အခန်း ၂၇၂
Vol. 19 Ch. 272
အခန်း(၂၇၂)
“ ဘယ်လောက်တောင် လွှမ်းမိုးဗိုလ်ကျလိုက်တဲ့ ကျင့်စဉ်လဲ… အဲ့ဒါက တကယ်ပဲ မိစ္ဆာသွေးကြောတွေကို ဖွဲ့စည်းပေးနိုင်တယ်… ကျင့်စဉ်ထဲမှာ ဖော်ပြထားတာက မိစ္ဆာသွေးကြောတွေကို ဖွဲ့စည်းတာက ရှေးဟောင်းမိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းတာဖြစ်တယ်… မိစ္ဆာသွေးကြောတစ်ခု ဖွဲ့စည်းလိုက်တိုင်း ကျင့်စဉ်က နောက်တစ်ဆင့်ကို ရောက်ရှိသွားလိမ့်မယ်… မိစ္ဆာသွေးကြောဖွဲ့စည်းတဲ့ပုံစံက ကျင့်စဉ်ရဲ့ နည်းလမ်းနဲ့ ဆက်စပ်နေတယ်… မိစ္ဆာသွေးကြောတွေ ပိုများလေ ကျင့်စဉ်က ပိုပြည့်စုံလေပဲ… ‘ ထျန်းမိစ္ဆာနတ်ဘုရားသုတ်သင်ကျင့်စဉ် ’က မိစ္ဆာသွေးကြောဆယ့်နှစ်ခုကို ဖွဲ့စည်းပေးနိုင်တယ်… မိစ္ဆာသွေးကြောဆယ့်နှစ်ခုက ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်ကြက်ထားတဲ့အချိန် သတ်ဖြတ်ခြင်းစွမ်းအားက မိစ္ဆာခန္ဓာကိုယ်ကို ထုဆစ်သန့်စင်ပေးလိမ့်မယ်… အဲ့ဒါက တကယ်အံ့ဩစရာပဲ ”
ထိုရှေးဟောင်းစာအုပ်က မပြည့်စုံသော်လည်း မည်သူမဆို ယင်းကို ဖတ်ရှုပြီးလျှင် ရှေးဟောင်းမိစ္ဆာကျင့်ကြံခြင်းအကြောင်း တစ်ခု သို့မဟုတ် နှစ်ခု သိသွားလိမ့်မည်။ ထိုစာအုပ်ထဲ၌ ဖော်ပြထားသည်က ချန်းရှီပြောခဲ့သော အကြောင်းအရာများနှင့် အတူတူပင်။ တစ်စုံတစ်ယောက် ဖွဲ့စည်းလိုက်သော မိစ္ဆာသွေးကြောများက ခန္ဓာကိုယ်၏ သွေးချီနှင့် အတူတကွ ဆက်စပ်နေလိမ့်မည်။ မိစ္ဆာသွေးကြောက အရေအတွက်ပိုများပြားလေ ကျင့်စဉ်က ပိုပြီးထူးခြားလေ သို့မဟုတ် ပိုပြီးအဆင့်အတန်းမြင့်မားလေ ဖြစ်သည်။
ဥပမာ “ ထျန်းမိစ္ဆာနတ်ဘုရားသုတ်သင်ကျင့်စဉ် ”က မိစ္ဆာသွေးကြောဆယ့်နှစ်ခုကို ဖွဲ့စည်းပေးနိုင်သည်။ ယင်းက ရှေးခေတ်ကာလမှာပင် အလွန်ရှားပါးသော အထွတ်အမြတ်အဆင့် မိစ္ဆာကျင့်စဉ်တစ်ခု ဖြစ်သည်။ ယင်းက အထွတ်အထိပ်သို့ ရောက်ရှိစေနိုင်သော အထွတ်အမြတ် ကျင့်ကြံခြင်းနည်းလမ်းတစ်ခု ဖြစ်သည်။ ကံမကောင်းစွာပင် ကျင့်ကြံခြင်းစာအုပ်က မပြည့်စုံပေ။ ထိုထဲမှာ ပထမဆုံး မိစ္ဆာသွေးကြော(၆)ခု၏ ဖွဲ့စည်းနည်းသာ ပါဝင်သည်။ ကျန်မိစ္ဆာသွေးကြော(၆)ခုကို မည်သို့ဖွဲ့စည်းရမည်ဖြစ်ကြောင်း မဖော်ပြထားပေ။ ယင်းတို့က ပျောက်ဆုံးသွားပြီ ဖြစ်၏။
