အခန်း ၇၀
Vol. 7 Ch. 70
Chapter 70
ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံ တံခါးဝအပြင်ဘက်သို့ ဝိညာဉ်ချုပ်ထိန်းရေးဌာန အမှတ်အသားပါသော ရုံးသုံးကားတစ်စီး မောင်းနှင်လာခဲ့သည်။
လော့ယွီမင်သည် မောင်းနှင်သူနေရာမှ ထွက်လာပြီး လက်နှစ်ဖက်တွင် လက်ဆောင်မုန့်အိတ်ကြီး နှစ်အိတ်ကို အပြည့် ဆွဲကိုင်ထားသည်။
လုံခြုံရေးအခန်း ပြတင်းပေါက်မှ လုံခြုံရေးဝန်ထမ်းတစ်ဦး ခေါင်းပြူးထွက်လာပြီး လက်ထဲတွင် အဆောင်စာရွက်တစ်ရွက်ကို ကိုင်ထားရင်း မျက်လုံးကို မှေးလျက်လာရောက်သူကို စူးစမ်းကြည့်ရှုသည်။
လာရောက်သူကို မမှတ်မိ၍ မဟုတ်ဘဲ သရဲပွဲတော်နေ့ ရောက်ရန် နီးကပ်လာပြီဖြစ်သဖြင့် ဆေးရုံအတွင်း လုံခြုံရေးကို ပိုမိုတင်းကြပ်စွာ ကိုင်တွယ်နေခြင်းကြောင့် ဖြစ်သည်။
"ညီလေး၊ ငါ့ကို တံခါးလေး လာဖွင့်ပေးပါဦး"
တံခါးအပြင်ဘက်ရှိ လော့ယွီမင်က ဖော်ရွေသော မျက်နှာထားဖြင့် ပြုံး၍ လှမ်းပြောလိုက်သည်။
လုံခြုံရေးဝန်ထမ်းသည် ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ ဌာနမှူးဖြစ်ကြောင်း သေသေချာချာ အတည်ပြုပြီးနောက်မှ သော့ကို ကိုင်ကာ လုံခြုံရေးအခန်းပြင်သို့ ထွက်လာခဲ့သည်။
"ဌာနမှူးလော့ ပါလား၊ ဘာလို့ ညဉ့်နက်သန်းခေါင်ကြီး ရောက်လာရတာလဲ ခင်ဗျာ"
"မတတ်နိုင်ဘူးလေ၊ သရဲပွဲတော် ရောက်တော့မှာဆိုတော့ ၂၄ နာရီပတ်လုံး အလုပ်ရှုပ်နေတာ၊ ချန်ကျိုး ဒီနေ့ အပြင်မထွက်ဘူးမလား"
"ဒါတော့ ကျွန်တော် တကယ်မသိဘူးဗျ"
လော့ယွီမင်သည် စိတ်ကျန်းမာရေးဆေးရုံအတွင်းသို့ ဝင်ရောက်လာပြီး လုံခြုံရေးဝန်ထမ်းနှင့် စကားအနည်းငယ် နှုတ်ဆက်ကာ ချန်ကျိုး၏ အခန်းလေးဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
လုံခြုံရေးအခန်းအတွင်းရှိ လုံခြုံရေးဝန်ထမ်း နှစ်ဦးသည် တိုးတိုးတိတ်တိတ် စကားပြောဆိုနေကြသည်။
"ဌာနမှူးလော့က ညဉ့်နက်သန်းခေါင်ကြီး ငါတို့ စိတ်ကျန်းမာရေးဆေးရုံကို ရောက်လာတာဆိုတော့ ကျင်းဟိုင်မြို့မှာ နောက်ထပ် အမှုကြီးတစ်ခုခု ဖြစ်ပြန်ပြီလားမသိဘူး"
"ဒါကို ဘယ်သူသိမှာလဲ၊ ချန်ကျိုးက အခုတော့ တကယ့် နာမည်ကြီးလူပဲလေ၊ နေ့တိုင်း လူကြီးလူကောင်းတွေက ချန်ကျိုးကို လာပြီး ဖားနေကြတာ"
