အခန်း ၈၀
Vol. 8 Ch. 80
Chapter 80
ကျောက်ယာချန့်၏ဝိညာဉ်သည် ဘာကိုမျှ ဂရုမစိုက်တော့ဘဲ ဝမ်အန်းဖုန်း၏ ခန္ဓာကိုယ်ထဲမှ ရုန်းထွက်ကာ ကျန်းချွေ့လျန် ရှိနေသည့် တံခါးဝဆီသို့ ပြေးဝင်သွားပြီး "အမေ၊ အမေ" ဟု အော်ဟစ်လေသည်။
ကုတင်ဘေးရှိ ကျင့်ကြံသူ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးသည် ထိုအခြေအနေကို မြင်သောအခါ အဝါရောင်နောက်ခံတွင် အနီရောင်အဆောင်စာသားများ ပါရှိသည့် အဝတ်စတစ်ခုဖြင့် ဝမ်အန်းဖုန်း၏ ခန္ဓာကိုယ်ပေါ်သို့ အလျင်အမြန် လွှမ်းခြုံပေးလိုက်ကြ၏။
ကျောက်ယာချန့်သည် တံခါးဝသို့ ရောက်ရှိသွားချိန်တွင် ကျန်းချွေ့လျန်၏လက်ထဲ၌ အသံဖိုင်ဖွင့်ထားသည့် ဖုန်းကို မြင်လိုက်ရသဖြင့် ဒါက ထောင်ချောက်တစ်ခုဖြစ်မှန်း ချက်ချင်းရိပ်မိသွားတော့သည်။
သူမသည် သိစိတ်အရ ဝမ်အန်းဖုန်း၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးစားသော်လည်း အဆောင်စာသားများ ပါရှိသည့် အဝတ်စနှင့် ထိမိသွားသောအခါ ဝိညာဉ်တစ်ခုလုံး လွင့်ထွက်သွားရချေသည်။
သူမသည် မကျေနပ်နိုင်ဘဲ နောက်ထပ် နှစ်ကြိမ်မျှ ထပ်မံကြိုးစားခဲ့သော်လည်း အားလုံး လွင့်ထွက်သွားခဲ့ရသည်။
ထိုကျင့်ကြံသူ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးသည် လက်ထဲမှ ဖယောင်းတိုင်များကို မှုတ်ထုတ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးများကို မှိတ်လျက် လက်ဟန်မန္တန်များ ပြုလုပ်ပြီး ပါးစပ်မှ ဂါထာမန္တန်များကို တိုးညှင်းစွာ ရွတ်ဆိုနေကြတော့သည်။
ကျောက်ယာချန့်၏ အမြင်တွင် ကုတင်ပေါ်ရှိ ဝမ်အန်းဖုန်းမှာ ဝေဝေဝါးဝါးဖြင့် ပျောက်ကွယ်သွားခဲ့ပြီး ဝိညာဉ်နှင့် ခန္ဓာကိုယ်ကြား ဆက်နွှယ်မှုအပေါ် အခြေခံ၍ ရှာဖွေသော်လည်း ဝမ်အန်းဖုန်း၏အရိပ်အယောင်ကို လုံးဝ ရှာမတွေ့တော့ချေ။
"ကွယ်လွန်သူဝိညာဉ် ကျောက်ယာချန့်၊ မင်းသာ အစွဲအလန်းတွေကို စွန့်လွှတ်ပြီး သွားသင့်တဲ့နေရာကို သွားမယ်ဆိုရင် ငါ မင်းကို လူပြန်ဝင်စားနိုင်အောင် ကူညီပေးပါ့မယ်"
ဆရာလော့သည် လက်ထဲတွင် နီရဲပြီးပျစ်ခဲနေသော အရည်များ ပြည့်နေသည့် ကြွေပန်းကန်လုံးတစ်လုံးကို ကိုင်ဆောင်ထားသည်။
ပန်းကန်လုံးထဲရှိ နီရဲပျစ်ခဲနေသော အရည်များမှာ ဘာမှရောနှောမထားသည့် အမည်းရောင်ခွေးအစစ်၏ သွေးဖြစ်ပြီး ၎င်းအပြင် နေ့စဉ် နံနက်ခင်းတွင် ပထမဆုံး တွန်တတ်သည့် ကြက်ဖကြီး၏ သွေးနှင့် ဆရာလော့ကိုယ်တိုင် ကြိတ်ခွဲထားသည့် အဆင့်မြင့် ဟင်္သာပြဒါးကျောက်မှုန့်များ ပါဝင်ပေသည်။
