အခန်း ၇၅
Vol. 8 Ch. 75
Chapter 75
"ဟင်၊ လှုပ်စိလှုပ်စိနဲ့ ဂနာမငြိမ်ဖြစ်နေတဲ့ စိတ်ရောဂါသည်က ဆေးရုံအုပ်ကြီး ဟုတ်လား"
လင်မယားနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လုံခြုံရေးဝန်ထမ်းအား မယုံကြည်သလို ကြည့်လိုက်ကြသည်။
လုံခြုံရေးဝန်ထမ်းမှာ နှုတ်ခမ်းကို တွန့်လိုက်မိသော်လည်း ဆေးရုံအုပ်ကြီး ဘေးတွင် ထိုင်နေသူမှာ မိစ္ဆာနှိမ်နင်းရေး ရဲစခန်း၏ စခန်းမှူးဖြစ်ပြီး စခန်းမှူးဘေးတွင် ထိုင်နေသူမှာ ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ ညွှန်ကြားရေးမှူးဖြစ်ကြောင်းကိုမူ မပြောရဲချေ။
လုံခြုံရေးဝန်ထမ်းက တည်တည်ငြိမ်ငြိမ်ပင် "သူက ကျွန်တော်တို့ ဆေးရုံအုပ်ကြီး အစစ်ပါ၊ သူက ဆရာကြီးချန်ကျိုးဆီမှာ မသေမျိုးကျင့်စဉ် လေ့ကျင့်နေတာ"
အမျိုးသမီးဖြစ်သူက မျက်လုံးများတောက်ပသွားပြီး "ဆရာကြီးချန်ကျိုး ဟုတ်လား၊ ကျွန်မက ဆရာကြီးချန်ကျိုးကို လာရှာတာ" ဟု ဆိုသည်။
လုံခြုံရေးဝန်ထမ်းက တစ်ချက် ကြောင်သွားပြီးနောက် "ဆရာကြီးချန်ကျိုးကို တွေ့ဖို့ဆိုရင် ဆေးရုံအုပ်ကြီးရဲ့ ခွင့်ပြုချက် လိုတယ်၊ ကျွန်တော် သွားခေါ်ပေးမယ်"
မကြာမီ လုံခြုံရေးဝန်ထမ်း၏ အကြောင်းကြားချက်ကြောင့် လီချင်ရှန်းသည် ကျင့်စဉ်လေ့ကျင့်မှုကို ခေတ္တရပ်နားကာ ထိုလင်မယားနှစ်ယောက်နှင့် စကားပြောရန် ထွက်လာခဲ့သည်။
"လီဆေးရုံအုပ်ကြီး မင်္ဂလာပါ၊ ကျွန်မနာမည်က ကျန်းချွေ့လျန်ပါ၊ ဒါကတော့ ကျွန်မအမျိုးသား ဝမ်ပေါင်ရှန့်ပါ၊ အမှန်အတိုင်း ပြောရရင် ကျွန်မတို့ကို ကျင်းဟိုင်ဆေးရုံက ဆေးရုံအုပ်ဆွန်ထုန်က ဆရာကြီးချန်ကျိုးကို သွားရှာဖို့ လမ်းညွှန်ပေးလိုက်လို့ပါ" ဟု အမျိုးသမီးက မိတ်ဆက်သည်။
လီချင်ရှန်း မျက်မှောင်ကြုတ်ကာ “ခင်ဗျားတို့ ချန်ကျိုးကို ဘာကိစ္စနဲ့ ရှာချင်တာလဲ"
ဝမ်ပေါင်ရှန့် "ဆေးရုံအုပ်ကြီး၊ ကိစ္စက ဒီလိုပါ" ဟု ဆိုကာ အကြောင်းစုံကို ရှင်းပြသည်။
အမှန်တော့ ထိုလင်မယားနှစ်ယောက်သည် ၎င်းတို့၏သားဖြစ်သူအတွက် လာရောက်ကြခြင်း ဖြစ်သည်။
၎င်းတို့၏သားသည် ယခုနှစ်တွင် အသက် ၂၇ နှစ်ရှိပြီဖြစ်ပြီး လွန်ခဲ့သော ၇ ရက်က အိမ်ထောင်ပြုကာ မိသားစုအသစ်တစ်ခု ထူထောင်ရမည် ဖြစ်သည်။
