← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

Chapter 72

တံခါးပြင်ပရှိ ချန်ကျိုးသည် တံခါးတွင် နားကပ်လျက် ကြမ်းပြင်ပေါ်၌ ထိုင်နေသော်လည်း အတွင်းမှ မည်သည့်အသံမျှ မကြားရချေ။

သူ အသုံးပြုနိုင်သည့် နည်းဗျူဟာအားလုံးကို အသုံးချခဲ့သော်လည်း အားယွမ်မျောက်မှာ မည်သို့မျှ အလှည့်စားမခံရသဖြင့် ချန်ကျိုးသည် စကားပြောလွန်း၍ နှုတ်ခမ်းများ ခြောက်သွေ့လာကာ ကျန်ရှိနေသော စိတ်ရှည်မှု အနည်းငယ်မှာလည်း ကုန်ဆုံးသွားရုံမျှမက ဖြစ်ချေပြီ။

"ကြည့်ရတာ ငါတို့ရဲ့ အစီအစဉ်ကို တစ်ယောက်ယောက်က ချောင်းမြောင်းကြည့်ရှုနေခဲ့ပုံရတယ်၊ အားယွမ်မျောက်က သတင်းရရှိသွားလို့ ကြိုတင်ကာကွယ်ထားတာပဲ ဖြစ်ရမယ်၊ ငါတို့ လောလောဆယ် ဆုတ်ခွာကြစို့၊ နောက်တစ်နေ့ အားယွမ်မျောက်ကလေး ပေါ့ဆသွားတဲ့အချိန်ကျမှ ပြန်တိုက်ခိုက်ကြမယ်"

ချန်ကျိုးသည် ညာလက်ကို နားရွက်နားသို့ ဆန့်ထုတ်ကာ ဆုတ်ခွာရန် အချက်ပြသည့်အနေဖြင့် နောက်သို့ လက်ဝှေ့ယမ်းပြလိုက်သည်။

မြွေပါငယ်က ရှေ့မှဦးဆောင်ပြီး ချန်ကျိုးက နောက်မှ ကာကွယ်လျက် ကိုယ်ကို ကိုင်းညွတ်ကာ ဆုတ်ခွာခဲ့ကြသည်။

အခန်းငယ်၏ ပြင်ပတွင် ချန်ကျိုးနှင့် အပေါင်းအဖော်များသည် လက်ဆောင်ဗူးများကို ဝိုင်းရံလျက် စက်ဝန်းဝက်ပုံစံ ရပ်လိုက်ကြရာ စခန်းမှူးကျိုး ပို့ထားသော လက်ဆောင်အိတ်ကြီးမှာ အကျယ်ကြီး ပွင့်ဟနေချေသည်။

ဝါးဟားဟား၊ ဂျယ်လီ၊ အာလူးကြော်၊ ချောကလက်၊ မုန့်ကြွပ်၊ အမဲသားခြောက်၊ ထန်စန်းမုန့် အားလုံးမှာ ချန်ကျိုး အကြိုက်ဆုံး မုန့်ပဲသရေစာများ ဖြစ်ကြသည်။

ချန်ကျိုးသည် ဝါးဟားဟားတစ်ဘူးကို ဖောက်လိုက်ပြီး စုပ်တံကို စိုက်လိုက်သည်။

နဂါးရေစုပ်သကဲ့သို့ ပြင်းထန်စွာ စုပ်ယူလိုက်သည်။

မြိန်ယှက်စွာ စားသောက်နေချေသည်။

စတော်ဘယ်ရီအရသာ ဖြစ်သဖြင့် မဆိုးလှချေ။

မြွေပါငယ်က အချိန်အခါမဟုတ်ဘဲ ဆိုသည်။

"ဒီပစ္စည်းတွေကို ကောင်းကင်မိစ္ဆာဂိုဏ်းက လူတွေ ပို့ထားတာ မဟုတ်နိုင်ဘူးလား၊ အဆိပ်တွေ ဘာတွေ ပါမနေဘူးလား"

ချန်ကျိုး၏ ပါးစပ်အတွင်းရှိ ဝါးဟားဟားမှာ ချက်ချင်းပင် အရသာ ပျက်ပယ်သွားရချေသည်။

လေလွင့်ဝိညာဥ်လေးက ချန်ကျိုးကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်ကာ ဆိုသည်။