“ မိစ္ဆာသွေးကြော(၁၂)ခုက ရှေးဟောင်းမိစ္ဆာကျင့်ကြံခြင်းရဲ့ အထွတ်အမြတ်အဆင့်လား… တကယ်လို့ ငါက စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုအင်ဆန္ဒခြောက်မျိုးပေါ် အခြေခံပြီး မိစ္ဆာသွေးကြောတွေကို ဖွဲ့စည်းမယ်ဆိုရင် ငါ့မှာ စုစုပေါင်း မိစ္ဆာသွေးကြော(၁၃)ခု ရှိသွားလိမ့်မယ် မဟုတ်ဘူးလား… ဆိုလိုတာက အဲ့ဒါက ဒီထျန်းမိစ္ဆာနတ်ဘုရားသုတ်သင်ကျင့်စဉ်ထက် မိစ္ဆာသွေးကြောတစ်ခု ပိုများတယ် ”
သူ၏ နှလုံးက ဂနာမငြိမ် ခုန်လာသည်။ သို့ဆိုလျှင် အတိတ်၌ သူ၏ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့ဟန် ရ၏။ သူက မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။ သူက တခြားမိစ္ဆာများနှင့် ကွဲပြားခြားနားသော သူ့ကိုယ်ပိုင် မိစ္ဆာကျင့်စဉ်တစ်ခုကို အမှန်ကတယ် ဖန်တီးနိုင်ပေသည်။ ထို့ပြင် ယင်းက အထွတ်အမြတ်အဆင့် မိစ္ဆာကျင့်စဉ် ဖြစ်သည်။
သို့သော်လည်း မကြာမီ ရေခဲရေပုံးက သူ၏ ဦးခေါင်းပေါ်သို့ လောင်းကျလာသည့်အလား သူ၏ စိတ်က ပြန်ငြိမ်သက်သွားသည်။ ကျင့်စဉ်အသစ်တစ်ခု ဖန်တီးခြင်းက လွယ်ကူသော အလုပ်တစ်ခုလော။
ထို့ပြင် စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးသည် ဤလောက၌ နားလည်ရအခက်ခဲဆုံး အရာများအနက် တစ်ခုဖြစ်သည်။ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးက မည်မျှကြောက်စရာကောင်းကြောင်း ယင်းကို သူကိုယ်တိုင် တွေ့ကြုံခံစားခဲ့ဖူးသည်။ ဝမ်းနည်းခြင်းစွမ်းအားတစ်မျိုးတည်းကပင် သူ့ကို အသိစိတ်ပျောက်သွားအောင် ပြုလုပ်နိုင်သည်။ တစ်စုံတစ်ယောက်သည် သတိမထားလျှင် လိုအင်ဆန္ဒထဲမှာ ထာဝရ နစ်မြုပ်သွားလိမ့်မည်။
ထို့ကြောင့် ကျင့်စဉ်အသစ်တစ်ခု ဖန်တီးရန်သည် အလွန်ခက်ခဲသောအလုပ် ဖြစ်သည်။ မြင့်မားသော အသိဉာဏ်ဗဟုသုတများနှင့် ကြီးမားသော ဇွဲလုံ့လမရှိလျှင် ကျင့်စဉ်အသစ်တစ်ခု ဖန်တီးချင်သော သူ၏ ရည်မှန်းချက်က လေထဲတွင် အိမ်ဆောက်သကဲ့သို့ ဘာမှထူးခြားလာလိမ့်မည် မဟုတ်ချေ။
