← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

Chapter 68

မွန်းတည့် ၁၁ နာရီခွဲအချိန်တွင်

စိတ်ဝေဒနာရှင် အချို့သည် စတီးလ်ထမင်းစားပန်းကန်များကို တဖျတ်ဖျတ် ရိုက်ခတ်ရင်း အခန်းလေး၏ ဘေးမှ ဖြတ်သန်းသွားကြရာ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ချန်ကျိုးကို နှိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။

ချန်ကျိုးသည် ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး မျက်လုံးနှစ်ဖက်ကို မှေးစိလျက် အခန်းလေးအတွင်းသို့ ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။

မြွေပါငယ်သည် ချန်ကျိုးကို ကျောပေးကာ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ခန္ဓာကိုယ်လေးမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ အဖြူရောင် အားသွင်းကြိုးတစ်ချောင်းမှာ ၎င်း၏ ခန္ဓာကိုယ်မှတစ်ဆင့် ပလပ်ပေါက်သို့ ဆက်သွယ်ထားသည်။

"မြွေပါလေး၊ မင်း ဘာလုပ်နေတာလဲ" ဟု ချန်ကျိုးက မေးလိုက်သည်။

မြွေပါငယ်ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။

"မြွေပါနတ်ဆိုးကြီး" ဟု ချန်ကျိုးက ခေါင်းပြူးပြီး အသံကျယ်ကျယ်ဖြင့် လှမ်းအော်လိုက်သည်။

မြွေပါငယ်သည် နောက်ခြေသည်းတစ်ဖက်ကို မြှောက်ကာ ဂျိုင်းပွတ်လိုက်ပြီး မိမိ၏ ကမ္ဘာငယ်လေးထဲတွင်သာ ဆက်လက်နစ်မြောနေပြီး ရုန်းမထွက်နိုင် ဖြစ်နေသည်။

ချန်ကျိုးသည် ခေါင်းအုံးကို ကောက်ကိုင်လိုက်သည်။

“အင်း...နည်းနည်း ကြီးနေမလား၊ မတော်တဆ ရိုက်မိလို့ သေသွားရင် မကောင်းဘူး”

ခေါင်းအုံးကို ပြန်ချလိုက်ပြီး၊ ရှာဖွေကြည့်ရှုကာ မြေပြင်ပေါ်ရှိ ဖိနပ်ကို ကောက်ကိုင်လိုက်သည်။

အားအပြည့် သွင်းလိုက်သည်။

ပစ်လိုက်ပြီ။

ချန်ကျိုး၏ စွမ်းအားမှာ အမှန်တကယ်ပင် ကြီးမားလှသည်။

မည်သည့်နေရာမှန်းမသိဘဲ ရောက်ရှိလာသော ဖိနပ်ကြီးသည် မြွေပါငယ်ကို လွင့်စင်သွားစေပြီး နံရံပေါ်သို့ ကပ်သွားစေတော့သည်။ ချန်ကျိုး၏ ဖုန်းအသစ်စက်စက်သည် မြွေပါငယ်၏ ခြေဖဝါးနားသို့ ကျရောက်သွားပြီး ကြိုးမဲ့နားကြပ်နှစ်ဖက်သည်လည်း တပါတည်း ကျဆင်းသွားခဲ့သည်။

မြွေပါငယ်သည် ခေါင်းတစ်ခုလုံး မူးနောက်သွားပြီး ကျောပြင်မှ နာကျင်မှုကို ခံစားလိုက်ရကာ ကုလားထိုင်ပေါ်မှ မြေပြင်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။

ခြေသည်းလေးများကို ကျုံ့လိုက်ရင်း ကုတင်ပေါ်ရှိ ကတုံးပြောင်ပြောင် ခေါင်းကြီးကို မုန်းတီးစွာ စိုက်ကြည့်ကာ တစ်လုံးချင်းစီ တိုးတိုးကြိမ်းမောင်းလိုက်သည်။

"ချန်... ကျိုး"