"မနက်ဖြန်ကျရင် ငါလည်း ပစ္စည်းအချို့ဝယ်ပြီး ချန်ကျိုးဆီမှာ အဆောင်နှစ်ရွက်လောက် ဆွဲပေးဖို့ တောင်းဆိုရမယ်"
"မင်းက ဘာဝယ်ဖို့ ပြင်ဆင်ထားလို့လဲ"
"သစ်သီးအချို့ဝယ်မယ်၊ ပြီးတော့ မုန့်အချို့ ဝယ်ရမှာပေါ့"
"ဒါတော့ မဖြစ်ဘူး၊ ဒီနေ့ ငါ ချန်ကျိုးရဲ့ အခန်းဘေးက ဖြတ်သွားတော့ အထဲမှာ သစ်သီးတွေနဲ့ မုန့်တွေ အပြည့်ပဲ၊ သူများတွေနဲ့ မတူတဲ့ ပစ္စည်းကို ဝယ်ရမယ်၊ ချန်ကျိုး ပျော်သွားအောင် လုပ်နိုင်ရင် အဆောင်နှစ်ရွက်ထက်ပိုရနိုင်သလို စွမ်းအားပိုကြီးတာမျိုးလည်း ဖြစ်နိုင်တယ်"
"မင်းပြောတာ မှန်တယ်၊ ငါတို့ နှစ်ယောက် တိုင်ပင်ပြီး မနက်ဖြန် အတူတူ သွားကြရအောင်"
"ကောင်းပြီလေ"
လော့ယွီမင်သည် မုန့်များကို ဆွဲကိုင်လျက် ချန်ကျိုး၏ အခန်းလေးရှေ့သို့ လျှောက်လှမ်းလာရာ တံခါးမှာ ပွင့်ဟနေပြီး လရောင်အောက်တွင် သေသေချာချာ မြင်တွေ့နေရသည်။ ကုတင်ပေါ်ရှိ စောင်မှာ ကုတင်အောက်သို့ လျှောကျနေပြီး ကုတင်ပေါ်တွင် အရုပ်အချို့ ရှုပ်ပွစွာ ရှိနေကာ လူတစ်ယောက်မျှ မရှိသကဲ့သို့ သရဲတစ်ကောင်မျှလည်း မရှိချေ။
ချန်ကျိုးသည် စိတ်ကျန်းမာရေးဆေးရုံမှ ထွက်ခွာသွားခြင်း မရှိလောက်ချေ။ ဤကောင်သည် အစားအစာကို အလွန်အမင်း ကာကွယ်တတ်သူဖြစ်သဖြင့် ဤကဲ့သို့ တံခါးကို ဟက်ဟက်ပက်ပက် ဖွင့်ထားခဲ့ခြင်းမှာ ရလဒ်တစ်ခုသာ ရှိသည်။ လူက အနီးအနားတွင် ရှိနေခြင်း ဖြစ်သည်။
ဒါပေမဲ့ လူက ဘယ်ထောင့်ဘယ်ကမ္ဘာမှာ ရှိနေရသနည်း။
လော့ယွီမင်သည် ဝဲယာသို့ လိုက် လံ၍ ချန်ကျိုး၏ သဲလွန်စကို ရှာဖွေလိုက်သည်။
တိတ်ဆိတ်နေသော ညဉ့်ရိပ်တွင် မရေမရာသော စကားပြောသံအချို့က လော့ယွီမင်၏ နားထဲသို့ လွင့်ပျံဝင်ရောက်လာခဲ့သည်။
"ဒေါက်တာအားယွမ်... ငါက ဆေးရုံအုပ်ကြီး ပါ၊ မင်းက တော်တော်လေး သတ္တိရှိတာပဲ၊ ဆေးရုံအုပ်ကြီးကို တံခါးမဖွင့်ပေးရဲဘူးပေါ့"
ချန်ကျိုး၏လေသံနှင့် အနည်းငယ် တူညီလှသည်။
လော့ယွီမင်သည် အသက်ရှူသံကို ထိန်းချုပ်ကာ အသံလာရာ လမ်းကြောင်းအတိုင်း လိုက်လံရှာဖွေခဲ့သည်။
လူနာဆောင် အဆောက်အအုံအတွင်းသို့ ဝင်ရောက်ကာ လှေကားပေါ်သို့ တက်လှမ်းသွားခဲ့သည်။
