အခန်း ၇၁
Vol. 8 Ch. 71
Chapter 71
စခန်းမှူးကျိုး ဝိညာဥ်နယ်ပယ်အတွင်းသို့ ခြေတစ်ဖက် စလှမ်းလိုက်သည်နှင့် နောက်မှ ကျန်းယိုယိုနှင့် ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်းတို့သည်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေရာသို့ ရောက်ရှိလာကြသည်။
စီနီယာနှစ်ဦး၏ ခြေလှမ်းများနှင့် ထူးဆန်းစွာ တူညီနေသည်မှာ ကျန်းယိုယိုနှင့် ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်းတို့သည်လည်း ဦးစွာ ချန်ကျိုး၏အခန်းငယ်ဆီသို့ သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။
အခန်းတွင်း၌ လူမရှိချေ။ တံခါးဝရှိ လက်ဆောင်ဗူးများက စခန်းမှူးကျိုးနှင့် လော့ယွီမင်တို့ လာရောက်သွားကြောင်း သက်သေပြနေသည်။ အပေါ်မှ တန်ဖိုးနည်းပုံပေါက်လှသည့် လက်ဆောင်မှာမူ စခန်းမှူးကျိုး ယူဆောင်လာခဲ့ခြင်း ဖြစ်ရမည်။
တာဝန်ကျအခန်းဘက်မှ ချန်ကျိုး၏ အော်ဟစ်သံများကို ခပ်ရေးရေး ကြားနေရသဖြင့် ချန်ကျိုးသည် ရည်မှန်းချက်မအောင်မြင်မချင်း လက်မလျှော့မည့် စိတ်ဓာတ်မျိုး အမှန်တကယ် ရှိနေပုံရသည်။
လူနှစ်ဦးသည် ဒေါက်တာအားယွမ်၏တာဝန်ကျအခန်းဆီသို့ အတူတူ ထွက်လာခဲ့ကြသည်။
စင်္ကြန်လမ်းထဲသို့ ဝင်ရောက်သွားကြသည်။
ချန်ကျိုး၏ကျောပြင်ကို တစ်ချက်မျှသာ ကြည့်လိုက်ရရုံရှိသေးသော်လည်း ထိုလူနှစ်ဦးမှာ မျက်စိတစ်မှိတ်အတွင်း လျှပ်စီးလတ် သွားသည်ဟုသာ ခံစားလိုက်ရပြီး လေလည်သံမျှပင် ထွက်မလာဘဲ ဝိညာဥ်နယ်ပယ်ထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရတော့သည်။
တစ်ယောက်ထက်တစ်ယောက် ပိုအရှက်ရစရာ ကောင်းလှချေ။
ဝိညာဥ်နယ်ပယ်အတွင်း၌မူ လော့ယွီမင်နှင့် စခန်းမှူးကျိုးတို့သည် ငြင်းခုံနေကြသည်။
"ဌာနမှူးလော့၊ ခင်ဗျားက အဆင့်ငါး ကျင့်ကြံသူတစ်ယောက်ပဲ၊ ကိုင်တွယ်ခဲ့ဖူးတဲ့ အမှုတွေကလည်း ကျွန်တော့်ထက် အများကြီး ပိုတာပဲကို၊ မြန်မြန်နည်းလမ်းတစ်ခုခု စဉ်းစားစမ်းပါဦး၊ ဘယ်လိုလုပ်ပြီး အပြင်ထွက်ရမလဲဆိုတာ"
"မင်း တိတ်တိတ်နေစမ်းပါ၊ မိန်းမကြီးတစ်ယောက်လို တတွတ်တွတ်နဲ့၊ စခန်းမှူးတစ်ယောက်ရဲ့ ပုံစံ လုံးဝမရှိဘူး၊ မိုးပြိုရင် အရပ်ရှည်တဲ့သူ ခံလိမ့်မယ်၊ ငါ့ကို လာမရှုပ်နဲ့၊ မင်းသာ မရှိရင် ငါ အပြင်ကို စောစောစီးစီး ရောက်နေလောက်ပြီ"
