← Chapters

အခန်း ၂၇၇

Vol. 19 Ch. 277

အခန်း ၂၇၇

Vol. 19 Ch. 277

အခန်း(၂၇၇)

ထူးဆန်းသော တြိဂံပုံသဏ္ဍာန်စည်းက သီရှီထျန်၏ ဦးခေါင်းထက်မှ ဟင်းလင်းပြင်ကို ဖုံးလွှမ်းသွားသည်။ သီရှီထျန်၏ လက်နှင့် တစ်လက်မမျှသာ ကွာဝေးတော့သော အစိမ်းရောင်မီးတောက်သည် ကောင်းကင်ပေါ်မှ တြိဂံပုံသဏ္ဍာန်စည်းထံမှ ထုတ်လွှတ်လိုက်သော အားကောင်းသည့် ဆွဲငင်အားကြောင့် လေပေါ်သို့ မြန်ဆန်စွာ ပျံတတ်သွားသည်။

လျှပ်တစ်ပြက်အတွင်းမှာ မီးတောက်က တြိဂံအပြားထဲသို့ ဝင်ရောက်သွားသည်။ ထိုသို့ဝင်ရောက်သွားသည့်အခါ တြိဂံအပြားပေါ်မှ မှော်သင်္ကေတများက ပိုပြီးထင်သာမြင်သာလာသည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက အစီအရင်အပြားထံမှ ဒလဟော ထွက်ပေါ်လာသည်။ ဤသည်မှာ တြိဂံအပြားအောက်မှ ဟင်းလင်းပြင်က အပြင်လောကထဲမှ သီးခြားခွဲထုတ်ခံလိုက်ရသည့်အလားပင်။ အလင်းအလွှာများက တစ်ခုပြီးတစ်ခု အဆုံးမဲ့စွာ ထွက်ပေါ်လာသည်။

“ အဲ့ဒါက ဘာလဲ ”

စက္ကန့်ပိုင်းလေးအတွင်းမှာ သီရှီထျန်သည် ထိတ်လန့်နေခြင်းမှ ပြန်သတိဝင်သွားသည်။ သူ၏ ဘေးပတ်ဝန်းကျင်မှ နယ်မြေက ရုတ်တရက် ပြောင်းပြန်လှန်သွားပြီး ထူးဆန်းသော နေရာတစ်ခုအဖြစ် မြန်ဆန်စွာ ပြောင်းလဲသွားသည်။

သူက မရေမတွက်နိုင်သော အရိုးဖြူများပေါ်မှာ မတ်တတ်ရပ်နေသည်။ သို့သော်လည်း ထိုအရိုးဖြူများက အစိမ်းပုပ်ရောင်အလင်း တောက်ပနေသည်။ သူ၏ ဘေးပတ်ဝန်းကျင်တွင် အရိုးဖြူများဖြင့် ဆောက်လုပ်ထားသော တောင်ကုန်းတစ်ခု ရှိသည်။ တောင်ကုန်းပေါ်တွင် အရိုးများဖြင့် ဖွဲ့စည်းထားသော ပလ္လင်တစ်ခု ရှိသည်။ ပလ္လင်သည် အရွယ်အစားကြီးမားသည်။ ပလ္လင်ပေါ်တွင် ရှည်လျားသော အရိုးစုတစ်ခုက မတ်မတ်ထိုင်နေသည်။

အစောနက သီရှီထျန် သတ်ခဲ့သော အရိုးစုက သာမန်လူတစ်ယောက်၏ အရွယ်အစားသာလျှင် ရှိသည်။ သို့သော်လည်း ပလ္လင်ပေါ်မှ အရိုးစုက မယုံကြည်နိုင်အောင် ရှည်လျားပြီး ကြီးမားသည်။ ၎င်းက သုံးမီတာလေးမီတာအထိ မြင့်မားသည်။ ဤသည်မှာ ဘီလူးတစ်ကောင်က အရိုးပလ္လင်ပေါ်မှာ ထိုင်နေသည့်အလားပင်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ အဖြူရောင်အရိုးသံချပ်ကာရှိပြီး ၎င်း၏ လက်ထဲမှာ အရိုးဖြူဓားတစ်လက် ရှိသည်။ ဓားသည်လည်း အလွန်ရှည်လျားသည်။ ယင်းက လေးမီတာ သို့မဟုတ် ငါးမီတာခန့် ရှည်လျားသည်။ အဖြူရောင်အရိုးမီးတောက်က ဓားပေါ်မှာ ရွေ့လျားနေသည်။

