အခန်း ၂၇၃
Vol. 19 Ch. 273
အခန်း(၂၇၃)
ဤတစ်ကြိမ်တွင် သူက အမွေအနှစ်လှိုဏ်ဂူထဲမှ မိစ္ဆာကျင့်စဉ်များကို သူ၏ ဦးနှောက်ထဲမှာ မှတ်သားနိုင်ခဲ့သည်။ ယင်းတို့က မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အခြေခံအုတ်မြစ်ကို ကြီးကြီးမားမား တိုးမြှင့်ပေးလိမ့်မည်။ သို့ဖြစ်၍ ထိုကျေးဇူးတရားက အလွန်ကြီးမားသည်။
အနက်ရောင်မျောက်ဝံဘုရင်နှင့် တခြားမိစ္ဆာသားရဲဘုရင်များက မည်သို့ကြောင့် ချန်းရှီကို ကြည်ညိုလေးစားနေကြကြောင်း ယခု သူနားလည်သွားသည်။ ရှင်းလင်းစွာပင် သူတို့အားလုံးက ချန်းရှီထံမှ တန်ဖိုးကြီးမားသော မိစ္ဆာကျင့်စဉ်များကို ရရှိခဲ့ကြသည်။ သို့ဖြစ်လေရာ သူတို့သည် ချန်းရှီအပေါ် မလေးစားဘဲ မနေနိုင်ပေ။
ချန်းရှီက ခေါင်းညိတ်လိုက်ပြီး သိမ်မွေ့စွာ ပြုံးလိုက်သည်။ သူက ထိုအကြောင်းကို နောက်ထပ် မပြောတော့ဘဲ မဏ္ဍပ်ထဲမှာ အတူတူ ထိုင်လိုက်ကြသည်။
“ နင် အရင်တစ်ခေါက်က သေမျိုးလောကဆီ ခရီးထွက်သွားခဲ့တယ်… နင် အဲ့ဒီမှာ သတင်းတစ်ခုကို ကြားသိခဲ့လားမသိဘူး ”
“ ခင်ဗျားပြောတာက… ”
သီရှီထျန်က မျက်ခုံးပင့်တင်လိုက်ပြီး ချန်းရှီကို ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်သည်။
“ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ”
ချန်းရှီက အနီရောင်နှုတ်ခမ်းကို ဖွင့်ဟလိုက်ပြီး ညင်သာစွာ ပြောသည်။
ထိုစကားက သီရှီထျန်ကို နှလုံးခုန်မြန်သွားစေသည်။ သူ၏ အကြည့်က ချန်းရှီ၏ ပြိုင်ဘက်ကင်းလှပသော မျက်နှာပေါ်သို့ ကျရောက်သွားသည်။ သူက စိတ်ထဲမှာ တိတ်တဆိတ် တွေးလိုက်သည်။
‘ အဲ့ဒီအကြောင်းကို သူဘယ်လိုသိတာလဲ… သူက တောင်ပိုင်းမြေရိုင်းဒေသထဲကနေ တစ်ခါမှ မထွက်သွားခဲ့ဘူးမဟုတ်လား ’
သို့သော်လည်း ထိုစကားမှတဆင့် ချန်းရှီက “ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ”အကြောင်း သိထားကြောင်း သူသိလိုက်သည်။ ထိုသို့ဆိုမှတော့ သူ့မှာ ယင်းကို ဖုံးကွယ်ထားရန် အကြောင်းမရှိပေ။ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ အဲ့ဒါကို ကျုပ်တကယ်ပဲ ကြားဖူးပါတယ်… အပြင်လောကမှာ ကျုပ်ရှိနေတဲ့အချိန် ကျင့်ကြံသူအများကြီးက ‘ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ’အကြောင်း ပြောနေကြတာကို ကျုပ်ကြားခဲ့ပါတယ်… ကျုပ်ကြားခဲ့တာက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက နှစ်တစ်ထောင်ကြာသွားမှ တစ်ကြိမ်ဖွင့်လှစ်ပါတယ်… လျှို့ဝှက်နယ်မြေ ဖွင့်လှစ်တဲ့အခါတိုင်း ကျင့်ကြံသူအများစုက အဲ့ဒီနယ်မြေထဲ သွားကြဖို့ စိတ်အားထက်သန်နေကြပါတယ်… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေမှာ ‘ ကောင်းကင်မိစ္ဆာ ’ဆိုတဲ့ စကားလုံး ပါဝင်နေပါတယ်… ကျုပ်အထင်မမှားရင် အဲ့ဒီလျှို့ဝှက်နယ်မြေက ကျုပ်တို့မိစ္ဆာမျိုးနွယ်စုနဲ့ ဆက်စပ်နေတာ ဖြစ်မယ် ”
သူက မျက်လုံးဝင်းလက်သွားသည်။ အစောကြီးကတည်းက သူသည် ထိုလျှို့ဝှက်နယ်မြေက မိစ္ဆာမျိုးနွယ်စုနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေလိမ့်မည်ဟု ခန်းမှန်းမိခဲ့သည်။ ဖြစ်နိုင်သည်မှာ ယင်းက အစွမ်းထက်မိစ္ဆာတစ်ကောင်၏ အမွေအနှစ်နယ်မြေ ဖြစ်နိုင်၏။
ချန်းရှီသည် သီရှီထျန်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ ဟုတ်တယ်… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက ရှေးခေတ်မှာ ကောင်းကင်ဘုံမိစ္ဆာနယ်ပယ်ဆီ တတ်လှမ်းသွားနိုင်ခဲ့တဲ့ မိစ္ဆာပညာရှင်တစ်ပါးရဲ့ အမွေအနှစ်နယ်မြေ ဖြစ်တယ်… ကောလဟာလအရ အဲ့ဒီလျှို့ဝှက်နယ်မြေထဲမှာ သူ့တစ်ဘဝလုံး ရှာဖွေခဲ့တဲ့ ရတနာတွေကို ချန်ထားခဲ့တဲ့အပြင် သူ့ရဲ့ အမွေအနှစ်ကိုလည်း ချန်ထားခဲ့တယ်… အဲ့ဒီနယ်မြေထဲမှာ မိစ္ဆာမျိုးနွယ်စုရဲ့ ရတနာတွေအများကြီး ရှိတယ်… လျှို့ဝှက်နယ်မြေထဲမှာ တန်ဖိုးအကြီးမားဆုံး ရတနာက စေတီပဲ… ”
စေတီအကြောင်း ပြောသည့်အခါ ချန်းရှီ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ သူက ထိုစေတီကို အလွန်စိတ်ဝင်စားဟန် ရ၏။
“ စေတီလား ”
သီရှီထျန်က ဇဝေဇဝါဖြစ်စွာ ပြောသည်။
“ ဟုတ်တယ်… အဲ့ဒီစေတီက ကောင်းကင်ဘုံမိစ္ဆာနယ်ပယ်ကို ရောက်သွားတဲ့ အဲ့ဒီမိစ္ဆာပညာရှင်ရဲ့ တန်ဖိုးအကြီးမားဆုံး ရတနာဖြစ်တယ်… အဲ့ဒီစေတီမှာ လောကရဲ့ နိယာမတွေကို ဖိဆန်နိုင်တဲ့ စွမ်းရည်ရှိတယ်… လျှို့ဝှက်နယ်မြေ ဖွင့်လှစ်တဲ့အခါတိုင်း ငါတို့ရဲ့ မိစ္ဆာမျိုးနွယ်စုက မိစ္ဆာပညာရှင်တွေကို စေလွှတ်လိမ့်မယ်… အဲ့ဒီထဲမှာ မိစ္ဆာဘုရင်တွေလည်း ပါဝင်ကြတယ်… လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်ပြီးရင် သူတို့က ကောင်းကင်ဘုံမိစ္ဆာရဲ့ အမွေအနှစ်တွေနဲ့ ရတနာတွေကို ရှာဖွေကြလိမ့်မယ် ”
မိစ္ဆာမျိုးနွယ်စုတွင် ကျင့်ကြံခြင်းနယ်ပယ်များကို ဤသို့ခွဲခြားထားသည်။ ဝိညာဉ်သားရဲနယ်ပယ်၊ မိစ္ဆာသားရဲနယ်ပယ်၊ အစစ်အမှန်မိစ္ဆာနယ်ပယ်၊ မိစ္ဆာဘုရင်နယ်ပယ်၊ မဟာမိစ္ဆာနယ်ပယ်၊ မိစ္ဆာသူတော်စင်၊ ကောင်းကင်ဘုံမိစ္ဆာနှင့် မိစ္ဆာတန်ခိုးရှင်ဟူ၍ ခွဲခြားထားသည်။