ချန်ကျိုးသည် မျက်လုံးများကို ပြတင်းပေါက်အပြင်ဘက်သို့ လွှဲပြောင်းလိုက်ပြီး “စွမ်းအား နည်းနည်း များသွားလားမသိဘူး” ဟု စိတ်ထဲတွင် တုန်လှုပ်နေမိသည်။

တောင်းပန်လိုက်ပါက သူ၏ အဆင့်မြင့် ပညာရှင် သိက္ခာကို ထိခိုက်ပေလိမ့်မည်။

ပြတင်းပေါက်အပြင်ဘက်တွင် ထမင်းစားရန် အဖော်ပြုသွားကြသော စိတ်ဝေဒနာရှင် နှစ်ဦး ဖြတ်သန်းသွားကြရာ ချန်ကျိုး၏ဉာဏ်မျက်စိ ပွင့်သွားခဲ့သည်။

"သူတို့... သူတို့ ထမင်းစားပန်းကန်တွေ ကိုင်ပြီး ဘာသွားလုပ်ကြတာလဲ"

“ထမင်းစားပန်းကန်ကိုင်တာ ထမင်းစားဖို့မဟုတ်ရင်၊ မစင်သွားစားဖို့လား”

မြွေပါငယ်သည် စိတ်တိုဒေါသထွက်နေဆဲ ဖြစ်သည်။

အဆင့်မြင့် ပညာရှင် ဖြစ်တော့ ဘာဖြစ်လဲ။

အဆင့်မြင့် ပညာရှင် ဖြစ်တာ ထူးဆန်းလို့လား။

အဆင့်မြင့် ပညာရှင် ဖြစ်ရင် မြွေပါကို အနိုင်ကျင့်လို့ ရတာလား။

အဆင့်မြင့် ပညာရှင်...

ခြေဖဝါးနားရှိ ဖုန်း မျက်နှာပြင်သည် တဖျတ်ဖျတ် လင်းလာခဲ့သည်။

သင် ဝယ်ယူထားသော ကြောင်တက်စင်ကို ပို့ဆောင်လိုက်ပါပြီ။

“ဟွန်း ဟွန်း”

"သူတို့က ထမင်းသွားစားတာ ဖြစ်လိမ့်မယ်" ဟု အရိုက်ခံရသော မြွေပါငယ်က သွားလေးများ ဖြဲပြရင်း နောက်ခြေသည်းဖြင့် ဖုန်းမျက်နှာပြင်ကို ပွတ်ဆွဲကာ ဝယ်ယူမှု အချက်အလက်များကို ဖျက်ပစ်လိုက်သည်။

"ထမင်းစားချိန် ရောက်ပြီလား၊ အားပါးပါး၊ နောက်ကျသွားရင် အသားတုံးတွေ မရဘဲ နေမယ်"

ချန်ကျိုးသည် ကုတင်ပေါ်မှ ခုန်ဆင်းကာ ထမင်းစားပန်းကန်အသစ်ကို ကိုင်ဆောင်ပြီး အခန်းပြင်သို့ အပြေးအလွှား ထွက်ခွာသွားခဲ့သည်။

မြွေပါငယ် ဘာပြောသည်ဆိုသည်မှာ အရေးမကြီးချေ။ ချန်ကျိုးသည် မတောင်းပန်ရုံအတွက် အကြောင်းပြချက်တစ်ခု ရှာဖွေရန်သာ လိုအပ်သည်။

မြွေပါငယ်သည် သက်ပြင်းတစ်ချက်ကို ခိုး၍ ချလိုက်ပြီး အားသွင်းကြိုးကို ဖြုတ်ကာ ဖုန်းကို ကုတင်အောက်သို့ ပြန်ထားလိုက်သည်။ ထို့နောက် ဘာမျှ မဖြစ်ခဲ့သကဲ့သို့ ပန်းကန်တစ်ခုကို ခေါင်းပေါ်တင်ကာ ဟိုခုန်ဒီခုန်ဖြင့် ချန်ကျိုး ပျောက်ကွယ်သွားသော လမ်းကြောင်းသို့ ပြေးလွှားသွားခဲ့သည်။

