အခန်း ၇၈
Vol. 8 Ch. 78
Chapter 78
သို့သော်လည်း ကုလားထိုင်တစ်လုံးတည်းနှင့် မလောက်ဟု ထင်ရပေသည်။
ချန်ကျိုးသည် ခဏမျှ စဉ်းစားလိုက်ပြီး နှုတ်ခမ်းထောင့်မှ ပိုးစာသီးအရည်များကို သုတ်ကာ နဖူးပေါ်တွင် လမင်းပုံစံတစ်ခု ဆွဲလိုက်သည်။
"ဒန် ဒန့် ဒန်"
ချန်ကျိုးသည် ပြန်လည်မတ်တတ်ရပ်ကာ ညာဘက်လက်မောင်းကို ရှေ့သို့ဝှေ့ယမ်းလျက် ခြေလှမ်းအသေးလေးများဖြင့် ကဇာတ်စင်ပေါ်မှ လူများအတိုင်း အခန်းတွင်း လှည့်ပတ်လမ်းလျှောက်ကာ သီချင်းဆိုတော့သည်။
"ခိုင်ဖုန်းမှာ ပေါင်လူကြီးမင်း ရှိတယ်၊ မျက်နှာက မည်းပြီး သစ္စာရှိသူနဲ့ သစ္စာဖောက်ကို ခွဲခြားနိုင်တယ်၊ လောကက သူရဲကောင်းတွေ ကူညီဖို့ ရောက်လာကြတယ်၊ ဝမ်ချောင်နဲ့ မာဟန့်က ဘေးနားမှာ ရှိနေတယ်..."
"ကျန်းလုံ၊ ကျောက်ဟူ၊ ဝမ်ချောင်၊ မာဟန့်တို့ ဘယ်မှာလဲ"
“အမ်...”
အခန်းထဲရှိ လူများအားလုံး၏ ခေါင်းပေါ်တွင် အနက်ရောင်မျဉ်းကြောင်းများ ပြိုင်တူ ပေါ်လာကြချေသည်။
လီချင်ရှန်းသည် ချန်ကျိုး၏ ပုံစံကို ကျင့်သားရနေပြီဖြစ်ရာ ပထမဆုံးအချိန်၌ပင် တုံ့ပြန်လိုက်သည်။
"ပေါင်အမတ်မင်း၊ ကျန်ကျောင်း ရှိပါတယ်"
ဟွမ်ရှောင်မော့ကလည်း မျက်လုံးလေး ကလယ်ကလယ်ဖြင့် ဝင်ပြောသည်။
"ပေါင်အမတ်မင်း၊ ယွမ်ဖန်း ရှိပါတယ်"
"အင်း"
ချန်ကျိုးက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြပြီး တင်းလီဝိညာဉ်ရေးရာဝန်ဆောင်မှုရုံးမှ လူများကို ညွှန်ပြကာ မေးလိုက်သည်။
"ကျန်းလုံ၊ ကျောက်ဟူ၊ ဝမ်ချောင်၊ မာဟန့်တို့က ဘာလို့ ပြန်မထူးကြတာလဲ"
တင်းလီဝိညာဉ်ရေးရာဝန်ဆောင်မှုရုံးမှ လူများအားလုံး ဆွံ့အသွားကြချေသည်။
ချန်ကျိုးသည် သူတို့ကို ဂရုမစိုက်ဘဲ ကျောက်ယာချန့်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ရုံးတော်ကို ရောက်ရှိနေတဲ့ မိန်းမပျို၊ မင်းမှာ ဘာမတရားမှု ရှိလို့လဲ၊ ငါ့ကို မြန်မြန် ပြောစမ်း"
ကျောက်ယာချန့်သည် အစောပိုင်းက တရှုံ့ရှုံ့ငိုနေသော်လည်း ထိုစကားကို ကြားသောအခါ ကြောင်အသွားရသည်။
"မိန်း... မိန်းမပျို ဟုတ်လား"
နောက်တစ်စက္ကန့်တွင် သူမ သတိဝင်လာသည်။
