အခန်း ၇၄
Vol. 8 Ch. 74
Chapter 74
“ကျွတ်...ကျွတ်၊ အရေပြားတွေတောင် လိပ်တက်နေတာပဲ၊ ဒဏ်ရာက တကယ်ကို မသေးဘူးပဲ”
ချန်ကျိုးသည် အဖိုးတန်ပစ္စည်းတစ်ခုကဲ့သို့ လိပ်သွေးရည်ပုလင်းကို ထုတ်ယူကာ ပုလင်းအဖုံးကို ဖွင့်ပြီး လော့ယွီမင်၏ ဆန်ပြုတ်ပန်းကန်ထဲသို့ အနည်းငယ် ငှဲ့ထည့်ပေးလိုက်သည်။
လော့ယွီမင်၏ စိတ်ထဲတွင်မူ “ဒါ သူတို့ပြောနေကြတဲ့ နတ်ဆေးရည်ပဲ ဖြစ်ရမယ်၊ ပိုပြီး ထည့်ပေးပါဦး” ဟု တွေးနေမိသည်။
စခန်းမှူးကျိုး၏စိတ်ထဲတွင်မူ “တော်ပြီ တော်ပြီ၊ ကျွန်တော်တို့ အတွက်လည်း ချန်ထားပေးပါဦး” ဟု တွေးနေမိသည်။
ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်း၏ စိတ်ထဲတွင်မူ “ငါသာ ဒါကို သောက်လိုက်ရင် ကျင့်ကြံသူတစ်ယောက် ဖြစ်သွားနိုင်မလား၊ ရှေးလူတွေ ပြောဖူးတာ ရှိတယ် မဟုတ်လား၊ ဘေးဆိုးကနေ လွတ်မြောက်ပြီးရင် နောင်တစ်ချိန်မှာ ကံကောင်းခြင်းတွေ ရောက်လာတတ်တယ်တဲ့၊ ဒါဟာ ကံကောင်းခြင်းပဲ ဖြစ်ရမယ်” ဟု တွေးနေမိသည်။
စခန်းမှူးကျိုးနှင့် ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်းတို့ကို ကျော်ဖြတ်ကာ ချန်ကျိုးသည် လိမ္မာသော တပည့်မလေး၏ ဘေးသို့ လျှောက်သွားသည်။ ဖြူဝင်းသော ပါးပြင်ပေါ်တွင် ထင်ထင်ရှားရှား ပေါ်နေသော ကုတ်ခြစ်ရာကို ကြည့်ပြီး အရေပြားပင် လန်ထွက်နေသဖြင့် ကျန်းယိုယိုလေး ခမျာ အလွန်နာကျင်နေရမည်မှာ သေချာသည်။ အမာရွတ်များပင် ကျန်ရစ်ခဲ့မလား မသိချေ။
တကယ့်ကို သနားစရာ ကောင်းလှချေသည်။
“ဆရာက မင်းအတွက် အခုပဲ ကုသပေးမယ်”
ချန်ကျိုးသည် ကျန်းယိုယိုအပေါ်တွင်တော့ အလွန်ပင်ရက်ရောလှသည်။ လိပ်သွေးရည်ပုလင်းကို ဇောက်ထိုးမှောက်ကာ ကျန်းယိုယို၏ ဆန်ပြုတ်ပန်းကန်ထဲသို့ ပုလင်းတစ်ဝက်မက လောင်းထည့်ပေးလိုက်ရာ ပန်းကန်လုံးအပြည့် ဖြစ်သွားတော့သည်။
စခန်းမှူးကျိုးမှာ နှမြောလွန်းသဖြင့် မျက်ရည်များပင် ဝဲလာကာ “ရဲဘော်ရဲဘက်ကောင်းကြီး မင်းရဲ့ လုပ်ဖော်ကိုင်ဖက်အတွက်တော့ ချန်ထားပေးပါဦးနော်” ဟု စိတ်ထဲမှ တောင့်တနေမိသည်။
ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်းကမူ “ငါတို့အပေါ်ကျတော့ ခွဲခြားဆက်ဆံလွန်းတာပဲ”ဟု တွေးနေမိသည်။
