အခန်း ၇၉
Vol. 8 Ch. 79
Chapter 79
ဟွမ်ရှောင်မော့က ရိုရိုသေသေဖြင့် ဦးညွှတ်ဂါရဝပြုကာ "ပေါင်အမတ်မင်း၊ အောက်ခြေငယ်သားကျွန်တော့်အမြင်အရတော့ ဒီကိစ္စကို သေချာတွေးဆဖို့ လိုအပ်ပါတယ်" ဟု လျှောက်တင်၏။
မျက်နှာတစ်ခုလုံး ပိုးစာသီးအရည်များ ပေကျံနေသော ချန်ကျိုးက တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်ပြသည်။
"တကယ်ပဲ ဒီအမတ်မင်း သေချာတွေးဆဖို့ လိုတာပေါ့၊ ဒါပေမဲ့ မတွေးဆခင်မှာ ဒီအမတ်မင်းအနေနဲ့ ကျင့်စဉ်စွမ်းအားတချို့ ပြန်ဖြည့်တင်းဖို့ လိုတယ်၊ ငါ့ရဲ့ အနှစ်တစ်သောင်း စုဆောင်းထားတဲ့ ကျင့်စဉ်စွမ်းအားတွေက ဒီကလေးနှစ်ယောက်ကြောင့် ကုန်လုနီးပါး ဖြစ်သွားပြီ"
ပြောပြောဆိုဆိုဖြင့် ချန်ကျိုးသည် လက်ခုပ်ထဲတွင် သစ်သီးများကို ပွေ့ပိုက်ကာ ဝမ်မိသားစု၏ ဧည့်ခန်းထဲသို့ ပြေးသွားပြီး ရွေးချယ်နေတော့သည်။
“ဒါက သရက်သီးထင်တယ်၊ သူများစားတာ မြင်ဖူးတယ်၊ ငါ့ရဲ့ အနှစ်တစ်ရာ ကျင့်စဉ်စွမ်းအားကို ပြန်ဖြည့်ပေးနိုင်မှာပဲ”
“ဒီအဖုအထစ်တွေနဲ့ အစိမ်းရောင်အသီးက ဘာအသီးလဲ”
“ကြည့်ရတာ ဗုဒ္ဓရဲ့ ဦးခေါင်းတော်နဲ့ တူတယ်၊ အနည်းဆုံးတော့ ဆရာတော့်ရဲ့ အနှစ်ငါးရာ ကျင့်စဉ်စွမ်းအားကို ပြန်ဖြည့်ပေးနိုင်လိမ့်မယ်”
ဘေးနားတွင် လီချင်ရှန်းက နားမလည်နိုင်သဖြင့် ဟွမ်ရှောင်မော့ကို မေးလိုက်သည်။
"ငါ တစ်ခုတော့ နားမလည်ဘူး၊ ကျောက်ယာချန့်က သေသွားပြီလေ၊ အလောင်းလည်း ပြာဖြစ်သွားပြီ၊ သရဲပဲ ဖြစ်နေတာကို သရဲတွေကို ရှင်းလင်းတဲ့ နည်းလမ်းအတိုင်း ရှင်းပစ်လိုက်ရင် မရဘူးလား"
ဟွမ်ရှောင်မော့သည် စားပွဲခုံပေါ်တွင် မတ်တတ်ရပ်ကာ ချန်ကျိုးက သူ့ကို ဝေစုခွဲပေးမည်ကို စောင့်ဆိုင်းရင်း ပြောပြသည်။
"ဝိညာဉ်ကို သက်ရှိဝိညာဉ်နဲ့ ကွယ်လွန်သူဝိညာဉ်ဆိုပြီး ခွဲခြားထားတယ်၊ ပုံမှန်အခြေအနေမှာ လူသေပြီးရင် ဝိညာဉ်ကို ကွယ်လွန်သူဝိညာဉ်လို့ သတ်မှတ်တယ်၊ အဲဒါကို သာမန်လူတွေက သရဲလို့ ခေါ်ကြတာပေါ့၊ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကတော့ လူ့ခန္ဓာကိုယ်က မေ့မြောနေတဲ့အချိန်မှာ ဝိညာဉ်က တစ်ခုခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး မူလခန္ဓာကိုယ်ကနေ ထွက်သွားတာမျိုးပေါ့”