"ကျွန်တော် မရှိရင် ခင်ဗျားအပြင် ရောက်နေပြီ ဟုတ်လား၊ ကျွန်တော်ကရော ဒီထဲ ဝင်ချင်လို့ ဝင်လာတယ် ထင်နေလား၊ ကျွန်တော်တော့ သဘောပေါက်သွားပြီ၊ ခင်ဗျားကို မျှော်လင့်နေမယ့်အစား လီချင်ရှန်းရောက်လာပြီး ချန်ကျိုးကို ကျွန်တော်တို့ကို ဆွဲထုတ်ခိုင်းဖို့ မျှော်လင့်တာက ပိုကောင်းဦးမယ်"
"မင်း နှုတ်က ထွက်တဲ့အတိုင်း ဖြစ်ပါစေ"
၎င်းတို့နှစ်ဦး၏ နောက်ကွယ်ရှိ စင်္ကြန်လမ်းဝတွင် လီချင်ရှန်းမှာ အိုမင်းရင့်ရော်လှသော မျက်နှာကြီးဖြင့် အနေခက်နေချေသည်။
"ဌာနမှူးလော့လား၊ စခန်းမှူး ကျိုလား"
လော့ယွီမင်နှင့် စခန်းမှူးကျိုးတို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
လော့ယွီမင်သည် နှစ်စက္ကန့်ခန့် တုန့်ပြန်မှု နှေးကွေးသွားပြီးနောက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ ဘာမှ ဆက်မပြောတော့ချေ။
စခန်းမှူးကျိုးကမူ ထိုလူနှစ်ဦးကို စကားမဲ့စွာ ကြည့်ရင်း ဆိုသည်။
"ခင်ဗျားတို့လည်း ဘယ်လိုလုပ်ပြီး ဝင်လာကြတာလဲ"
ထိုအချိန်မှာပင် ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံအပြင်ဘက်သို့ လူများထပ်မံ၍ ရောက်ရှိလာကြပြန်သည်။
တိတိကျကျ ပြောရလျှင် သရဲများ ရောက်လာခြင်းဖြစ်ပြီး တစ်ကောင်တည်းလည်း မဟုတ်ချေ။
၎င်းတို့မှာ လျိုဝမ်ရှား၏တစ်ဆယ့်လေးလွှာတွင် ပိတ်လှောင်ခံထားရဖူးသည့် ဝိညာဉ်အုပ်စုပင် ဖြစ်သည်။
ထိုဝိညာဉ်များ၏စွမ်းရည်မှာ သိပ်မမြင့်လှသလို သိပ်လည်း မနိမ့်လှဘဲ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးသူငယ် အများစု ဖြစ်ကြသည်။
စိတ်ရောဂါကုဆေးရုံ၏တံတိုင်းတစ်ခုအကွာတွင် တံတိုင်းအပြင်ဘက်၌ လျှာအရှည်ကြီး ထွက်နေသော ကြိုးဆွဲချသရဲက မြင့်မားသော တံတိုင်းကို လက်ညှိုးထိုးပြလျက်ဆိုသည်။
"ဒါ ဆရာကြီးချန် နေတဲ့နေရာပဲ၊ အရပ်မျက်နှာအနှံ့မှာ အဆောင်တွေနဲ့ ကာကွယ်ထားတာမို့ လုံးဝ ဝင်လို့မရဘူး၊ ငါ အကြာကြီး စောင့်နေခဲ့တာ၊ အမှိုက်လှည်းတဲ့ အဒေါ်ကြီးတစ်ယောက်က ဒီတံတိုင်းက အဆောင်ကို ခိုးဖြုတ်သွားမှပဲ အခွင့်အရေး ရတော့တယ်၊ ဒါ ဘာကို ပြတာလဲသိလား"