မိစ္ဆာတန်ခိုးရှင်နယ်ပယ်က အမြင့်ဆုံး နယ်ပယ်ဖြစ်ပြီး မိစ္ဆာတန်ခိုးရှင်က ဤလောက၏ အစွမ်းထက်ဆုံး မိစ္ဆာကျင့်ကြံသူဖြစ်သည်။ သူတို့က မိုးမြေကို ပြောင်းပြန်လှန်နိုင်ပြီး ယင်းယန်ကို ပြောင်းလဲပစ်နိုင်ကြသည်။ သူတို့က ဤလောက၏ အထွတ်အထိပ်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ရှေးခေတ်ကာလတွင် မိစ္ဆာတန်ခိုးရှင်များက လက်ငါးချောင်းပင် မပြည့်ခဲ့ကြပေ။
ကောင်းကင်ဘုံမိစ္ဆာနယ်ပယ်သည် မိစ္ဆာတန်ခိုးရှင်နယ်ပယ်နှင့် နယ်ပယ်တစ်ခုသာ ကွာခြားသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ကောင်းကင်ဘုံမိစ္ဆာက မည်မျှအစွမ်းထက်ကြောင်း သိနိုင်ပေသည်။ သို့ဖြစ်လေရာ သူချန်ထားခဲ့သော အမွေအနှစ်များနှင့် ရတနာများက မည်မျှတန်ဖိုးကြီးမားလိုက်သနည်း။
အမွေအနှစ်လှိုဏ်ဂူထဲသို့ မဝင်ရောက်မီ သီရှီထျန်သည် မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်၏ နယ်ပယ်များကို မသိထားပေ။ မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်၏ နယ်ပယ်များကို သူသိသွားပြီးနောက် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက မည်မျှတန်ဖိုးကြီးမားကြောင်း နားလည်သွားသည်။
“ ခင်ဗျားပြောတာက လျှို့ဝှက်နယ်မြေ ဖွင့်လှစ်တဲ့အခါကျရင် ကျုပ်တို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတွေလည်း အဲ့ဒီကို ဝင်ရောက်နိုင်တယ်လား ”
သီရှီထျန်က မျက်မှောင်ကြုတ်လိုက်သည်။ သူက တစ်ခဏ တွေးတောပြီးနောက် ပြောသည်။
“ ဒါပေမဲ့… မိစ္ဆာမျိုးနွယ်စုရဲ့ လက်ရှိအခြေအနေအရ… ကျုပ်တို့ရဲ့ မိစ္ဆာမျိုးနွယ်စုက လျှို့ဝှက်နယ်မြေထဲမှာ မသေမျိုးကျင့်ကြံသူတွေနဲ့ ထိပ်တိုက် တွေ့ဆုံသွားမယ်ဆိုရင် ကျုပ်တို့တွေ အသတ်ခံရလိမ့်မယ် မဟုတ်ဘူးလား ”
သူ၏ စိုးရိမ်ပူပန်မှုက ယုတ္တိမရှိသောအရာ မဟုတ်ပေ။
အကယ်၍ မသေမျိုးကျင့်ကြံသူများနှင့် မိစ္ဆာကျင့်ကြံသူများက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲသို့ အတူတူ ဝင်ရောက်ကြမည်ဆိုလျှင် လျှို့ဝှက်နယ်မြေထဲသို့ မဝင်ရောက်ခင်မှာတင် စစ်ပွဲဖြစ်ကြလိမ့်မည်။ မှန်ပေသည်။ ယင်းက တစ်ဖက်သတ်ဆန်သော စစ်ပွဲဖြစ်လိမ့်မည်။ မျိုးနွယ်စုနှစ်ခု တိုက်ခိုက်ကြလျှင် သူတို့၏ မိစ္ဆာမျိုးနွယ်စုက သေချာပေါက် ရှုံးနိမ့်သွားလိမ့်မည်။
