အခန်း ၂၇၆
Vol. 19 Ch. 276
အခန်း(၂၇၆)
အရိုးဖြူတောင်ကုန်းတစ်ခုပေါ်တွင် အရိုးစုတစ်ခုက ရပ်နေသည်။ သူ့လက်ထဲမှ လေးထဲမှာ နောက်ထပ် မည်သည့်မြားမှ မရှိတော့ပေ။ ရှင်းလင်းစွာပင် အစောနက မြားကို ထိုအရိုးစု ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ထိုအရိုးစု၏ ပုံပန်းသဏ္ဍာန်က လူသားတစ်ယောက်နှင့် လုံးဝ တူညီလုနီးပါးပင်။ သူ၏ အရေပြားနှင့် အသွေးအသားက အချိန်ကာလ၏ ယိုယွင်းတိုက်စားမှုကြောင့် ဘာမှမကျန်တော့ပေ။ သို့သော်လည်း သူက အရိုးစုတောင်ကုန်းပေါ်မှာ မတ်တတ်ရပ်နေပြီး သီရှီထျန်ဆီသို့ မြားတစ်ချောင်း လှမ်းပစ်လိုက်လေရာ သက်မဲ့အရိုးစုမဟုတ်ကြောင်း ထင်ရှား၏။
အရိုးခြောက်၏ ဦးခေါင်းခွံက လုံးဝ မည်းနက်နေသည်။ ဦးခေါင်းခွံကို အသွေးအသားများဖြင့် ဖုံးအုပ်မထားသော်လည်း ဦးခေါင်းခွံ၏ အတွင်းပိုင်းတည်ဆောက်ပုံကို မမြင်နိုင်ပေ။ သို့သော်လည်း ဦးခေါင်းခွံ၏ အတွင်းပိုင်းထဲမှာ ရက်စက်ကြမ်းကြုတ်သော မျက်လုံးနှစ်လုံး ရှိသည်။ အစိမ်းရောင်မီးတောက်ဘောလုံးနှစ်လုံးက မျက်လုံးပေါက်နှစ်ပေါက်ထဲမှာ ကခုန်နေသည်။ ယင်းတို့က သုသာန်မြေထဲမှာ လွင့်မျောနေသော ဝိညာဉ်များနှင့် ဆင်တူကြသည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။
“ အဲ့ဒါဘာလဲ ”
သီရှီထျန်က မျက်ခုံးပင့်တင်လိုက်သည်။ စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ဝင်းလက်သွားသည်။ ဖုတ်ကောင်များကို သူကြားဖူးသည်။ သို့သော်လည်း လေးမြားကို အသုံးပြုနိုင်သော အရိုးစုကိုတော့ တစ်ခါမှ သူမမြင်ဖူးပေ။ အရိုးသားဆုံး ဝန်ခံရလျှင် အရိုးစုကို ပထမဆုံးအကြိမ် သူမြင်လိုက်သည့်အခိုက် အမှန်တကယ် ထိတ်လန့်သွားခဲ့သည်။
“ ဟွန့်… အဲ့ဒါက ဘာပဲဖြစ်ဖြစ်… မင်းက ငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရဲရင် မင်းက ငါ့ရဲ့ ရန်သူပဲ… သေလိုက်စမ်း ”
သူ့နှလုံးက တဒုန်းဒုန်း ခုန်မြည်လာသည်။ နှလုံးသည် သူ၏ မိစ္ဆာစံအိမ်တည်ရှိသော နေရာဖြစ်သည်။ မိစ္ဆာစံအိမ်က ပိုပြီးအခြေခိုင်မာလာသည်နှင့်အမျှ သူ့နှလုံးက ပိုပြီးသန်စွမ်းလာသည်။ အဘယ့်ကြောင့်ဆိုသော် သူ့နှလုံးက မိစ္ဆာစံအိမ်မှ ထုတ်လွှတ်ပေးသော မိစ္ဆာချီ၏ အာဟာရဖြည့်ပေးခြင်းကို နေ့စဉ် ရရှိနေသောကြောင့်ပင်။ ထို့ကြောင့် နှလုံးသည် သူ့ခန္ဓာကိုယ်ထဲမှ တခြားကိုယ်တွင်းအင်္ဂါများထက် အများကြီး ပိုသန်စွမ်းသည်။ နှလုံးသည် မိစ္ဆာစံအိမ် ဖြစ်သည်။ နှလုံး တဒုန်းဒုန်း ခုန်မြည်လာသည့်အခါ အနက်ရောင်မိစ္ဆာချီလှိုင်းက သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာသွေးကြောထဲမှာ ချက်ချင်း ဖြတ်သန်းစီးဆင်းသွားသည်။