ကျန်းယိုယို၏ဆန်ပြုတ်ပန်းကန်မှာ လျံကျလုနီးပါး ဖြစ်နေသဖြင့် ချန်ကျိုးသည် ပုလင်းဝကို အမြန်ပြန်ပိတ်ကာ ကျန်ရှိနေသော လိပ်သွေးရည်များကို စခန်းမှူးကျိုးနှင့် ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်းတို့ထံသို့ မျှမျှတတ ခွဲဝေပေးလိုက်သည်။
လိပ်သွေးရည်များ ထည့်ပေးပြီးနောက် ချန်ကျိုးသည် ကုတင်ခင်းကို ခြုံကာ ဝန်ထမ်းထမင်းစားဆောင် ပြင်ပသို့ ထွက်ခွာသွားပြီး ထမင်းစားဆောင်တံခါးဝတွင် တိုးတိုးတိတ်တိတ် ချောင်းမြောင်းကြည့်ရှု နေသည်။
လော့ယွီမင်သည် မစောင့်ဆိုင်းနိုင်တော့ဘဲ ပန်းကန်ကို မကာ ဆန်ပြုတ်နှင့် ရောနှောနေသော နတ်ဆေးရည်ကို တစ်ငုံ အမြန်စုပ်သောက်လိုက်သည်။
အေးမြလှသော အရည်များသည် ပါးစပ်အတွင်းသို့ စီးဝင်သွားပြီး လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲသို့ ရောက်ရှိသွားသည်။
လော့ယွီမင်သည် မျက်လုံးများကို မှိတ်လိုက်ရာ စင်ကြယ်လှသော ဝိညာဉ်စွမ်းအင်တစ်ခုက အစာအိမ်ထဲတွင် ပျံ့နှံ့သွားပြီး သွေးကြောတိုင်းထဲသို့ တိုးဝင်ကာ သွေးကြောများမှတစ်ဆင့် အကြောအားလုံးထံသို့ ပို့ဆောင်ပေးပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ ဆဲလ်တိုင်းဆီသို့ ပျံ့နှံ့သွားသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။
တစ်ကိုယ်လုံး သန့်စင်ခြင်းနှင့် မြင့်မြတ်ခြင်းသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက ရရှိခဲ့ဖူးသော ပခုံးရိုးဒဏ်ရာဟောင်းပင်လျှင် ပြန်လည်သက်သာလာသည့် အချက်ပြမှုကို ပေးစွမ်းနေသည်။ သတိမထားမိခင်မှာပင် ဆန်ပြုတ်တစ်ပန်းကန်လုံး ကုန်ဆုံးသွားချေပြီ။
လော့ယွီမင်သည် ကျန်ရှိသော လူသုံးဦးကို လှမ်းကြည့်လိုက်ရာ ထိုသုံးဦးမှာမူ မည်သည့်ထူးခြားမှုကိုမျှ မခံစားရဘဲ စခန်းမှူးကျိုးသည်ဆိုလျှင် ချဉ်ဖတ်နှင့်ပင် မြိန်ရည်ယှက်ရည် စားသောက်နေသေးသည်။
တကယ့်ကို အဖိုးတန်ပစ္စည်းကို ဝက်ပါးစပ်ထဲ ထည့်ပေးလိုက်သလိုပဲ။ အလဟဿ ဖြစ်ရချေသည်။