“ လျှို့ဝှက်နယ်မြေဆီ သွားနိုင်တဲ့ ဝင်ပေါက်က တစ်ခုတည်းလို့ ဘယ်သူက ပြောလဲ ”
ချန်းရှီက နှုတ်ခမ်းတွန့်ကွေးလိုက်ပြီး ခပ်ရေးရေး ပြုံးလိုက်သည်။ သူက လျှို့ဝှက်နက်နဲစွာ ပြောသည်။
သီရှီထျန်သည် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှာ တစ်နေ့လုံးနီးပါး နေထိုင်ခဲ့သည်။ ညနေခင်းအချိန်သို့ ရောက်သွားမှသာ သူက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှ ပြန်ထွက်သွားသည်။
သီရှီထျန်သည် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှ ပြန်ထွက်လာပြီးနောက် တောင်ပိုင်းမြေရိုင်းဒေသ၏ မြောက်ပိုင်းကို လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် အရိုးဖြူစွန့်ပစ်ကုန်းမြေ ရှိသည်။
“ အမ… အကိုသီကို နင်ဘယ်လိုမြင်လဲ… ဟီး ဟီး… အကိုသီပေါ်မှာ တခြားစိတ်ရှိနေတယ်မလား ”
ဇာမဏီငှက်က တဟီးဟီး ရယ်လိုက်ပြီး မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ စက်ကရာထွက်သွားပြီးနောက် သူက ထိုကိစ္စကို အစပြန်ဖော်လိုက်သည်။
“ ကျူးအာ သေသေချာချာ မှတ်မိနေပါတယ်… အတိတ်တုန်းကဆိုရင် အမက အမွေအနှစ်လှိုဏ်ဂူထဲကို ဘယ်သူ့ကိုမှ ပေးမဝင်ခဲ့ဘူး… အနက်ရောင်မျောက်ဝံဘုရင်နဲ့ တခြားမိစ္ဆာသားရဲဘုရင်တွေ ရောက်လာရင်တောင် အမကိုယ်တိုင်ပဲ ကျင့်စဉ်တစ်ခုကို ရွေးချယ်ပြီး ပေးလိမ့်မယ်… ဒီနေ့ အမက အကိုသီကို တခြားလူတွေနဲ့ မတူဘဲ အထူးဆက်ဆံခဲ့တယ် ”
အမွေအနှစ်လှိုဏ်ဂူသည် အလွန်အရေးကြီးသည်။ အဘယ့်ကြောင့်ဆိုသော် ထိုလှိုဏ်ဂူထဲမှာ အလွန်ရှားပါးသော မိစ္ဆာကျင့်စဉ်များကို သိမ်းဆည်းထားသည်။ သို့ဖြစ်၍ ချန်းရှီသည် အတိတ်တွင် ထိုလှိုဏ်ဂူထဲသို့ မည်သူ့ကိုမှ ဝင်ရောက်ခွင့်မပြုခဲ့ပေ။ တစ်စုံတစ်ယောက်သည် လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားလျှင် ရှေးဟောင်းစာအုပ်များနှင့် ကျင့်ကြံခြင်းနည်းလမ်းများကို အလွယ်တကူ မှတ်သားနိုင်လိမ့်မည်။
တစ်နည်းဆိုရသော် ယင်းက ရှေးဟောင်းစာအုပ်များနှင့် ကျင့်ကြံခြင်းနည်းလမ်းများကို တစ်ဖက်လူအား ပေးပစ်လိုက်ခြင်း ဖြစ်သည်။
အတိတ်တွင် မဒူဆာနှင့် တခြားမိစ္ဆာသားရဲဘုရင်များ ရောက်လာခဲ့စဉ်မှာ သူတို့က မဏ္ဍပ်ထဲမှာသာ နေခွင့်ရကြသည်။ အရင်ဆုံး ချန်းရှီက သူတို့၏ အဓိကဦးတည်ချက်နှင့် လမ်းစဉ်ကို မေးမြန်းလိမ့်မည်။ ထို့နောက် သူက မိစ္ဆာသားရဲဘုရင်များ၏ ဝိသေသလက္ခဏာများနှင့် လိုက်ဖက်ညီသော ကျင့်စဉ်ကို ရွေးချယ်ပေးလိမ့်မည်။
တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးမှာပင် ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ အမွေအနှစ်လှိုဏ်ဂူထဲသို့ ဝင်ရောက်ဖူးသူများက လက်ငါးချောင်းမပြည့်ပေ။
သို့သော်လည်း ဤတစ်ကြိမ်တွင် ချန်းရှီက သီရှီထျန်ကို လှိုဏ်ဂူထဲသို့ ဝင်ရောက်ခွင့်ပေးလိုက်သည်။ တစ်နည်းဆိုရသော် သူက သီရှီထျန်အား လှိုဏ်ဂူထဲမှ စာအုပ်အားလုံးကို ပေးပစ်လိုက်သည်။
“ ကျူးအာ… အမ အရင်က ပြောပြီးပြီပဲ… အဲ့ဒီကိစ္စတွေကို အမစိတ်မဝင်စားဘူးလို့… နင့်ရဲ့ ခေါင်းသေးသေးလေးထဲမှာ ဘာတွေရှိနေတာလဲ ”
ချန်းရှီက ကူကယ်ရာမဲ့စွာ လက်ဆန့်ထုတ်လိုက်ပြီး ဇာမဏီငှက်၏ ဦးခေါင်းကို ညင်သာစွာ ခေါက်လိုက်သည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ နင့်ရဲ့ အကိုသီက မိစ္ဆာအသင်္ချေချိုင့်ဝှမ်း မြန်မြန်ဆန်ဆန် တိုးတတ်လာဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား… သူက အင်အားစုတစ်ခုကို ဘယ်လိုပျိုးထောင်ရမလဲ ကောင်းကောင်းသိတဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်ပဲ… ပြီးတော့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီမှာ ကြီးမားတဲ့ အလားအလာတွေ ရှိတယ်… ဒါပေမဲ့ သူတို့ဆီမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်… မိစ္ဆာကျင့်ကြံခြင်းနည်းလမ်းတွေက အဲ့ဒီလိုအပ်ချက်တွေထဲက တစ်ခုပဲ ”
“ ဒီတော့ အမက အကိုသီကို ကူညီပေးချင်တာလား ”
ဇာမဏီငှက်က မျက်လုံးဝင်းလက်သွားပြီး ချန်းရှီကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။
“ ဟုတ်တယ်… သီရှီထျန်ဆီကနေ တခြားမိစ္ဆာသားရဲဘုရင်တွေဆီမှာ မရှိတဲ့ ဩဇာအရှိန်အဝါကို ငါခံစားမိတယ်… ပြောရရင် သူက ဘုရင်ဖြစ်ဖို့ မွေးဖွားလာသလိုပဲ… သူ့ဆီမှာ အင်အားစုတစ်ခုကို ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိတယ်… သူက ဘုရင်ဖြစ်ချင်ပြီး အင်အားစုတစ်ခုကို ပျိုးထောင်ချင်မှတော့ ငါက ဘေးကနေ ကူညီပေးမယ်… ပြီးတော့ သူဘယ်လောက်အဝေးထိ သွားနိုင်မလဲ ငါကြည့်မယ်… ဖြစ်နိုင်တာက တောင်ပိုင်းမြေရိုင်းဒေသရဲ့ အခြေအနေက သူ့ကြောင့် တကယ် ပြောင်းလဲသွားနိုင်တယ် ”
ချန်းရှီ၏ အကြည့်က အလွန်နက်နဲသိမ်မွေ့သည်။ ဤသည်မှာ သူက ကောင်းကင်ကို ကြည့်မနေဘဲ မကြာခင် ဖြစ်လာတော့မည့် အနာဂတ်ကို ကြည့်နေသည့်အလားပင်။
