်စွမ်းအားဖြင့် ဝိညာဉ်နယ်ပယ်ကို အတင်းအကျပ် ဖွင့်လှစ်သည်]
ဓာတ်လှေကားသည် တစ်ဆယ့်လေးလွှာသို့ ရောက်ရှိသွားသည်။
ချန်ကျိုးသည် တစ်ဆယ့်လေးလွှာသို့ ရောက်ရှိသွားသည်ကို သတိမပြုမိဘဲ အပေါ်တက်အောက်ဆင်း ခလုတ်များကို ရူးသွပ်စွာ ဆက်လက် နှိပ်နေဆဲ ဖြစ်သည်။
"ဆရာ... ဆရာ၊ တစ်ဆယ့်လေးလွှာကို ရောက်ပြီ" ဟု ကျန်းယိုယိုက ချန်ကျိုး၏ လှုပ်ရှားမှုကို ဖြတ်ပြောလိုက်သည်။
ချန်ကျိုး၏ လက်သည် မြန်လွန်းသဖြင့် ဓာတ်လှေကား တံခါးမှာ နောက်တစ်ကြိမ် ပြန်ပိတ်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဓာတ်လှေကား တံခါး နောက်တစ်ကြိမ် ပြန်ပွင့်လာသောအခါ တည်ရှိမနေသော တစ်ဆယ့်လေးလွှာသို့ ရောက်ရှိနေဆဲ ဖြစ်သည်။
ဓာတ်လှေကားထဲမှ ထွက်လိုက်သောအခါ အရာအားလုံးသည် ရိုးရှင်းပြီး သာမန်အတိုင်းပင် ဖြစ်ကာ အခြားသော အထပ်များရှိ လူသွားလမ်းများနှင့် ဘာမျှ ကွာခြားခြင်း မရှိချေ။
[ဝိညာဉ်နယ်ပယ် - အရပ်သုံးစကားဖြင့် သရဲတံတိုင်းခတ်ခြင်းဟု ခေါ်သည်၊ သရဲသစ္ဆေများ ဖန်တီးထားသော နယ်မြေ ဖြစ်ပြီး၊ စနစ်၏ စစ်ဆေးချက်အရ ဤဝိညာဉ်နယ်ပယ်သည် အခြေခံအဆင့် ဝိညာဉ်နယ်ပယ် ဖြစ်ကာ၊ လူ၏ အသက်ဓာတ်ကို စုပ်ယူနိုင်သော်လည်း အသက်အန္တရာယ် မရှိစေနိုင်ချေ]
"ဟွန်း ဟွန်း၊ မီးသီးက ဘာလို့ နောက်တစ်ခါ ပျက်ပြန်ရတာလဲ"
မည်သည့်အခန်းမှန်းမသိသော အခန်းတစ်ခန်းထဲမှ အဘွားအိုတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
"အင်း၊ အသက်ကြီးလာပြီဆိုတော့ မနက်ဖြန်မှပဲ လဲတော့မယ်"
မီတာဆယ်ဂဏန်းခန့် ဝေးကွာသော အခန်းတစ်ခန်းထဲမှ တုန်တုန်ချည့်ချည့်ဖြင့် အဘွားအိုတစ်ဦး ထွက်လာပြီး လက်ထဲတွင် အမှိုက်များကို ကိုင်ဆောင်ကာ ခါးကို ကိုင်း၍ အမှိုက်များကို တံခါးဝတွင် ချထားလိုက်သည်။
ပြန်အဝင်တွင် ချန်ကျိုး ရှိနေသော လမ်းကြောင်းသို့ တမင်တကာ လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင်လည်း ကျေနပ်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