“အဲဒါက သက်ရှိဝိညာဉ် အမျိုးအစားထဲမှာ ပါဝင်တယ်၊ သူက အသက်ရှင်နေတုန်း ဝိညာဉ်ပဲ ဖြစ်သေးတယ်၊ ကျောက်ယာချန့်ရဲ့ အခြေအနေက ပိုပြီး ထူးခြားတယ်၊ သူမ သေပြီးတဲ့နောက် ဝိညာဉ်က သူမနဲ့ အကိုက်ညီဆုံး ခန္ဓာကိုယ်ကို ချက်ချင်း ရှာတွေ့သွားပြီး ဒုတိယအကြိမ် ပြန်လည်ရှင်သန်ခြင်းကို လှုံ့ဆော်ပေးလိုက်တာပဲ၊ မင်းတို့ လူသားကမ္ဘာမှာ သက်ရှိဝိညာဉ်ဆိုတာ အသက်ရှင်နေတဲ့ လူသားတစ်ယောက်လို့ အဓိပ္ပာယ်ရတယ်၊ ဘယ်ကျင့်ကြံသူမှ ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး"
"ဒါဆိုရင် လူတွေ သေပြီးတဲ့နောက် ဝိညာဉ်တွေအားလုံးက မိမိတို့နဲ့ အကိုက်ညီဆုံး ခန္ဓာကိုယ်ကို ရှာပြီး ပြန်လည်ရှင်သန်ကြမယ်ဆိုရင် ကမ္ဘာကြီး ဗြောင်းဆန်ကုန်မှာပေါ့"
ဟွမ်ရှောင်မော့သည် ချန်ကျိုး စားပြီး ချန်ထားခဲ့သော ငှက်ပျောသီးကို ကောက်ယူကာ ပါးစပ်ထဲ သွင်းရင်း ပြောလိုက်သည်။
"ဒီလိုဖြစ်နိုင်ခြေက သုညနီးပါးပဲ ရှိတာ၊ ဒီကိစ္စက တကယ့်ကို ကိုင်တွယ်ရ ခက်ခဲလိမ့်မယ်၊ အခု အခြေအနေကို ကြည့်ရသလောက်တော့ ကျောက်ယာချန့်ကို အတင်းအဓမ္မ မောင်းထုတ်ရင် သက်ရှိဝိညာဉ်ကနေ ကွယ်လွန်သူဝိညာဉ်ဖြစ်သွားပြီး ဒီမိသားစုကို ဘယ်လိုမှ လွှတ်ပေးမှာ မဟုတ်ဘူး"
"ဒါဆို ဘယ်လိုလုပ်မလဲ"
"နည်းလမ်းတစ်ခုပဲ ရှိတယ်၊ ကျောက်ယာချန့်က ဝမ်အန်းဖုန်းရဲ့ ခန္ဓာကိုယ်ထဲကနေ အလိုအလျောက် ထွက်သွားရမယ်၊ ပြီးမှ အဆင့်မြင့်ကျင့်ကြံသူက ဝိညာဉ်ကိုချော့မြှူပြီး ဝိညာဉ်ကမ္ဘာကို ပို့ဆောင်ပေးရမယ်၊ အဲဒီကျမှ နောက်တစ်ကြိမ် လူပြန်ဝင်စားဖို့ စောင့်ဆိုင်းနိုင်မှာ၊ မဟုတ်ရင်တော့ ဒီလို ဆက်ပြီးတင်းခံနေရင် ဝမ်အန်းဖုန်းရဲ့ ခန္ဓာကိုယ်က စောစောစီးစီးပျက်စီးသွားပြီး နောက်ဆုံးမှာ ခန္ဓာကိုယ်တစ်ခုထဲမှာ ဝိညာဉ်နှစ်ခုစလုံး သေဆုံးသွားလိမ့်မယ်"
ချန်ကျိုးသည် သြဇာသီးကို အခွံကော အသားကော ကိုက်ဝါးလိုက်ရင်း ပြောသည်။
"ဒါက လွယ်ပါတယ်၊ အသက်ရှင်ခြင်းနဲ့ သေခြင်းကို စာရွက်လိပ်လေးနှစ်ခု လုပ်ပြီး ဘယ်သူ အသက်ရှင်မလဲ ဘယ်သူ သေမလဲဆိုတာ ကံတရားအပေါ်ပဲ မူတည်တာပေါ့၊ အု....အု၊ တကယ့်ကို စားလို့ မကောင်းဘူး"
ထို့နောက် ဟွမ်ရှောင်မော့ထံသို့ ပစ်ပေးလိုက်သည်။
လီချင်ရှန်းက စိတ်ထဲမှ ရေရွတ်မိသည်။
“ဒါက နည်းနည်းတော့ ပေါ့ဆလွန်းရာ မကျဘူးလား”