“ ဘန်း ”
သူ၏ ခြေထောက်ကို မြှောက်လိုက်ပြီး အရှေ့သို့ နင်းလိုက်သည့်အခါ ကြောက်မက်ဖွယ်ကောင်းသော အင်အားက သူ၏ ခြေထောက်ထံမှ ထွက်ပေါ်လာပြီး အရိုးများပေါ်သို့ ကျဆင်းသွားသည်။ ချက်ချင်းဆိုသလိုပင် သူ့ခြေထောက်အောက်မှ အရိုးများက ပေါက်ကွဲသွားသည်။ သီရှီထျန်သည် သူ့ခြေထောက်အောက်မှ ပေါက်ကွဲအားကို ငှားယူ၍ အရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။ သူ၏ ဦးတည်ရာက အရိုးဖြူတောင်ကုန်းပေါ်မှ လေးမြားကိုင်ထားသော အရိုးစုထံသို့ ဖြစ်သည်။ တစ်ချိန်တည်းမှာ သူက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို လက်ထဲမှာ ပွေ့ပိုက်လိုက်သည်။
သားရဲဘုရင်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဆက်ပြီး ဖွဲ့စည်းသွားသည်။ မိစ္ဆာချီက အပြင်သို့ ဒလဟော တိုးထွက်လာသည်။ ဤသည်မှာ ကျားဘုရင်က တောင်ကုန်းပေါ်မှ ခုန်ဆင်းလာသည့်အလားပင်။ ၎င်းက သက်ရှိအားလုံးကို ဝါးမျိုချင်နေသည်။
“ တင်း… တုန် ”
သူ၏ ဘယ်လက်ဖြင့် ကုချင်းကို ကိုင်ထားစဉ် ညာလက်ဖြင့် ကုချင်းကြိုးများကို အကြမ်းပတမ်း တီးခတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကြည်လင်တောက်ပသော အသံဓားတစ်ခုက ကုချင်းထံမှ ပျံသန်းထွက်လာသည်။ အသံဓားသည် ပုစဉ်းရင်ကွဲ၏ အတောင်ပံကဲ့သို့ ပါးလွှာပြီး အလွန်ထက်ရှသည်။ အသံဓားသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အရိုးစုထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ သီရှီထျန်နှင့် အရိုးစုကြားမှ အကွာအဝေးက တစ်မီတာခန့်သာ ရှိ၏။
အသံဓားသည် မျက်စိတစ်မှိတ်အတွင်းမှာ ထိုအကွာအဝေးကို ဖြတ်ကျော်သွားသည်။ သို့သော်လည်း ထိုအရိုးစုသည် အသက်ရှိပုံပေါ်သည်။ ၎င်းက မြေကြီးပေါ်မှာ လဲလျောင်းနေသော တခြားအရိုးစုများကဲ့သို့ သက်မဲ့မဟုတ်ပေ။
၎င်း၏ မျက်လုံးထဲမှ မီးတောက်များက အကြိမ်ရေအနည်းငယ် လှုပ်ယမ်းသွားသည်။ ထို့နောက် ၎င်းက အခြားတစ်ဖက်ဆီသို့ မြန်ဆန်စွာ ခုန်လိုက်သည်။ တစ်ဆက်တည်းမှာ ၎င်းက လက်ထဲမှ အဖြူရောင်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ အခြားလက်တစ်ဖက်က ၎င်း၏ နောက်ကျောမှ မြားကျည်တောက်ထဲမှ မြားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ၎င်းက လေးကြိုးပေါ်မှာ မြားကို ကျွမ်းကျင်စွာ တပ်ဆင်လိုက်ပြီး အသံဓားဆီသို့ ပစ်လွှတ်လိုက်သည်။