ချန်ကျိုးသည် ပုံမှန်အချိန်တွင် မုန့်များကို အများအပြား စားသော်လည်း ထမင်းစားနှုန်းမှာမူ လုံးဝ လျော့ကျခြင်း မရှိဘဲ တစ်ယောက် တည်းနှင့် ပန်းကန်အကြီးကြီး တစ်ပန်းကန်လုံး ကုန်အောင် စားနိုင်ကာ ယခုအခါ ကျင့်ကြံနေသော မြွေပါငယ် တိုးပွားလာသဖြင့် ၎င်း၏ ထမင်းစားနှုန်းမှာ ချန်ကျိုးနှင့် မတိမ်းမယိမ်းပင်။

ဒီနှစ်ကောင် ပေါင်းစပ်လိုက်လျှင် ထမင်းနှင့် ဟင်းများကို ထပ်မံ ဖြည့်တင်းရပြီး တစ်နပ်တည်းနှင့် ကြက်တစ်ကောင်လုံး ကုန်အောင် စားနိုင်ကြသည်။

ထမင်းစားပြီးနောက် အချိန်ကာလမှာ အလွန်ပျော်မွေ့စရာ ကောင်းလှသည်။

သစ်ရိပ်အောက်တွင် ပျင်းရိစွာ လှဲလျောင်းရင်း အေးမြမှုကို ခံစားနေကြပြီး အကြီးနှင့် အငယ် နှစ်ကောင်သည် ပိုက်တစ်ခုစီဖြင့် အအေးဘူးထဲသို့ စုပ်ယူနေကြသည်။ လေပြေညင်းလေးက ချန်ကျိုး၏ပါးပြင်ကို ဖြတ်သန်း တိုက်ခတ်သွားသဖြင့် အလွန်ပင် သက်တောင့်သက်သာ ရှိလှသည်။

မနီးမဝေးသော နေရာတွင် ဒေါက်တာအားယွမ်သည် လူနာမိသားစုဝင် နှစ်ဦးနှင့်စကားပြောဆိုနေသည်။

"နောင်ကျရင် ကျွန်မရဲ့ သမီးလေးကို ဒေါက်တာအားယွမ်အနေနဲ့ ပိုပြီးတော့ ဂရုစိုက်ပေးဖို့ တောင်းဆိုပါတယ်၊ ဒါနဲ့ ကြားတာတော့ ဆရာကြီးချန်ကျိုးက ကျွန်မတို့ ဆေးရုံထဲမှာ ရှိနေတာ ဟုတ်ပါသလား"

"ဟုတ်ပါတယ်၊ သစ်ရိပ်အောက်မှာ လှဲပြီး အိပ်နေတဲ့လူက ချန်ကျိုးပါပဲ"

သုံးဦးသား၏မျက်လုံးများသည် ချန်ကျိုး ရှိနေသော လမ်းကြောင်းသို့ လှမ်းမျှော်ကြည့်ရှုလိုက်ကြသည်။

ချန်ကျိုးက အိပ်ပျော်နေသည်ဟု ထင်ပါသလော။

ဒေါက်တာ အားယွမ်သည် ချန်ကျိုး၏အမြင်အာရုံထဲသို့ ရောက်ရှိလာကတည်းက ချန်ကျိုး၏မျက်လုံးအစုံသည် မသိမသာဖြင့် သူ့ နောက်သို့ တကောက်ကောက် လိုက်ပါနေခဲ့သည်။

မျက်လုံးသုံးစုံ၏ရန်စမှုကို ခံလိုက်ရသဖြင့် ချန်ကျိုးသည် ကြောက်ရွံ့ရမည့် အကြောင်းပြချက် မရှိချေ။