"ချန်ကျိုးက အဆိပ်ခတ်ထားတဲ့ ဆီးသီးယိုတောင် စားဖူးတာပဲ၊ ဘယ်လိုအဆိပ်က ချန်ကျိုးကို အသေ အဆိပ်ခတ်နိုင်မှာလဲ၊ အထူးအဆန်းလုပ်လို့"

မြွေပါငယ်က ဆိုသည်။

"အကြောင်းရင်းမရှိဘဲ ရောက်လာတဲ့ ပစ္စည်းတွေမို့ ငါတော့ မစားတာ ပိုကောင်းမယ် ထင်တယ်"

လေလွင့်ဝိညာဥ်လေးနှင့် မြွေပါငယ်တို့၏ အကြည့်များသည် ချန်ကျိုးထံသို့ ကျရောက်သွားကြသည်။

ချန်ကျိုးသည် စုပ်တံကို စုပ်ရင်း မျက်လုံးများကို ကြောင်တောင်တောင်ဖြင့် ပုတ်ခတ်ပုတ်ခတ် လုပ်နေချေသည်။

မြွေပါငယ် ပြောသည်မှာလည်း အဓိပ္ပာယ်မရှိသည်တော့ မဟုတ်ချေ။

သို့သော်လည်း ရှေ့မှောက်ရှိ မုန့်ပဲသရေစာများကို မြင်သောအခါ သူ စားချင်နေမိသည်။

အဆိပ်ရှိသည်။

အဆိပ်မရှိ။

စိတ်ထဲရှိ အလေးသာမှုသည် သွားရည်ကျခြင်းဘက်သို့ ယိုင်လဲသွားကာ အဆိပ်မရှိဟု ဆုံးဖြတ်လိုက်ချေသည်။

ချန်ကျိုးသည် လက်ကို မြှောက်ကာ မြွေပါငယ်၏ ခေါင်းကို တစ်ချက် ပုတ်လိုက်ပြီး ဆိုသည်။

"ကြောင်ဆိုတော့ သတ္တိလည်း နည်းတာပဲ၊ အထူးအဆန်းလုပ်လို့၊ ငါလို ပညာရှင်က အဆိပ်ရှိမရှိတောင် မခွဲခြားနိုင်ဘူး ထင်နေလား"

ချန်ကျိုးသည် လည်ပင်းကို မော့ကာ အခန်းငယ်အတွင်းသို့ ဝင်သွားတော့သည်။

လေလွင့်ဝိညာဥ်လေးက မြွေပါငယ်ကို နှာခေါင်းရှုံ့ကာ ဆိုသည်။

"ဒါပေါ့၊ ကြောင်ဆိုတော့ သတ္တိလည်း နည်းတာပဲ"

သူမသည် မုန့်အိတ်ကြီးကို မလျက် ချန်ကျိုး၏ နောက်မှ အခန်းထဲသို့ လိုက်ဝင်သွားချေသည်။

သရဲမလေး အားယန်က မြွေပါငယ်ကို သနားဂရုဏာသက်စွာ တစ်ချက် ကြည့်လိုက်ပြီး လက်ဆောင်အိတ်ကြီးနှစ်အိတ်ကို သယ်ဆောင်ကာ အခန်းထဲသို့ ပျံသန်းဝင်ရောက်သွားသည်။

နှစ်တစ်ထောင် ကျားဝိညာဉ်ကလည်း ကျန်ရှိနေသော မုန့်အိတ်ကို ကိုက်ချီကာ နောက်မှ ထပ်ကြပ်မကွာ လိုက်သွားချေသည်။

မြွေပါငယ်သည် ၎င်းတို့၏ ကျောပြင်ကို ကြည့်ကာ စိတ်မကောင်း ဖြစ်နေမိသည်။ ၎င်းမှာ အမှန်တကယ်ပင် အရင်းအမြစ်မသိရသော ပစ္စည်းများ ဖြစ်ပါသည်။ သူ ဘယ်နေရာမှာ မှားပြောမိလို့လဲ။ ချန်ကျိုးက အစားမက်လွန်းလှသည်။ အနှေးနဲ့အမြန် အစားကြောင့် သေရလိမ့်မည်။