အသံလာရာသို့ လှမ်းကြည့်လိုက်ရာ လူသွားလမ်းအလယ်ရှိ တံခါးတစ်ချပ်၏ရှေ့တွင် ထူးဆန်းသော သတ္တဝါအုပ်စုတစ်စု ဆောင့်ကြောင့်ထိုင်နေကြသည်။
ကျားဝိညာဉ်ကြီး၊ မြွေပါငယ်၊ လေလွင့်ဝိညာဉ်လေး၊ ထို့ပြင် လော့ယွီမင်ကို သွားကိုက်မတတ် ခံစားရစေသော အားယန်တို့ ဖြစ်ကြသည်။
"ဒေါက်တာအားယွမ်၊ ဆရာကြီးချန်ကျိုးကို ဘယ်သူက မင်းကို လာပြီးစွပ်စွဲခိုင်းတာလဲ၊ တံခါးဖွင့်စမ်း၊ ငါ ဓားပြဗိုလ်ကြီးရဲ့ စစ်ဆေးမှုကို ခံယူစမ်း"
ချန်ကျိုးသည် လေသံကို တမင်သက်သက်လုပ်၍ ပြောဆိုနေခြင်း ဖြစ်သည်။
လော့ယွီမင်၏နှုတ်ခမ်းထောင့်သည် တစ်ချက် တုန်ခါသွားသည်။ ဓားပြဗိုလ်ကြီးဟု ပြောဆိုခြင်းမှာ သေချာပေါက် သူကိုယ်တိုင်ကို ပြောခြင်း ဖြစ်သော်လည်း သူက ပုံမှန်အချိန်တွင် ဤကဲ့သို့ စကားပြောပါသလော။
ဒေါက်တာအားယွမ်အတွက် သုံးစက္ကန့်ခန့် ဆုတောင်းပေးလိုက်မိသည်။ ချန်ကျိုးနှင့် ရန်ငြိုးဖွဲ့မိခြင်းမှာ သူ ခံစားရရန် လုံလောက်လှသည်။
သနားမိသည်မှာ ဖြစ်သော်လည်း လော့ယွီမင်သည် အခြားလူ၏တရားမျှတမှုအတွက်နှင့် ချန်ကျိုးကို သွားရောက်၍ မပြစ်မှားလိုချေ။ အကယ်၍ ချန်ကျိုးနှင့် ဆက်ဆံရေး ပိုမိုရင်းနှီးအောင် ပြုလုပ်နိုင်ပြီး ချန်ကျိုးနှင့်အတူ တစ်ဖက်လူကို ဝိုင်းဝန်းဆဲဆိုရလျှင်လည်း မဖြစ်နိုင်စရာ မရှိချေ။
လော့ယွီမင်သည် အဝတ်အစားများကို သေသေချာချာပြင်ဆင်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ဦးနှောက်ထဲရှိ ချန်ကျိုးကို ဖားမည့် စကားလုံးများကို တိုးတိုးတိတ်တိတ်ဖြင့် နောက်တစ်ကြိမ်လေ့ကျင့်လိုက်သည်။
သိက္ခာကို ချလိုက်သည်။
အပြုံးမျက်နှာဖြင့် လဲလှယ်လိုက်သည်။
"ဆရာကြီးချန်က ဒီမှာ ရှိနေတာကိုး၊ ကျွန်တော့်မှာ အတော်လေး လိုက်ရှာလိုက်ရတယ်"
ရှာဆိုသည့် စာလုံးသံ မဆုံးသေးမီ လော့ယွီမင်သည် ဝိညာဉ်နယ်ပယ်ထဲသို့ ခြေလှမ်းတစ်ချက်ဖြင့် ဝင်ရောက်သွားပြီး လက်တွေ့ကမ္ဘာတွင် ပျောက်ကွယ်သွားခဲ့သည်။
အသံကို ကြားလိုက်ရသော ချန်ကျိုးသည် ပထမဆုံးအချိန်မှာတင် လော့ယွီမင် ပျောက်ကွယ်သွားသော လမ်းကြောင်းသို့ လှည့်ကြည့်လိုက်သည်။
မှောင်မိုက်နေသော လူသွားလမ်းမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။