သူ့အကြည့်သည် ကျန်းယိုယိုထံသို့ အလိုအလျောက် ကျရောက်သွားကာ အလွန်အားကျမိသည်။ အကောင်းဆုံး အချိန်အခါမှာ အမှန်ကန်ဆုံး ပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့ရပြီး တစ်ယောက်တည်းတင် ပုလင်းတစ်ဝက်မက သောက်ခွင့်ရခဲ့သည်မို့ နောင်တစ်ချိန်မှာ အနာဂတ်က အတိုင်းအဆမရှိ တောက်ပလာတော့မည်ဖြစ်ရာ အားကျရချေသည်။
လူလေးဦးစလုံးသည် နတ်ဆေးရည်တစ်စက်မျှ အလဟဿမဖြစ်စေရန် ပန်းကန်ပြားအောက်ခြေကိုပင် ပြောင်စင်အောင် လျက်လိုက်ကြသည်။
ချန်ကျိုးသည် မိမိ၏ နှစ်ပေါင်းရာချီသော ကျင့်စဉ်စွမ်းအားများ ပါဝင်သည့် နတ်ဆေးရည်ကို ထိုလေးဦး သောက်သုံးလိုက်သည်ကို မြင်သောအခါ စိတ်အေးသွားကာ ကိုယ်ပျောက်ကုတင်ခင်းကို ခြုံလျက် ထမင်းစားဆောင်ထဲမှ ထွက်ခွာသွားတော့သည်။
မျက်နှာချင်းဆိုင်တွင် ရေချိုးကန်ကို ဆွဲလာသော မြွေပါငယ်နှင့် တိုးမိကာ ကန်ထဲတွင်မူ သူ ဆီးသွားထားသဖြင့် စိုစွတ်နေသော ကုတင်ခင်း ရှိနေချေသည်။
"ကြောင်ကလေး၊ မင်း အိပ်ရာထဲ ဆီးထွက်သွားတယ်ဟုတ်လား"
ချန်ကျိုး ရှေ့သို့ ပြေးသွားကာ မေးမြန်းလိုက်သည်။
မြွေပါငယ်၏ မျက်လုံးသေးသေးလေးများသည် ကုတင်ခင်းကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ သူ ဆီးသွားထားသော နေရာကို ကန်အောက်ခြေမှာ ထားခဲ့တာကို ချန်ကျိုးက ဘယ်လိုလုပ်ပြီး သူ အိပ်ရာထဲ ဆီးထွက်မှန်း သိနေရတာလဲ။
ချန်ကျိုးသည် ပါးစပ်ကို အုပ်ကာ တိုးတိုးတိတ်တိတ်ဖြင့် တဟားဟား ရယ်မောနေသည်။
"မင်း ခိုးရယ်တာကလည်း အရမ်းကို ဗြောင်ကျလွန်းပဲ"
မြွေပါငယ်က စိတ်ပျက်စွာဖြင့် ဆိုသည်။
ချန်ကျိုးသည် လက်ကြီးဖြင့် မြွေပါငယ်၏ ခေါင်းလုံးလုံးလေးကို သာသာယာယာ ပွတ်သပ်ပေးကာ ဆိုသည်။
"မင်းက ကြောင်ကလေးပဲဥစ္စာ၊ အိပ်ရာထဲ ဆီးထွက်တာကလည်း ဆီးထွက်တာပေါ့၊ ဘာမှကိစ္စမရှိပါဘူး၊ မင်း ကြီးလာပြီး ကြောင်ကြီးဖြစ်သွားရင် အိပ်ရာထဲ ဆီးထွက်မှာ မဟုတ်တော့ဘူး"
မြွေပါငယ်၏ နားရွက်ကလေးများ လှုပ်ခတ်သွားသည်။ ဤစကားက ဘာဖြစ်လို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ။ တစ်ယောက်ယောက်က သူ့ကို ပြောဖူးသလိုမျိုးပဲ။