“ ဒါပေမဲ့ ကြည့်ရတာ ငါ့မှာ တခြားရွေးချယ်စရာ မရှိတဲ့ပုံပဲ ”
သီရှီထျန်သည် သူ၏ အရှေ့မှ ရှေးဟောင်းစာအုပ်ဒါဇင်ခန့်ကို ဖတ်ရှုပြီးသွားသည်။ သူက စာအုပ်စင်ပေါ်မှ စာအုပ်တစ်ဝက်ကျော်ကို မှတ်သားပြီးသွားပြီ ဖြစ်၏။ ထိုရှေးဟောင်းစာအုပ်များထဲမှာ သူက အရေးကြီးသော စာအုပ်တစ်အုပ်ကို ရှာတွေ့သွားခဲ့သည်။ ယင်းက မိစ္ဆာကျင့်စဉ်ကို မှတ်တမ်းတင်ထားသော စာအုပ်မဟုတ်ပေ။ ယင်းအစား ဝိညာဉ်အသိဉာဏ်နိုးထပြီးသော ဝိညာဉ်သားရဲများနှင့် မိစ္ဆာသားရဲများကို မိစ္ဆာကျင့်ကြံခြင်းအကြောင်း စတင်မိတ်ဆက်ပေးသော စာအုပ်ဖြစ်သည်။ ယင်းထဲမှာ မိစ္ဆာကျင့်ကြံခြင်းနှင့်ပတ်သက်သော အထွေထွေဗဟုသုတများ ပါဝင်သည်။
ထိုစာအုပ်ထဲမှာ ရှေးဟောင်းမိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်နှင့် ခေတ်သစ်မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်၏ ခြားနားချက်များလည်း ပါရှိသည်။ ထို့ပြင် ကျင့်ကြံနေစဉ်အတွင်း သေချာသတိထားရမည့် အချက်များလည်း ပါရှိသည်။ ယင်းကို ‘ မိစ္ဆာနိုးထခြင်းမှတ်တမ်း ’ဟု ခေါ်သည်။
‘ မိစ္ဆာနိုးထခြင်းမှတ်တမ်း ’ထဲမှ ‘ နိုးထခြင်း ’ဟူသော စကားလုံးသည် ဝိညာဉ်အသိဉာဏ်နိုးထခြင်းကို ရည်ရွယ်သည်။
ထူးခြားချက်တစ်ခုမှာ စာအုပ်စင်ပေါ်မှ ရှေးဟောင်းစာအုပ်အားလုံးကို တမူထူးခြားသော ဘာသာစကားဖြင့် ရေးသားထားသည်။ စာအုပ်ထဲမှ စကားလုံးများသည် မိစ္ဆာမျိုးနွယ်စု၏ ဘာသာစကား ဖြစ်သည်။ မိစ္ဆာမျိုးနွယ်စု၏ ဘာသာစကားက အလွန်ထူးဆန်းသည်။ ယင်းကို မမှတ်မိလျှင်ပင် အကယ်၍ သင်က မိစ္ဆာမျိုးနွယ်ဝင်တစ်ယောက်ဆိုလျှင် ထိုစကားလုံးများကို မြင်သည်နှင့်ချက်ချင်း ယင်းတို့၏ အဓိပ္ပာယ်ကို နားလည်သွားလိမ့်မည်။ ယင်းက မိစ္ဆာမျိုးနွယ်စု၏ ပင်ကိုယ်စွမ်းရည်တစ်မျိုး ဖြစ်ဟန် ရ၏။
‘ မိစ္ဆာနိုးထခြင်းမှတ်တမ်း ’ထဲမှာ သူရှာတွေ့ခဲ့သော တစ်စုံတစ်ခုက သူ့အား ခါးသီးစွာ ပြုံးသွားစေသည်။
ခေတ်သစ်မိစ္ဆာကျင့်ကြံခြင်းက အဆင်ပြေသည်။ ခန္ဓာကိုယ်ထဲ၌ မိစ္ဆာအမြူတေဓာတ်လုံး ဖွဲ့စည်းသွားသည့်အခါ သူတို့၏ မရီဒျန်များက လူသားခန္ဓာကိုယ်၏ မရီဒျန်များနှင့် တစ်ပုံစံတည်း တူညီသွားလိမ့်မည်။