ထိုအသံမှာ တကယ်ပင် ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့သော်လည်း လူက ဘယ်ရောက်သွားသနည်း။
"ခုနက တစ်ယောက်ယောက် ငါ့ကို လှမ်းခေါ်လိုက်တာ ဟုတ်တယ်မလား"
ဟု ချန်ကျိုးက လေလွင့်ဝိညာဉ်လေးကို မေးလိုက်သည်။
"ဟုတ်တယ်၊ ငါလည်း ကြားတယ်"
သရဲမလေး အားယန်က လက်ညှိုးထောင်ကာ ဝင်ပြောသည်
"ပြောသွားတာက 'ဆရာကြီးချန်က ဒီမှာ ရှိနေတာကိုး၊ ကျွန်တော့်မှာ အတော်လေး လိုက်ရှာလိုက်ရတယ်'"
မြွေပါငယ်သည် လျင်မြန်သော ခန္ဓာကိုယ်ဖြင့် ခုနက အသံထွက်ပေါ်လာသော နေရာသို့ ပြေးလွှားသွားပြီး လှေကားလက်ရန်းအတိုင်း လျှောစီးသကဲ့သို့ အောက်ထပ်သို့ ဆင်းကာ အသံရှင်ကို လိုက်လံရှာဖွေသည်။
အောင်မြင်မှုမရှိဘဲ ပြန်လည်ရောက်ရှိလာပြီး "လူမရှိဘူး၊ ငါ သေသေချာချာ စစ်ဆေးပြီးပြီ" ဟု ပြောသည်။
လေလွင့်ဝိညာဉ်လေးက အခိုင်အမာဖြင့် အတည်ပြုပေးသည်။
"ငါ ခုနက သရဲအငွေ့အသက်နဲ့ လိုက် ရှာကြည့်ပြီးပြီ၊ ငါတို့ ဆေးရုံပြင်ပက လူတစ်ယောက်မှ မရှိဘူး"
ချန်ကျိုးသည် ခဏမျှ စဉ်းစားတွေးခေါ်လိုက်ပြီး စိတ်မရှည်စွာဖြင့် "ဂရုမစိုက်တော့ဘူး၊ အရင်ဆုံး ဒေါက်တာအားယွမ်ကို လှည့်စားပြီး ထွက်လာအောင် လုပ်မယ်" ဟု ပြောလိုက်သည်။
ဒုန်း၊ ဒုန်း၊ ဒုန်း၊ ဒုန်း
"ဒေါက်တာအားယွမ်၊ မြန်မြန်ကြည့်စမ်း၊ ငါ့လက်ထဲမှာ ဘာကောင်းတာတွေ ရှိလဲဆိုတာ၊ သကြားလုံးလေ၊ မင်း အကြိုက်ဆုံး သကြားလုံး"
စနစ်ကမူ ချန်ကျိုးအနေဖြင့် စိတ်ရောဂါကို မကုသတော့ဘဲ ဉာဏ်ရည်ကို အရင်ဆုံး ကုသရန် သင့်မသင့် တွေးတောနေမိသည်။
လော့ယွီမင်သည် ဟာလာဟင်းလင်း ဖြစ်နေသော လူသွားလမ်းကို ကြည့်ရင်း အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။ သူ ခခံစားလိုက်ရသည်မှာ မျက်စိရှေ့တွင် တစ်ချက် ဝေ့ခနဲ ဖြစ်သွားပြီးနောက် ချန်ကျိုးနှင့် သူ မွေးမြူထားသော သရဲအုပ်စုများမှာ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
လော့ယွီမင်သည် မိမိကိုယ်တိုင် လက်တွေ့ကမ္ဘာနှင့် တစ်ပုံစံတည်း တူညီလှသော ဝိညာဉ်နယ်ပယ်အတွင်းသို့ ရောက်ရှိနေသည်ကို သတိမပြုမိဘဲ ချန်ကျိုး၏ သရဲများ ပြုလုပ်ထားသော လှည့်ကွက်အသေးစားလေးဟုသာ ထင်မှတ်နေသည်။