သူသည် ဆတ်ခနဲ ထထိုင်လိုက်ပြီး ပြန်လည် စိုက်ကြည့်လိုက်သည်။

သုံးဦးသားသည် မျက်လုံးများကို ရုတ်သိမ်းကာ ထွက်ခွာသွားကြသည်။

ချန်ကျိုး၏အမြင်အရ သုံးဦးသားသည် မိမိ၏ခြောက်လှန့်မှုကြောင့် ပြန်လည် ဆုတ်ခွာသွားကြသော်လည်း မိမိကို မည်သို့ လုပ်ကြံရမည်ကို သေချာပေါက် ကြံစည်နေကြခြင်းဖြစ်ရမည်။ ဒေါက်တာအားယွမ်သည် မိမိထက် ဉာဏ်မကောင်းသော်လည်း လူသုံးယောက်ပေါင်းလျှင် ပညာရှိတစ်ယောက် ဖြစ်လာနိုင်သဖြင့် ရန်သူက အမှောင်ထဲတွင် ရှိပြီး မိမိက အလင်းထဲတွင် ရှိနေသည်။

ချန်ကျိုး၏ ဦးနှောက်ထဲတွင် မြင်ကွင်းအမျိုးမျိုး ပေါ်လာခဲ့သည်။

ဥပမာအားဖြင့် သူသည် လူသူကင်းမဲ့သော လူသွားလမ်းတွင် လျှောက်လှမ်းနေစဉ် ဒေါက်တာအားယွမ် သည် အခန်းတစ်ခန်းထဲမှ ရုတ်တရက် ပြေးထွက်လာပြီး ဆေးထိုးအပ်ကြီးဖြင့် သူ့ကို ထိုးနှက်ကာ လုပ်ကြံခြင်း ဖြစ်သည်။

နောက်ထပ် ဥပမာတစ်ခုမှာ သူသည် အိမ်သာတက်နေစဉ် ရုတ်တရက် သတိပြုမိလိုက်သည့် အချိန်၌ ဒေါက်တာအားယွမ်သည် သူ၏ နောက်ကွယ်တွင် ထပ်မံ ပေါ်လာပြီး ဆေးထိုးအပ်ကြီးဖြင့် သူ့ကို ထိုးနှက်ကာ လုပ်ကြံခြင်းဖြစ်သည်။

ထပ်မံ၍ ဥပမာတစ်ခုမှာ သူသည် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် ဒေါက်တာအားယွမ်သည် သူ့ ကုတင်ခေါင်းရင်းတွင် ရပ်နေပြီး ဆေးထိုးအပ်ကြီးဖြင့် သူ့ကို ထိုးနှက်ကာလုပ်ကြံခြင်း ဖြစ်သည်။

ဆေးထိုးအပ်များစွာ ပါဝင်သော မြင်ကွင်းများကို ချန်ကျိုးသည် တွေးရုံမျှဖြင့် ကျောပြင်တစ်ခုလုံး အေးစိမ့်သွားခဲ့သည်။

လတ်တလောတွင် ရန်သူများ ဆုတ်ခွာသွားခြင်းသည် မိမိကို မည်သို့ သတ်ဖြတ်ရမည်ကို ပိုမိုကောင်းမွန်စွာ ကြံစည်နေခြင်းသာ ဖြစ်သည်။

ချန်ကျိုးသည် ဆက်လက်၍ အသေခံမည် မဟုတ်ချေ။ ထိုင်နေရာမှ ထကာ မွန်းတည့်ချိန် အိပ်စက်နေသော မြွေပါငယ်ကို ရက်စက်စွာ ကန်နှိုးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ချန်ကျိုးသည် စုတ်ပြဲနေသော ကုတင်ခင်းကို ခြုံကာ အပြာရောင် ဘောပင်ကို ကိုင်ဆောင်ပြီး တာဝန်ကျဇယား၏ ရှေ့တွင် ရပ်နေသည်။

ဝဲယာကို ကြည့်ရှုလိုက်ရာ ပတ်ဝန်းကျင်တွင် လူတစ်ယောက်မျှ မရှိချေ။

ဘောပင်ကို ကိုင်ကာ ညဆိုင်း တာဝန်ကျသူ၏အမည်ကို ဖျက်ပစ်လိုက်ပြီး ဘောပင်အူတိုင်မှာ ခဏခဏ အပစ်ခံရသဖြင့် မင်ပြတ်တောက်မှု ပြင်းထန်ကာ စာတစ်လုံး ရေးရန်အတွက် သုံးလေးကြိမ်ခန့် ပြန်လည် ရေးဆွဲရသည်။