အလှပြင်သရဲမက မျက်နှာကို လက်ဖြင့်အုပ်ကာ ရှက်သွေးဖြန်းလျက် ဆိုသည်။
"ဒါက ကောင်းကင်ဘုံက ငါတို့လို ချစ်သူနှစ်ဦးကို ပေါင်းစည်းပေးဖို့ ဖန်တီးပေးတာလို့ ပြတာပေါ့"
မတရားသေဆုံးခဲ့ရသော သရဲက ဆိုသည်။
"မင်းရဲ့ အချစ်ရေးအချစ်ရာတွေကို ခဏလောက်ဘေးဖယ်ထားလို့ မရဘူးလား၊ ဒါက ငါတို့ ဆရာကြီးချန်ထံ လာရောက်ခိုလှုံတာဟာ ကောင်းကင်ဘုံရဲ့အလိုတော်၊ ကောင်းကင်ဘုံက မသိမသာ စီစဉ်ပေးထားတာလို့ ပြတာ"
အလှပြင်သရဲမက တိုးတိုးလေး ရေရွတ်သည်။
"ဒါဆိုရင်လည်း ကောင်းကင်ဘုံက ငါ့ကို မောင်ကြီးကျိုးနဲ့ တွေ့ဆုံစေခဲ့တာပေါ့"
ထိုသရဲများသည် ချန်ကျိုးထံလာရောက်ခိုလှုံရန် ရွေးချယ်ခြင်းမှာလည်း အခြားနည်းလမ်းမရှိ၍ ဖြစ်သည်။
ကောင်းကင်မိစ္ဆာဂိုဏ်းမှ လူများသည် ၎င်းတို့ထွက်ပြေးသွားကြောင်း သိရှိပြီးနောက် ပြန်လည်ဖမ်းဆီးရန် နည်းလမ်းမျိုးစုံ ရှာဖွေနေကြသည့် အပြင် ၎င်းတို့၏ စွမ်းရည်က မမြင့်မားသဖြင့် ပိုမိုသန်မာသော ဝိညာဉ်အများစုက ဝိညာဉ်လောကသို့ ဝင်ရောက်နိုင်မည့် အရည်အချင်း ပြည့်မီရန်အတွက် ၎င်းတို့ကို ဝါးမြိုပစ်ချင်နေကြသည်။
လျိုဝမ်ရှား၏ ပိတ်လှောင်ခြင်းကို ခံရစဉ်က ၎င်းတို့သည် ထွက်ပြေးလွတ်မြောက်ရန်သာ စိတ်အားထက်သန်ခဲ့ကြသော်လည်း ကယ်တင်ခြင်း ခံရပြီးနောက်တွင်မူ အမျိုးမျိုးသော အန္တရာယ်များနှင့် ထပ်မံရင်ဆိုင်နေရပြန်သည်။
နေ့စဉ်ရက်ဆက် ပုန်းလျှိုးကွယ်လျှိုးနှင့် ထိတ်လန့်နေရမည့်အစား စွမ်းအားကြီးမားသော ပညာရှင်တစ်ဦးထံ ခိုလှုံကာ ခေါင်းမော့၍ သရဲလုပ်ရသည်က ပိုကောင်းမွန်ပေလိမည်။
ဝိညာဉ်များအားလုံး တိုင်ပင်ဆွေးနွေးပြီးနောက် ပညာရှင်ကို သွားရောက်ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြသည်။
ချန်ကျိုးသည် လျိုဝမ်ရှား၏နယ်မြေသို့ တစ်ကိုယ်တော် သွားရောက်ကာ ၎င်းတို့ကို ကယ်တင်ရဲသဖြင့် စွမ်းရည်မှာ အထင်သေး၍မရသည်မှာ သေချာသည်။ ထို့အပြင် ချန်ကျိုးသည် ၎င်းတို့ကို မြင်သောအခါ သာမန်လူများကဲ့သို့ သေလုမတတ် ကြောက်ရွံ့ခြင်းမရှိသလို ဝိညာဉ်ချုပ် ထိန်းရေးဌာနမှ လူများကဲ့သို့လည်း သတ်ဖြတ်ရန် မကြုံးဝါးခဲ့ချေ။ ထို့ကြောင့် ချန်ကျိုးထံ ခိုလှုံခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။