မြွေပါငယ်သည် စိတ်ဆိုးမာန်ဆိုးဖြင့် အခန်းထဲသို့ ပြေးဝင်ကာ တံခါးကို ပိတ်လိုက်တော့သည်။

မိနစ်အနည်းငယ်အတွင်း အခန်းထဲ၌ ချန်ကျိုး၏ မြူးထူးလှသော ရယ်မောသံများ ပဲ့တင်ထပ်နေချေသည်။

"ဒီကမ္ဘာကြီးကို ငါက ကာကွယ် စောင့်ရှောက်မယ်၊ သေပေတော့ ဂျက်တွန်၊ ဗျူးဗျူးဗျူးဗျူး"

ချန်ကျိုးသည် အော်လ်ထရာမန်း၏ ဂန္ထဝင်မြောက် ကိုယ်ဟန်အမူအရာကို ပြုလုပ်လိုက်သည်။

ဂျက်တွန်အဖြစ် သရုပ်ဆောင်ရသော လေလွင့်ဝိညာဥ်လေးသည်ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရဟန် ပြုလုပ်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားလျက် ရုန်းကန်ရင်း ငြိမ်သက်သွားချေသည်။

"ဘာလ်တန် ဂြိုဟ်သား၊ ဒီကမ္ဘာကြီးက ဒီလိုနဲ့ ပျက်စီးသွားမှာ မဟုတ်ဘူး၊ အော်လ်ထရာမန်းက ကာကွယ် စောင့်ရှောက်မယ်"

ချန်ကျိုးသည် လက်များကို ရမ်းခါလျက် မြွေပါငယ်ထံသို့ ပြေးသွားတော့သည်။

မြွေပါငယ်သည် အလျင်အမြန် ရှောင်တိမ်းလိုက်ရပြီး စိတ်ထဲတွင်လည်း စိတ်ပျက်အားလျော့နေမိသည်။ ဘာကြောင့် လေလွင့်ဝိညာဥ်လေးကိုကျတော့ အဝေးကနေ တိုက်ခိုက်ပြီး သူ့ကျမှ ကိုယ်ထိလက်ရောက် လာရောက်လုံးထွေးရတာလဲ။

ချန်ကျိုးသည် နှစ်နာရီကျော်မျှ ကစားခဲ့ပြီး ဝိညာဥ်နယ်ပယ်အတွင်း၌လည်း နှစ်နာရီကျော်မျှ တိုက်ခိုက်ခဲ့ကြသည်။ လူများမှာ နှာခေါင်းသွေးထွက် အဆစ်ပြုတ်ကာ အင်အားကုန်ခမ်းသွားကြပြီး သရဲများမှာလည်း အနာတရဖြစ်လျက် ကိုယ်တွင်းရှိ မိစ္ဆာစွမ်းအင်များ ကုန်ဆုံးသွားကြချေသည်။

နှစ်ဖက်စလုံးသည် တိုက်ပွဲကို ခေတ္တရပ်နားကာ စင်္ကြန်လမ်း၏ တစ်ဖက်တစ်ချက်စီကို မိမိတို့၏ နယ်မြေအဖြစ် သတ်မှတ်လိုက်ကြရသည်။

လော့ယွီမင်သည် ဆောင့်ဆွဲခြင်းခံလိုက်ရသဖြင့် ပြောင်သလင်းခါနေသော နောက်စေ့ကို အုပ်ကိုင်ရင်း မေးမြန်းလိုက်သည်။

"မင်းတို့က ဝိညာဉ်ချုပ်ထိန်းရေးဌာနအပေါ် ဒီလောက်တောင် ရန်ငြိုးကြီးနေတာလား၊ သရဲငါးကောင်က ငါ တစ်ယောက်တည်းကို ဝိုင်းရိုက်ရတယ်လို့"

မျက်နှာချင်းဆိုင်ရှိ ကြိုးဆွဲချသရဲသည် ပြတ်တောက်သွားသော လျှာတစ်ပိုင်းကို လက်ဖြင့် ကိုင်ထားလျက် ဆိုသည်။