"အမတ်မင်း၊ ကျွန်မအတွက် မတရားမှုကို ဖြေရှင်းပေးပါဦးရှင်၊ ကျွန်မနဲ့ ဝမ်အန်းဖုန်းက လင်မယားတွေ ဖြစ်သင့်တာ၊ မင်္ဂလာဆောင်တဲ့နေ့ လမ်းမှာ ကားအက်ဆီးဒင့်ဖြစ်တော့ ကျွန်မက ထိုင်ခုံခါးပတ် မပတ်ထားမိလို့ ကားတစ်စီးလုံးမှာ ကျွန်မတစ်ယောက်တည်း လွင့်ထွက်ပြီး သေသွားခဲ့ရတာပါ"
ချန်ကျိုး မျက်လုံးပြူးကာ ခြေထောက်ကို ညှပ်ဖိနပ်ကြီးထဲမှ ထုတ်ပြီး ကုလားထိုင်ပေါ် တင်လိုက်သည်။
"ကားအက်ဆီးဒင့်ဖြစ်တာ ကားတစ်စီးလုံးမှာ မင်းတစ်ယောက်တည်း သေတာပဲ၊ ဒါပေမဲ့ မင်း ကံဆိုးတာ ဘယ်သူ့ကို သွားအပြစ်တင်မလဲ"
ကျောက်ယာချန့်သည် ရုတ်တရက် ခေါင်းမော့လာရာ ချိုင့်ဝင်ပြီး ပုံပျက်နေသော မျက်နှာပေါ်မှ မျက်လုံးနှစ်လုံးမှာ တစ်ပြေးညီတည်း မဟုတ်ဘဲ လည်ပတ်နေသဖြင့် ညဉ့်နက်သန်းခေါင်တွင် ကြည့်ရသည်မှာ တကယ့်ကို ထိတ်လန့်စရာ ကောင်းလှပေသည်။
"သူက ကျွန်မကို ထိုင်ခုံခါးပတ် မပတ်ခိုင်းတာပါ၊ မင်္ဂလာဝတ်စုံ ပျက်စီးသွားမှာစိုးလို့ဆိုပြီး ထိုင်ခုံခါးပတ်ပတ်တာကို တားခဲ့တာ၊ ပြီးတော့ အခင်းဖြစ်ပွားချိန်မှာ သူ ကျွန်မလက်ကို သေချာပေါက်ဆွဲထားခဲ့တာ၊ ကျွန်မလည်း သူ့လက်ကို ဆွဲထားခဲ့တာပဲ၊ ဒါပေမဲ့ နောက်တော့ သူ ကျွန်မလက်ကို တွန်းထုတ်ပစ်လိုက်တယ်၊ ရှင်တို့ မယုံရင် သူ့လက်မောင်းကို ကြည့်လိုက်ပါ၊ ကုတ်ခြစ်ရာတစ်ခု ရှိနေလိမ့်မယ်၊ အဲဒါ ကျွန်မ ချန်ထားခဲ့တာပဲ"
ချန်ကျိုးသည် အကြည့်ကို ရွှေ့ကာ ဝမ်အန်းဖုန်းကို ကြည့်လိုက်ရာ ဝမ်အန်းဖုန်းသည် သိစိတ်အရ လက်ကို ကျောနောက်သို့ ဝှက်လိုက်ချေသည်။
ချန်ကျိုးက မကျေမနပ်ဖြင့် ပြောလိုက်သည်။
"မင်းရဲ့ လက်တွေကို ထုတ်ပြစမ်း"
ဝမ်အန်းဖုန်းသည် တုန်တုန်ရင်ရင်ဖြင့် လက်ကို ဆန့်ထုတ်ပြလာရာ လက်ကောက်ဝတ်တွင် ကုတ်ခြစ်ရာတစ်ခု အမှန်ပင် ရှိနေပေသည်။
ဟွမ်ရှောင်မော့သည် စိတ်ထဲမှ စပ်စုလိုစိတ်ကို မအောင့်နိုင်တော့ဘဲ ကျောက်ယာချန့်ကို မေးလိုက်သည်။
"မင်းက သူ့ခန္ဓာကိုယ်ထဲကို ဘယ်လိုလုပ် ရောက်သွားတာလဲ"
ကျောက်ယာချန့်က ခေါင်းခါပြသည်။
