အခန်း ၇၇
Vol. 8 Ch. 77
Chapter 77
အစီအရင်ပြင်ဆင်ရန် အလုပ်ရှုပ်နေသော ဝတ်ရုံရှည်ဝတ် ကျင့်ကြံသူအမျိုးသမီးသည် ချန်ကျိုး၏လှုပ်ရှားမှုကို မြင်သောအခါ တခစ်ခစ် ရယ်မောမိချေသည်။
“ဒီလူက စိတ်မမှန်တဲ့ပုံပဲ၊ ဉာဏ်သိပ်မကောင်းဘူး ထင်တယ်”
ချန်ကျိုး၏စိတ်ထဲမှ ကာတွန်းကား ပြသမှုပြီးဆုံးသွားသောအခါ သူ့ကို လှောင်ရယ်နေသော ဝတ်ရုံရှည်ဝတ် ကျင့်ကြံသူအမျိုးသမီးဆီသို့ လှည့်ကြည့်လိုက်၏။
"မင်း ငါ့ကို ရယ်တာလား" ဟု ချန်ကျိုးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ကျင့်ကြံသူအမျိုးသမီးသည် မိမိအပြုအမူ လူမိသွားမှန်းသိသဖြင့် လက်ကို အလျင်အမြန် ယမ်းခါပြကာ ငြင်းဆိုလိုက်၏။
"မဟုတ်ပါဘူး၊ ကျွန်မက ရုတ်တရက် ပျော်စရာကိစ္စတချို့ကို တွေးမိသွားလို့ပါ"
တင်းလီဝိညာဉ်ရေးရာဝန်ဆောင်မှုရုံးမှ အခြားကျင့်ကြံသူနှစ်ယောက်သည်လည်း လက်ရှိ လုပ်ဆောင်နေသည်များကို ရပ်တန့်လိုက်ပြီး ချန်ကျိုးကို လှည့်ကြည့်လာကြရာ နှစ်ဖက်စလုံး တင်းမာသော အခြေအနေသို့ ရောက်ရှိသွားတော့သည်။
ချန်ကျိုး ဦးနှောက်က လျင်မြန်စွာ စဉ်းစားခန်းဖွင့်နေ၏။
သူမက ပညာရှင်ကြီးကို လှောင်ရယ်တဲ့ကိစ္စက ရန်ဖြစ်ရမှာ တန်ပါ့မလား။
မတန်ပါဘူးလို့ ထင်ရသည်။
ချန်ကျိုးသည် မိမိကိုယ်ကိုယ် ပညာရှင်ကြီးတစ်ဦးအဖြစ် သတ်မှတ်ထားရာ အခြားသူက သူ့ကို ရယ်မောရုံမျှဖြင့် ထိုသူကို ရိုက်နှက် ဆုံးမလိုက်ပါက စိတ်သဘောထား သေးသိမ်သူဟု အပြောခံရပေလိမ့်မည်။ သူသည် ဝမ်းဗိုက်ထဲတွင် သင်္ဘောကြီးတစ်စင်းလုံး ဆံ့သည့် စိတ်သဘောထားကြီးသော ပညာရှင်ကြီး ဖြစ်ပေသည်။
မိုက်မဲတဲ့ကလေးပဲ၊ ပညာရှင်ကြီးကိုတောင် လှောင်ရယ်ရဲတယ်၊ တကယ့်ကို မိုက်မဲလွန်းသည်။
"မင်း ငါ့ကို ထပ်ရယ်ရင် မင်းရဲ့ သွားတွေကို ရိုက်ချိုးပစ်မယ်" ဟု ချန်ကျိုးက ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် သတိပေးလိုက်သည်။
ထိုအချိန်တွင် လီချင်ရှန်းက ကြားထဲမှ ဝင်ရောက်ဖျန်ဖြေပေးလာ၏။
"ဆရာကြီးချန်၊ ထားလိုက်ပါတော့၊ ဒီလို လူမမည်လေးတွေနဲ့ ဖက်မပြိုင်ပါနဲ့၊ ဒါနဲ့ ဒီလူငယ်လေးက ဘာလို့ အခုထိ သတိမေ့မြောပြီး နိုးမလာသေးတာလဲဆိုတာ ရှင်းပြပေးပါဦး"