ဟွမ်ရှောင်မော့က ရှာကျားသီးကို ဖမ်းယူလိုက်ပြီး "ဒါက အခွံစားလို့ မရဘူး၊ အထဲက အသားက ချိုတယ်" ဟု ပြောပြသည်။
"ဒါဆို ငါ ထပ်မြည်းကြည့်ဦးမယ်"
လီချင်ရှန်းသည် ခေါင်းခါလိုက်ပြီး လူနာရှင်၏ ကိစ္စကို ဆက်လက်၍ စိတ်မရှုပ်တော့ပေ။ သူ ဘယ်လောက်ပဲ တွေးတွေး ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။
"ဟွမ်ရှောင်မော့၊ မင်းရဲ့ ယွမ်ဖန်းဆိုတာက တိရန်ကျဲရဲ့ လူ မဟုတ်ဘူးလား"
"ဟုတ်လို့လား၊ ငါ ဇာတ်လမ်းတွေ မှားမှတ်မိတာ ဖြစ်လိမ့်မယ်"
ဟွမ်ရှောင်မော့က ချန်ကျိုးကို တစ်ချက် ကြည့်လိုက်သော်လည်း ချန်ကျိုးကမူ ဂရုစိုက်သည့် ပုံစံမရှိပေ။
အခြားအခန်းတစ်ခုအတွင်း၌ ကျန်းချွေ့လျန်နှင့် ဝမ်ပေါင်ရှန့်တို့သည် တင်းလီဝိညာဉ်ရေးရာဝန်ဆောင်မှုရုံးမှ လူများနှင့် စကားပြောဆိုနေကြသည်။
"ဆရာလော့၊ ဆရာ့ရဲ့ ပညာအရည်အချင်းနဲ့ ကျွန်မသားရဲ့ ခန္ဓာကိုယ်ထဲက ကျောက်ယာချန့်ကို ဆွဲထုတ်ပေးလို့ ရမလားရှင်"
ချန်ကျိုးဘက်ကတော့ သေချာပေါက် အားကိုး၍ မရတော့သဖြင့် ကျန်းချွေ့လျန်သည် အဆင့်လျှော့ကာ တင်းလီရုံးမှ လူများကို အကူအညီတောင်းခံခြင်း ဖြစ်သည်။
ဆရာလော့သည် အသက်အကြီးဆုံး ဝတ်ရုံရှည်ဝတ် ကျင့်ကြံသူ ဖြစ်ပြီး နန်ရန်ဇီကဲ့သို့ပင် ဆိတ်မုတ်ဆိတ် ရှိသည်။
"သူမက သေသွားပြီဆိုပေမဲ့ ဝိညာဉ်ကတော့ သက်ရှိဝိညာဉ်ဖြစ်နေတုန်းပဲ၊ အစိုးရက ထုတ်ပြန်ထားတဲ့ ကျင့်ကြံသူများ စည်းမျဉ်းအရ ဘယ်ကျင့်ကြံသူမှ သက်ရှိဝိညာဉ်ရဲ့ အသက်ရှင်ခြင်းနဲ့သေခြင်းကို သဘောအလျောက် ဆုံးဖြတ်ခွင့်မရှိဘူး"
ကျန်းချွေ့လျန်သည် မျက်လုံး ပြူးလိုက်ပြီး အံကြိတ်ကာ တံတွေးများ စင်လျက် ပြောတော့သည်။
"သူမက ကျွန်မသားရဲ့ ခန္ဓာကိုယ်ထဲက ထွက်သွားတာနဲ့ သူမကို ချက်ချင်း ဖျက်ဆီးပစ်လိုက်ပါ၊ သူမက သက်ရှိဝိညာဉ်မှန်း ဘယ်သူ သိမှာလဲ၊ အခုတင်ပဲ သူမပြောတာ ဆရာလည်း ကြားတယ်မလား၊ ကျွန်မသားကို ကယ်ရင် ကျွန်မတို့ မိသားစုတစ်ခုလုံး ကောင်းကောင်းမသေရအောင် လုပ်မယ်တဲ့၊ ဒါကိုလည်း သက်ရှိဝိညာဉ်လို့ ခေါ်နိုင်သေးတာလား"
"ကျောက်ယာချန့်နဲ့ မင်းတို့သားရဲ့ ဆက်နွှယ်မှုကို ဖြတ်တောက်ပစ်ရင်တော့ သူမကို ကွယ်လွန်သူဝိညာဉ် ဖြစ်သွားအောင် လုပ်လို့ရပါတယ်၊ ဒါပေမဲ့ သူမက အခု..."