ဤသုံးမျိုးစလုံးမှာ ယန်ဓာတ် အလွန်ပြင်းထန်သော အရာများ ဖြစ်ကြသဖြင့် သရဲသစ္ဆေများကို ပြင်းထန်စွာ နှိမ်နင်းနိုင်စွမ်း ရှိချေသည်။
ကျောက်ယာချန့်ကဲ့သို့ ခုမှ သေဆုံးခါစ ဝိညာဉ်တစ်ခုအတွက် ထိုအရည် အနည်းငယ်မျှသည်ပင် သူမကို ဝိညာဉ်လွင့်စင်သွားအောင် လုပ်ရန် လုံလောက်ပေသည်။
ဆရာလော့သည် ကျောက်ယာချန့်နှင့် ဝမ်အန်းဖုန်း ခန္ဓာကိုယ်ကြားက ဆက်နွှယ်မှုကို ဖြတ်တောက်ပစ်လိုက်ပြီဖြစ်ရာ ကျောက်ယာချန့်သည် သက်ရှိဝိညာဉ်အဖြစ်မှ ကွယ်လွန်သူဝိညာဉ် ဖြစ်သွားခဲ့ရချေပြီ။
"နင်တို့ ငါ့ကို လှည့်စားတယ်"
အတိုင်းအဆမဲ့သော ရန်ငြိုးဒေါသများက ကျောက်ယာချန့်၏ ဝိညာဉ်ထဲသို့ ပြည့်နှက်သွားပြီး ဝိညာဉ်ထံမှ အနက်ရောင် အငွေ့အသက်များ စတင် ထွက်ပေါ်လာတော့သည်။
ယင်ဓာတ် သတိပေးမီးလုံးသည်လည်း တဖျတ်ဖျတ် လင်းထိန်လာခဲ့၏။
"ဆရာ၊ ပထမအဆင့် လေလွင့်ဝိညာဉ်ပါ" ဟု ဝတ်ရုံရှည်ဝတ် အမျိုးသားကျင့်ကြံသူက အလောတကြီး ပြောလိုက်သည်။
ချက်ချင်းပင် အမျိုးသမီးကျင့်ကြံသူက "သရဲမရဲ့ ယင်ဓာတ်က ဆက်ပြီး တိုးလာနေတုန်းပဲ၊ မကောင်းတော့ဘူး၊ ဒုတိယအဆင့် အငြိုးကြီးတစ္ဆေကို ဖြတ်ကျော်သွားပြီ၊ ဆက်ပြီးတော့ အရှိန်တက်နေတုန်းပဲ" ဟု လျင်မြန်စွာ ဆိုချေသည်။
ဆရာလော့သည် စိတ်ကို တည်ငြိမ်အောင်ထားပြီး လက်တစ်ဖက်ကို သွေးပန်းကန်လုံးထဲ နှစ်လိုက်သည်။
"မင်းက အမှားကို ဆက်ပြီး ဆုပ်ကိုင်ထားမယ်ဆိုရင်တော့ ငါ မင်းကို လမ်းပြပေးရတော့မှာပဲ"
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ နီရဲနေသော အရည်များသည် ကျောက်ယာချန့်၏ ဝိညာဉ်ဆီသို့ လွင့်စင်သွားပြီး ကျောက်ယာချန့်၏ ဝတ်စုံပေါ်သို့ ကျရောက်သွားကာ ဝတ်စုံနှင့်အတူ ဝိညာဉ်ပါ ချက်ချင်း လောင်ကျွမ်းပေါက်ပြဲသွားခဲ့ရ၏။ သွေးတစ်စက်သည် ကျောက်ယာချန့်၏ မျက်နှာပေါ်သို့ ကျရောက်သွားရာ လောင်ကျွမ်းမှု ပြန့်နှံ့သွားပြီး ပြင်းထန်သော အနက်ရောင်အငွေ့များ ထွက်ပေါ်လာကာ အလောင်းလောင်ကျွမ်းသည့် အနံ့ဆိုးကြီးပါ ထွက်ပေါ်လာတော့သည်။
"အား"
ကျောက်ယာချန့်သည် မျက်နှာကို အုပ်ကာ ရင်ကွဲမတတ် စူးစူးဝါးဝါး အော်ဟစ်လေသည်။