ထို့ကြောင့် သူတို့သည် လူသားမျိုးနွယ် ကျင့်ကြံသော မသေမျိုးကျင့်ကြံခြင်းအတတ်ပညာများကိုလည်း အလွယ်တကူ ကျင့်ကြံနိုင်ကြသည်။ သို့သော်လည်း ကျင့်ကြံပြီးလျှင် သူတို့၏ မိစ္ဆာအရှိန်အဝါက ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။
ဥပမာအနေဖြင့် လေဟုန်စီးမန္တန်ကို ကြည့်နိုင်သည်။ လေဟုန်စီးမန္တန်က မသေမျိုးကျင့်ကြံခြင်းလောက၏ မန္တန်တစ်ခုဖြစ်သော်လည်း ယင်းကို သီရှီထျန်အသုံးပြုလိုက်သည့်အခါ သာမန်လေမဟုတ်ဘဲ မိစ္ဆာလေက ထွက်ပေါ်လာသည်။
‘ မိစ္ဆာနိုးထခြင်းမှတ်တမ်း ’ထဲတွင် ဖော်ပြထားသည်မှာ လူသားမျိုးနွယ် လျှင်မြန်စွာ တတ်တိုးလာရသည့် အကြောင်းအရင်းက ရှေးခေတ်တွင် သူတို့က မိစ္ဆာမျိုးနွယ်စုထံမှ ကျင့်ကြံခြင်းနည်းလမ်းများနှင့် ကျင့်စဉ်များကို သင်ကြားခဲ့သောကြောင့် ဖြစ်သည်။
တစ်နည်းဆိုရသော် လူသားမျိုးနွယ်၏ မသေမျိုးကျင့်စဉ်များက မိစ္ဆာမျိုးနွယ်စုထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ထိုမျှသာ မဟုတ်ပေ။
စက်ကရာကို ခါးသီးစွာ ပြုံးသွားစေသည်မှာ သူ့လည်ပင်းကို သူကိုယ်တိုင် ကြိုးကွင်းစွပ်မိလိုက်သည့် ကိစ္စတစ်ခုကို ရှာတွေ့သွားသောကြောင့်ပင်။ ရှေးဟောင်းမိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်က မိစ္ဆာသွေးကြောများကို ဖွဲ့စည်းရခြင်း ဖြစ်သည်။ ထို့ကြောင့် မိစ္ဆာသွေးကြောများက အလွန်အရေးကြီးသည်။
အကယ်၍ တစ်စုံတစ်ယောက်က “ ကျားဟိန်းသံကျင့်စဉ် ”ထဲမှ နည်းလမ်းအတိုင်း မိစ္ဆာသွေးကြောများကို ဖွဲ့စည်းမည်ဆိုလျှင် ယင်းက စာရွက်အမည်းတစ်ရွက်ကဲ့သို့ ဖြစ်သွားလိမ့်မည်။ ယင်းမှာ မည်သည့်ဝိသေသလက္ခဏာမှ မရှိပေ။
အဘယ့်ကြောင့်ဆိုသော် “ ကျားဟိန်းသံကျင့်စဉ် ”ထဲမှ မိစ္ဆာသွေးကြောများ ဖွဲ့စည်းသည့် နည်းလမ်းက ရိုးရှင်းသောကြောင့်ပင်။ ထို့ကြောင့် သူက ထိုစာရွက်အမည်းပေါ်မှာ အဖြူရောင် သို့မဟုတ် တခြားအရောင်များကို တိုက်ရိုက် ထပ်ခြယ်နိုင်သည်။