ချန်ကျိုးသည် လက်ကို ဝှေ့ယမ်းကာ ကျောနောက်သို့ ပို့လိုက်ပြီး မာနထောင်လွှားသော အမူအရာဖြင့် မေးစေ့ကို ပင့်တင်လိုက်သည်။
"ငါ ဆရာကြီးချန်ရဲ့ စစ်ဆေးချက်အရ ဒီလူ့ခန္ဓာကိုယ်ထဲမှာ လူပုလေးနှစ်ယောက် ရန်ဖြစ်နေကြတယ်၊ အဲဒါကို ဘာခေါ်လဲဆိုတော့ အမြွှာဝိညာဉ်"
ခန္ဓာကိုယ်ထဲမှာ လူပုလေးနှစ်ယောက် ရန်ဖြစ်နေတယ် ဟုတ်လား။
အမြွှာဝိညာဉ် ဟုတ်လား။
အနီးနားရှိ လူများအားလုံး နားမလည်နိုင် ဖြစ်သွားကြသည်။
ချန်ကျိုးက ဆက်ပြော၏။
"တစ်ယောက် နာမည်က ဝမ်အန်းဖုန်း"
"ကျွန်မသား နာမည်က ဝမ်အန်းဖုန်းပါပဲ" ဟု ကျန်းချွေ့လျန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ချန်ကျိုးက ခေါင်းညိတ်ပြကာ မေးလိုက်ပြန်သည်။
"နောက်တစ်ယောက်က ကျောက်ယာချန့်၊ မင်း သိလား"
"ဒါက ကျွန်မသားရဲ့ လက်မထပ်ရသေးတဲ့ ချွေးမလောင်းလေး နာမည်ပဲ"
ကျန်းချွေ့လျန်သည် အလွန်အံ့အားသင့်သွားရသည်။ သူမသည် လီချင်ရှန်းကို သားနှင့် ချွေးမ၏နာမည်များကို တစ်ခါမျှ မပြောပြခဲ့ဖူးချေ။
တင်းလီဝိညာဉ်ရေးရာဝန်ဆောင်မှုရုံးမှ အခြားလူငယ်တစ်ယောက်သည် ချန်ကျိုးက ကျင့်ကြံသူအမျိုးသမီးအပေါ် ဆက်ဆံခဲ့သည့် သဘောထားကို မကျေနပ်သဖြင့် မဲ့ကာရွဲ့ကာဖြင့် ပြောဆိုလာ၏။
"ဒီအိမ်မှာ ဒီလောက်ကိစ္စအကြီးကြီး ဖြစ်နေတာ၊ အနီးအနားမှာ စပ်စုကြည့်ရုံနဲ့တင် လူနာရဲ့ နာမည်ကို သိနိုင်တာပဲ၊ အမြွှာဝိညာဉ်ဆိုတာ မျိုးက မွေးရာပါဖြစ်တာများတယ်၊ ခန္ဓာကိုယ်တစ်ခုထဲမှာ ဝိညာဉ်နှစ်ခု ရှိနေတာက သက်ရှိဝိညာဉ်တွေပဲ ဖြစ်ရမယ်၊ ပြီးတော့ လူနာရဲ့ စုလျာထားတဲ့ ဇနီးက ကွယ်လွန်သွားတဲ့ ကွယ်လွန်သူဝိညာဉ်ဖြစ်နေတာပဲ၊ ဘယ်လိုလုပ် အမြွှာဝိညာဉ်ဖြစ်လာနိုင်မှာလဲ"
ဟွမ်ရှောင်မော့သည်လည်း အမြွှာဝိညာဉ်အကြောင်းကို အနည်းငယ် သိထားသဖြင့် ချန်ကျိုးပြောသော အမြွှာဝိညာဉ်အကြောင်းမှာ အနည်းငယ် ယုတ္တိမရှိဟု ခံစားနေရသည်။
မျက်နှာတစ်ခုလုံးတွင် ပိုးစာသီးအရည်များ ပေကျံနေသော ချန်ကျိုးသည် အထက်စီးဆန်သော အမူအရာဖြင့် အမျိုးသားကျင့်ကြံသူကို ကြည့်ကာ ခေါင်းခါလိုက်၏။
"လူအ၊ အမြင်ကျဉ်းမြောင်းပြီး လောကကြီးအကြောင်း ဘာမှမသိဘူး"