သို့သော် မင်္ဂလာဆောင်သည့်နေ့ သတို့သမီးကို သွားကြိုသည့် လမ်းတွင် မော်တော်ကားမတော်တဆမှု ဖြစ်ပွားခဲ့ပြီး သတို့သမီးသည် ထိုင်ခုံခါးပတ် မပတ်ထားသဖြင့် ကားတိုက်မိချိန်တွင် လွင့်ထွက်သွားကာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ သတို့သားမှာမူ သတိလစ်မေ့မြောသွားသဖြင့် ကျင်းဟိုင်ဆေးရုံသို့ ပို့ဆောင်ကာ အရေးပေါ် ကုသခဲ့ရသည်။
သတို့သားကို စစ်ဆေးချက်များအရ ဦးနှောက်အနည်းငယ် တုန်ခါသွားရုံသာရှိပြီး ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ မရရှိသော်လည်း ယခုထက်ထိ သတိလည်မလာသေးပေ။
ထို့အပြင် ညတိုင်းတွင် သတို့သားက သတို့သမီး၏နာမည်ကို အော်ခေါ်လေ့ရှိသည်။
ဆေးရုံတွင် အကြိမ်ကြိမ် စစ်ဆေးသော်လည်း သတို့သား သတိမေ့မြောနေရသည့် အကြောင်းရင်းကို ရှာမတွေ့ခဲ့ပေ။
အစပိုင်းတွင် မိသားစုဝင်များက သားဖြစ်သူသည် သတို့သမီး သေဆုံးသွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသဖြင့် ဝမ်းနည်းပူဆွေးမှု လွန်ကဲပြီး ဖြစ်ရသည်ဟု ထင်ခဲ့ကြသည်။ သို့သော် ရက်အနည်းငယ် ကြာလာသောအခါ သားဖြစ်သူက သတို့သမီးနာမည်ကို ည ၁၀ နာရီကျော်မှသာ အော်ခေါ်လေ့ရှိပြီး အခန်းတွင်းရှိ ပစ္စည်းများလည်း အကြောင်းရင်းမရှိဘဲ နေရာရွေ့နေတတ်ကြောင်း သတိပြုမိလာကြသည်။
ထို့ကြောင့် လင်မယားနှစ်ယောက်သည် သတို့သမီးက မကျေမနပ်ဖြစ်ကာ သားဖြစ်သူကို ဖက်တွယ်ပြီး မခွာနိုင်ဘဲခြောက်လှန့်နေခြင်း ဖြစ်နိုင်သည်ဟု သံသယဝင်လာကြသည်။
ထို့ကြောင့် ၎င်းတို့သည် လောကီဆရာများ၊ ဘုန်းကြီးများကို ပင့်ဖိတ်ခဲ့သော်လည်း ပြဿနာကို မဖြေရှင်းနိုင်ခဲ့ကြပေ။
နောက်ဆုံးတွင် ကျင်းဟိုင်ဆေးရုံအုပ် ဆွန်ထုန်က ၎င်းတို့အား Castle Peak စိတ်ရောဂါကုဆေးရုံ သို့ သွားရောက်ကာ ချန်ကျိုးနှင့် ပြသရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။
ကျန်းချွေ့လျန်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး "ဒီနေ့က ၇ ရက်မြောက်နေ့ပဲ၊ လူတွေကတော့ ခုနစ်ရက်မြောက် ဝိညာဉ်ပြန်လာတဲ့ညလို့ ပြောကြတယ်၊ ကျွန်မမှာ ဒီသားတစ်ယောက်ပဲ ရှိတာ၊ သူကသာ ကျွန်မသားကို တစ်ခုခုလုပ်လိုက်ရင် ကျွန်မ ဘယ်လို ဆက်နေရမလဲ" ဟု ပြောရင်း ငိုရှာတော့သည်။