“ ဘန်း ”
အသံဓားနှင့် အရိုးဖြူမြားတို့ ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ အရိုးဖြူမြားသည် ထူးဆန်းဖွယ်ကောင်းစွာ သူ့ဘာသာ ပေါက်ကွဲသွားသည်။ ပေါက်ကွဲမှုအားက အလွန်ကြောက်စရာကောင်းသည်။ ယင်းထံမှ ထွက်ပေါ်လာသော စွမ်းအားက ဘေးပတ်ဝန်းကျင်မှ အရိုးစုအပုံများကို ချက်ချင်း ဖုန်မှုန့်ဖြစ်သွားစေသည်။ အရွယ်အစားစုံလင်သော အရိုးဖြူတွင်းနက်များက မြေကြီးပေါ်မှာ ထွက်ပေါ်လာကြသည်။ အသံဓားသည်လည်း ပေါက်ကွဲမှုအတွင်းမှာ ဖျက်ဆီးခံလိုက်ရသည်။
“ အဲ့ဒီအရိုးစုက ဒီလောက်သန်မာတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်လား… သူ့ရဲ့ စွမ်းအားက အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ထက် လုံးဝ မနိမ့်ကျဘူး… အရိုးဖြူစွန့်ပစ်ကုန်းမြေက ဒီလိုအံ့ဖွယ်ကောင်းတဲ့ အရိုးစုတစ်ကောင်ကို မမွေးထုတ်ပေးနိုင်ဘူး မဟုတ်လား… ဘာလို့ အဲ့ဒီအကြောင်းကို မရဏကျီးကန်းဘုရင်နဲ့ တခြားမိစ္ဆာသားရဲဘုရင်တွေ ပြောတာ ငါမကြားဖူးတာလဲ ”
စက်ကရာက နှလုံးတင်းကျပ်မှုကို ခံစားမိသွားသည်။ သူ့အရှေ့မှ အရိုးစု၏ စွမ်းအားကို ပဏာမ စမ်းသပ်ကြည့်ပြီးနောက် တစ်ဖက်လူ၏ တိုက်ပွဲစွမ်းအားကို အကြမ်းဖျဉ်း သူခန့်မှန်းနိုင်သွားသည်။ ၎င်းက အခြေတည်နယ်ပယ် မသေမျိုးကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည်။ ထို့ကြောင့် ၎င်းကို ရင်ဆိုင်ရန် သူ့အတွက် မခက်ခဲပေ။ သို့သော်လည်း သူ့ကို တကယ် စိုးရိမ်ကြောင့်ကြစေသည်မှာ အရိုးစု၏ ဇစ်မြစ် ဖြစ်သည်။
အကယ်၍ အရိုးဖြူစွန့်ပစ်ကုန်းမြေက ထိုသို့ထူးဆန်းသော အရိုးစုများကို အရေအတွက်များပြားစွာ ပျိုးထောင်ပေးနိုင်သည်ဆိုလျှင် ယင်းက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးအတွက် မဟာကပ်ဘေး ဖြစ်လာလိမ့်မည်။ ထိုအရိုးစုများက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ လျှောက်သွားနေပြီး မြင်မြင်သမျှ သက်ရှိများကို သတ်ဖြတ်မည်ဆိုလျှင် တောင်ပိုင်းမြေရိုင်းဒေသထဲမှ တိရိစ္ဆာန်များနှင့် ကျေးငှက်များအတွက် အန္တရာယ်ရှိနိုင်သည်။