“ ဟုတ်တယ်… အကိုသီ သေချာပေါက် အောင်မြင်လိမ့်မယ်လို့ ကျူးအာလည်း ယုံကြည်တယ်… အမက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကို မရောက်ဖူးတော့ သိမှာမဟုတ်ဘူး… အခု ချိုင့်ဝှမ်းထဲမှာ ဝိညာဉ်သားရဲ သုံးလေးထောင် ရှိနေကြတယ်… တကယ်လို့ သူတို့က နောက်ထပ် တိုးတတ်သွားမယ်ဆိုရင် အဲ့ဒါက အရမ်းအံ့ဩစရာကောင်းလိမ့်မယ် ”
ကျူးအာက ယုံကြည်မှုရှိသော လေသံဖြင့် ပြောသည်။
သီရှီထျန်သည် မိစ္ဆာလေကို စီးနင်း၍ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မြန်ဆန်စွာ ရွေ့လျားနေသည်။ သူက မြောက်ပိုင်းအရပ်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
မြောက်ပိုင်းအရပ်ဆီသို့ သူနီးကပ်သွားသည်နှင့်အမျှ တောအုပ်၏ စိမ်းလန်းစိုပြည်မှုက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ညှိုးနွမ်းခြောက်သွေ့မှုနှင့် အုံ့မှိုင်းမှုက ထွက်ပေါ်လာသည်။
ယင်းက ထူးဆန်းသောအရာ မဟုတ်ပေ။ တောင်ပိုင်းမြေရိုင်းဒေသ၏ မြောက်ပိုင်းအရပ်က တားမြစ်နယ်မြေဖြစ်သည်။ ထိုနေရာသို့ မည်သည့်သက်ရှိမှ မချဉ်းကပ်ဝံ့ကြချေ။ အရိုးဖြူစွန့်ပစ်ကုန်းမြေသည် အလွန်ကျယ်ပြောသည်။ ထိုဧရိယာထဲမှာ အဖြူရောင်အရိုးများက တောင်ကုန်းများသဖွယ် စုပုံနေကြသည်။ ထိုနေရာမှာ မည်မျှများပြားသော သက်ရှိများကို မြှုပ်နှံထားကြောင်း မည်သူသိနိုင်မည်နည်း။ အရိုးဖြူစွန့်ပစ်ကုန်းမြေမှ ထုတ်လွှတ်နေသော သေခြင်းအရှိန်အဝါက သက်ရှိများကို ဤနေရာဆီသို့ မချဉ်းကပ်လာစေရန် တားဆီးနိုင်စွမ်းရှိသည်။
ထို့ကြောင့် အရိုးဖြူစွန့်ပစ်ကုန်းမြေ၏ အပြင်ဘက် မိုင်တစ်ထောင်ဧရိယာအတွင်းမှာ သက်ရှိတစ်ကောင်မှ မတွေ့ရပေ။
ထို့ပြင် အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ အရိုးဝါးမျိုသစ်ပင်များ ရှိသည်။ ၎င်းတို့ကို နတ်ဆိုးသစ်ပင်များဟုလည်း ခေါ်ကြသည်။ နတ်ဆိုးသစ်ပင်များသည် ရှင်သန်ကြီးထွားရန် အရိုးစုများထံမှ အာဟာရဓာတ်ကိုသာ စုပ်ယူကြသည်။ သစ်ပင်ကြီးတစ်ပင်ဖြစ်လာရန် ၎င်းက အရိုးစုသိန်းပေါင်းများစွာကို စုပ်ယူရလိမ့်မည်။ မိစ္ဆာသားရဲများသည်ပင် အရိုးဝါးမျိုသစ်ပင်ကြီးများနားသို့ မသွားဝံ့ကြချေ။ ၎င်းတို့က အသက်ရှိနေကြသော နတ်ဆိုးသစ်ပင်များ ဖြစ်သည်။ မှန်ပေသည်။ ထူးခြားချက်အနေဖြင့် မရဏကျီးကန်းမျိုးနွယ်က ထိုနေရာမှာ နေထိုင်ကြသည်။