"လေလွင့်ဝိညာဉ်လေး၊ မဆော့ပါနဲ့တော့၊ ငါ ဆရာကြီးချန်ကို အရေးကြီးတဲ့ ကိစ္စ ဆွေးနွေးစရာ ရှိလို့ပါ"
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသည်။
မည်သည့် တုံ့ပြန်မှုမျှ မရရှိသဖြင့် လော့ယွီမင်သည် ပဉ္စမအဆင့် ကျင့်ကြံသူတစ်ဦး၏ ကျွမ်းကျင်သော အမြင်ဖြင့်သာ ဖြေရှင်းမည့် နည်းလမ်းကို ရှာဖွေလိုက်ရတော့သည်။
"ဒါက သရဲမျက်လှည့် ဖြစ်တာ သေချာတယ်"
လော့ယွီမင်သည် လက်နှစ်ဖက်ဖြင့် အစီအရင်ကို ပြုလုပ်ကာ ပါးစပ်မှလည်း မန္တန်များကို ရွတ်ဆိုနေသည်။
လက်ချောင်းထိပ်တွင် အဖြူရောင် အလင်းတန်းတစ်ခု တောက်ပလာပြီး လက်နှစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်ကာ အစီအရင်ပေါ်ရှိ အလင်းတန်းကို မျက်လုံးဆီသို့ ပို့ဆောင်လိုက်သည်။
မျက်စိကို ဖွင့်ကြည့်လိုက်ရာ သူငယ်အိမ်အတွင်း၌ အဖြူရောင် မျဉ်းကြောင်းလေးများဖြင့် ဖွဲ့စည်းထားသော စက်ဝန်းတစ်ခု ပေါ်လာခဲ့သည်။
မျက်စိရှေ့ရှိ မြင်ကွင်းအားလုံးမှာ ပြောင်းလဲခြင်း မရှိချေ။
"ဒါမှမဟုတ် သရဲတံတိုင်းခတ်တာလား"
လော့ယွီမင်သည် မျက်မှောင်ကြုတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် အစီအရင်ကို နောက်တစ်ကြိမ် ပြုလုပ်ပြန်သည်။
လော့ယွီမင်သည် ဝိညာဉ်နယ်ပယ်ထဲတွင် အလုပ်ရှုပ်နေသည့် အချိန်အတွင်းမှာပင် ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံ ပြင်ပသို့ မိစ္ဆာနှိမ်နင်းရေး ရဲစခန်း၏ ရဲကားတစ်စီး ထပ်မံမောင်းနှင်လာခဲ့သည်။
ကျိုးအိုက်ကော်သည် ကားပေါ်မှ ဆင်းလာစဉ် ခေါင်းကို စောင်းလျက် ပခုံးဖြင့် ဖုန်းကို ညှပ်ကာ စကားပြောနေပြီး လက်နှစ်ဖက်တွင်လည်း ပစ္စည်းများကို ဆွဲကိုင်ထားသည်။
ဖုန်းထဲတွင် ချင်ရှန်းဆေးရုံအုပ်က စိုးရိမ်တကြီးဖြင့် "မင်း ဌာနမှူးလော့ကို မြင်ရင် ငါ့ကို အကြောင်းကြားပေးပါဦး" ဟု ပြောဆိုနေသည်။
"လော့ယွီမင်လည်း လာတာလား"
"လာတယ်၊ မလာခင်က ငါ့ကို ဖုန်းဆက်သေးတယ်၊ အခုတော့ လူက ဆက်သွယ်လို့ မရတော့ဘူး"
"ငါ သိပြီ၊ ငါ အထဲဝင်ပြီး ကြည့်လိုက်မယ်"