"ကျွန်မလည်း မသိဘူး၊ ကျွန်မ လွင့်ထွက်သွားပြီးတဲ့နောက် သတိလစ်သွားတာ၊ သတိပြန်ရလာတော့ သူ့ခန္ဓာကိုယ်ထဲ ရောက်နေပြီ၊ အဲဒီခံစားချက်က ကျွန်မရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်လိုမျိုးပဲ၊ အရမ်းသက်သောင့်သက်သာ ရှိတယ်"
သက်ရှိဝိညာဉ်ဖြစ်သော ဝမ်အန်းဖုန်းသည် ၁၉၉၃ ခုနှစ်၊ ၁၀ လပိုင်း၊ ၁၀ ရက်၊ ၁၀ နာရီတွင် မွေးဖွားခဲ့ပြီး ယင်နှစ်၊ ယင်လ၊ ယင်ရက်၊ ယင်အချိန်တွင် မွေးဖွားသူဖြစ်သဖြင့် အမျိုးသမီးများနှင့် အသင့်တော်ဆုံး ဖြစ်သည်။ မွေးဖွားလာသော အမျိုးသားများသည် ယင်ဓာတ်များပြီး ဝေခွဲရခက်တတ်ကာ စရိုက်က မိန်းကလေးဆန်ပေသည်။
ချန်ကျိုး ဝမ်အန်းဖုန်းကို မေးလိုက်သည်။
"မင်းက ၁၉၉၃ ခုနှစ်၊ ၁၀ လပိုင်း၊ ၁၀ ရက်၊ ၁၀ နာရီမှာ မွေးတာလား"
ဝမ်အန်းဖုန်း၏ကြောက်ရွံ့ရိုသေသော ပုံစံမှာ အမျိုးသမီးများထက်ပင် ပိုနွဲ့နှောင်းနေပေသည်။
"ကျွန်မ......အဲ... ကျွန်တော်က ၁၉၉၃ ခုနှစ်မှာ မွေးတာပါ"
ဝမ်အန်းဖုန်း၏မိခင် ကျန်းချွေ့လျန်က ကြားဖြတ်ပြောလာသည်။
"သူက ၁၉၉၃ ခုနှစ်၊ ၁၀ လပိုင်း၊ ၁၀ ရက်၊ ၁၀ နာရီမှာ မွေးတာပါ၊ ငယ်ငယ်တုန်းက သူက အမြဲတမ်း အားနည်းပြီး ဖျားနာလွယ်တယ်၊ ဗေဒင်ဆရာတစ်ယောက်က သူ့ဇာတာမကောင်းဘူးပြောလို့ ငယ်ငယ်တုန်းက လူပင့်ပြီး ဇာတာပြောင်းပေးခဲ့ရတာ၊ အဲဒီအချိန်ကစပြီး သူ့ခန္ဓာကိုယ်က ပိုကောင်းလာတာ၊ ဒီကိစ္စကို သူကိုယ်တိုင် မသိပါဘူး"
ကွယ်လွန်သူဝိညာဉ်ဖြစ်သော ကျောက်ယာချန့်သည် ၁၉၉၅ ခုနှစ်၊ ၁၂ လပိုင်း၊ ၁၂ ရက်၊ ၁၂ နာရီတွင် မွေးဖွားခဲ့ပြီး ယင်လေးခုရှိသော အမျိုးသမီးဖြစ်ကာ ယင်ချင်းတိုက်ဆိုင်သဖြင့် အလွန်ထက်မြက်ပြီး စရိုက်က ယောက်ျားဆန်ပေသည်။
ချန်ကျိုး ကျောက်ယာချန့်ကို ဆက်မေးသည်။
"မင်းက ၁၉၅ ခုနှစ်၊ ၁၂ လပိုင်း၊ ၁၂ ရက်၊ ၁၂ နာရီမှာ မွေးတာလား"
ကျောက်ယာချန့်သည် ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။
"ကျွန်မ ၁၉၉၅ ခုနှစ်၊ ၁၂ လပိုင်း၊ ၁၂ ရက်မှာ မွေးတာပါ၊ အတိအကျ မွေးချိန်ကိုတော့ ကျွန်မမသိဘူး၊ မိုးမလင်းခင် အစောပိုင်းအချိန်လို့ပဲ သိတယ်"
တင်းလီဝိညာဉ်ရေးရာဝန်ဆောင်မှုရုံးမှ ဝတ်ရုံရှည်ဝတ်အဘိုးအိုသည် လက်ချောင်းများကို တွက်ချက်ကြည့်ပြီးနောက် မှုန်ဝါးနေသော မျက်လုံးအိုကြီးများကို ပြူးကာ ပြောတော့သည်။