"မင်းတို့ကရော ငါတို့ သရဲတွေအပေါ် ဒီလောက်တောင် အမုန်းကြီးနေတာလား၊ ငါတို့ကိုပဲ မရရအောင် လိုက်ဖမ်းနေရတယ်လို့"

နှစ်ဖက်စလုံးသည် ငြင်းခုံ၍ မပြီးနိုင်ကြသဖြင့် စခန်းမှူးကျိုးအတွက် ဖျန်ဖြေပေးရမည့် အချိန်သို့ ရောက်ရှိလာချေပြီ။

"ကဲ ကဲ ကဲ၊ မငြင်းကြနဲ့တော့၊ ငါ မျှတတဲ့ စကားတစ်ခွန်းပြောမယ်၊ ငါတို့ နှစ်ဖက်စလုံးက သူငယ်ချင်းလို့ မဆိုသာပေမဲ့ ရန်သူလို့လည်း မသတ်မှတ်သင့်ဘူး မဟုတ်လား၊ ငါတို့အားလုံးမှာ တူညီတဲ့ ရန်သူတစ်ယောက်ရှိနေတယ်ဆိုတာ မမေ့ကြနဲ့၊ အဲဒါက ကောင်းကင်မိစ္ဆာဂိုဏ်းပဲ၊ ချန်ကျိုးပြောဖူးတဲ့ စကားတစ်ခွန်း ရှိတယ် မဟုတ်လား၊ ရန်သူ့ရဲ့ ရန်သူက မိတ်ဆွေပဲတဲ့၊ မင်းတို့ကော ဘယ်လိုထင်လဲ"

နှစ်ဖက်စလုံးက မည်သည့်အသံမျှ မထွက်ကြချေ။

စခန်းမှူးကျိုးသည် လော့ယွီမင်၏ ရှေ့သို့ မတ်မတ်ရပ်လိုက်ပြီး ဆိုသည်။

"ငါ့သဘောကတော့ ငါတို့ လောလောဆယ် တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ အာဃာတတွေကို ဘေးဖယ်ထားပြီး ကောင်းကင်မိစ္ဆာဂိုဏ်းကို ရင်ဆိုင်ဖို့ လက်တွဲကြမယ်၊ ငါ ဒီလိုပြောတာကို ကန့်ကွက်မယ့်သူ မရှိဘူး မဟုတ်လား၊ အားလုံး တိုင်ပင်ကြည့်ကြပါဦး"

စခန်းမှူးကျိုး အလျှော့ပေးချင်၍ မဟုတ်ဘဲ မိမိတို့ဘက်က အသာစီးမရသောကြောင့် ဖြစ်ချေသည်။ ဘာအသုံးမှမကျသော ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်းမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုမျှသာ ဖြစ်ပြီး ကျန်းယိုယိုမှာလည်း ကျင့်ကြံသူ ဖြစ်လာခါစသာ ရှိသေးသဖြင့် ယခုကဲ့သို့ စွမ်းရည်ရှိခြင်းမှာ အလွန်ပင် မလွယ်ကူလှချေ။

ထို့ပြင် အဆင့်ငါး ကျင့်ကြံသူဖြစ်သော လော့ယွီမင်မှာလည်း ဘာကောင်မှန်း မသိရဘဲ အဆင့်နှစ်ဖြစ်သော မိမိနှင့် ဘာမှမထူးခြားလှချေ။ အဆင့်လေး အငြိုးကြီးတစ္ဆေငါးကောင်ကိုပင် မနိုင်ဘဲ ရှိနေရသည်။ မိမိကမူ အဆင့်သုံးနီးပါး ရှိသော ဝိညာဉ်တစ်ကောင်ကို အချိန်ဆွဲထားနိုင်ခဲ့သေးသည်။

စခန်းမှူးကျိုးသည် ဝက်ပေါ်တွင် နားနေသော ကျီးကန်းကဲ့သို့ အခြားသူများ၏ အမည်းရောင်ကိုသာ မြင်ပြီး မိမိ၏ အမည်းရောင်ကိုမူ မမြင်နိုင်သည့် ပုံစံမျိုး ဖြစ်ချေသည်။