လူနာရှင် မိသားစုသည် မည်သူပြောသည်က မှန်သည်ကို မသိသော်လည်း အနည်းဆုံးတော့ သဲလွန်စတစ်ခု ရရှိထားပြီဖြစ်ရာ မယုံကြည်ခြင်းထက် ယုံကြည်ခြင်းက ပိုကောင်းသည်ဟု တွေးမိကြသည်။
"ဆရာကြီးချန်၊ ကျွန်မသား နိုးလာအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းရှိပါသလား" ဟု မေးရာ ချန်ကျိုးသည် ကုန်သွားသော ပိုးစာသီးဘူးကို ကိုင်မြှောက်ကာ ချိန်ဆကြည့်လိုက်သည်။
ကျန်းချွေ့လျန် အလျင်အမြန် စီစဉ်လိုက်၏။
"အဘိုးကြီး၊ ရေခဲသေတ္တာထဲက ပိုးစာသီးတွေ အကုန် သွားယူခဲ့ဦး"
ချန်ကျိုးသည် ပိုးစာသီးများ ပြန်လည်ပြည့်နှက်သွားသော ဘူးကို ကြည့်ကာ စိတ်ကျေနပ်သွားပြီး ကုတင်ပေါ်ရှိ လူနာကို ကြည့်ကာ မိမိကိုယ်ကိုယ် အလွန်ခန့်ညားသည်ဟု ထင်မှတ်လျက် လက်ဖျစ်တစ်ချက် တီးလိုက်သည်။
[စနစ် : ချန်ကျိုး မင်း နည်းနည်းလောက်ပိုပြီး ဆန်းကြယ်အောင် ဟန်ဆောင်လို့မရဘူးလား၊ ဒီစနစ်က တန်ဖိုးနည်းသလို ခံစားနေရတယ်]
[သက်ရှိဝိညာဉ် အားကောင်းနေသည်၊ အားကောင်းနေသော ပစ်မှတ်မှာ ဝမ်အန်းဖုန်း ဖြစ်သည်]
ကုတင်ပေါ်တွင် သတိမေ့မြောနေသော ဝမ်အန်းဖုန်းသည် ရုတ်တရက် လေကို ဝအောင် ရှူသွင်းလိုက်ပြီး ပါးစပ်ကို ဟစိဟစိ လုပ်လာရာ ရေအောက်တွင် အသက်ရှူအောင့်ထားရသည်မှာ ကြာမြင့်လှသဖြင့် ရေမျက်နှာပြင်ပေါ်သို့ ပေါ်လာကာ အသက်ကို ပြင်းပြင်းထန်ထန် ရှူသွင်းနေရသူနှင့် တူလှပေသည်။
ကျန်းချွေ့လျန်က= ကုတင်ဘေးသို့ ပြေးသွား၏။
"အန်းဖုန်း၊ အန်းဖုန်း၊ နိုးလာပါဦး"
ဝမ်အန်းဖုန်းက မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ပြီး လှုပ်ရှားမှုမရှိသည်မှာ ကြာပြီဖြစ်သော မျက်မှောင်များဖြင့် မျက်နှာကျက်ကို စိုက်ကြည့်နေသည်။
စက္ကန့်အနည်းငယ်မျှ ငြိမ်သက်သွားပြီးနောက် ဝမ်အန်းဖုန်းသည် ကုတင်ပေါ်မှ ထထိုင်ကာ မိခင်ဖြစ်သူကို တွန်းထုတ်လျက် ရုန်းကန်လှုပ်ရှားလာတော့၏။
"ဒါ ငါ့ခန္ဓာကိုယ်၊ ထွက်သွား၊ ဒါ ငါ့ခန္ဓာကိုယ်ပဲ၊ သွား၊ သွားစမ်း"
ကျန်းချွေ့လျန်သည် သားဖြစ်သူ၏ =တွန်းထုတ်မှုကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားရာ ဝမ်ပေါင်ရှန့်က တွဲထူပေးလိုက်ရသည်။
ဝမ်အန်းဖုန်းတစ်ကိုယ်လုံး အလွန်ရူးသွပ်သောင်းကျန်းနေပြီး အော်ဟစ်ဆဲဆိုကာ လက်လှမ်းမီသမျှ ပစ္စည်းမှန်သမျှကို ရိုက်ခွဲဖျက်ဆီးနေတော့သည်။