ဝိညာဉ်အုပ်စုသည် မြင့်မားသော တံတိုင်းပေါ်သို့ ပျံတက်ကာ တစ်ခုတည်းသော ပေါက်ပြဲနေသည့် နေရာမှတစ်ဆင့် ဆေးရုံအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
"အားယွမ် မျောက်ကလေး၊ တံခါးလေး ဖွင့်ပါဦး၊ ငါ မင်းအတွက် စားစရာကောင်းတာတွေ ယူလာတယ်၊ မင်း အကြိုက်ဆုံး ခရင်မ်ရေခဲမုန့်"
ဝင်လာရုံရှိသေးသော်လည်း ဝိညာဉ်အားလုံးသည် ချန်ကျိုး၏အသံကို ကြားလိုက်ရသည်။
"မောင်ကြီးကျိုးက ဟိုမှာပဲ"
အလှပြင်သရဲမသည် မျက်လုံးများ တောက်ပသွားကာ တာဝန်ကျအခန်း ရှိရာဘက်သို့ ပျံသန်းသွားတော့သည်။
အခြားဝိညာဉ်များသည်လည်း အလျင်အမြန်ပင်နောက်မှ လိုက်သွားကြသည်။
နောက်တစ်စက္ကန့်တွင် ဝိညာဉ်အုပ်စုသည်လည်း ဝိညာဥ်နယ်ပယ်အတွင်းသို့ ရောက်ရှိသွားကြတော့သည်။
ဝိညာဥ်နယ်ပယ်သည် ချက်ချင်းစည်ကားသိုက်မြိုက်သွားချေပြီ။
ရုတ်တရက် ပေါ်လာသော ဝိညာဉ်များကို ကြည့်ပြီး လော့ယွီမင်၊ စခန်းမှူးကျိုးနှင့် ချင်ရှန်းဆေးရုံအုပ်ကြီး တို့သည် ထိတ်လန့်သွားကြသည်။
စခန်းမှူးကျိုးက စိုးရိမ်တကြီးဖြင့် ဆိုသည်။
"လီချင်ရှန်း၊ မင်း ဆေးရုံတစ်ပြင်လုံးမှာ အဆောင်တွေ ချိတ်ထားတယ်ဆို၊ သူတို့က ဘယ်လိုလုပ် ဝင်လာတာလဲ"
ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်းမှာလည်း ကြောင်အမ်းအမ်း ဖြစ်နေလျက် ဆိုသည်။
"ကျွန်တော် အိမ်သာထဲမှာတောင် အဆောင်တွေ ကပ်ထားတာ၊ ဝင်လာနိုင်စရာ အကြောင်းမရှိပါဘူး"
စခန်းမှူးကျိုးက ဆိုသည်။
"မင်း စကားက လေလည်သံလိုပဲ၊ ဝင်လာနိုင်စရာ အကြောင်းမရှိဘူးဆိုရင် သူတို့က ဘယ်လိုလုပ် ရောက်နေတာလဲ"
ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်းက စကားမဲ့စွာဖြင့် ဆိုသည်။
"မင်း နည်းနည်းလောက် ယဉ်ကျေးလို့မရဘူးလား"
ကျန်းယိုယို ချောင်းတစ်ချက် ဟန့်ကာ ဆိုသည်။
"ဟွန့် ဟွန့်၊ စခန်းမှူးနဲ့ ဆေးရုံအုပ်ကြီး၊ အခုက သူတို့ ဘယ်လို ဝင်လာလဲဆိုတာကို ဆွေးနွေးရမယ့် အချိန်မဟုတ်ဘူး ထင်တယ်"
လော့ယွီမင် မျက်မှောင်ကြုတ်ကာ ဆိုသည်။