စခန်းမှူးကျိုးသည် တံတောင်ဆစ်ဖြင့် လော့ယွီမင်ကို တွန်းလိုက်ရာ လော့ယွီမင်သည် မလိုလားအပ်ဘဲ “အင်း” ဟု တစ်ချက် ညည်းတွားလိုက်သည်။

မျက်နှာချင်းဆိုင်ရှိ ဝိညာဉ်များ တိုင်ပင်ဆွေးနွေးပြီးနောက် ကြိုးဆွဲချသရဲက ရှေ့ထွက်၍ ဆိုသည်။

"ငါတို့ တိုင်ပင်ပြီးကြပြီ၊ ဆရာကြီးချန်က ငါတို့ကို ဒီနေရာမှာ စုစည်းပေးထားတာဟာ အကြောင်းမဲ့တော့ မဟုတ်ဘဲ တစ်စုံတစ်ခုကို ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားတာပဲ ဖြစ်ရမယ်၊ မင်း ပြောသလိုပဲ ငါတို့ အစစ်အမှန် ရန်သူကို ရင်ဆိုင်ဖို့ စည်းလုံးရမှာ ဖြစ်နိုင်တယ်"

အခြေအနေကြီးတစ်ခုလုံးတွင် လူနှင့် သရဲတို့သည် နားလည်သဘောပေါက်ကြသော်လည်း အခြေအနေအသေးအဖွဲတွင်မူ မတူညီကြချေ။

အလှပြင်သရဲမသည် ကျန်းယိုယိုကို မထီမဲ့မြင် ပြုလျက် ကြည့်ရှုကာ ဆိုသည်။

"မင်းက မောင်ကြီးရဲ့တပည့်ဖြစ်နေလို့သာ မဟုတ်ရင် စောစောကတည်းက သေနေပြီဆိုတာ သိရဲ့လား၊ လိမ်လိမ်မာမာနဲ့ ဆရာကတော်လို့ ခေါ်စမ်းပါဦး"

"ဝေါ့...... ပါးစပ်ဖွင့်လိုက်တာနဲ့ ငါ့ဆရာ့ကို မောင်ကြီးလို့ ခေါ်နေတယ်၊ ငါ့ဆရာက သိလို့လား၊ ဆရာကတော် ဟုတ်လား၊ နင်က ငါ့ဆရာ့ကို ဖိနပ်သုတ်ပေးဖို့တောင် မတန်ဘူး"

ထိုအမျိုးသမီးနှစ်ဦးမှာ ရန်ပွဲဖြစ်ပွားနေသော မိန်းမကြမ်းကြီးများကဲ့သို့ပင် ဆံပင်များကို အချင်းချင်း ဆောင့်ဆွဲထားကြသဖြင့် ရှုပ်ပွနေကြပြီး နှုတ်မှလည်း အရှုံးမပေးဘဲ ဆဲဆိုနေကြဆဲ ဖြစ်ချေသည်။

နှစ်ဖက်စလုံးမှ လူနှင့် သရဲတို့သည် ငြိမ်းချမ်းရေးယူရန် ရွေးချယ်လိုက်ကြသည်။

မိန်းမများမှာ အမှန်တကယ်ပင် အရှုပ်အထွေးများလှသည်။ ယခုကဲ့သို့ သဝန်တိုပြီး ငြင်းခုံနေသည့် ကိစ္စကို ချန်ကျိုးထံသို့သာ လွှဲပြောင်းပေး၍ ဖြေရှင်းခိုင်းလိုက်ရုံသာ ရှိချေသည်။

သို့သော်လည်း ထိုအမျိုးသမီးနှစ်ဦးသည် ချန်ကျိုး၏ ရှေ့မှောက်တွင် ယခုကဲ့သို့ မိန်းမကြမ်းများကဲ့သို့ ဆဲဆိုရဲပါဦးမလားဆိုသည်ကိုမူ မသိရချေ။

နံနက်အစောပိုင်း နှစ်နာရီကျော်တွင် ချန်ကျိုးသည် ဆော့ကစား၍ မောပန်းသွားသဖြင့် ကုတင်ပေါ်တွင် ပက်လက်လှန်လျက် နှစ်ခြိုက်စွာ အိပ်ပျော်သွားကာ အခန်းငယ်အတွင်း၌ ဟောက်သံများ တစီစီထွက်ပေါ်နေချေသည်။