သို့သော်လည်း ထူးဆန်းသည်မှာ ထိုအရိုးစုများ၏ တည်ရှိမှုအကြောင်း ယခင်က တစ်ခါမှ သူမကြားဖူးပေ။ မည်သို့ကြောင့် တခြားမိစ္ဆာသားရဲဘုရင်များက ထိုအရိုးစုများအကြောင်း သူ့အား မပြောကြသနည်း။ ချန်းရှီသည်ပင် ထိုအကြောင်းကို ဘာမှမပြောပေ။
“ တင်း… တုန်… တင်း… တုန် ”
သူက စိတ်ထဲမှာ တွေးတောနေသော်လည်း သူ့လက်များက မရပ်တန့်သွားပေ။ သူ၏ လက်ချောင်းများက ကုချင်းကြိုးများကို မြန်ဆန်စွာ ဆွဲလှုပ်လိုက်သည်။ ကုချင်းကြိုးများကို တီးခတ်နေစဉ် သူ၏ မိစ္ဆာချီကို ကုချင်းထဲသို့ ထည့်သွင်းလိုက်သည်။ ကုချင်း၏ ကြိုးကိုးချောင်းစလုံး လှုပ်ခတ်သွားသည့်အခိုက် လခြမ်းကွေးသဏ္ဍာန်ရှိသော အသံဓားကိုးလက်က ကုချင်းထံမှ ထွက်ပေါ်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အသံဓားကိုးလက်က အရိုးစု၏ လွတ်လမ်းအားလုံးကို ပိတ်ဆို့လိုက်သည်။
“ ရွှတ်… ရွှတ်… ရွှတ်… ”
လေခွင်းသံများ ထွက်ပေါ်လာသည်။ အသံဓားကိုးလက်က လျှပ်စီးတန်းများပမာ အလွန်မြန်ဆန်သည်။ အသံဓားများသည် ပြိုင်ဘက်ကင်း ထက်ရှမှုနှင့်အတူ အရိုးစု၏ ခန္ဓာကိုယ်အနှံ့သို့ ကျဆင်းသွားကြသည်။ အရိုးစု၏ ခန္ဓာကိုယ်က သံမဏိတုံးပမာ အလွန်မာကျောသော်လည်း အသံဓားများ၏ ပိုင်းဖြတ်ခံလိုက်ရဆဲပင်။
ယင်းတို့ထဲမှ အသံဓားတစ်လက်က အရိုးစု၏ ဦးခေါင်းခွံကို တိုက်ရိုက် ပိုင်းဖြတ်လိုက်သည်။ ဦးခေါင်းခွံက အလွန်မာကျောသော်လည်း အသံဓား၏ ထက်ရှမှုကို မတောင့်ခံနိုင်ပေ။ ဦးခေါင်းခွံက အလယ်မှ နှစ်ခြမ်းပိုင်းဖြတ်ခံလိုက်ရသည်။
“ ခရက်… ခရက်… ”
အရိုးစု၏ ခန္ဓာကိုယ်က အစိတ်အပိုင်းဒါဇင်ခန့် ပိုင်းဖြတ်ခံလိုက်ရသည်။ ဦးခေါင်းခွံက နှစ်ခြမ်းကွဲထွက်သွားသည့်အခါ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အရိုးအားလုံးက တစ်စစီ ပြုတ်ထွက်သွားကြပြီး အောက်သို့ ပြုတ်ကျသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အရိုးစုက အဖြူရောင်အရိုးစုအပုံအဖြစ် ပြောင်းလဲသွားသည်။
“ အမ်… အဲ့ဒါက ဘာလဲ ”
အရိုးစုက အက်ကွဲသွားသည်။ ပြန့်ကျဲနေသော အရိုးစုအပုံပေါ်တွင် လက်သီးဆုပ်အရွယ်ခန့်ရှိသော အစိမ်းရောင် မီးတောက်ဘောလုံးတစ်လုံးက အငြိမ်မနေဘဲ အဆက်မပြတ် လှုပ်ယမ်းနေသည်။ ယင်းက ချောက်ချားဖွယ်ကောင်းသည်။ ယင်းကို သူသေချာကြည့်လိုက်သည့်အခါ ထိုမီးတောက်က အစောနက အရိုးစု၏ မျက်လုံးပေါက်များထဲမှာ သူမြင်တွေ့ခဲ့သော မီးတောက်နှင့် တစ်ပုံစံတည်းနီးပါး ဆင်တူနေကြောင်း နားလည်သွားသည်။