"တိုက်ဆိုင်လိုက်တာ၊ တကယ့်ကို တိုက်ဆိုင်လွန်းတယ်"
ဟွမ်ရှောင်မော့သည် ဤအခြေအနေကို မြင်သောအခါ ချန်ကျိုး အခုတင် ရရှိထားသော အရှိန်အဝါကို တစ်ဖက်လူက လုယူသွားမည်စိုးသဖြင့် စကားဦးသန်းကာ လုပြောလိုက်သည်။
"တကယ့်ကို တိုက်ဆိုင်လွန်းပါတယ်၊ ယင်နှစ်၊ ယင်လ၊ ယင်ရက်၊ ယင်အချိန်မှာ မွေးတဲ့သူတွေက အစကတော့ ဘာမှမဖြစ်ပါဘူး၊ အလွန်ဆုံး ခန္ဓာကိုယ်အားနည်းပြီး ဖျားနာလွယ်ရုံတင်၊ နေရောင်ခြည်ဓာတ် အားကောင်းတဲ့သူတွေနဲ့ တွဲသွားတွဲလာလုပ်ရင် ဇာတာ ပြောင်းသွားနိုင်ပါတယ်”
“ဒါပေမဲ့ အခုလို ယင်နှစ်၊ ယင်လ၊ ယင်ရက်၊ ယင်အချိန်မှာ မွေးတဲ့သူချင်း လာဆုံတာကတော့ တကယ့်ကို ကံမကောင်းတာပဲ၊ လူနှစ်ယောက်ရဲ့ ဇာတာက သဘာဝအတိုင်း ယင်နှစ်ခုထပ် အစီအရင်ဖြစ်သွားတာ၊ ယင်နှစ်ခုထပ် ဇာတာရှိတဲ့သူတွေ အတူတူရှိနေရင် အချိန်ကြာလာတာနဲ့အမျှ မသေရင်တောင် စိတ်အေးရမှာ မဟုတ်ဘူး"
ဟွမ်ရှောင်မော့၏စကားများသည် လူများကို ဝေခွဲမရ ဖြစ်စေသော်လည်း ယေဘုယျ သဘောတရားကတော့ ရှင်းလင်းပေသည်။ ကျောက်ယာချန့် သေဆုံးရခြင်းမှာ ဝမ်အန်းဖုန်း၏ဇာတာ ဖုံးကွယ်ထားခြင်းနှင့် အနည်းနှင့်အများ ဆက်စပ်နေပေသည်။
ဝမ်အန်းဖုန်းမှာ အပြစ်ကင်းစင်ပုံရသော်လည်း ထိုအပြစ်ကင်းစင်မှုက ကျောက်ယာချန့် ကားအက်ဆီးဒင့်တွင် သေဆုံးခဲ့ရသည့် အဖြစ်မှန်ကို ဖုံးကွယ်မထားနိုင်ချေ။
ချန်ကျိုးသည် ဟွမ်ရှောင်မော့၏ ကျွမ်းကျင်စကားလုံးများကို လုံးဝ နားမလည်သော်လည်း သူက ပညာရှင်ကြီး ဖြစ်သဖြင့် နားလည်သလိုမျိုး ဟန်ဆောင်ရပေမည်။
"ယွမ်ဖန်းပြောတာ မှန်တယ်၊ အရင်တုန်းကတော့ မုန်လာဥတစ်ဥက တွင်းတစ်တွင်းပဲ၊ အခုတော့ မုန်လာဥနှစ်ဥက တွင်းတစ်တွင်း ဖြစ်နေပြီ၊ ဒီမုန်လာဥနှစ်ဥစလုံးက တွင်းကို လုချင်နေကြတာ၊ ဒီမုန်လာဥက ဟိုမုန်လာဥကို အလုမခံဘူး၊ ဟိုမုန်လာဥကလည်း ဒီမုန်လာဥကို အလုမခံဘူး၊ အဓိကက ဒီမုန်လာဥက တွင်းကို ယူမှာလား၊ ဒါမှမဟုတ် ဟိုမုန်လာဥက တွင်းကို ယူမှာလား" ဟု ချန်ကျိုးက လျှာလိပ်စကားကြီးကို ရှည်လျားစွာ ပြောလိုက်သည်။