ဧည့်ခန်းထဲတွင် စတော်ဘယ်ရီသီး ကိုင်ထားသော ချန်ကျိုးသည် ရုတ်တရက် ထွက်ပေါ်လာသည့် စူးရှသော အော်ဟစ်သံကြောင့် လက်တုန်သွားပြီး စတော်ဘယ်ရီသီးမှာ ဆိုဖာပေါ်သို့ လိမ့်ကျသွားခဲ့ရ၏။
ချန်ကျိုးသည် လည်ပင်းကိုဆန့်ကာ ဝမ်အန်းဖုန်း၏ အခန်းဘက်သို့ လှမ်းကြည့်လိုက်သည်။
"ဘာဖြစ်တာလဲ"
နောက်တစ်စက္ကန့်တွင် ဝုန်းခနဲ မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာသည်။
အခန်းတံခါးသည် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ပြင်းထန်လှသော အရှိန်အဝါတစ်ခု အခန်းထဲမှ ထွက်ပေါ်လာခဲ့ချေပြီ။
ကျန်းချွေ့လျန်သည် အခန်းထဲမှ လိမ့်တစ်လှည့် ပြေးတစ်လှည့် ထွက်လာကာ အော်ဟစ်တော့သည်။
"ကယ်ကြပါဦး၊ ကျောက်ယာချန့် လူသတ်တော့မယ်၊ ကယ်ကြပါဦး"
ချက်ချင်းပင် ဒုန်းခနဲ မြည်ဟည်းသံနှင့်အတူ ဝတ်ရုံရှည်ဝတ် အဘိုးအိုသည် လွင့်ထွက်လာပြီး ဧည့်ခန်းထဲသို့ ဘေးတိုက် ကျရောက်ကာ တီဗီစင်ပေါ်သို့ ဆောင့်မိသွားခဲ့ရသည်။
ထို့နောက်တွင်လည်း “ဒုန်း ဒုန်း” ဟူသော အသံနှစ်ချက် ထွက်ပေါ်လာပြန်သည်။
ဝတ်ရုံရှည်ဝတ် ကျင့်ကြံသူ အမျိုးသားနှင့် အမျိုးသမီးတို့သည်လည်း ဘေးတိုက် လွင့်ထွက်လာကြချေသည်။
တင်းလီရုံးမှ လူသုံးဦးသည် တစ်ယောက်ပေါ်တစ်ယောက် ထပ်လျက် ကြမ်းပြင်ပေါ်တွင် ညည်းတွားနေကြတော့သည်။
ကျောက်ယာချန့်သည် တံခါးဝတွင် ရုတ်တရက် ပေါ်လာပြီး ပေါက်ပြဲနေသော အနီရောင်ဝတ်စုံက မျက်နှာတစ်ဝက်ကို ဖုံးကွယ်ထားကာ မျက်ဝန်းများမှာ သွေးကဲ့သို့ နီရဲနေပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များထွက်ပေါ်နေ၏။ ညိုမည်းနေသော လက်မောင်း ပေါ်တွင် နီရဲသော သွေးများ စီးကျနေပြီး ဘယ်အချိန်က ရှည်ထွက်လာမှန်းမသိသော အနီရောင်လက်သည်းရှည်ကြီးများရှိနေကာ သူမ၏ နောက်ကွယ်တွင်မူ အဆုံးမဲ့သော မှောင်မိုက်ခြင်းများ ရှိနေပေသည်။
ကျောက်ယာချန့်သည် တတိယအဆင့်ကြမ်းကြုတ်သောသရဲ အဆင့်နှောင်းပိုင်း ဖြစ်ပြီး ယခုအခါရူးသွပ်သောင်းကျန်းသော အခြေအနေသို့ ရောက်ရှိနေကာ သေဆုံးပြီး သတ္တမမြောက်နေ့အရှိန်အဝါကြောင့် စွမ်းရည်မှာ စတုတ္ထအဆင့်နှင့်ပင် နှိုင်းယှဉ်နိုင်ချေသည်။
ချန်ကျိုးသည် မျက်လုံးများ လင်းလက်သွားပြီး အားကျသည့် အမူအရာဖြင့် လက်ခုပ်တီးလိုက်သည်။
"တကယ့်ကို လန်းပြီးမိုက်တာပဲ၊ ရှောင်ချန့်ချန့်၊ မင်းက အရင်ကထက် အများကြီး ပိုပြီးကြည့်ကောင်းလာတယ်"
ဟွမ်ရှောင်မော့သည် ကြည့်ရင်းနှင့် ဆွံ့အသွားရသည်။