ကျန်းချွေ့လျန်က လက်ဝါးကို ဖြန့်ပြလိုက်သည်။
"ငါးသိန်းပေးမယ်၊ သူမ ဝိညာဉ်လွင့်စင်သွားဖို့ လုပ်ပေးပါ"
ဆရာလော့သည် ကြောင်အသွားပြီး မည်သို့ ပြန်လည်ဖြေကြားရမှန်း မသိ ဖြစ်သွားရသည်။
ကျန်းချွေ့လျန်က ဆက်ပြောသည်။
"ကျောက်ယာချန့်ကို ကွယ်လွန်သူဝိညာဉ် အငြိုးကြီးသရဲအဖြစ် ပြောင်းလဲပြီး အမြစ်ပြတ် သုတ်သင်ပေးပါ"
ဆရာလော့၏ စိတ်ထဲတွင် ချိန်ဆနေမိသည်။
“ငါးသိန်းဆိုတာ နည်းတဲ့ပမာဏ မဟုတ်ဘူးပဲ”
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဆရာလော့ စိတ်လှုပ်ရှားသွားရသည်။
"ဒါဆို အပြင်က ပေါင်ချိန်လို့ ခေါ်ခေါ် နေတဲ့ ချန်ကျိုး...အဲဒီလူကော"
"စိတ်ချပါ၊ သူ ကိစ္စ ဖျက်ဆီးမှာ မဟုတ်ဘူး၊ ကျွန်မတို့ အပေါ်မှာပဲ ထားလိုက်ပါ" ဟု ကျန်းချွေ့လျန်က ဆိုသည်။
ဆရာလော့က ခဏမျှ စဉ်းစားပြီးနောက် "ကောင်းပြီ၊ ငါ စမ်းကြည့်ပေးမယ်" ဟု သဘောတူလိုက်၏။
တင်းလီဝိညာဉ်ရေးရာဝန်ဆောင်မှုရုံးမှ လူများသည် ဝမ်အန်းဖုန်း ရှိရာ အခန်းသို့ ပြန်သွားပြီး ပြင်ဆင်မှုများ စတင်ကြတော့သည်။ ကျန်းချွေ့လျန်နှင့် ဝမ်ပေါင်ရှန့် ဇနီးမောင်နှံနှစ်ဦးသာ ကျန်ရစ်ခဲ့၏။
ဝမ်ပေါင်ရှန့် "မင်း ဘာလို့ ချန်ကျိုးကို အခုချက်ချင်း ထွက်မသွားခိုင်းတာလဲ၊ ကိစ္စ လာဖျက်ဆီးနေဦးမယ်" ဟု မေးသည်။
ကျန်းချွေ့လျန်က ခင်ပွန်းဖြစ်သူကို စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်သည်။
"ရှင်ကတော့ ဝက်ဦးနှောက်ပဲ၊ ဒီလော့ဆိုတဲ့လူက သုံးလေးရက်ပတ်လုံး သုတေသနလုပ်တာတောင် ကျွန်မတို့သားကို နိုးလာအောင် မလုပ်နိုင်ဘူး၊ ချန်ကျိုး ရောက်လာတာနဲ့ သားက ချက်ချင်းနိုးလာတယ်၊ ဒါက ချန်ကျိုးရဲ့ စွမ်းရည်က ဆရာလော့ထက် သာတယ်ဆိုတာ ပြနေတာပဲ၊ လော့ကိစ္စ လွဲချော်သွားလို့ ကျောက်ယာချန့်က ကွယ်လွန်သူဝိညာဉ်ဖြစ်သွားပြီး ကြောက်စရာကောင်းတဲ့ သရဲဖြစ်လာရင် ဆရာလော့က မနိုင်ရင်တောင် ချန်ကျိုးရှိသေးတယ် မဟုတ်လား"
ဝမ်ပေါင်ရှန့် ဇနီးဖြစ်သူကို လက်မထောင်ပြလိုက်သည်။
"မင်း စဉ်းစားတာ တကယ့်ကို အကွက်စေ့တယ်"
"ကျွန်မသာ အကွက်မစေ့ရင် ရှင်နဲ့ သားက လမ်းဘေးမှာ နှင်းရေလျှောက်သောက်နေရပြီ၊ မြန်မြန်သွား၊ အိမ်က စားစရာနဲ့ ကစားစရာ ကောင်းကောင်းတွေကို ယူလာပြီး ချန်ကျိုးကို ဆွဲထားလိုက်၊ လော့အတွက် အချိန်ဆွဲပေးရမယ်"
ဇနီးမောင်နှံနှစ်ဦးသည် အလုပ်ခွဲလုပ်ကြတော့သည်။