ဟွမ်ရှောင်မော့က ဘာသာပြန်အလုပ်ကို ထပ်မံလုပ်ဆောင်ပေးရပြန်သည်။
"ပေါင်အမတ်မင်းရဲ့ သဘောကတော့ မင်းတို့ ဘယ်သူ့ကို ကယ်မှာလဲ"
ဘယ်သူ့ကို ကယ်မှာလဲ။
ဒါက ထင်ရှားမနေဘူးလား။
ဒါက ဝမ်အန်းဖုန်း၏အိမ်ဖြစ်ပြီး အခန်းထဲရှိ လူများသည် ဝမ်အန်းဖုန်း၏မိဘများ ဖြစ်ကြကာ ဝမ်မိသားစုမှ ပင့်ဖိတ်ထားသော ကျင့်ကြံသူများလည်း ရှိနေကြသည်။
မင်းက ဘယ်သူ့ကို ကယ်မယ် ထင်လို့လဲ။
ကျောက်ယာချန့်ကတော့ သေချာပေါက် သဘောမတူနိုင်ပေ၊ သူမသည် ချန်ကျိုး၏ ရှေ့တွင် ဒူးထောက်နေသော်လည်း ဤဆုံးဖြတ်ချက်ကို လက်မခံနိုင်ချေ။
"ဝမ်အန်းဖုန်းကို ဘာမှမဖြစ်ခဲ့သလိုမျိုး ဆက်ပြီး အသက်ရှင်ခိုင်းမယ်ဆိုရင် ကျွန်မ လုံးဝ သဘောမတူဘူး၊ ကျွန်မ သရဲဖြစ်သွားရင်တောင် နင်တို့တွေကို စိတ်အေးလက်အေး မနေရအောင် နှောက်ယှက်ပစ်မယ်"
ကျန်းချွေ့လျန်က စကားလမ်းကြောင်းလွှဲကာ နှစ်သိမ့်လိုက်သည်။
"နှစ်ယောက်စလုံး ကယ်မှာပါ၊ နှစ်ယောက်စလုံး ကယ်ရမှာပေါ့၊ ယာချန့်၊ သမီးနဲ့ အန်းဖုန်း အတူတူရှိလာတာ လေးငါးနှစ်ရှိပြီပဲ၊ အန်တီက သမီးကို ကိုယ့်သမီးအရင်းလို သဘောထားတာ ကြာပါပြီ၊ အန်တီ ပညာရှင်ကြီးနဲ့ သေချာတိုင်ပင်ပြီး သမီးတို့ နှစ်ယောက်စလုံးကို ကယ်တင်ပေးပါ့မယ်"
ထို့နောက် သူမက ချန်ကျိုးကို ပြောလိုက်သည်။
"ပေါင်အမတ်မင်း၊ သူတို့ကို ကျွန်မသားရဲ့ ခန္ဓာကိုယ်ထဲ အရင်ပြန်ဝင်ခိုင်းလို့ ရမလားရှင်၊ ဝိညာဉ်က အပြင်မှာ ကြာကြာထွက်နေရင် ကျွန်မသားရဲ့ ခန္ဓာကိုယ်အတွက် မကောင်းမှာစိုးလို့ပါ"
ဤစကားမှာ အပေါ်ယံ အားနာပါးနာ စကားဖြစ်ကြောင်းထင်ရှားလှပေသည်။ အစောပိုင်းက သားဖြစ်သူကို ကယ်ရန်သာ ပြင်ဆင်နေပြီး ယခုမူ နှစ်ယောက်စလုံးကို ကယ်ချင်နေပြန်ပြီလား။
တစ်အပေါင်းတစ်က လောက်ကိုသာ တွက်တတ်သည့် ကလေးပင်လျှင် ဤသို့ လှည့်စား၍ မရနိုင်ချေ။
ကျန်းချွေ့လျန်သည် ချန်ကျိုး၏ကုန်လုနီးပါးဖြစ်နေသော ပိုးစာသီးဘူးကို မြင်သောအခါ ပြောလိုက်သည်။
"ပေါင်အမတ်မင်း၊ ကျွန်မတို့အိမ်မှာ သရက်သီး၊ စပျစ်သီး၊ ဒူးရင်းသီးတွေလည်း ရှိသေးတယ်၊ ရှင် သွားကြည့်ပြီး ဘာစားချင်လဲ ရွေးပါဦးလား"
“ဒါ...”