ကျိုးအိုက်ကော်သည် ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံအတွင်းသို့ ဝင်ရောက်လာသော ဖြစ်စဉ်မှာ လော့ယွီမင်နှင့် တစ်ပုံစံတည်း တူညီလှသည်။
ပထမဆုံးအနေဖြင့် ချန်ကျိုး၏ အခန်းလေးဆီသို့ သွားခဲ့ရာ အခန်းလေးထဲတွင် လူမရှိသည်ကို တွေ့ရပြီး တံခါးဝတွင်လည်း အလွန်အမင်း ထုပ်ပိုးထားသော လက်ဆောင်ဗူးကြီး နှစ်ဗူးကို ချထားသည်။ ဤကဲ့သို့သော လက်ဆောင်ဗူးမှာ အပေါ်ယံသာ ကောင်းမွန်ပြီး စားလို့မကောင်းချေ။ တံခါးဝတွင် ချထားခြင်းမှာ သေချာပေါက် သူဌေးကြီး လော့ယွီမင် ပို့ဆောင်ထားခြင်း ဖြစ်ရမည်။
ကျိုးအိုက်ကော်သည် မိမိ၏ပစ္စည်းများကို လော့ယွီမင်၏လက်ဆောင်ဗူး ဘေးတွင် ချထားလိုက်သည်။
နှိုင်းယှဉ်မှု မရှိလျှင် ထိခိုက်မှု မရှိချေ။ ချက်ချင်း ကြည့်လိုက်လျှင် အနည်းငယ် သိမ်ငယ်စရာ ကောင်းလှသည်။
ကျိုးအိုက်ကော်သည် မိမိ၏ပစ္စည်းများကို ကောက်ကိုင်ကာ လက်ဆောင်ဗူး၏အပေါ်တွင်တင်လိုက်ပြီး အောက်က လက်ဆောင်ဗူးကို ဖုံးအုပ်လိုက်သည်။
လက်ဆောင်ဗူးကို အောက်ခံအဖြစ် အသုံးပြုလိုက်သဖြင့် သူ့ ပစ္စည်းမှာ အများအပြား မြင့်မားခန့်ညားသွားခဲ့သည်။
ဂုဏ်ပကာသန စိတ်အာသီသ ပြည့်စုံသွားပြီဖြစ်သဖြင့် အရေးကြီးသော ကိစ္စကို လုပ်ဆောင်ရတော့မည်။
“ဒေါက်တာအားယွမ်၊ ငါ မင်းကို လာကယ်ပြီ”
ကျိုးအိုက်ကော်သည် အေးဆေးတည်ငြိမ်စွာဖြင့် လူနာဆောင် အဆောက်အအုံအတွင်းသို့ လျှောက်လှမ်းသွားပြီး ဖြည်းဖြည်းမှန်မှန်ဖြင့် အပေါ်ထပ်သို့ တက်လှမ်းသွားခဲ့သည်။
လူသွားလမ်းဝမှ လှမ်းမျှော်ကြည့်ရှုလိုက်ရာ ကျိုးအိုက်ကော်သည် အလွန်ပင်ရယ်မောချင်သွားခဲ့သည်။ ဘယ်လောက်တောင် ရန်ငြိုးကြီးလို့ လူ့တံခါးဝမှာ လာပြီး ပိတ်ဆို့နေကြတာလဲ။
"လေ..."
စာလုံးတစ်လုံးတည်း ထွက်ပေါ်လာပြီးနောက် ကျိုးအိုက်ကော်သည် လူသွားလမ်းဝ၌ ပျောက်ကွယ်သွားခဲ့သည်။
ကြည့်စမ်း။
လော့ယွီမင်လောက်တောင် မစွမ်းချေ။
လော့ယွီမင်သည် အနည်းဆုံးတော့ စကားတစ်ခွန်းလုံးကို ပြည့်စုံအောင် ပြောဆိုနိုင်ခဲ့သည် မဟုတ်ပါလား။
တာဝန်ကျခန်း တံခါးဝရှိ ချန်ကျိုးသည် နောက်တစ်ကြိမ် ပြန်လှည့်ကြည့်လိုက်ရာ အသံသာ ရှိပြီး လူမရှိပြန်ချေ။
"ငါ နောက်တစ်ခါ နားကြားမှားပြန်တာလား"