လီချင်ရှန်းသည်လည်း မိဘတစ်ယောက်ဖြစ်သဖြင့် မိဘချင်း ကိုယ်ချင်းစာမိကာ "ကျွန်တော် နားလည်ပါတယ်၊ အရမ်းလည်း ဝမ်းမနည်းပါနဲ့၊ ကျွန်တော် ချန်ကျိုးဆီ ခေါ်သွားပြီး မေးပေးပါမယ်၊ ဒါပေမဲ့ ကူညီပေး၊ မပေးကတော့ သူ့ရဲ့ စိတ်အခြေအနေအပေါ်မှာပဲ မူတည်လိမ့်မယ်" ဟု အားပေးလိုက်သည်။
"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် ဆေးရုံအုပ်ကြီး" ဟု ဝမ်ပေါင်ရှန့်က ကျေးဇူးတင်စကား ဆိုသည်။
လီချင်ရှန်းက ထိုသူနှစ်ယောက်၏ အလွတ်ဖြစ်နေသော လက်များကို ကြည့်လိုက်မိသည်။ လူတစ်ယောက်ကို အကူအညီတောင်းမည်ဆိုလျှင် ပစ္စည်းတစ်ခုခု ယူလာသင့်သည်မဟုတ်ပါလား။
၎င်းတို့၏ ပူပန်နေသော ပုံစံကို ကြည့်ရုံဖြင့် သားသမီးအတွက် စိုးရိမ်စိတ်လွန်ကဲကာ သတင်းကြားသည်နှင့် အပြေးအလွှား လာခဲ့ကြသဖြင့် ပစ္စည်းဝယ်ရန် အချိန်မရခဲ့ခြင်းဖြစ်နိုင်သည်ဟု လီချင်ရှန်း တွေးမိသည်။
သို့သော် သင်တို့ ဇောတောက်နေသည်မှာ ချန်ကျိုးနှင့် မဆိုင်ပေ။ လက်ဗလာဖြင့် ချန်ကျိုးကို သွားတွေ့ခြင်းမှာ အကြီးအကျယ် မှားယွင်းခြင်း ဖြစ်သည်။
လီချင်ရှန်းက ချန်ကျိုး၏အိမ်လေးရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ အိမ်ရှေ့တွင် ချန်ကျိုးသည် မြွေပါငယ်နှင့်အတူ အသစ်ဝယ်ထားသော ကြောင်တက်စင်ကို တပ်ဆင်ရန် လေ့လာနေကြသည်။
ယခုအချိန်တွင် ချန်ကျိုးကို လှည့်စားရန် မလွယ်ကူတော့ပေ။ မုန့်အနည်းငယ် ဝယ်ပေးရုံဖြင့် မရတော့ဘဲ ထိုမုန့်များမှာ ချန်ကျိုး၏ အိမ်တွင် ရှိပြီးသားဖြစ်သဖြင့် ချန်ကျိုး စိတ်ဝင်စားမည်မဟုတ်ပေ။
လီချင်ရှန်း ခဏမျှ စဉ်းစားပြီးနောက် "ခင်ဗျားတို့ ပိုက်ဆံ ယူလာလား" ဟု မေးလိုက်သည်။
လင်မယားနှစ်ယောက်က ဇဝေဇဝါဖြင့် "ဖုန်းထဲမှာ ပိုက်ဆံရှိရင် ရမလား" ဟု မေးသည်။
"မရတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ငွေသား ယူလာဖို့ပဲ အကြံပြုချင်တယ်"
လီချင်ရှန်းက ချန်ကျိုးအကြောင်းကို ကောင်းကောင်းသိသည်။ ချန်ကျိုးသည် ၁၀၀ အတွင်းရှိ ဂဏန်းများကိုပင် မှားယွင်းစွာ ရေတွက်တတ်သူဖြစ်သဖြင့် ဂဏန်းသင်္ကေတများအပေါ် နားလည်မှုမရှိပေ။
"ဒါဆို ကျွန်တော်တို့ ပိုက်ဆံသွားထုတ်လိုက်ဦးမယ်"
"ကောင်းပြီ၊ ဆေးရုံကထွက်ပြီး တည့်တည့်သွား၊ နောက်လမ်းဆုံရဲ့ ညာဘက်မှာ ဘဏ်ရှိတယ်"