“ဒီလူသားတွေက တကယ့်ကို ရက်စက်ကြတာပဲ”
ကျောက်ယာချန့်ကို ဝိညာဉ်လွင့်စင်အောင်လုပ်ချင်နေကြတာကနေ မမျှော်လင့်ဘဲ ကြမ်းကြုတ်သော သရဲအဆင့်ရှိတဲ့ သရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားအောင် တွန်းပို့လိုက်သလိုဖြစ်သွားရသည်။ သေဆုံးပြီး သတ္တမမြောက်နေ့ အရှိန်အဝါပါ ပေါင်းစပ်လိုက်သောအခါ ဤအရှိန်အဝါသည် စတုတ္ထအဆင့် နတ်ဆိုးဝိညာဉ်အဆင့်ရှိသည့် သူကိုယ်တိုင်ပင်လျှင် ကျောက်ယာချန့်၏ပြိုင်ဘက် မဟုတ်တော့ချေ။
လီချင်ရှန်းနှင့် ဝမ်ပေါင်ရှန့်တို့သည် တုန်တုန်ရင်ရင်ဖြင့် ချန်ကျိုး၏နောက်ကွယ်တွင် ပုန်းအောင်းနေကြ၏။
ကျောက်ယာချန့်သည် လက်မောင်းနှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
"အား"
စူးရှလှသော အော်ဟစ်သံသည် လူတို့၏နားစည်ကို ကွဲထွက်မတတ် ဖြစ်စေပြီး သူမ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ဖန်ပစ္စည်း မှန်သမျှ ကွဲကြေကုန်ကြကာ ခေါင်းပေါ်ရှိ ပုံဆောင်ခဲမီးဆိုင်းကြီးသည်လည်း မျက်နှာကျက်ပေါ်မှ ပြုတ်ကျလာပြီး မြေပြင်ပေါ်တွင် ပုံဆောင်ခဲစများ ဗရပွ ဖြစ်သွားခဲ့ရ၏။ ဆက်သွယ်ထားသော လျှပ်စစ်ဝါယာကြိုးများမှလည်း မီးပွားများ တဖျတ်ဖျတ်ထွက်ပေါ်လာ တော့သည်။
ချန်ကျိုး ကာတွန်းကြည့်နေသည့် တီဗီပင်လျှင် ချွင်းချက်မရှိဘဲ ထိုနေရာတင် ပေါက်ကွဲသွားပြီး မီးခိုးများထွက်ပေါ်ကာ ငြိမ်သက်သွားခဲ့ရချေသည်။
ချန်ကျိုးသည် ထိုနေရာတွင်တင် ခုန်ဆွလိုက်ပြီး ခြေထောက်နှစ်ဖက်ကို ကားလျက် ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းပြီး လက်မနှစ်ဖက်ကို ထောင်ပြကာ ချီးကျူးလိုက်သည်။
"ဘော်ဒါကြီး တကယ့်ကို မိုက်တယ်၊ ၆၆၆ (ရှယ်ပဲ) ၊ ဒီအမတ်မင်း မင်းကို လာပြီး လိုက်ခ်ပေးတယ်"
မျက်တောင်ဖျတ်ခတ်အတွင်း ကျောက်ယာချန့်သည် ကျန်းချွေ့လျန်၏ ခြေရင်းသို့ ရောက်ရှိသွားပြီး အနီရောင် လက်သည်းရှည်ကြီးများ ရှိသည့် လက်ဖြင့် ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ကျန်းချွေ့လျန်၏လည်ပင်းကို ညှစ်ကာ မြှောက်တင်လိုက်ရာ ခြေထောက်နှစ်ဖက်မှာ မြေပြင်မှ လွတ်ထွက်သွားခဲ့ရ၏။
ကျန်းချွေ့လျန်သည် ခြေထောက်နှစ်ဖက်ကို ယမ်းခါလျက် အတင်းရုန်းကန်တော့သည်။
"ယာချန့်၊ အန်တီ... တမင်လုပ်တာ မဟုတ်ပါဘူး၊ အန်တီ့ကို လွှတ်ပေးပါဦး... ဆရာ... ဆရာကြီးချန်၊ ကယ်ပါဦး..."