တစ်နည်းဆိုရသော် အကယ်၍ သူက အတိတ်မှာ “ ကျားဟိန်းသံကျင့်စဉ် ”ထဲမှ နည်းလမ်းအတိုင်း မိစ္ဆာသွေးကြောများကို ဖွဲ့စည်းခဲ့မည်ဆိုလျှင် “ ထျန်းမိစ္ဆာနတ်ဘုရားသတ်ဖြတ်ခြင်းကျင့်စဉ် ”ကို အလွယ်တကူ ပြောင်းလဲကျင့်ကြံနိုင်လိမ့်မည်။ သို့သော်လည်း သူက လိုအင်ဆန္ဒမိစ္ဆာသွေးကြော (ဝါ) ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောကို ဖွဲ့စည်းခဲ့သည်။ အကယ်၍ သူက တခြားကျင့်စဉ်ကို ပြောင်းလဲမည်ဆိုလျှင် ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောကို သူဖျက်ဆီးပစ်ရလိမ့်မည်။ သို့သော်လည်း မိစ္ဆာသွေးကြောကို ဖျက်ဆီးခြင်းက လွယ်ကူသောအလုပ် မဟုတ်ပေ။
အကယ်၍ တစ်စုံတစ်ယောက်ဆီမှာ မိစ္ဆာမျိုးနွယ်စု၏ အထွတ်အမြတ်ဆေးလုံးဖြစ်သော “ မရီဒျန်သန့်စင်ဆေးလုံး ” ရှိမည်ဆိုလျှင် ဖြစ်နိုင်လိမ့်မည်။ သို့မဟုတ်လျှင် မိစ္ဆာသွေးကြောကို ဖျက်ဆီးပစ်ရန် မဖြစ်နိုင်ပေ။
ဒဏ္ဍာရီထဲတွင် ဖော်ပြထားသည်မှာ “ မရီဒျန်သန့်စင်ဆေးလုံးကို ” အကြွင်းအကျန်မဲ့သစ်သီးဖြင့် ဖန်တီးသန့်စင်ထားခြင်း ဖြစ်သည်။ အကြွင်းအကျန်မဲ့သစ်သီးပင်သည် နေနှင့်လ၏ အနှစ်သာရ စုဝေးလေ့ရှိသော ချောက်ကမ်းပါးများပေါ်မှာသာ ပေါက်လေ့ရှိသည်။ နေနှင့်လ၏ အနှစ်သာရက နှစ်ပေါင်းများစွာကြာပြီးနောက် တိမ်တိုက်တစ်ခုနှယ် စုဝေးသွားမည်ဆိုလျှင် အကြွင်းအကျန်မဲ့သစ်သီးပင်တစ်ပင် ရှင်သန်လာလိမ့်မည်။ ယင်းက အလွန်ရှားပါးသော မြင်ကွင်းတစ်ခု ဖြစ်၏။
သူက အကြွင်းအကျန်မဲ့သစ်သီးပင်ကို ရှာဖွေနိုင်လျှင်ပင် “ မရီဒျန်သန့်စင်ခြင်းဆေးလုံး ”၏ ဖော်စပ်နည်းက အချိန်မြစ်ထဲမှာ ပျောက်ဆုံးသွားပြီ ဖြစ်၏။ တစ်နည်းဆိုရလျှင် သူ့ခန္ဓာကိုယ်ထဲမှာ ဝမ်းနည်းခြင်းမိစ္ဆာသွေးကြော တည်ရှိနေသောကြောင့် သူက တခြားမိစ္ဆာကျင့်စဉ်များကို ပြောင်းလဲမကျင့်ကြံနိုင်ပေ။
“ ငါသီရှီထျန်က အဲ့လိုစိန်ခေါ်မှုတွေကိုပဲ ရင်ဆိုင်ချင်တာ… ငါ့ကိုယ်ပိုင် မိစ္ဆာကျင့်စဉ်အသစ်တစ်ခု ငါမဖန်တီးနိုင်ဘူးဆိုတာ ငါမယုံဘူး ”
သူက စိတ်ထဲမှာ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။ သူ့မှာ တခြားရွေးချယ်စရာမရှိမှတော့ အရှေ့သို့ သူဆက်တိုးမည်။ သို့သော်လည်း ကျင့်စဉ်အသစ်တစ်ခု ဖန်တီးရန် သူ့မှာ လုံလောက်သော ကျင့်ကြံခြင်းဗဟုသုတများနှင့် သန်မာသော ကျင့်ကြံခြင်းအခြေခံအုတ်မြစ် ရှိရမည်။ သို့မဟုတ်လျှင် သူ၏ ရည်မှန်းချက်က လေထဲမှာ အိမ်ဆောက်သကဲ့သို့ ဖြစ်နေလိမ့်မည်။