လင်မယားနှစ်ယောက်သည် ချန်ကျိုး၏မျက်နှာကိုပင် မမြင်ရသေးဘဲ လီချင်ရှန်းက ဘဏ်သို့ လွှတ်လိုက်သဖြင့် ထွက်လာခဲ့ကြသည်။
၎င်းတို့ ဘဏ်သို့ ရောက်သောအခါ ပိုက်ဆံမည်မျှထုတ်ရမည်ကို မသိသဖြင့် ဘဏ်ထဲတွင် ငြင်းခုံနေကြသည်။
"ရှင်ကလည်း ဘယ်လောက်ထုတ်ရမလဲလို့ မမေးခဲ့ဘူး" ဟု ကျန်းချွေ့လျန်က ဗျစ်တောက်ဗျစ်တောက် ပြောသည်။
"ငါလည်း စိတ်ပူနေလို့ပါ၊ ဒါဆို ဆေးရုံကို ပြန်သွားမေးရမလား"
ဘဏ်ဝန်ထမ်းအမျိုးသမီးက ဘေးမှ ကြားရသဖြင့် ဝင်ပြောလိုက်သည် "ရှင်တို့ ပိုက်ဆံထုတ်တာ ချန်ကျိုးကို ပေးဖို့လား"
ကျန်းချွေ့လျန်က ဝန်ထမ်းအမျိုးသမီးကို ကြောင်ကြည့်ကာ "ဟုတ်ပါတယ်၊ ညီမက ချန်ကျိုးကို သိလို့လား" ဟု မေးသည်။
ဝန်ထမ်းအမျိုးသမီးက ပြုံးလျက် "လွန်ခဲ့တဲ့ နှစ်ရက်က နေ့တိုင်း ဒီကို ပိုက်ဆံလာထုတ်တဲ့လူတွေ ရှိတယ်၊ အားလုံးက ချန်ကျိုးကို ပေးဖို့ချည်းပဲ၊ ဒီရက်ပိုင်း သရဲပွဲတော် နီးနေလို့ လူစုလူဝေးမလုပ်ဖို့ အထက်က တားမြစ်ထားလို့ ငြိမ်နေတာ၊ သရဲပွဲတော် ပြီးရင်တော့ ပြန်ပြီး စည်ကားလာဦးမှာ" ဟု ပြောပြသည်။
"သူတို့အားလုံးက ချန်ကျိုးကို ပိုက်ဆံပေးကြတာလား" ဟု ကျန်းချွေ့လျန်က အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။
"ပထမတော့ စားစရာတွေ ပေးကြတာ၊ စားစရာတွေက များလွန်းလို့ မစားနိုင်ခင် သက်တမ်းကုန်ကုန်သွားတယ်၊ အဲဒါကြောင့် နောက်ပိုင်း ပိုက်ဆံပဲ ပေးကြတော့တယ်"
"ဒါဆို သူတို့ ဘယ်လောက် ပေးကြလဲ"
ဝန်ထမ်းအမျိုးသမီးက "ရာဂဏန်း ပေးတဲ့သူရှိသလို၊ ထောင်ဂဏန်း၊ သောင်းဂဏန်း ပေးတဲ့သူတွေလည်း ရှိတယ်၊ ကိုယ့်ရဲ့ ငွေကြေးတတ်နိုင်မှုအပေါ် မူတည်တာပေါ့၊ ဘာပဲဖြစ်ဖြစ် များများပေးလေ ချန်ကျိုးက ပိုပျော်လေပဲ" ဟု ဆိုသည်။
လင်မယားနှစ်ယောက် တိုင်ပင်ပြီးနောက် အစမ်းအနေဖြင့် တစ်သောင်း အရင်ထုတ်ရန် ဆုံးဖြတ်လိုက်ကြသည်။
အသွားအပြန် လုပ်ရသဖြင့် နာရီဝက်နီးပါး ကြာသွားခဲ့သည်။
လီချင်ရှန်းက ထိုသူနှစ်ယောက်ကို ဦးဆောင်ကာ အိမ်လေး၏ တံခါးဝသို့ ခေါ်လာခဲ့သည်။
ချန်ကျိုးက ခုံတန်းလျားလေးပေါ်တွင် ထိုင်ကာ လက်ထဲတွင် ကြောင်တက်စင်၏ သစ်သားတုံးကို ကိုင်ထားပြီး ဘေးပတ်ပတ်လည်တွင် စက္ကူစုတ်များ ပြန့်ကြဲနေသည်။ မြွေပါငယ်ကမူ အခန်းထဲတွင် အောင့်သက်သက်ဖြစ်နေသည်။