တင်းလီဝိညာဉ်ရေးရာဝန်ဆောင်မှုရုံးမှ လူများသည် ဝမ်အန်းဖုန်း၏အခန်းထဲတွင် မနားတမ်း အလုပ်ရှုပ်နေကြ၏။
ချန်ကျိုးသည် ဝမ်မိသားစု၏ဆိုဖာပေါ်တွင် ထိုင်ကာ တီဗီထဲမှ ဝမ်းပိစ်ကာတွန်းကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ သူတစ်ကိုယ်လုံး ဝမ်းပိစ်ကမ္ဘာထဲသို့ စိတ်ရောက်နေပြီး စိတ်လှုပ်ရှားလာသောအခါ လက်ဟန်ခြေဟန်များဖြင့် လိုက်လုပ်နေမိသည်။
ချန်ကျိုးသည် စားပွဲခုံပေါ်သို့ တက်ရပ်ကာ ကိုယ်ခံပညာ လေ့ကျင့်သည့် ပုံစံကို လုပ်ပြနေ၏။
ဆိုဖာပေါ်တွင်မူ မြှောက်ပင့်သူ သုံးယောက် ထိုင်နေကြသည်။
လီချင်ရှန်း လက်ခုပ်တီးကာ "ကောင်းတယ်၊ လူဖီအစစ်အတိုင်းပဲ" ဟု မြှောက်ပေးသည်။
ဟွမ်ရှောင်မော့ကလည်း "ချန်ကျိုးထက် ပိုပြီး လူဖီနဲ့ တူတဲ့သူ မရှိတော့ဘူး"
ဝမ်ပေါင်ရှန့်ကလည်း "ချန်ကျိုး ဘယ်ကမလဲ၊ လူဖီကိုယ်တိုင်ပဲလေ၊ လူဖီ တီဗီထဲကနေ ထွက်လာတယ်လို့တောင် ငါ ထင်မိတယ်" ဟု ဝင်မြှောက်၏။
ချန်ကျိုးသည် သွားအဖွေးသား ပေါ်အောင် ရယ်မောလိုက်ပြီး လက်သီးကို ဆုပ်ကာ နဖူးနားတွင် ထားလိုက်သည်။
လက်ခုပ်သံများ တဖြောင်းဖြောင်း မြည်ဟည်းသွား၏။
ချန်ကျိုးသည် လူနှစ်ယောက်နှင့် ကြွက်တစ်ကောင်၏ညံ့ဖျင်းလှသော မြှောက်ပင့်မှုများကို ခံစားရင်း အသိအမှတ်ပြု ခံချင်စိတ်များ အလွန်အမင်း ပြည့်နှက်သွားရသည်။
ဝမ်ပေါင်ရှန့်သည် သားဖြစ်သူ၏ အခန်းထဲမှ လှုပ်ရှားသံများကို ဖုံးကွယ်ရန် တီဗီအသံကို တမင်သက်သက် ကျယ်ကျယ် ချဲ့ထားပေးသည်။
မိုးလင်းခါနီး တစ်နာရီကျော်တွင် ဝမ်အန်းဖုန်း၏ အခန်းထဲ၌ မီးများ ပိတ်သွားပြီး တင်းလီဝိညာဉ်ရေးရာဝန်ဆောင်မှုရုံးမှ ကျင့်ကြံသူ သုံးဦးသည် လက်ထဲတွင် ဖယောင်းတိုင်ဖြူတစ်တိုင်စီ ကိုင်ဆောင်ကာ ဝမ်အန်းဖုန်း၏ ကုတင်ဘေးတွင် လှည့်ပတ်လမ်းလျှောက်နေကြသည်။
လူသုံးဦး၏ တိုးညှင်းသော ဂါထာရွတ်ဆိုသံ ထွက်ပေါ်လာသည်။
"လမ်းပျောက်ဝိညာဉ်၊ ကောင်းကင်နဲ့ မြေပြင်က ကျယ်ပြောလှတယ်၊ ဘယ်နေရာမှာ လွင့်မျောနေတာလဲ၊ ဆွေမျိုးမိတ်ဆွေတွေက လွမ်းဆွတ်တမ်းတနေကြတယ်၊ ကြွင်းကျန်တဲ့ ဝိညာဉ်ကို သိမ်းဆည်းပြီး မြန်မြန် ပြန်လာပါတော့၊ အလွမ်းဓာတ်ကို ဖြေဖျောက်ပါရစေ”
“လမ်းပျောက်ဝိညာဉ်၊ ကောင်းကင်နဲ့ မြေပြင်က ကျယ်ပြောလှတယ်၊ ဘယ်နေရာမှာ လွင့်မျောနေတာလဲ၊ ဆွေမျိုးမိတ်ဆွေတွေက လွမ်းဆွတ်တမ်းတနေကြတယ်၊ ကြွင်းကျန်တဲ့ ဝိညာဉ်ကို သိမ်းဆည်းပြီး မြန်မြန် ပြန်လာပါတော့၊ အလွမ်းဓာတ်ကို ဖြေဖျောက်ပါရစေ..."