ထိုအစိမ်းရောင်မီးတောက်ကို မြင်သွားသောအခါ သီရှီထျန်က တိတ်တဆိတ် အံ့ဩသွားသည်။ မီးတောက်ထဲတွင် အသက်ဓာတ်အရှိန်အဝါ ရှိနေကြောင်း ရှင်းလင်းစွာ သူအာရုံခံနိုင်၏။ ထို့နည်းတူပင် မီးတောက်ထဲမှာ သေခြင်းစွမ်းအားလည်း ရှိ၏။ ယင်းက အလွန်ထူးဆန်းသည်။ သီရှီထျန်က အစိမ်းရောင်မီးတောက်ကို ဖမ်းဆုပ်ရန် သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။
“ မင်းရဲ့ လက်ကို နောက်ဆုတ်လိုက်စမ်း… အဲ့ဒီမီးတောက်က ငါတို့ရဲ့ ဟာ ”
ထိုအခိုက်အတန့်မှာ အသံနှစ်သံက တစ်ချိန်တည်း၌ ထွက်ပေါ်လာသည်။ သူတို့၏ အသံထဲမှာ ဒေါသနှင့် မောက်မာထောင်လွှားမှု ရှိသည်။
ယင်းကို သီရှီထျန်ကြားသောအခါ သူက မျက်မှောင်ကြုတ်လိုက်ပြီး အသံထွက်ပေါ်လာရာအရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။ မနီးမဝေးတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်နှစ်ယောက် ရှိသည်။ တစ်ယောက်က အမျိုးသားဖြစ်ပြီး အခြားတစ်ယောက်က အမျိုးသမီး ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက အလွန်ငယ်ရွယ်ပုံပေါ်သည်။ အစိမ်းရောင်မီးတောက်ကို မြင်သွားသောအခါ သူတို့၏ မျက်လုံးက ဝင်းလက်သွားသည်။ ဝမ်းသာပျော်ရွှင်မှုနှင့် ဆန္ဒစောမှုက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူတို့က အရှေ့သို့ အမြန်ပြေးသွားကြသည်။
‘ ဟွန့်… မင်းတို့အနောက်ဆုတ်ခိုင်းတိုင်း ငါက အနောက်ဆုတ်ရမှာလား… ငါ့ကို ဘယ်သူလို့ ထင်နေလဲ ’
သီရှီထျန်က သူ့ဘာသာ တွေးတောလိုက်သည်။ သူက စိတ်ထဲမှာ နှာခေါင်းရှုံ့လိုက်သည်။ ထိုလူငယ်နှစ်ယောက်ထံမှ ထုတ်လွှတ်နေသော အေးစက်စက် အရှိန်အဝါကို သူအာရုံခံနိုင်သည်။ တစ်ချိန်တည်းမှာ သူက ထိုလူများ၏ သရုပ်မှန်ကို အတည်ပြုနိုင်သွားသည်။ သူတို့က မသေမျိုးကျင့်ကြံသူများ ဖြစ်ကြသည်။ အစိမ်းရောင်မီးတောက်ကို မြင်သွားသည့်အချိန်မှာ သူတို့နှစ်ယောက်က ဝမ်းသာပျော်ရွှင်သွားကြပြီး ယင်းကို သူ့လက်ထဲမှ လုယက်ရန် ကြိုးစားကြသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ထိုမီးတောက်က သာမန်မဟုတ်ကြောင်း သူခန့်မှန်းနိုင်သွားသည်။
သို့ဖြစ်လေရာ မည်သို့ကြောင့် သူရပ်တန့်မည်နည်း။ သူက မရပ်တန့်သည့်အပြင် သူ၏ အလျင်ကို ပိုပြီးတိုးမြှင့်လိုက်သည်။
“ မကောင်းတော့ဘူး ဂိုဏ်းတူအကိုကြီး… အစီအရင်အပြားကို အမြန်ထုတ်လိုက်ပါ… အဲ့ဒီမီးတောက်ကို ရှာဖွေဖို့အတွက် အနီးနားဝန်းကျင်မှာ မရေမတွက်နိုင်တဲ့ မသေမျိုးအရိုးစုတွေကို ငါတို့သတ်ခဲ့ရတယ်… အဲ့ဒီမီးတောက်ကို ရတဲ့အခါ ငါတို့ရဲ့ တာဝန်က ပြီးမြောက်သွားလိမ့်မယ်… မြန်မြန်… အဲ့ဒီမိစ္ဆာကို မီးတောက်မရသွားစေနဲ့ ”