မြွေပါငယ်က ချန်ကျိုးအား လမ်းညွှန်စာအုပ်ပါ အဆင့်များအတိုင်း တပ်ဆင်ရန် ပြောသော်လည်း ချန်ကျိုးက မိမိကိုယ်ကိုယ် ကျွမ်းကျင်သူဟု သတ်မှတ်ကာ လမ်းညွှန်စာအုပ် မလိုဟု ဆိုကာ ဆုတ်ဖြဲပစ်ခဲ့သည်။ မူလက မိနစ်ပိုင်းမျှဖြင့် တပ်ဆင်နိုင်သော ကြောင်တက်စင်ကို တစ်နာရီကြာအောင် အားထုတ်နေသော်လည်း တပ်ဆင်၍ မပြီးသေးပေ။
လီချင်ရှန်းက ခါးကို ကိုင်းကာ ဖားယားသော အပြုံးဖြင့် "ဆရာကြီးချန်ကျိုး၊ အလုပ်ရှုပ်နေတာလား" ဟု နှုတ်ဆက်လိုက်သည်။
ချန်ကျိုး မျက်လုံးပင့်ကာ လီချင်ရှန်းကို စောင်းငဲ့ကြည့်ပြီး "မျက်လုံးနှစ်လုံးက အလှပြဖို့ပဲ ထားတာလား၊ မမြင်ဘူးလား"
နောက်ကွယ်မှ လင်မယားနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဆရာကြီးချန်ကျိုးက မည်မျှအခြေအနေထိ စွမ်းဆောင်ရည် ရှိသနည်း။ ဆေးရုံအုပ်ကြီးကပင် ဤမျှအထိ ရိုကျိုးနေရသည် မဟုတ်ပါလား။
ဆေးရုံအုပ်ကြီးက ထိုသူနှစ်ယောက်ကို မျက်ရိပ်ပြလိုက်သဖြင့် ကြိုတင်စီစဉ်ထားသည့်အတိုင်း လင်မယားနှစ်ယောက်သည် ပိုက်ဆံငါးရာကို ထုတ်ကာ ချန်ကျိုးရှေ့သို့ ရိုရိုသေသေ ကမ်းပေးလိုက်ကြသည်။
လီချင်ရှန်း "ဆရာကြီးချန်ကျိုး၊ ဒီလူနှစ်ယောက်ရဲ့ သားက ကိစ္စတစ်ခု ကြုံနေရလို့ ဆရာကြီးကို ကူညီပေးဖို့ တောင်းပန်ချင်လို့ပါ" ဟု ပြောလိုက်သည်။
ချန်ကျိုး၏ အကြည့်မှာ ထိုနီရဲရဲ ငွေစက္ကူငါးရွက်ပေါ်သို့ ကျရောက်သွားပြီ ဖြစ်သည်။
တံခါးဝရှိ မြွေပါငယ်သည် အသံကြားသဖြင့် အခန်းထဲမှ ခုန်ထွက်လာပြီး မတပ်ဆင်ရသေးသော စင်ပေါ်တွင် ရပ်ကာ ထိုငါးရာကို လှမ်းယူရန် လက်သည်းများကို ဆန့်ထုတ်လိုက်သည်။
လီချင်ရှန်းက လင်မယားနှစ်ယောက်အား ပိုက်ဆံကို ဟွမ်ရှောင်မော့ထံပေးရန် အချက်ပြလိုက်သည်။
မြွေပါငယ်က ပိုက်ဆံကို ယူပြီးနောက် တစ်ချက်ကြည့်လိုက်ကာ ချန်ကျိုးအား "ငါးရာ" ဟု ပြောလိုက်သည်။
ချန်ကျိုး၏ မျက်လုံးများက ကျန်းချွေ့လျန် ကိုင်ထားသော ပိုက်ဆံအိတ်ကို မဖုံးကွယ်ဘဲ ကြည့်နေသည်။ အိတ်မှာ ဖောင်းပွနေသဖြင့် အထဲတွင် ပိုက်ဆံများ ရှိနေသေးကြောင်း သိသာသည်။
လီချင်ရှန်းက ချန်ကျိုး၏ စိတ်ကူးကို တစ်ချက်တည်းဖြင့် ရိပ်မိသဖြင့် လင်မယားနှစ်ယောက်ကို ဆက်လက် မျက်ရိပ်ပြလိုက်ရာ ၎င်းတို့က နောက်ထပ် ငါးရာကို ထုတ်ပြီး မြွေပါငယ်ထံ ပေးလိုက်ပြန်သည်။