ထိုသို့ သူဆုံးဖြတ်လိုက်သောကြောင့် သူ့အရှေ့မှ ရှေးဟောင်းစာအုပ်များက သူ့အတွက် ပိုပြီးတန်ဖိုးကြီးမားလာသည်။ နှစ်နာရီကုန်ဆုံးသွားကြောင်း သူသတိထားမိသောအခါ တခြားအတွေးများကို ဖယ်ရှားလိုက်ပြီး ကျန်ရှေးဟောင်းစာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ဆက်လက် ဖတ်ရှုလိုက်သည်။
သူ၏ ဓာတ်ပုံမှတ်ဉာဏ်ကြောင့် ရှေးဟောင်းစာအုပ်များထဲမှ အချက်အလက်များကို မှတ်သားရခြင်းက သူ့အတွက် မခက်ခဲပေ။ သူက စာအုပ်တစ်အုပ်ပြီးတစ်အုပ်ကို ကောက်ကိုင်လိုက်ပြီး လှန်လှောဖတ်ရှုလိုက်သည်။ လောလောဆယ်မှာ သူက ထိုစာအုပ်များကို မဆင်ခြင်မသုံးသပ်သေးပေ။ ကျန်သည်ကို မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ သူပြန်ရောက်မှ ဖြည်းဖြည်းချင်း စဉ်းစားလိမ့်မည်။
စာအုပ်စင်ပေါ်မှ ရှေးဟောင်းစာအုပ်အားလုံးကို ဖတ်ရှုပြီးသွားသောအခါ အမွေအနှစ်လှိုဏ်ဂူထဲမှာ ဆက်နေခြင်းက သူ့အတွက် မည်သည့်အကျိုးမှ မရှိတော့ပေ။ ထို့ကြောင့် သူက စာအုပ်များကို သူ့နေရာမှာသူ ပြန်ထားလိုက်ပြီး လှိုဏ်ဂူအဝင်ဝဆီသို့ လျှောက်သွားသည်။ ထူးဆန်းသည်မှာ လှိုဏ်ဂူအဝင်ဆီသို့ သူလျှောက်သွားသည့်အခါ ဝင်ပေါက်ကို ပိတ်ဆို့ထားသော ဧရာမကျောက်တုံးကြီးက အပေါ်သို့ တဖြည်းဖြည်း မြှောက်တတ်သွားသည်။
လှိုဏ်ဂူအပြင်သို့ သူရောက်သွားသည့်အခါ လှိုဏ်ဂူအရှေ့၌ ဝမ်းသာပျော်ရွှင်စွာ ပျံဝဲနေသော ဇာမဏီငှက်ကို မြင်သွားသည်။
“ အကိုသီ… နင်ပြန်ထွက်လာပြီ… သွားကြစို့… အမက နင့်ကို စောင့်နေတယ် ”
ဇာမဏီငှက်က သူ၏ အတောင်ပံကို တဖျပ်ဖျပ်ခတ်လိုက်ပြီး သီရှီထျန်၏ ပခုံးပေါ်သို့ ဆင်းသက်လိုက်သည်။
“ သွားကြမယ်… မင်းရဲ့ အမကို ငါကျေးဇူးတင်စကား ပြောရဦးမယ် ”
သီရှီထျန်က ခပ်ရေးရေး ပြုံးလိုက်သည်။ အမွေအနှစ်လှိုဏ်ဂူထဲ၌ သူရရှိခဲ့သော အကျိုးအမြတ်များကို ပြန်တွေးလိုက်သည့်အခါ သူ၏ မထူးမခြားနား အမူအရာက ပျောက်ကွယ်သွားသည်။ ထိုနေရာမှာ ရင်းနှီးဖော်ရွေသော အမူအရာ ထွက်ပေါ်လာသည်။