အမျိုးသမီး၏ မျက်နှာက ချောမောလှပပြီး ဆွဲဆောင်မှုရှိသည်။ စက်ကရာ၏ လှုပ်ရှားမှုကို မြင်သောအခါ သူ၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ချက်ချင်း အော်ပြောလိုက်သည်။
“ ဂိုဏ်းတူညီမလေး ဘာမှမစိုးရိမ်နဲ့… ဒီနေ့ ငါတို့တွေ အဲ့ဒီမီးတောက်ကို ရရှိမယ့်အပြင် အဲ့ဒီမိစ္ဆာကိုလည်း သတ်ပစ်ကြမယ်… ဒီမိစ္ဆာကို ဝါးမျိုပြီးသွားတဲ့အခါကျရင် အစီအရင်အပြားက ပိုပြီးအစွမ်းထက်လာလိမ့်မယ်… ငါတို့ ပြန်သွားတဲ့အခါကျရင် ဆရာက ငါတို့ကို သေချာပေါက် ဆုလာဘ်ချီးမြှင့်လိမ့်မယ် ”
ဂိုဏ်းတူအကိုကြီး၏ မျက်နှာက အရုပ်ဆိုးအကျည်းတန်သည်။ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ရံဖန်ရံခါ ထွက်ပေါ်လာသည်။ သူက ချောက်ချားဖွယ်ကောင်းစွာ ရယ်မောလိုက်ပြီး သူ့လက်များကို ဆန့်တန်းလိုက်သည်။ သူ၏ လက်ဖဝါးပေါ်တွင် တြိဂံပုံသဏ္ဍာန်ရှိသော သတ္ထုပြားတစ်ခု ရှိသည်။ ထိုသတ္ထုပြားက အလွန်ထူးဆန်းသည်။ ယင်း၏ အရောင်က အစိမ်းပုပ်ရောင်ဖြစ်ပြီး ယင်းကို မည်သည့်ပစ္စည်းအမျိုးအစားဖြင့် ဖန်တီးထားကြောင်း မသိရပေ။ ယင်းပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတမျဉ်းကြောင်းများ ရှိ၏။
ယင်းထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက နတ်ဆိုးဆန်သည်။
“ မဟူရာအရိုး… သက်ရှိအားလုံးကို ဝါးမျိုနိုင်တယ်… အစီအရင်အပြား အမြန်မြှောက်တတ်စမ်း ”
တြိဂံအပြားကို ထုတ်လိုက်သည်နှင့်ချက်ချင်း ဂိုဏ်းတူအကိုကြီး၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ ထူးဆန်းသော မန္တန်တစ်ပုဒ်ကို သူရွတ်ဆိုလိုက်ပြီး ချိပ်တံဆိပ်တစ်ခုကို အမြန်ဖွဲ့စည်းလိုက်သည်။
“ ရွှတ် ”
တြိဂံအပြားက လေထဲသို့ ချက်ချင်း မြှောက်တတ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ တြိဂံအပြားက ကျယ်ပြောသော အကွာအဝေးကို ဖြတ်ကျော်သွားပြီး သီရှီထျန်နှင့် အစိမ်းရောင်မီးတောက်၏ အပေါ်မှာ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ တြိဂံအပြားက အရွယ်အစားကြီးမားသွားပြီး တြိဂံပုံသဏ္ဍာန် စည်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ တြိဂံပုံသဏ္ဍာန်စည်းက ဟင်းလင်းပြင်နှင့် သူ့အောက်မှ ဧရိယာကို မြန်ဆန်စွာ ဖုံးလွှမ်းသွားသည်။