မကြာမီပင် လူတိုင်းသည် ဝမ်အန်းဖုန်း၏ ပါးစပ်မှ အမျိုးသမီးတစ်ဦး၏ စူးရှသော အော်ဟစ်သံကို ကြားလိုက်ရ၏။
"ငါ ဒီလိုအခြေအနေ ရောက်သွားတာ နင့်ကြောင့်ပဲ၊ နင်က ဘာကောင်မို့လို့ ငါ့ကို ထွက်သွားခိုင်းရတာလဲ"
အခန်းထဲရှိ လူအားလုံးသည် ဝမ်အန်းဖုန်း၏ ခန္ဓာကိုယ်အထက်ပိုင်းမှ ဆံပင်အရှည်ကြီးနှင့် မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီနေသော အမျိုးသမီးဝိညာဉ်တစ်ခု ရုန်းထွက်လာသည်ကို မြင်လိုက်ရသည်။ ခေါင်းတွင် သွေးစွန်းနေသော သတို့သမီးခေါင်းမြှောက်ဝတ်ဆင်ထားပြီး မျက်နှာတစ်ခုလုံး ချိုင့်ဝင်ကာ သွေးများဗရပွဖြစ်နေပေသည်။
"ယာချန့်" ဟု ကျန်းချွေ့လျန်က ပါးစပ်ကို ပိတ်ကာ အော်လိုက်သည်။
တင်းလီရုံးမှ လူများသည်လည်း အံ့အားသင့်လွန်းသဖြင့် ပါးစပ်များ အဟောင်းသား ဖြစ်သွားကြတော့သည်။
“ဒီအရူးပြောတာ တကယ်မှန်နေတာပဲ၊ တကယ်ပဲ အမြွှာဝိညာဉ်ဖြစ်နေတာပဲ” ဟု စိတ်ထဲမှ တွေးမိကြသည်။
ဝမ်အန်းဖုန်း၏ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်နှစ်ခုသည် ခန္ဓာကိုယ်ကို လုယူရန် ရုန်းကန်နေကြသည်။
ဝမ်အန်းဖုန်း ဝိညာဉ်က မိခင်ဖြစ်သူကို အော်ဟစ်အကူအညီတောင်းနေ၏။
"မေမေ၊ ကျွန်တော့်ကို ကယ်ပါဦး၊ ကယ်ပါဦး မေမေ၊ ကျွန်တော့်ကို ကယ်ပါ"
ကျောက်ယာချန့်၏ဝိညာဉ်ကမူ စူးရှစွာ သတိပေးလိုက်သည်။
"နင်တို့ သူ့ကို ကယ်ရဲရင် နင်တို့မိသားစုတစ်ခုလုံး ကောင်းကောင်းမသေရအောင် ငါလုပ်ပစ်မယ်"
ကျန်းချွေ့လျန်သည် သားဖြစ်သူကို သနားသဖြင့် ချန်ကျိုး၏ရှေ့တွင် ဒူးထောက်ကာ တောင်းပန်တိုးလျှိုးရှာ၏။
"ဆရာကြီးချန်၊ ကျွန်မသားကို မြန်မြန်လေး ကယ်ပေးပါဦး၊ ကျွန်မ တောင်းပန်ပါတယ်"
အခန်းထဲတွင် လူတိုင်းက ကိုယ့်စကားကိုယ်ပြောနေကြသဖြင့် ဆူညံပွက်လောရိုက်နေတော့သည်။
ချန်ကျိုးက ကျန်းချွေ့လျန်၏လက်ကို ခါထုတ်လိုက်ပြီး ထိုနေရာတွင်တင် ခုန်ဆွခုန်ဆွ လုပ်ကာ အော်ဟစ်တော့သည်။
"စိတ်ပျက်စရာကောင်းလိုက်တာ၊ စိတ်ပျက်စရာကောင်းလိုက်တာ"
စနစ်က ဝမ်အန်းဖုန်း ဝိညာဉ်၏စွမ်းအားပံ့ပိုးမှုကို ပြန်လည်ရုပ်သိမ်းလိုက်သဖြင့် ကုတင်ပေါ်ရှိ ဝမ်အန်းဖုန်းသည် ရုတ်တရက် အမှီသဟဲမဲ့သွားကာ ခေါင်းမော့လျက် ပြန်လည်လဲကျသွားတော့သည်။