လေလွင့်ဝိညာဥ်လေးသည် ချန်ကျိုး၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်မဝင်ချင်သေးသဖြင့် ကျားကြီးနှင့်အတူ ခြံဝင်းအတွင်း၌ ပျော်ရွှင်စွာ ဆော့ကစားနေပြီး သရဲမလေး အားယန်ကမူ ရှုပ်ပွနေသော အခန်းကို ရှင်းလင်းပေးနေချေသည်။

တံခါးစောင့်အခန်းမှ လုံခြုံရေးဝန်ထမ်းများသည် ထိတ်လန့်နေမိသလို အားကျနေမိကြသည်။

"ဒီသရဲက ကြည့်ရတာ ကြောက်စရာမကောင်းပါဘူး၊ ဟိုကျားကြီးကို ကြည့်ဦး၊ ကြောင်တစ်ကောင်လို ယဉ်ပါးနေတာပဲ၊ ဒီသရဲမလေးကလည်း လူသတ်မှု ဖြစ်ပွားခဲ့ဖူးတယ်လို့ ကြားပေမဲ့ အခုကြည့်တော့ သာမန်ကလေးတစ်ယောက်နဲ့ ဘာမှမထူးခြားပါဘူး"

"ပြတင်းပေါက် သုတ်နေတဲ့ သရဲမကို ကြည့်ဦး၊ ရေချိုးခန်းကနေ လေးငါးခေါက်မက သွားလာနေတာ၊ တော်တော်လေး ဝီရိယရှိတာပဲ၊ ကံဆိုးတာက စောစောစီးစီး သေဆုံးသွားခဲ့ရတာပဲ၊ ငါ့မိန်းမသာ ဒီတစ်ဝက်လောက်ကောင်းပေးရင် ငါ အိပ်ပျော်နေရင်းတောင် ရယ်မိမှာပဲ"

"နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ပြီး သူတို့နဲ့ ကောင်းကောင်းမွန်မွန် နေထိုင်သွားရင် အကျိုးကျေးဇူးပဲ ရှိလိမ့်မယ်၊ ဆိုးကျိုးမရှိနိုင်ဘူး၊ အရေးကြီးတဲ့ အချိန်ကျရင် ငါတို့အသက်ကိုတောင် ကယ်တင်ပေးနိုင်ဦးမှာ"

"ဒီနည်းလမ်းကတော့ တကယ့်ကို အဆင်ပြေတာပဲ"

နွေရာသီ၏ ညသည် တိုတောင်းလှသည်။ နံနက် လေးနာရီပင် မပြည့်သေးမီ ကောင်းကင်ယံသည် ဖြူလွှလွှ သန်းလာချေပြီ။ လေလွင့်ဝိညာဥ်လေးသည် ကျားကြီးနှင့် သရဲမလေး အားယန်ကို နှုတ်ဆက်လိုက်ရာ ကျားကြီးနှင့် အားယန်တို့သည် ချန်ကျိုး၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြပြီး လေလွင့်ဝိညာဥ်လေးသည်လည်း ဝိညာဥ်နယ်ပယ်ကို ပြန်လည်မရုပ်သိမ်းရသေးကြောင်း သတိရသွားချေသည်။

ဝိညာဥ်နယ်ပယ်ရှိရာ အဆောက်အအုံထံသို့ ပျံသန်းသွားကာ တေးဂီတသေတ္တာကို လှည့်လိုက်သည်။

ဝိညာဥ်နယ်ပယ် ကွယ်ပျောက်သွားချေပြီ။

စင်္ကြန်လမ်းပေါ်တွင် လူနှင့် သရဲတို့၏ ရှုပ်ပွနေသော အခြေအနေသည် ရုတ်တရက် ပေါ်ထွက်လာတော့သည်။

လေလွင့်ဝိညာဥ်လေးသည် အရာအားလုံးကို နားမလည်နိုင်စွာဖြင့် ကြည့်နေမိသည်။

“ဘာဖြစ်လို့လဲ၊ သူတို့က ဘာဖြစ်လို့ ရုတ်တရက်ကြီး ပေါ်လာရတာလဲ”

All Chapters