"ငါက နင်တို့ကို လွှတ်ပေးရင် ငါ့ကိုကော ဘယ်သူက လွှတ်ပေးမှာလဲ"
ကျောက်ယာချန့်သည် စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး သွေးကဲ့သို့ နီရဲသော လက်သည်းများသည် ကျန်းချွေ့လျန်၏ အသားထဲသို့ စိုက်ဝင်သွားကာ နွေးထွေးသော သွေးများသည် သူမ လက်သည်းကြားမှ စီးကျလာတော့သည်။
ကျန်းချွေ့လျန်သည် အသက်ရှူရ ခက်ခဲလာပြီး ချန်ကျိုး၏နောက်ကွယ်တွင် ပုန်းနေသော ခင်ပွန်းဖြစ်သူဘက်သို့ လှည့်ကြည့်ကာ အကူအညီတောင်းရှာသည်။
"ကယ်... ကယ်... ပါဦး"
ဝမ်ပေါင်ရှန့်သည် လီချင်ရှန်းကို တင်းကျပ်စွာဆွဲထားပြီး တစ်ကိုယ်လုံး တုန်ရီနေကာ မိမိကိုယ်ကိုယ်ပင် မနည်းကာကွယ်နေရသဖြင့် ကျန်းချွေ့လျန်ကို ကူညီရန်အချိန်မရှိပေ။
ကျောက်ယာချန့်သည် ချိုင့်ဝင်နေသော မျက်နှာကြီးဖြင့် ကျန်းချွေ့လျန်၏အကြည့်အတိုင်း ဝမ်ပေါင်ရှန့်ထံသို့ လှည့်ကြည့်လိုက်ပြီး ကျန်းချွေ့လျန်ကို ကိုင်ထားသော လက်ကို ပြန်ရုပ်သိမ်းကာ ကျယ်လောင်စွာ ရယ်မောလျက် ဝမ်ပေါင်ရှန့်၏ နောက်ကွယ်တွင် ရုတ်တရက် ပေါ်လာပြီး သူ့ကို ဆွဲမြှောက်ကာ ကျန်းချွေ့လျန်၏ဘေးသို့ ပစ်ချလိုက်တော့သည်။
ကျောက်ယာချန့်သည် မျက်လုံးနှစ်လုံး နီရဲနေပြီး ရူးသွပ်စွာ ရယ်မောလေသည်။
"နင်တို့နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်ရမယ်၊ အဟားဟားဟားဟား၊ ဘယ်သူ့ကို အသက်ရှင်ခိုင်းရမလဲ"
ကျန်းချွေ့လျန်သည် သွေးများစီးကျနေသော လည်ပင်းကို အုပ်ကိုင်ကာ ချန်ကျိုးထံမှ အကူအညီတောင်းခံပြန်သည်။
"ဆရာကြီးချန်၊ ကျွန်မတို့ကို ကယ်ပါဦး"
ချန်ကျိုးသည် မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကိုမဲ့လိုက်ပြီး ခဏမျှစဉ်းစားကာ ထိုလူနှစ်ယောက်၏ဘေးသို့ ပြေးသွားပြီး ခန္ဓာကိုယ်ကို ကိုင်းလျက် တွန့်လိမ်သော မျက်နှာထားဖြင့် ဇနီးမောင်နှံနှစ်ဦးကို မေးလိုက်သည်။
"ဘယ်သူ့ကို ရွေးမလဲ"
ချန်ကျိုးသည် လက်ညှိုးဖြင့် ထိုလူနှစ်ယောက်၏ခေါင်းပေါ်ကို ထောက်ကာ ရေတွက်တော့သည်။
"စစ်သားတွေ ရွေးမယ်၊ ဗိုလ်ချုပ်တွေ ရွေးမယ်၊ ဘယ်သူ့ကို ထိထိ အဲဒီလူပဲ ထွက်ရမယ်"