"ဆရာကြီးချန်" ဟု ဆိုကာ ကျန်းချွေ့လျန်သည် ချန်ကျိုး၏အင်္ကျီကို လှမ်းဆွဲရန် ကြိုးစားပြန်သည်။
ချန်ကျိုး စိုက်ကြည့်လိုက်သဖြင့် ကျန်းချွေ့လျန်သည် နောက်ထပ် စကားမဟရဲတော့ချေ။
"ငါတို့လို ပညာရှင်ကြီးတွေ အလုပ်လုပ်တာကို မင်းတို့လို သာမန်လူတွေက ဘာလို့ ဝင်စွက်ဖက်နေတာလဲ" ဟု ဆိုကာ ချန်ကျိုးက ဝမ်အန်းဖုန်း၏ခန္ဓာကိုယ်ကို ညွှန်ပြလိုက်သည်။
"အဲဒီ ဝမ်ဘာအန်းဆိုတဲ့ကောင်က ဘယ်ဘက်မှာရပ်၊ ကျောက်ယာချန့်က ညာဘက်မှာရပ်"
[စနစ်က Host ကို လူလိုသူလို ပြုမူဖို့ တိုက်တွန်းချင်ပါတယ်၊ ဝိညာဉ်ခွဲထုတ်ခြင်းအတတ်က ပဉ္စမအဆင့် ကျင့်ကြံသူ အများအပြားရဲ့ အစောင့်အရှောက်လိုအပ်တဲ့ အဆင့်မြင့်အတတ်ပညာ ဖြစ်ပါတယ်၊ Host ပင်ပင်ပန်းပန်းနဲ့ နေ့မအား ညမအား၊ မိုးလင်းကတည်းက မိုးချုပ်တဲ့အထိ ကျင့်ကြံထားတဲ့ ကျင့်စဉ်စွမ်းအားတွေ ကုန်တော့မယ်]
ပိုးစာသီးများကို ပျော်ရွှင်စွာ စားနေသော ချန်ကျိုး၏ မျက်ဝန်းများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
“ပင်ပင်ပန်းပန်း၊ နေ့မအား ညမအား၊ မိုးလင်းကတည်းက မိုးချုပ်တဲ့အထိ ကျင့်ကြံထားတဲ့ ကျင့်စဉ်စွမ်းအားတွေ ကုန်တော့မယ် ဟုတ်လား”
“အဲဒါ ငါ အနှစ်တစ်ရာ၊ မဟုတ်ဘူး၊ အနှစ်တစ်သောင်းလုံးလုံး ကျင့်ကြံထားတဲ့ ကျင့်စဉ်စွမ်းအားတွေလေ” ဟု ချန်ကျိုးက စိတ်ထဲမှ တွေးသည်။
[စနစ်က ဝိညာဉ်ခွဲထုတ်ခြင်းအတတ်ကို အသုံးပြုနေပါတယ်၊ ဆရာကြီးချန်အနေနဲ့ ကောင်းကောင်းလေးကျင့်ကြံပါဦးနော်]
[ဟီးဟီး၊ နောက်ဆုံးတော့ လှည့်စားလို့ အောင်မြင်သွားပြီ၊ ဒီစနစ်က နည်းပညာပိုင်းဆိုင်ရာ ဆက်လက်ပံ့ပိုးပေးနေရပေမဲ့ တစ်မျိုးလေးတော့ ကျေနပ်မိသားပဲ]
ဝိညာဉ်နှစ်ခုသည် စနစ်၏အတင်းအဓမ္မ ဆွဲထုတ်ခြင်းကို ခံလိုက်ရပြီး ဝမ်အန်းဖုန်း ခန္ဓာကိုယ်ထဲမှ ထွက်လာကာ ဝဲယာတစ်ဖက်စီတွင် လွင့်မျောနေကြသည်။
အမျိုးသားဝိညာဉ်သည် ကုတင်ပေါ်ရှိ ဝမ်အန်းဖုန်း၏ဝတ်စားဆင်ယင်မှုအတိုင်း ဖြစ်ပြီး အားအင်ချိနဲ့နေသည်။
အမျိုးသမီးဝိညာဉ်သည် ဖြူစင်သော မင်္ဂလာဆောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အများစုမှာ သွေးရည်များ စွန်းထင်းနေကာ အရှိန်အဝါကမူ အလွန်ပြင်းထန်လှသည်။