"လျိုဝမ်ရှားရဲ့ဝိညာဉ်တွေကို ဘယ်တုန်းကမှ ဖမ်းမမိခဲ့ဘူး၊ သူတို့ ဖြစ်ရမယ်၊ သတိထားကြ၊ ဒီဝိညာဉ်တွေက အနည်းဆုံးတော့ အဆင့်သုံး အငြိုးကြီးတစ္ဆေတွေပဲ"
ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်းသည် တံတွေးတစ်ချက်မြိုချလိုက်ကာ ခြေလှမ်းကို နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။ သူက သာမန်လူတစ်ယောက်သာ ဖြစ်သေးပြီး ရုပ်မြင်သံကြားထဲတွင် ပြောဖူးသည်မှာ ကျင့်ကြံသူများနှင့် ဝိညာဉ်များ တိုက်ခိုက်သည့်အခါ သာမန်လူများ၏ ပထမဆုံး ရည်မှန်းချက်မှာ မိမိကိုယ်ကိုယ် ကာကွယ်ရန် ဖြစ်သည်ဟု ဆိုသည်။
ထိုဘက်တွင်မူ။
မတရားသေဆုံးခဲ့ရသော သရဲက ဆိုသည်။
"ဟို လူဝကြီးက ဝိညာဉ်ချုပ်ထိန်းရေးဌာနရဲ့ ဌာနမှူးလော့ယွီမင်ပဲ၊ ငါတို့ကို ဖမ်းဖို့ အမိန့်ပေးခဲ့တာ သူပဲ၊ သူ့ဘေးကလူက မိစ္ဆာနှိမ်နင်းရေး ရဲစခန်းက စခန်းမှူးကျိုး၊ ဘာအရည်အချင်းမှ မရှိဘူး၊ ဘေးက မိန်းကလေးနဲ့ နောက်မှာ ပုန်းနေတဲ့ မျောက်ခြောက်ကြီးက ဘယ်သူလဲဆိုတာ ငါမသိဘူး"
ကြိုးဆွဲချသရဲက ဆိုသည်။
"ဟို မိန်းကလေးက ဆရာကြီးချန်ရဲ့ တပည့်ပဲ၊ ငါတို့က ချန်ကျိုးဆီ လာခိုလှုံတာဆိုတော့ ဆရာကြီးချန်ရဲ့ လူတွေကို ထိခိုက်လို့ မဖြစ်ဘူး၊ အခြားလူတွေကိုတော့ ကြိုက်သလို ရိုက်လို့ရတယ်"
အလှပြင်သရဲမက ဆိုသည်။
"ဆရာကြီးချန်ရဲ့ တပည့်မလေးက တော်တော်လေး ချောတာပဲ၊ သူတို့ အတူတူ ရပ်နေကြတာဆိုတော့ သူ လက်မပါဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ၊ ငါကတော့ ဆရာကြီးချန်ရဲ့ တပည့်မကို ထိန်းချုပ်ထားလိုက်မယ်"
ဝိညာဉ်အားလုံးက အလှပြင်သရဲမကို ကြည့်လိုက်ကြသည်။
မင်းက ရန်ငြိုးအဟောင်းကို အခွင့်ကောင်းယူပြီး လက်စားချေချင်နေတာ ရှင်းနေတာပဲကို မသိတဲ့လူ ရှိမှာမို့လို့လား။
နှစ်ဖက်စလုံးသည် အညံ့ခံမည့်သူများ မဟုတ်ကြသဖြင့် မိမိတို့၏ စွမ်းရည်များကို အစွမ်းကုန် ထုတ်ဖော်ကြတော့သည်။
လော့ယွီမင်သည် ဘယ်လက်ကို နောက်ပစ်ကာ ညာလက်ညှိုးနှင့် လက်ခလယ်ကို ပူးလိုက်ပြီး လက်ချောင်းထိပ်တွင် မင်ရည်တို့ကာ လေထုကို စာရွက်အဖြစ် အသုံးပြုလျက် တစ်ဆက်တည်း ဆွဲလိုက်ရာ မျက်စိတစ်မှိတ်အတွင်း အလင်းဖြူများ တောက်ပနေသော အဆောင်တစ်ခုသည် လူလေးဦး၏ရှေ့တွင် ကာဆီးသွားသည်။