ချန်ကျိုးသည် မျက်လုံးလေး ကလယ်ကလယ်ဖြင့် စဉ်းစားလိုက်ပြီး မတ်တတ်ရပ်ကာ ပြောသည်။
"ကောင်းပြီ"
ကျောက်ယာချန့်သည် အခြေအနေ မဟန်တော့သည်ကို မြင်သောအခါ ငိုယိုလျက် ချန်ကျိုး၏ လမ်းကို ပိတ်ဆီးလိုက်သည်။
"ပေါင်အမတ်မင်း၊ ကျွန်မအတွက် ဆုံးဖြတ်ပေးပါဦးရှင်၊ ကျွန်မက ဝမ်အန်းဖုန်းကြောင့် သေခဲ့ရတာပါ"
ချန်ကျိုးသည် 'ပေါင်အမတ်မင်း' ဟူသော စကားလုံးကြောင့် ထပ်မံ၍ စိတ်ဓာတ်တက်ကြွသွားရပြန်သည်။
"မင်း စိတ်ချပါ၊ ပေါင်အမတ်မင်းက ဘယ်တုန်းကမဆို တန်းတူရည်တူ ဆက်ဆံပြီး မျှတမှု ရှိစေရမယ်၊ ပေါင်အမတ်မင်း သွားပြီးရင် ချက်ချင်း ပြန်လာခဲ့မယ်"
ကျောက်ယာချန့်က ချန်ကျိုး၏ခြေထောက်ကို လှမ်းဆွဲထားသည်။
ချန်ကျိုးက လက်ကို ဝှေ့ယမ်းလိုက်သည်။
[စနစ်က ဝိညာဉ်သိမ်းဆည်းခြင်းအတတ်ကို ပြင်ဆင်နေပါသည်၊ သတိပေးချက်၊ သတိပေးချက်၊ ကျင့်စဉ်စွမ်းအား အနှစ်တစ်ရာအောက် လျော့နည်းနေပါသည်]
ကောင်းမွန်လှသော အနှစ်တစ်သောင်း ကျင့်စဉ်စွမ်းအားများမှာ ယခုမူ အနှစ်တစ်ရာပင် မပြည့်တော့ဘူးလား။
ချန်ကျိုးသည် ဝိညာဉ်နှစ်ခုကို နာကျည်းစွာဖြင့် စိုက်ကြည့်လိုက်သည်။ အကယ်၍ ပေါင်အမတ်မင်းသာ မျက်နှာမည်းပြီး မပြတ်သားပါက ဤဝိညာဉ်လေးနှစ်ခုကို လက်ဝါးတစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ချင်စိတ် ပေါက်နေမိသည်။
ဝိညာဉ်နှစ်ခုသည် ဝမ်အန်းဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်စုပ်ယူခြင်း ခံလိုက်ရသည်။
ချန်ကျိုးသည် ကျန်းချွေ့လျန်၏ခေါ်ဆောင်မှုဖြင့် မီးဖိုချောင်ထဲသို့ ရောက်ရှိသွားရာ ရေခဲသေတ္တာအပြည့် ရှိနေသော သစ်သီးများကြောင့် ချန်ကျိုး မျက်စိလည်သွားရသည်။
"ပေါင်အမတ်မင်း၊ ဖြည်းဖြည်းချင်းယူပါ၊ အားလုံးက ရှင့်အတွက်ချည်းပါပဲ" ဟု ကျန်းချွေ့လျန်က ယဉ်ကျေးပျူငှာစွာ ပြောဆိုရင်း မျက်လုံးလေး ကလယ်ကလယ်ဖြင့် သားဖြစ်သူ၏ အခန်းတံခါးကို လှည့်ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလာသည်။
"ပေါင်အမတ်မင်း၊ ရှင် ကျောက်ယာချန့်ရဲ့ ဝိညာဉ်ကို ကျွန်မသားရဲ့ ခန္ဓာကိုယ်ထဲကနေ မောင်းထုတ်ပေးလို့ ရမလားရှင်"