[အဘွားအိုသရဲ - ဒုတိယအဆင့် အငြိုးကြီးတစ္ဆေ ဖြစ်သည်၊ သေဆုံးခင်က ကိစ္စများပြားပြီး သားသမီးများနှင့် အဆင်မပြေချေ၊ စိတ်ဆိုးဒေါသထွက်ကာ တစ်ဦးတည်း နေထိုင်ရင်း သေဆုံးခဲ့ရပြီး၊ သေဆုံးပြီး တစ်လကြာမှသာ ရှာဖွေတွေ့ရှိခြင်း ခံခဲ့ရသည်၊ သေဆုံးပြီးနောက် လေလွင့်ဝိညာဉ်အဖြစ် ပြောင်းလဲသွားကာ၊ လူစိမ်းများ၏ အသက်ဓာတ်ကို စုပ်ယူခြင်းဖြင့် သရဲစွမ်းအားကို မြှင့်တင်သည်]
[စတင်ချိန်တွင် အတိုင်းအဆကို မထိန်းချုပ်နိုင်သဖြင့် လူစိမ်းတစ်ဦး၏ အသက်ဓာတ်ကို မှားယွင်းစွာ ကုန်စင်အောင် စုပ်ယူမိကာ လူကို သေဆုံးစေခဲ့သည်၊ လူစိမ်း သေဆုံးပြီးနောက် ကလဲ့စားချေမည်ကို ကြောက်ရွံ့သဖြင့် ဝိညာဉ်ကို ချုပ်နှောင်ထားခဲ့သည်၊ ထိုအချိန်မှစ၍ အဘွားအိုသရဲသည် သတိကြီးစွာ ထားကာ လူစိမ်းများ၏ တစ်ရက်စာ အသက်ဓာတ်ကိုသာ စုပ်ယူပြီး၊ တဖြည်းဖြည်း တိုးချဲ့ကာ တစ်ပတ်စာအထိ စုပ်ယူလာခဲ့သည်]
အတိတ်က အတွေ့အကြုံများအရ အဘွားအိုသည် အခန်းထဲသို့ ဝင်ကာ ပန်းကန်ခွက်ယောက်များကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခွဲလိုက်ရုံသာ ဖြစ်ပြီး လူစိမ်းသည် သူမ လဲကျသွားသော အခြေအနေကို သဘာဝအတိုင်း လာရောက်ကြည့်ရှုပေလိမ့်မည်။ သူမက လူကို ဆွဲထားပြီး သရဲစကားအချို့ ပြောဆိုလိုက်လျှင် မသိမသာဖြင့် တစ်ပတ်အချိန်သည် ကုန်ဆုံးသွားပေလိမ့်မည်။
ချန်ကျိုးသည် အဘွားအို၏ ဇာတ်ညွှန်းအတိုင်း သွားမည် မဟုတ်ချေ။ သူသည် စောစောစီးစီး ကတည်းက အဘွားအို၏ တံခါးဝသို့ လျှောက်လှမ်းသွားကာ အဘွားအို၏ လှုပ်ရှားမှုတိုင်းကို စူးစမ်းကြည့်ရှုနေသည်။
အဘွားအိုသည် အခန်းထဲသို့ ဝင်ကာ ပန်းကန်နှင့် တူကို မြှောက်၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခွဲလိုက်သည်။
ထို့နောက် ဗီရိုကို ကိုင်ကာ အောက်သို့ ထိုင်ချရန် ပြင်ဆင်လိုက်ပြီး လဲကျသွားသည့် ပုံစံအတုကို ဖန်တီးလိုက်သည်။
လှုပ်ရှားမှုကို တစ်ဝက်ခန့် ပြုလုပ်ရသေးမီ အခန်းအပြင်ဘက်မှ ချန်ကျိုး၏ အသံ ထွက်ပေါ်လာသည်။
"အဘွားကြီး၊ နင်က နင့်ပန်းကန်ကို နင် ဘာလို့ ရိုက်ခွဲနေတာလဲ"
အဘွားအိုသရဲသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တံခါးဝသို့ လှမ်းကြည့်လိုက်သည်။