ဆန်းတော့ ဆန်းနေသည် ချန်ကျိုး၏ ဘောင်းဘီက ဘာဖြစ်လို့ စိုစွတ်နေရတာလဲ။
ချန်ကျိုးသည် မြွေပါငယ်၏ အကြည့်အတိုင်း မိမိ၏ ဘောင်းဘီကို ငုံ့ကြည့်လိုက်ရာ တစ်ဝက်ခြောက် တစ်ဝက်စို ဖြစ်နေသော နေရာတွင် ဆီးကွက်ကြီး ထင်ကျန်နေချေသည်။
"မင်း မြန်မြန်သွားပြီး ကုတင်ခင်း သုတ်တော့၊ ငါ ဒီမနက် ကျင့်စဉ်လေ့ကျင့်လိုက်လို့ ချွေးတွေ အများကြီး ထွက်သွားတယ်၊ ငါ သွားပြီး ရေချိုးလိုက်ဦးမယ်၊ ပြီးရင် ဘောင်းဘီ သွားလဲရမယ်"
ချန်ကျိုးသည် ပြစ်မှုကျူးလွန်ရာနေရာမှ ထွက်ပြေးသည့်အလား အခန်းငယ်လေးထဲသို့ အမြန်ပြေးဝင်ကာ အဝတ်အစားများကို ရှာဖွေတော့သည်။
မြွေပါငယ်သည် ခြံဝင်းထဲတွင် ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်ခဲ့ကာ နားမလည်နိုင်စွာဖြင့် ခေါင်းကို ကုတ်ရင်း ဆိုသည်။
"ငါ တကယ်ပဲ အိပ်ရာထဲ ဆီးထွက်ခဲ့တာလား"
နွေရာသီ၏ နေမင်းသည် မြေပြင်ကြီးကို ပြင်းထန်စွာ တောက်လောင်ပူပြင်းစေသဖြင့် မြေပြင်မှ အပူလှိုင်းများ တလိပ်လိပ် တက်လာကာ လူကို စိတ်မသက်မသာ ဖြစ်စေသည်။
စိတ်ဝေဒနာရှင်များပင်လျှင် အရိပ်ရသော နေရာများတွင် ပုန်းကွယ်လျက် အနားယူ ဆော့ကစားနေကြချေသည်။
သို့သော်လည်း ခြံဝင်းအလယ်ရှိ ခုံတန်းရှည်ပေါ်တွင်မူ လူလေးဦးက တင်ပျဉ်ခွေထိုင်နေကြပြီး မျက်လုံးများကို တင်းတင်းပိတ်ကာ လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်နေကြသည်။
"စိတ်ဝိညာဉ်ကမ္ဘာထဲကို ဝင်ချင်ရင် ငါပြောတဲ့အတိုင်း လုပ်ကြ၊ အသက်ကို ပြင်းပြင်းရှူသွင်း၊ ဖြည်းဖြည်းချင်းပဲ၊ အသက်ကို ပြင်းပြင်းရှူထုတ်၊ ဒါကို အထပ်ထပ်အခါခါလုပ်ဆောင်ပါ"
လော့ယွီမင်သည် ဆရာတစ်ယောက်ကဲ့သို့ လမ်းညွှန်ပေးနေသည်။
ဆယ်မိနစ်ခန့် မိမိကိုယ်ကိုယ် ပြန်လည်ထိန်းညှိလိုက်ကြသည်။
လော့ယွီမင်က ညင်သာစွာ ဆက်လက်ပြောကြားသည်။
"အာရုံခြောက်ပါးကို ပိတ်ထားလိုက်ပါ၊ အရာအားလုံးက လျင်မြန်စွာ လည်ပတ်နေလိမ့်မယ်"
လော့ယွီမင်သည် ချန်ကျိုး မိမိကို သင်ကြားပေးခဲ့သမျှကို ထိုသုံးဦးအား တစ်ဆင့်ပြန်လည် သင်ကြားပေးနေခြင်းဖြစ်သည်။ ဤသို့ဖြင့် ထိုသုံးဦးက ချန်ကျိုးထံမှ မည်သည့်အရာကိုမဆို သင်ယူခွင့်ရရှိပါက သူ့ကို ပြန်လည်အပ်နှံနိုင်မည် ဖြစ်သည်။