စခန်းမှူးကျိုးသည်လည်း လော့ယွီမင်၏ ပုံစံအတိုင်း လိုက်လုပ်ကာ ညာလက်ညှိုးနှင့် လက်ခလယ်ကို ပူးပြီး လက်ချောင်းထိပ်တွင် မင်ရည်တို့ကာ လေထုကို စာရွက်အဖြစ် အသုံးပြုသော်လည်း အနည်းငယ် ကွဲပြားသည်မှာ စခန်းမှူးကျိုး၏ အဆောင်ဆွဲသည့် အဆင့်ဆင့်မှာ ပြန်ပြင်ရသည်က များလွန်းသဖြင့် ချန်ကျိုး၏ မင်ကုန်နေသော ဖောင်တိန်နှင့် တူလှပြီး ဆွဲထားသော အဆောင်မှာလည်း အလွန် ညံ့ဖျင်းလွန်းလှသည်။
ကျန်းယိုယိုသည် ရန်သူကို ရင်ဆိုင်ရန် ဘေးစောင်းရပ်လိုက်ပြီး ဘယ်လက်ကို ဆန့်ထုတ်ကာ လက်ဖမိုးကို အပေါ်သို့ မြှောက်လျက် လက်သီးဆုပ်ဟန် ပြုလုပ်ပြီး လက်ကို ဖြန့်လိုက်ရာ ကြိုးနီတစ်ချောင်းက လက်ခလယ်တွင် ချိတ်ဆက်နေပြီး ဝိညာဉ်တစ်ရာ ခေါင်းလောင်းက တွဲလောင်းကျလာကာ “ကလောင်” ဟူသော အသံတစ်ချက် မြည်ဟည်းသွားသည်။
မျက်နှာချင်းဆိုင်ရှိ အလှပြင်သရဲမသည်လည်း ပိတ်ဂါဝန် ဝေ့ဝဲသွားကာ ခါးကို လှည့်လျက် လက်အင်္ကျီမှ အဝတ်စဖြူနှစ်ထည်မှာ လေမတိုက်ဘဲ လွင့်မျောလာပြီး လူလေးဦးထံသို့ ဦးတည်သွားသည်။ ကြည့်ရသည်မှာ နူးညံ့သိမ်မွေ့ပြီး ချစ်ခင်မြတ်နိုးဖွယ် ကောင်းလှသော်လည်း အမှန်စင်စစ်တွင်မူ အသက်ကို နုတ်ယူမည့် ပိုးကြိုးများ ဖြစ်ကြသည်။
ထိုကြိုးဆွဲချသရဲမှာလည်း လျှာမှာ မီတာအတော်ကြာ ရှည်ထွက်လာပြီး ကြိုးတစ်ချောင်းကဲ့သို့ လူလေးဦးကို အရှင်လတ်လတ် လည်ပင်းညှစ်သတ်ရန် ပြင်ဆင်နေသည်။
မတရားသေဆုံးခဲ့ရသော သရဲ၏ ခြေဖဝါးအောက်မှလည်း အမဲရောင် ဝိညာဉ်စွမ်းအင် အမြောက်အမြား ထွက်ပေါ်လာပြီး မြေပြင်မှတစ်ဆင့် လူလေးဦးထံသို့ ထွက်သွားရာ အပေါင်းအဖော်များ၏ တိုက်ခိုက်မှုအားလုံးကို အမြင့်ဆုံးအဆင့်အထိ ရောက်ရှိစေရန် သေချာစေသည်။
နှစ်ဖက်စလုံး၏ တိုက်ခိုက်ရန် ပြင်ဆင်မှု ပုံစံမှာ အလွန်ပင် ခန့်ညားလှသော်လည်း တိုက်ခိုက်သည့် အခင်းအကျင်းမှာမူ ကြည့်ရသည်မှာ သိပ်တော့ ယဉ်ကျေးမှု မရှိလှချေ။
မင်းက ငါ့လည်ပင်းကို ရစ်ပတ်ရင် ငါက မင်းလျှာကို မီးနဲ့ရှို့မည်။
မင်းက ငါ့နှလုံးသားကို နှိုက်ရင် ငါက မင်းလက်ညှိုးကို ချိုးမည်။
မင်းက ဝိညာဉ်တစ်ရာ ခေါင်းလောင်းနဲ့ ငါ့ကို နှိမ်နင်းရင် ငါက အဝတ်စနဲ့ မင်းခေါင်းလောင်းကို ပတ်မည်။