“ ဟီး ဟီး… ဒါဆို အမြန်သွားကြစို့ ”
ဇာမဏီငှက်က သူ၏ ဘေးမှာ ရှိနေသောကြောင့် လှိုဏ်ဂူအပြင်ဘက်မှ လူသားစားပန်းပင်နှစ်ပင်က လုံးဝ မလှုပ်ရှားကြချေ။ မှန်ပေသည်။ အကယ်၍ သီရှီထျန်နေရာမှာ တခြားတစ်ယောက်သာဆိုလျှင် ထိုသူက သေချာပေါက် အစားခံရလိမ့်မည်။ သွားအစွယ်များဖြင့် ပြည့်နှက်နေသော ဧရာမပါးစပ်ဖြင့် ကိုက်ဝါးစားခံရလျှင် သေချာပေါက် အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ချေ။
မကြာမီ သူတို့က မဏ္ဍပ်ဆီသို့ ပြန်ရောက်သွားကြသည်။
သီရှီထျန်ကို မြင်သောအခါ ချန်းရှီက ခေါင်းညိတ်လိုက်သည်။ သူက ပေါ့ပါးစွာ ပြောသည်။
“ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲက အမွေအနှစ်လှိုဏ်ဂူထဲမှာ မိစ္ဆာကျင့်စဉ်အများကြီး မကျန်ရှိတော့ဘူး… နင် အဲ့ဒီမှာ သင့်တော်တဲ့ မိစ္ဆာကျင့်စဉ်တစ်ခုကို ရှာတွေ့ခဲ့လား မသိဘူး ”
“ လှိုဏ်ဂူထဲမှာ မိစ္ဆာကျင့်စဉ်အများကြီး မရှိပေမဲ့ အဲ့ဒါက ကျုပ်မြင်ဖူးသမျှထဲမှာ အရေအတွက်အများဆုံးပါပဲ… ဒီတစ်ကြိမ်မှာ ခင်ဗျားက ကျုပ်ကို အမွေအနှစ်လှိုဏ်ဂူထဲ ဝင်ရောက်စေပြီး မိစ္ဆာကျင့်စဉ်တွေကို လေ့လာခွင့်ပေးခဲ့တယ်… အဲ့ဒီအတွက် ခင်ဗျားကို ကျုပ်ကျေးဇူးတင်ပါတယ်… တကယ်လို့ အနာဂတ်မှာ ခင်ဗျား ကျုပ်ရဲ့ အကူအညီကို လိုအပ်လာခဲ့ရင် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါ… ကျုပ်ကူညီနိုင်တဲ့ အတိုင်းအတာအတွင်းကဆိုရင် ကျုပ်ငြင်းဆန်မှာ မဟုတ်ပါဘူး ”
သီရှီထျန်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ မိစ္ဆာကျင့်စဉ်များကို လေ့လာရန် သူ့ကို အရင်ဦးစွာ ကမ်းလှမ်းလာသူက ချန်းရှီ ဖြစ်သည်။ သို့သော်လည်း သူက ဤအခွင့်အရေးမှ အကျိုးအမြတ်များစွာ ရရှိသွားသည်။ ထို့ကြောင့် သူက ချန်းရှီပေါ်မှာ ကျေးဇူးအကြွေးတင်သွားသည်။ သူက မောက်မာထောင်လွှားသူဖြစ်လေရာ တခြားလူအပေါ် အကြွေးတင်နေသည်ကို သဘောမကျပေ။ ထို့ကြောင့် တစ်ဖက်လူက သူ့အကူအညီကို လိုအပ်လာလျှင် သူက အကောင်းဆုံး ကြိုးစားပေးလိမ့်မည်။