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လော့ယွီမင်က ထပ်မံ၍ စကားဆိုသည်။
"စခန်းမှူးကျိုး၊ ချင်ရှန်းဆေးရုံအုပ်ကြီး၊ ကျန်းယိုယို၊ ငါပြောတာကို ကြားရင် တစ်ချက်လောက် ပြန်ထူးကြဦး"
စခန်းမှူးကျိုးသည် မျက်လုံးများကို ပိတ်ထားဆဲဖြစ်ပြီး မည်သည့်တုံ့ပြန်မှုမျှ မပေးချေ။
ကျန်းယိုယိုသည်လည်း မျက်လုံးများကို ပိတ်ထားဆဲဖြစ်ပြီး မည်သည့်တုံ့ပြန်မှုမျှ မပေးချေ။
ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်းကမူ အလွန်ပင် ဂုဏ်ယူစွာဖြင့် ဆိုသည်။
"ငါ ကြားရတယ်၊ ပြီးတော့ ပုံမှန်ကြားရတာထက်တောင် ပိုပြီးရှင်းရှင်းလင်းလင်း ကြားနေရသေးတယ်"
လော့ယွီမင်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်းဘက်သို့ လှည့်ကာ မျက်နှာသေဖြင့် စကားဆိုသည်။
"အရူး၊ အာရုံခြောက်ပါးကို ပိတ်ထားလိုက်ရင် မင်း ဘာမှမမြင်ရဘူး၊ ဘာမှမကြားရဘူး၊ ဘာအနံ့မှမရဘူး၊ ခန္ဓာကိုယ်ကလည်း ဘာမှခံစားလို့ မရတော့ဘူးလေ"
ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်း၏ပျော်ရွှင်နေသော မျက်နှာကြီးမှာ ချက်ချင်းပင် ညှိုးငယ်သွားကာ ဆိုသည်။
"ဪ"
"မင်း ငါအခုနက ပြောတဲ့အတိုင်း နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်လုပ်ကြည့်ဦး၊ ငါလည်း စိတ်ဝိညာဉ်ကမ္ဘာထဲကို ဝင်ပြီး ကျင့်ကြံတော့မယ်"
လော့ယွီမင်သည် နည်းလမ်းကို ကျွမ်းကျင်သွားပြီ ဖြစ်သဖြင့် တစ်ချက်တည်းဖြင့်ပင် စိတ်ဝိညာဉ်ကမ္ဘာထဲသို့ ရောက်ရှိသွားတော့သည်။
ချန်ကျိုးသည် ရေချိုးဆောင်ထဲမှ ထွက်လာကာ လက်ထဲတွင် ရေချိုးဇလုံကို ကိုင်ထားပြီး စပွန်ဂျီဘော့ဘ် နွေရာသီဝတ်စုံကို ဝတ်ဆင်ထားလျက် ပခုံးပေါ်တွင် ရေချိုးသုတ်ပုဝါကို တင်ထားကာ မျက်နှာပေါ်တွင်လည်း မသုတ်ရသေးသော ရေစက်အချို့ ရှိနေသေးသည်။
ကျယ်ပြောလှသော ခြံဝင်းကြီးထဲတွင် နေပူထဲ၌ ထိုင်နေသော လူလေးဦးမှာ အလွန်ပင် ထင်ရှားလွန်းလှသည်။
"ဒီလူအလေးယောက်က ဘာလုပ်နေကြတာလဲ"