မင်းက အဆင့်ငါး ဖြစ်နေရင်ရော ဘာဖြစ်လဲ၊ ငါတို့ အဆင့်လေး ငါးကောင်က မင်းတစ်ကောင်တည်းကို ဝိုင်းရိုက်မှာပဲ။
နှစ်ဖက်စလုံး၏ တိုက်ခိုက်မှု အဓိကရည်ရွယ်ချက်မှာ မိမိတွင် အသာစီးမရခဲ့လျှင်ပင် ရန်သူ့ထံမှလည်း နာကျင်မှု တစ်စွန်းတစ်စမျှ အပိုမခံနိုင်ခြင်း ဖြစ်သည်။
ချန်ကျိုး၏ နယ်မြေဖြစ်သဖြင့် မည်သူမျှ အသေအလဲ မတိုက်ရဲကြချေ။ နှစ်ဖက်စလုံး၏ နောက်ဆုံးစည်းမှာ လူအသက်မသေစေရန်နှင့် ဝိညာဉ်လွင့်စင် မသွားစေရန် ဖြစ်ပြီး အခြားလက်ကျိုးခြေကျိုး ဖြစ်သည်များကိုမူ မိမိတို့ ကံကြမ္မာအတိုင်းသာ စောင့်ကြည့်ရပေလိမ့်မည်။
တာဝန်ကျအခန်းအတွင်း၌မူ
ဒေါက်တာအားယွမ်သည် ချန်ကျိုး၏ နည်းလမ်းအမျိုးမျိုးဖြင့် လှည့်စားနေသော စကားများကို နားထောင်ရင်း လက်ထဲတွင် ဖုန်းဖြင့် ဂိမ်းကစားနေသည်။ ဖုန်းဘက်ထရီကုန်သွားသောအခါ အလွန် တည်ငြိမ်စွာဖြင့် ထိုင်ရာမှထကာ အားသွင်းကြိုးကို ယူ၍ အားသွင်းလိုက်သည်။
ဒေါက်တာအားယွမ်၏ကြောက်ရွံ့မှုကို ဖြေဖျောက်နိုင်စွမ်းအား ချီးကျူးရမည် ဖြစ်သည်။ စတင်ချိန်က ကျောပြင်တွင် ချွေးများထွက် သည်အထိ ထိတ်လန့်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် ချန်ကျိုး၏မရပ်မနား စကားပြောသံများကို နားထောင်ရင်း ကြောက်စိတ်ပင် မရှိတော့ဘဲ သာမန်ရက်များ၏သာမန်ကိစ္စတစ်ခုကဲ့သို့ ဖြစ်သွားတော့သည်။
အားသွင်းထားသော ဒေါက်တာအားယွမ်သည် အချိန်ကို ကြည့်လိုက်ပြီး စခန်းမှူးကျိုးလည်း ရောက်သင့်နေပြီဟု တွေးမိသည်။
ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်းထံသို့ ဖုန်းခေါ်ဆို၍မေးမြန်းရန် ပြင်လိုက်သည်။
ဖုန်းခေါ်ဆိုပြီး နားတွင် ကပ်ထားလိုက်သည်။
"လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါသည်၊ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ......"
"စက်ပိတ်ထားတာလား"
ဒေါက်တာအားယွမ်မှာ ကြောင်အမ်းသွားပြီး စဉ်းစားကြည့်ရာ ချင်ရှန်းဆေးရုံအုပ်ကြီး သည် သတ္တိနည်းသဖြင့် သူ့ကို လာရောက်ကယ် တင်ရဲမည် မဟုတ်ချေ။ စခန်းမှူးကျိုးမှာမူ မည်သည့်ကိစ္စဖြင့် အလုပ်ရှုပ်နေ၍ ရောက်မလာသေးသည်ကို မသိရတော့ချေ။