ညဆိုင်း တာဝန်ကျဇယားပေါ်တွင် ကောက်ကောက်ကွေ့ကွေ့ဖြင့် စာလုံးသုံးလုံး ပေါ်လာခဲ့သည်။

အားယွမ်မျောက်

မြွေပါငယ် "ချန်ကျိုး၊ ဒါက ကွန်ပျူတာနဲ့ ရိုက်ထားတာလေ၊ မင်း လက်နဲ့ ရေးထားတာကို ဘယ်သူက ယုံမှာလဲ၊ ဒါ့အပြင် မင်းက အနည်းဆုံးတော့ ဖောင်တိန်အမည်းကို သုံးရမှာပေါ့၊ စာရွက်တောင် မင်း ထိုးဆွလို့ ပျက်စီးကုန်ပြီ" ဟု ပြောလိုက်သည်။

ချန်ကျိုးသည် လေသံကို နှိမ့်လိုက်ရင်း "တိုးတိုးပြော၊ ငါ ခဏခဏ မြင်ဖူးတယ်၊ တစ်ယောက်ယောက်က အဲဒီပေါ်မှာ နာမည်တွေ လာပြောင်းနေကြတာ၊ စိတ်ချပါ၊ ဘာမှမဖြစ်ဘူး" ဟု ပြောလိုက်သည်။

မြွေပါငယ်က "ဒါဆို ဒေါက်တာအားယွမ်ရဲ့ နာမည်အရင်းက အားယွမ်မျောက်လို့ ခေါ်တာလား" ဟု မေးလိုက်သည်။

ချန်ကျိုး "တူတူပါပဲ၊ ခွဲခြားလို့ မရပါဘူး" ဟု ပြောလိုက်သည်။

ချန်ကျိုး၏တာဝန်ခံဆရာဝန်သည် လူနာမိသားစုဝင်များကို လိုက်လံပို့ဆောင်ပြီးနောက် ပြန်လှည့်လာစဉ် ချန်ကျိုးသည် လူသွားလမ်းရှိ တာဝန်ကျဇယားရှေ့တွင် ကုန်းကုန်းကွကွဖြင့် တစ်စုံတစ်ခု လုပ်ဆောင်နေသည်ကို မြင်တွေ့လိုက်ရသည်။

"ချန်ကျိုး" ဟု ဒေါက်တာအားယွမ်က တည်ငြိမ်သော လေသံဖြင့် လှမ်းခေါ်လိုက်သည်။

ချန်ကျိုး၏ခန္ဓာကိုယ်သည် တစ်ချက် တုန်ရင်သွားပြီး စက်ရုပ်ကဲ့သို့ ခေါင်းကို လျင်မြန်စွာ လှည့်လိုက်ရာ မျက်လုံးချင်း တိုက်ရိုက် ဆုံတွေ့သွားခဲ့သည်။

တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်

ချန်ကျိုးသည် ကုတင်ခင်းကို ဆွဲမြှောက်ကာ ခေါင်းပေါ်သို့ တင်လိုက်သည်။

ကုတင်ခင်း၏အပြင်ဘက်တွင်မူ ခြေထောက်နှစ်ဖက်သည် ခြေလှမ်းအသေးလေးများဖြင့် လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

ချန်ကျိုး "မင်းကြောင့်ပဲ၊ မင်းသာ စကားမပြောရင် အာရုံစိုက်ခံရမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

မြွေပါငယ် "သူက စကားပြောသံကြောင့် ရောက်လာတာ မဟုတ်ပါဘူး၊ ဒါက ငါ့ကို အပြစ်တင်လို့ မရဘူး"

ချန်ကျိုး "မင်းကြောင့်ပဲ၊ မင်းကိုပဲ အပြစ်တင်ရမယ်" ဟု ပြောလိုက်သည်။

မြွေပါငယ် "ချန်ကျိုး၊ မင်း နည်းနည်းလောက် ကျိုးကြောင်းဆင်ခြင်လို့ ရမလား" ဟု ပြောလိုက်သည်။