လူတိုင်းသည် အမျိုးသမီးဝိညာဉ်၏ရုပ်အသွင်အပြည့်အစုံကို မြင်လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဝိညာဉ်နှစ်ခုစလုံးက ငြိမ်သက်မနေဘဲ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်ရန် လုယက်နေကြသည်။
ချန်ကျိုး ကြည့်ရင်းနှင့် ဒေါသထွက်လာသည်။ သူတို့ကြောင့် သူ၏ ကျင့်စဉ်စွမ်းအားများ ကုန်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ ယခုလည်း ပြန်ဝင်ချင်နေကြပြန်ပြီ။ သူ့ကို အလကားသက်သက် စွမ်းအားကုန်အောင်လုပ်နေကြခြင်း ဖြစ်သည်။
ချန်ကျိုးသည် ဝမ်အန်းဖုန်း၏ ဝိညာဉ်ဘေးသို့ လျှောက်သွားကာ လက်ကိုမြှောက်၍ ပါးနှစ်ချက် ဆင့်ရိုက်လိုက်ရာ ဝမ်အန်းဖုန်းသည် ပါးရိုက်ခံရသဖြင့် ကြောင်အသွားပြီး ထိုနေရာတွင်တင် လွင့်မျောလျက် မလှုပ်ရဲတော့ချေ။
ချန်ကျိုးသည် ကျောက်ယာချန့်၏ ဝိညာဉ်ဘေးသို့ ဆက်လက်လျှောက်သွားပြီး လက်မြှောက်ကာ ကျောက်ယာချန့်ကိုလည်း ရိုက်ရန် ပြင်လိုက်သော်လည်း ထိုသွေးချင်းချင်းနီနေသော မျက်နှာကြောင့် ချန်ကျိုး တွန့်ဆုတ်သွားကာ လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ခြေထောက်ကို မြှောက်ကာ ကျောက်ယာချန့်ကို တစ်ချက် ကန်လိုက်တော့သည်။
ဒေါသကို အဝဝ ဖြေဖျောက်ပြီးနောက် အခန်းထဲရှိ လူများသည် အသက်ပင် ပြင်းပြင်းမရှူရဲကြချေ။
"ငါ့ကို ကုလားထိုင်တစ်လုံး ယူမပေးကြသေးဘူးလား" ဟု ချန်ကျိုးက ခက်ထန်သော လေသံဖြင့် ပြောလိုက်သည်။
"လာပါပြီ၊ လာပါပြီ" ဟု ဆိုကာ ဟွမ်ရှောင်မော့သည် အလိုက်သိစွာဖြင့် ချန်ကျိုးအတွက် ကုလားထိုင်တစ်လုံးကို အမြန်ယူဆောင်ပေးလာသည်။
မျက်တောင်ဖျတ်ခတ်အတွင်း ချန်ကျိုးသည် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ရာ တစ်မီတာအကွာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ ဝိညာဉ်နှစ်ခု ဒူးထောက်နေကြသည်။
ချန်ကျိုးသည် မိမိကိုယ်ကိုယ် အလွန်မြင့်မြတ်ကြီးကျယ်သွားသလို ခံစားလိုက်ရသည်။ တီဗီဇာတ်လမ်းတွဲများထဲတွင် အမှုစစ်ဆေးလျှင် ယခုကဲ့သို့ပင် ပြုလုပ်ကြသည် မဟုတ်ပါလား။ သူက ပညာရှင်ကြီးတစ်ဦးဖြစ်သဖြင့် ယခုကဲ့သို့ပင် ပြုလုပ်ရမည် ဖြစ်ပေသည်။