ချန်ကျိုးသည် ရေရွတ်လိုက်မိပြီး ဘာဖြစ်နေသလဲဆိုသည်ကို သွားရောက်ကြည့်ရှုချင်သော်လည်း နေရောင်ခြည်နှင့် အရိပ်ရသော နယ်စပ်အနီးတွင်မူ သူသည် ဘေးကင်းရာဇုန်ကိုသာ ရွေးချယ်လိုက်သည်။
ခုံတန်းရှည်ပေါ်ရှိ ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်းသည် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး စိတ်ထဲတွင်လည်း ပိုမိုပူလောင်လာကာ စိတ်ကို တည်ငြိမ်အောင်ပင် မလုပ်နိုင်တော့ချေ။ ဝိညာဉ်ကမ္ဘာထဲသို့ ဝင်ရောက်ရန်မူကားဝေးစွပင် ဖြစ်ချေသည်။
ပူလွန်းသဖြင့် မအောင့်နိုင်တော့သောကြောင့် ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်းသည် ခုံတန်းရှည်ပေါ်မှ ဆင်းကာ ခေတ္တမျှ အနားယူရန် ပြင်လိုက်သည်။
ချန်ကျိုးသည် ချင်ရှန်းဆေးရုံအုပ်ကြီး ခုံတန်းရှည်ပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ လက်လှမ်းပြလိုက်သည်။
ချင်ရှန်းဆေးရုံအုပ်ကြီးသည် ထိုအခြေအနေကို မြင်သောအခါ ချန်ကျိုးထံသို့ လျှောက်လာခဲ့သည်။
"မင်းတို့ လူအလေးယောက်က ဘာလုပ်နေကြတာလဲ"
ချန်ကျိုးသည် စိတ်ထဲရှိ စကားကို မဆိုင်းမတွဘဲ မေးမြန်းလိုက်သည်။
ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်းသည် နဖူးပေါ်ရှိ ချွေးများကို သုတ်ကာ ဆိုသည်။
"ဆရာကြီးချန်၊ ကျွန်တော်တို့က မင်းရဲ့ နည်းလမ်းအတိုင်းကျင့်ကြံနေတာလေ၊ ဒါပေမဲ့ ရာသီဥတုက တကယ်ကို ပူလွန်းလို့ ကျွန်တော် ဘယ်လိုမှ စိတ်ဝိညာဉ်ကမ္ဘာထဲကို ဝင်လို့မရဘူး ဖြစ်နေတယ်"
ချန်ကျိုးသည် မျက်လုံးများကို မှေးလိုက်ကာ ထိုနေ့က ဓားပြဗိုလ်ကြီးကို ကျင့်စဉ်သင်ကြားပေးခဲ့သည့် ကိစ္စကို သတိရသွားသည်။
ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်းသည် ပါးစပ်ကို ဖြဲလျက် လက်ကို ယပ်တောင်ကဲ့သို့ ပြုလုပ်ကာ မိမိ၏ဦးခေါင်းကို အအေးခံရင်း ဆိုသည်။
"ဆရာကြီးချန်၊ မင်းမှာ ဒီလောက်တောင် ပင်ပန်းဆင်းရဲစရာမလိုတဲ့ အခြားနည်းလမ်းမျိုး မရှိဘူးလား၊ ကျွန်တော် ဘယ်လိုမှ ဝိညာဉ်ကမ္ဘာထဲကို ဝင်လို့မရဘူး ဖြစ်နေလို့ပါ"