ချန်ကျိုး၏လက်ညှိုးသည် ကျန်းချွေ့လျန်၏ ခေါင်းပေါ်သို့ ကျရောက်သွားခဲ့၏။
ကျန်းချွေ့လျန်သည် စိတ်ထဲမှ ဝမ်းသာသွားရသည်။
သို့သော် ချန်ကျိုးက ချက်ချင်းပင် ဆက်ပြောလိုက်သည်။
"သူမပဲ သေပါစေ"
"မဟုတ်ဘူး၊ ကျွန်မ မသေနိုင်ဘူး၊ သူသေပါစေ၊ သူ့ကို သေခိုင်းလိုက်ပါ၊ ကျွန်မကို အသက်ရှင်ခွင့်ပေးပါ"
ကျန်းချွေ့လျန် အော်ဟစ်ကာ ထွက်ပြေးရန် ပြင်တော့သည်။
သူမသည် တံခါးဝသို့ ပြေးသွားသော်လည်း အပြင်ထွက်မည့် တံခါးကြီးကို မည်သို့မျှ ဖွင့်၍မရချေ။ ထို့နောက် ပြတင်းပေါက်ဆီသို့ ပြေးသွားပြန်သော်လည်း ပြတင်းပေါက်ကိုလည်း ဖွင့်မရသဖြင့် ပျာယာခတ်ကာ ပြတင်းပေါက်ကို လက်ဖြင့် ထုရိုက်မိရာ လက်တစ်ခုလုံး သွေးချင်းချင်းနီသွားခဲ့ရသည်။
ကျောက်ယာချန့် အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"နင်တို့ တစ်ယောက်ကိုတစ်ယောက် သတ်လို့ရတာပဲလေ"
ကျန်းချွေ့လျန်နှင့် ဝမ်ပေါင်ရှန့်တို့သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြရာ ၎င်းတို့နှစ်ဦးစလုံးသည် စိတ်ထဲမှ ရက်စက်ကြမ်းကြုတ်သော စိတ်ရိုင်းများပြင်းထန်စွာ ထွက်ပေါ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရတော့သည်။
ဝမ်ပေါင်ရှန့်သည် ဂလန်နာ(ဂွ)ကိုကောက်ကိုင်ကာ ကျန်းချွေ့လျန်ထံသို့ ပြေးဝင်သွားပြီး ကျန်းချွေ့လျန်လည်း အလျော့မပေးဘဲ တူကို ကိုင်ကာ ဝမ်ပေါင်ရှန့်နှင့် လုံးထွေးသတ်ပုတ်ကြတော့သည်။
ကျောက်ယာချန့်သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြပြီးနောက် လက်ကို ထပ်မံဆန့်ထုတ်ကာ အခန်းထဲရှိ လူတိုင်းကို တစ်ယောက်ချင်းစီ လိုက်လံညွှန်ပြတော့သည်။
"နင်တို့ အားလုံးထဲမှာ တစ်ယောက်ပဲ အသက်ရှင်ရမယ်"
ချန်ကျိုးဆီသို့ ညွှန်ပြလိုက်ချိန်တွင်မူ...
ချန်ကျိုး စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားရချေပြီ။
“မင်းက ဒီအမတ်မင်းကို ညွှန်ပြရဲတယ် ဟုတ်လား၊ မင်းကို ဘယ်သူက သတ္တိပေးလိုက်တာလဲ၊ ဒီပညာရှင်ကြီးကို မင်းရဲ့ လက်သည်းတွေနဲ့ ညွှန်ပြရဲတယ်ပေါ့၊ ကိုယ့်အဆင့် ကိုယ် မသိသေးဘူး ထင်တယ်”