ကတုံးပြောင်ပြောင် ခေါင်းကြီးနှင့်အတူ ပြုံးစိစိ မျက်နှာကြီး ရှိနေပြီး ပွဲကြည့်လိုသော အမူအရာမျိုး ဖြစ်နေသည်။
ဒီလူငယ်က ဘာဖြစ်လို့ အရင်က လူစိမ်းတွေနဲ့ မတူရတာလဲ။
အဘွားအိုသရဲသည် များများစားစား မတွေးတောဘဲ သနားကရုဏာရှိသော မျက်နှာထားဖြင့် ရှင်းလင်းချက် ပေးလိုက်သည်။
"အသက်ကြီးလာပြီဆိုတော့ လက်ခြေတွေက အမိန့်မနာခံတော့ဘူးကွယ်၊ ပန်းကန်တစ်လုံး ကိုင်တာတောင် မြဲအောင် မကိုင်နိုင်တော့ဘူး"
ချန်ကျိုးသည် မျက်မှောင်ကြုတ်လိုက်သည်။
"နင်က အဘွားအိုသာ ဆိုတယ်၊ ကြည့်ရတာတော့ တော်တော်လေး ရိုးသားပုံရပေမဲ့ လိမ်ညာဖို့ကျတော့ တော်တော်လေး တတ်နိုင်တာပဲ၊ ငါ သေသေချာချာ မြင်လိုက်တာက နင်က ပန်းကန်ကို ကိုင်ပြီး အပေါ်ကို မြှောက်ပြီးမှ ရိုက်ခွဲလိုက်တာ"
အဘွားအိုသရဲမှာမူ ဆွံ့အသွားရသည်။
ကျန်းယိုယို၏ စိတ်ထဲတွင်မူ ” ဆရာ၊ ဆရာက သရဲကို ဘာကိစ္စ သွားပြီး ကျိုးကြောင်းပြနေတာလဲ” ဟု တွေးနေမိသည်။
မြွေပါငယ်၏ စိတ်ထဲတွင်မူ “ကျင့်သားရနေပြီ၊ ကျင့်သားရနေပြီ” ဟု တွေးနေမိသည်။
"နင်က သေချာပေါက် ငါ့ကို လှည့်စားပြီး မီးသီးလာပြင်ခိုင်းချင်တာ ဟုတ်တယ်မလား" ဟု ချန်ကျိုးက အခိုင်အမာ ပြောဆိုလိုက်သည်။
အဘွားအိုသရဲသည် “စကားလုံးတွေ အားလုံးကို သူကပဲ ပြောသွားတော့ ငါက ဘာဆက်ပြောရဦးမှာလဲ” ဟု တွေးနေမိသည်။
ကျန်းယိုယိုသည် သိမ်မွေ့သော လှုပ်ရှားမှုဖြင့် ချန်ကျိုး၏ အင်္ကျီစကို လှမ်းဆွဲလိုက်သည်။
"ဆရာ၊ ကျွန်မတို့က ကျင့်ကြံသူ တာဝန်ကို ပြီးမြောက်အောင် လုပ်ဖို့ လာတာပါ"
ကျင့်ကြံသူ ဆိုသည့် စာလုံးနှစ်လုံးကို အဘွားအိုသရဲက ကြားသွားခဲ့သည်။ သရဲအငွေ့အသက်များ ပြန်လည်နိုးထလာကတည်းက ကျင့်ကြံသူများနှင့် သရဲသစ္ဆေများသည် ထာဝရရန်သူများ ဖြစ်ကြသည်။
အခန်းထဲရှိ အဘွားအိုသရဲသည် ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး ခေါင်းပေါ်ရှိ မီးလင်းဖိုသည် တဖျတ်ဖျတ် လင်းလိုက်မှိတ်လိုက် ဖြစ်နေကာ မျက်နှာတစ်ခုလုံးသည် ရှုပ်ပွနေသော ဆံပင်များ၏ မှောင်ရိပ်ထဲတွင် နစ်မြုပ်သွားခဲ့သည်။
"နင်တို့က ငါ အဘွားကြီးကို လာဖမ်းတာလား၊ ဒါဆိုရင်လည်း အားလုံး ဒီမှာပဲ နေပြီး ငါ အဘွားကြီးနဲ့ အဖော်လုပ်ပေးကြရမှာပေါ့"