တစ်စုံတစ်ယောက်က ဆရာကြီးဟူသော စကားလုံးကိုပြောလိုက်သည်နှင့် ချန်ကျိုး၏ ကိုယ်ပေါ်ရှိ အချုပ်အနှောင်တစ်ခုခုကို ဖွင့်လှစ်လိုက်သကဲ့သို့ ဖြစ်သွားပြီး ချန်ကျိုးသည် သဘာဝကျစွာပင် ရင်ဘတ်ကို မတ်လိုက်တော့သည်။
"မိုက်မဲတဲ့ လူသားတွေ၊ သက်တောင့်သက်သာနေဖို့ပဲ သိကြတယ်၊ ငါ့မှာ အခုလို စွမ်းရည်မျိုး ရှိလာတာဟာ မင်းတို့ထက် ဘယ်နှဆမက ပင်ပန်းဆင်းရဲမှုကို ခံစားခဲ့ရလို့လဲ၊ ဒီလောက် ပင်ပန်းမှုလေးကိုတောင် မခံနိုင်ဘူးဆိုရင်တော့ ငါ့အနေနဲ့ မင်းကို ဆက်ပြီး မကျင့်ကြံဖို့ပဲ အကြံပြုချင်တယ်"
ချန်ကျိုးသည် လက်ကိုတစ်ချက် ဝှေ့ယမ်းလိုက်ပြီး ရေချိုးဇလုံကိုကိုင်ကာ လှည့်ထွက်သွားတော့သည်။
ချင်ရှန်းဆေးရုံအုပ်ကြီး လီချင်ရှန်းသည် ငြင်းပယ်ခြင်းခံလိုက်ရသဖြင့် ခုံတန်းရှည်ပေါ်သို့ လိမ္မာပါးနပ်စွာဖြင့် ပြန်လည်တက်ကာ တင်ပျဉ်ခွေလျက် ဆက်လက်ကျင့်ကြံနေရုံသာ ရှိတော့သည်။
စိတ်ကျန်းမာရေးဆေးရုံတံခါးဝတွင်မူ သက်လတ်ပိုင်း ဇနီးမောင်နှံနှစ်ဦးက အချက်အလက်များ မှတ်တမ်းတင်နေကြပြီး အဝေးမှ လူလေးဦး နေပူလှုံနေကြသည်ကို လှမ်းမြင်လိုက်ရသည်။
"ဒီနေ့ အနည်းဆုံးတော့ ၃၇၊ ၃၈ ဒီဂရီ ရှိမှာပဲကို၊ မင်းတို့ ဆေးရုံက လူနာတွေကို နေပူထဲမှာ ဒီအတိုင်း ထိုင်ခိုင်းထားတာလား၊ ဖျားသွားရင် မိသားစုဝင်တွေကို ဘယ်လို ရှင်းပြမလဲ"
အမျိုးသမီးက မအောင့်နိုင်ဘဲ ပြစ်တင်ပြောဆိုသည်။
သက်လတ်ပိုင်းအမျိုးသားကလည်း ထပ်ဆင့်၍ ဆိုသည်။
"ဒီနေ့ အမြင့်ဆုံးအပူချိန်က ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိတာ၊ ဒီစိတ်ဝေဒနာရှင်ကတော့ တကယ်ကို စိတ်ဓာတ်ပြင်းထန်တာပဲ၊ ညီလေး၊ မင်းတို့ ဆေးရုံအုပ်ကြီးက ဘယ်အဆောက်အအုံမှာ ရှိလဲ"
လုံခြုံရေးဝန်ထမ်း၏နဖူးပေါ်တွင် အမဲစက်များစွာဖြတ်သန်းသွားရသည်။ ငါ မသိဘူးလို့ ပြောရင် ရမလား။ တကယ်ပဲ ပါးစပ်က ထုတ်ပြောဖို့ ခက်ခဲလှချေသည်။
လုံခြုံရေးဝန်ထမ်းသည် စိတ်ကိုတင်းကာ နေပူအောက်တွင် ချွေးဒေါကြီး ရွှဲနစ်လျက် ပူလောင်စိုးရိမ်ကာ ဂဏာမငြိမ်ဖြစ်နေသော ဆေးရုံအုပ်ကြီးရှိရာဘက်သို့ လက်ညှိုးထိုးပြရင်း အနေခက်စွာဖြင့် စကားဆိုလိုက်သည်။
"အဲဒါ ကျွန်တော်တို့ ဆေးရုံအုပ်ကြီးပဲ"