ငှက်ပျောသီးတစ်လုံးကို ကိုက်နေသော ချန်ကျိုးက ပြန်မေးလိုက်သည်။
"သူ့ကို မောင်းထုတ်လိုက်ရင် သူ မင်းတို့တွေကို ကောင်းကောင်းမသေရအောင် လုပ်မှာကို မင်းမကြောက်ဘူးလား"
ကျန်းချွေ့လျန်က တံတွေးတစ်ချက် မြိုချလိုက်ပြီး လေသံအေးကြီးဖြင့် ပြောတော့သည်။
"ပေါင်အမတ်မင်း၊ ကျွန်မရဲ့ ဆိုလိုရင်းက သူ့ကို လုံးဝဥဿုံ ပျောက်ကွယ်သွားအောင် လုပ်ခိုင်းတာပါ၊ ဒီကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွား အောင် ဝိညာဉ်ပါ လွင့်စင်သွားအောင် လုပ်ပေးပါ"
ဘေးနားရှိ ဟွမ်ရှောင်မော့သည် ဆက်၍နားမထောင်နိုင်တော့ပေ။
"မင်းကလည်း တကယ့်ကို ရက်စက်လွန်းတာပဲ"
ကျန်းချွေ့လျန်သည် ချန်ကျိုး၏ရင်ခွင်ထဲရှိ သစ်သီးများကို ငုံ့ကြည့်ကာ ပြောသည်။
"တစ်သိန်းပေးမယ်၊ ပေါင်အမတ်မင်း၊ ကျွန်မ ရှင့်ကို တစ်သိန်းပေးပါ့မယ်၊ ရှင် ကျောက်ယာချန့်ကို ဝိညာဉ်လွင့်စင်သွားအောင် လုပ်ပေးနိုင်မလား"
ချန်ကျိုးသည် မိမိရှေ့ရှိ ဤအလယ်အလတ်အရွယ် အမျိုးသမီးကို အကဲခတ်ကြည့်လိုက်ရာ သေးသိမ်ပြီး မိုက်မဲသော လူသားများသည် တကယ့်ကို ရက်စက်ပြီး ကောက်ကျစ်လှပေသည်။
ကျန်းချွေ့လျန်သည် ချန်ကျိုး၏ပုံစံကို ကြည့်ကာ ငွေနည်းနေသည်ဟု ထင်မှတ်လျက် ပိုလိုချင်နေသည်ဟု ယူဆကာ ထပ်ပြောပြန်သည်။
"နှစ်သိန်း၊ မဟုတ်ဘူး၊ ငါးသိန်း၊ ငါးသိန်းပေးမယ်၊ ကျောက်ယာချန့်ကို ဝိညာဉ်လွင့်စင်သွားအောင် လုပ်ပေးပါ"
ချန်ကျိုးသည် မျက်မှောင်ကြုတ်ကာ ထိုအမျိုးသမီးကို အေးစက်စွာ အကဲခတ်နေမိသည်။
သေးသိမ်ပြီး ရက်စက်မိုက်မဲသော အမျိုးသမီးကတော့ တကယ့်ကို စိတ်ဓာတ်ပုပ်စပ်နေတာပဲ။
ငွေကြေးနဲ့ ပေါင်အမတ်မင်းကို အလုပ်ခိုင်းစေချင်နေသေးတယ်ပေါ့။
ပေါင်အမတ်မင်းက မိုက်မဲတဲ့ လူသားတွေရဲ့ ငွေကြေးကြောင့် မြင့်မြတ်တဲ့ ဝိညာဉ်ကို အဖျက်ဆီးခံမလား။
"ဒီအမတ်မင်း အလုပ်လုပ်တာက ဒီအမတ်မင်းရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဖြစ်ရမယ်၊ မင်းလို သေးသိမ်တဲ့ အမျိုးသမီးတစ်ယောက်က ဘာလို့ စကားအများကြီး ပြောနေရတာလဲ"
ချက်ချင်းပင် သူသည် ဟွမ်ရှောင်မော့ဘက်သို့ လှည့်ကာ မေးလိုက်တော့သည်။
"ယွမ်ဖန်း၊ မင်း ဘယ်လိုထင်လဲ"