အဘွားအိုသရဲသည် ခေါင်းကို ရုတ်တရက် မြှောက်လိုက်ရာ အလင်းနှင့် အမှောင် ဖြတ်သန်းသွားသည့် ကြားတွင် သနားစရာကောင်းသော အဘွားအိုသည် ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော သရဲမျက်နှာအိုကြီးအဖြစ် ပြောင်းလဲသွားပြီး ပါးပြင်များ ချိုင့်ဝင်ကာ သွေးကြောများ ရုန်းကြွလာခဲ့သည်။
အဘွားအိုသရဲ၏ အသံသည် အခန်းထဲတွင် အဆုံးမရှိ ပဲ့တင်ထပ်နေပြီး အခန်းထဲရှိ ပစ္စည်းများသည်လည်း တဖြောက်ဖြောက် ကျိုးပဲ့ကုန်ကြသည်။
ချန်ကျိုးသည် တစ်ချက် တွန့်သွားခဲ့သည်။
"တကယ်ကို ရုပ်ဆိုးတာပဲ"
ကျန်းယိုယိုသည် ဤမြင်ကွင်းကို မြင်သောအခါ အလွန်တရာ စိတ်လှုပ်ရှားသွားပြီး ဝိညာဉ်တစ်ရာ ခေါင်းလောင်းကို ထုတ်ယူလိုက်သည်။
"ဆရာ၊ ကျွန်မ အလှည့် ရောက်ပြီမလား"
ချန်ကျိုးသည် လက်ကို ဝှေ့ယမ်းလိုက်သည်။
"နင့်အလှည့်ပဲ"
ကျန်းယိုယိုသည် အခန်းထဲသို့ ခြေလှမ်းကျယ်ကျယ်ဖြင့် ဝင်ရောက်သွားပြီး ဝိညာဉ်တစ်ရာ ခေါင်းလောင်းကို မြှောက်လိုက်သည်။
အဘွားအိုသရဲသည် လက်သည်းများကို ဖြန့်ကားကာ ကျန်းယိုယိုထံသို့ ပြေးဝင်လာပြီး ခြောက်သွေ့ပိန်လှီနေသော လက်အစုံသည် သစ်ကိုင်းများကဲ့သို့ ဖြစ်နေကာ အမည်းနှင့် အဖြူ ရောနှောနေသော ဆံပင်များသည်လည်း လေထဲတွင် လွင့်ပျံနေသည်။
“ကလောင်၊ကလောင်၊ကလောင်”
ခေါင်းလောင်းသံသည် ကြည်လင်ပြတ်သားလှသည်။
အသံတစ်ချက် စည်းချက်ကျတိုင်း မျက်စိဖြင့် မြင်တွေ့နိုင်သော အလင်းလှိုင်းတစ်ခုသည် အပြင်ဘက်သို့ လွင့်ပျယ်သွားသည်။
ပထမဆုံး အသံ၏ အလင်းလှိုင်းသည် အဘွားအိုသရဲကို နောက်သို့ ဆုတ်သွားစေခဲ့သည်။
ဒုတိယမြောက် အသံ၏ အလင်းလှိုင်းတွင်မူ အဘွားအိုသရဲ၏ ဝိညာဉ်သည် ခံနိုင်ရည်မရှိတော့ဘဲ ဝိညာဉ်ပြိုကွဲ ပျက်စီးတော့မည့် အရိပ်အယောင်မျိုး ရှိနေသည်။
တတိယမြောက် အသံ၏ အလင်းလှိုင်းတွင်မူ တိုက်ရိုက်ပင် လွင့်စင်သွားတော့သည်။
အဘွားအိုသရဲကို မောင်းထုတ်ပြီးနောက် ကျန်းယိုယိုသည် ဝိညာဉ်တစ်ရာ ခေါင်းလောင်းကို ရတနာတစ်ခုကဲ့သို့ ဆုပ်ကိုင်ထားလိုက်သည်။
"ဆရာ၊ ဝိညာဉ်တစ်ရာ ခေါင်းလောင်းက တကယ်ကို စွမ်းတာပဲ"