ဂါထာရွတ်ဆိုသံသည် အဆက်မပြတ် လည်ပတ်နေပြီး အစပိုင်းတွင် မည်သည့်လှုပ်ရှားမှုမျှ မရှိသော်လည်း တဖြည်းဖြည်းနှင့် ကုတင်ပေါ်ရှိ ဝမ်အန်းဖုန်းသည် တစ်ကိုယ်လုံး တုန်ရီလာကာ နဖူးတွင် ချွေးစေးများ ထွက်ပေါ်လာပြီး ကုတင်ပေါ်၌ စည်ကြီးပေါ်တွင် ခုန်ပေါက်နေသော ပဲစေ့များကဲ့သို့ ဖြစ်နေတော့သည်။
အသက်ကြီးသော ဝတ်ရုံရှည်ဝတ် ကျင့်ကြံသူ ဆရာလော့သည် အခြေအနေ အဆင်ပြေပြီဖြစ်ကြောင်း မြင်သောအခါ ကျန်းချွေ့လျန်ကို မျက်ရိပ်ပြလိုက်သည်။
ကျန်းချွေ့လျန်သည် လက်ထဲတွင် ဖုန်းကို ကိုင်ထားပြီး ဖုန်းမျက်နှာပြင်ပေါ်တွင် အပြန်အလှန် စကားပြောခန်းတစ်ခု ရှိနေကာ အမည်ကို ခေါင်းစဉ်တပ်ထားသည်မှာ ယောက္ခမကြီး ဖြစ်သည်။
အတိတ်က မိသားစုနှစ်စု မင်္ဂလာပွဲ ပြင်ဆင်စဉ်က အသံဖိုင်မှတ်တမ်းတစ်ခုကို နှိပ်လိုက်၏။
"ယာချန့်"
အသံက မြင့်မားနေပြီး ဖော်ပြရခက်သော ပျော်ရွှင်ဖွယ် ခံစားချက်ကို ပေးစွမ်းသည်။
ကုတင်ပေါ်ရှိ သားဖြစ်သူသည် ပိုမိုပြင်းထန်စွာ တုန်ရီလာတော့သည်။
"ယာချန့်"
"ယာချန့်"
ကျန်းချွေ့လျန်သည် အသံဖိုင်ကို အဆက်မပြတ် ထပ်ခါတလဲလဲ ဖွင့်နေသည်။
ကုတင်ပေါ်ရှိ ဝမ်အန်းဖုန်းသည် ပြင်းထန်စွာ တစ်ချက် တုန်ခါသွားပြီးနောက် ထပ်မံ၍ မလှုပ်ရှားတော့ပေ။
ကျောက်ယာချန့်၏ ဝိညာဉ်သည် ဝမ်အန်းဖုန်း၏ ခန္ဓာကိုယ်ထဲမှ ထထိုင်လာသည်ကို မြင်တွေ့လိုက်ရပြီး ဖယောင်းတိုင်ဖြူ၏ ယိမ်းနွဲ့မှုအောက်တွင် သွေးချင်းချင်းနီနေသော မျက်နှာမှာ တကယ့်ကို ထိတ်လန့်ဖွယ် ကောင်းလှပေသည်။