မြွေပါငယ်က အိတ်ထဲရှိ နီရဲရဲ ပိုက်ဆံထုပ်ကိုကြည့်ကာ စိတ်မရှည်သော လေသံဖြင့် "အားလုံး ထုတ်ပေးလိုက်ပါ၊ လူကို အကူအညီတောင်းတာပဲ၊ အဲဒီလောက် တွန့်တိုမနေပါနဲ့" ဟု ပြောလိုက်သည်။
ကျန်းချွေ့လျန်က လီချင်ရှန်းကို လှမ်းကြည့်ရာ လီချင်ရှန်းက ခေါင်းညိတ်ပြလိုက်ရုံသာ တတ်နိုင်တော့သည်။
ကျန်းချွေ့လျန်က အိတ်ထဲမှ ပိုက်ဆံအားလုံးကို ထုတ်ကာ မြွေပါငယ်ထံ ကမ်းပေးလိုက်သော်လည်း မြွေပါငယ်၏ လက်သည်းများမှာ သေးငယ်လွန်းသဖြင့် ထိုမျှများပြားသော ပိုက်ဆံများကို မထိန်းနိုင်ချေ။
ထိုအချိန်တွင် ချန်ကျိုးက မတ်တတ်ရပ်လိုက်ပြီး အိတ်ကပ်ကို မြွေပါငယ် ဘေးသို့ ကပ်ပေးလိုက်သည်။ ကြောင်တက်စင်၏ အမြင့်မှာ အနည်းငယ် မြင့်သဖြင့် ချန်ကျိုးက မြွေပါငယ် လှမ်းမှီစေရန် ရည်ရွယ်ချက်ရှိရှိ ခြေဖျားထောက်ပေးထားသည်။
မြွေပါငယ်က လက်ထဲမှ ပိုက်ဆံတစ်ထောင်ကို ချန်ကျိုး၏ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ချန်ကျိုး၏ အိတ်ကပ်ကို ဖြဲပေးကာ ကျန်းချွေ့လျန်အား ကျန်ရှိသော ပိုက်ဆံများကို ထည့်ရန် အချက်ပြလိုက်သည်။
ပိုက်ဆံတောင်းသည်ကိုပင် ဤမျှ ရဲရဲတင်းတင်း တောင်းရဲသည်မှာ ကျန်းချွေ့လျန် လင်မယားအား ပိုမိုယုံကြည်စိတ်ချမှုကို ဖြစ်ပေါ်စေသည်။
ကျန်းချွေ့လျန်က "ဆရာကြီးချန်ကျိုး၊ ကျွန်မတို့ သားက လွန်ခဲ့တဲ့ ခုနစ်ရက်က" ဟု စကားစလိုက်သည်။
ပိုက်ဆံကို လက်ထဲရရှိသွားပြီဖြစ်ရာ ချန်ကျိုးသည် စကားအပိုများကိုနားထောင်ရန် စိတ်မပါတော့ဘဲ လှည့်ကာ အခန်းထဲသို့ ဝင်သွားတော့သည်။ မြွေပါငယ်ကလည်း နောက်မှ ကပ်လိုက်သွားပြီး တံခါးကို ပိတ်လိုက်သည်။
ပိုက်ဆံရတော့ လူကို ဂရုမစိုက်တော့ဘူးလား။
ကျန်းချွေ့လျန် လင်မယားမှာ ကြောင်အမ်းအမ်းဖြစ်သွားပြီး လီချင်ရှန်းကို ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။
လီချင်ရှန်းက ချန်ကျိုး၏ တခါးဝသို့ ချဉ်းကပ်သွားသည်။ ချန်ကျိုးက သူ့ကို အထဲဝင်ခွင့်မပြုသဖြင့် သူလည်း မဝင်ရဲဘဲ တံခါးအပြင်မှသာ "ဆရာကြီးချန်ကျိုး၊ ဒါဆို ဒီကိစ္စက" ဟု လှမ်းမေးလိုက်ရသည်။
တံခါးက အနည်းငယ် ပွင့်လာပြီး မြွေပါငယ်က "ဆရာကြီးချန်ကျိုးက လက်ခံလိုက်ပြီ၊ နေရပ်လိပ်စာ ချန်ထားခဲ့ပါ၊ ညကျရင် ကျွန်တော်တို့ အရောက်လာခဲ့မယ်" ဟု ပြောလိုက်သည်။