ချန်ကျိုးနှင့် မြွေပါငယ်သည် ငြင်းခုံရင်း ထွက်ခွာသွားကြသည်။

ချန်ကျိုး ထွက်ခွာသွားသော နောက်ကျောကို ကြည့်ရင်း ဒေါက်တာအားယွမ်၏ မျက်လုံးများသည် ရှုပ်ပွနေသော တာဝန်ကျဇယားပေါ်သို့ ကျရောက်သွားသည်။ မျက်မှောင် အနည်းငယ် ကြုတ်လျက် ရှေ့သို့ လျှောက်လှမ်းကာ စစ်ဆေးကြည့်ရှုလိုက်သည်။

နေ့ခင်းကြောင်တောင်၊ လောကအလယ်၊ လူအများ၏ရှေ့မှောက်တွင် ဖြစ်သည်။

တာဝန်ကျဇယားပေါ်ရှိ ချန်ကျိုးရေးသားခဲ့သော စာလုံးများသည် ပျံတက်သွားကာ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။ ဖြစ်ပေါ်ခဲ့သော ခြစ်ရာများသည်လည်း အပြန်အလှန် ပေါင်းစပ်သွားကာ မူလပုံစံအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့ပြီး မူလက ကွန်ပျူတာဖြင့် ရိုက်နှိပ်ထားသော ညဆိုင်းဆရာဝန် အမည်သည် အားယွမ်ဆိုသည့် စာလုံးနှစ်လုံးအဖြစ် ပြန်လည်ဖွဲ့စည်းသွားခဲ့သည်။

ဒေါက်တာအားယွမ်သည် တာဝန်ကျဇယားရှေ့တွင် တစ်စက္ကန့်ခန့် မှင်တက်သွားခဲ့သည်။

တာဝန်ကျဇယားပေါ်တွင် တစ်စုံတစ်ဦးက အမည်းရောင်များဖြင့် ခြစ်ဆွဲထားသည်ကို သေသေချာချာ မြင်လိုက်ရသော်လည်း ဘာဖြစ်လို့ အနီးကပ် ကြည့်လိုက်သည့်အခါ စာရွက်မျက်နှာပြင်က ချောမွေ့နေရသနည်း။

“မဟူတ်သေးပါဘူး၊ ငါ လွန်ခဲ့တဲ့ နှစ်ရက်တင် ညဆိုင်းတာဝန်ကျခဲ့တာလေ၊ ဒီနေ့ ဘာဖြစ်လို့ ငါ့နာမည် ပြန်ဖြစ်နေရပြန်တာလဲ”

ဒေါက်တာအားယွမ်သည် အကြည့်ကို ရုတ်သိမ်းကာ နားနေခန်းသို့ လျှောက်လှမ်းသွားခဲ့ပြီး နားနေခန်းရှိ တာဝန်ကျဇယားပေါ်တွင်မူ လွန်ခဲ့သော နှစ်ရက်က ညဆိုင်း တာဝန်ကျသူ၏ အမည်မှာ အခြားသော ဆရာဝန်တစ်ဦး၏အမည် ဖြစ်နေသည်။

"ဒေါက်တာကျိုး၊ ကျွန်တော် မေးပါရစေ၊ မနေ့က တုန်းက ခင်ဗျား ညဆိုင်း တာဝန်ကျခဲ့တာ ဟုတ်ပါသလား" ဟု အားယွမ်က မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

"ဟုတ်ပါတယ်၊ ကျွန်တော် တာဝန်ကျတုန်းက တစ်စုံတစ်ခု ဖြစ်ခဲ့လို့လား"

"ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး၊ ကျွန်တော် မေးကြည့်ရုံပါ"

အားယွမ်သည် ခေါင်းကို ကုတ်လိုက်ရင်း၊ မိမိကိုယ်ကိုယ်ပင် သံသယဝင်လာခဲ့တော့သည်။

All Chapters