၎င်း၏ ကြီးမားသော မျက်လုံးပေါက်နှစ်ပေါက်ထဲ၌ မီးဘောလုံးနှစ်လုံးက ကခုန်နေသည်။

ကြည့်ရသည်မှာ ပလ္လင်ပေါ်မှာ ထိုင်နေသော အရိုးစုက အရိုးစုဘုရင် ဖြစ်ဟန် ရသည်။ ၎င်းက ပလ္လင်ပေါ်မှာ ထိုင်နေသော်လည်း လောကတစ်ခွင် ပြည့်နှက်သွားမည့် အကန့်အသတ်မဲ့ဖိအားကို ထုတ်လွှတ်နေသည်။ သီရှီထျန်သည်ပင် ၎င်းထံမှ ဖိအားကြောင့် အသက်ရှူမွန်းကျပ်သွားသည်။

ထိုဖိအားက တောင်ကြီးတစ်တောင်နှယ် ကြီးမားသည်။

ဘေးပတ်ဝန်းကျင်တွင် အေးစက်စက်လေက တိုက်ခတ်နေပြီး တစ္ဆေအော်ညည်းသံများနှင့် နတ်ဘုရားငိုသံများ ထွက်ပေါ်နေသည်။

“ မိစ္ဆာကောင်… မင်းက မီးတောက်ကို ငါတို့ဆီကနေ လုယူချင်တယ်လား… မင်းက သေချင်နေတာပဲ… မင်းကို ကြည့်ရတာ အမြူတေဓာတ်လုံး ဖွဲ့စည်းထားတဲ့ မိစ္ဆာတစ်ကောင်ဖြစ်ရမယ်… ဒါပေမဲ့ တြိဂံအစီအရင်ထဲ ဝင်ရောက်သွားတာနဲ့ မင်းဘယ်လောက်ပဲ အစွမ်းထက်ပါစေ ဒီနေ့ မင်းက အစီအရင်အပြားရဲ့ စတေးခံဖြစ်လာလိမ့်မယ်… ကျွတ် ကျွတ်… ဒီဟာက အစီအရင်အပြားကို ပထမဆုံးအကြိမ် ငါအသုံးပြုဖူးတာပဲ… မင်းဘယ်လိုသေသွားမလဲ ငါကြည့်မယ် ”

“ ဂိုဏ်းတူအကိုကျန်း… အဲ့ဒီမိစ္ဆာကောင်ကို စကားအများကြီး မပြောနဲ့… ဆရာက ငါတို့ကို တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာမျိုးနွယ်စုနဲ့ မပတ်သက်ဖို့ မှာထားပေမဲ့ ငါတို့က အရင်စလှုပ်ရှားခဲ့တာ မဟုတ်ဘူး… အဲ့ဒီမိစ္ဆာကောင်က အထဲကို ချိုးဖြတ်ဝင်ရောက်လာခဲ့တာ… ငါတို့ သူ့ကို သတ်ပစ်ရင်တောင် ဆရာက အပြစ်တင်မှာမဟုတ်ဘူး… သူ့ရဲ့ အသွေးအသားနဲ့ သွေးချီအနှစ်သာရကို စုပ်ယူပြီးရင် ငါတို့လက်ထဲက မြေပုံအပိုင်းအစက ပိုပြီးအစွမ်းထက်လာလိမ့်မယ်… ငါတို့ပြန်သွားတဲ့အခါကျရင် ဆရာက ငါတို့နှစ်ယောက်စလုံးကို သေချာပေါက် ဆုချလိမ့်မယ် ”

ချောမောလှပသော မိန်းကလေးက သူ့ဘေးမှ ဂိုဏ်းတူအကိုကျန်းကို ရွှန်းလဲ့တောက်ပသော မျက်လုံးဖြင့် ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က အရိုးမရှိသည့်အလား ပျော့ပျောင်းနူးညံ့သည်။ သူက ဂိုဏ်းတူအကိုကျန်း၏ ပခုံးပေါ်မှာ ခေါင်းတင်လိုက်ပြီး သူ၏ ဖြူဖွေးသော လက်ဖြင့် ဂိုဏ်းတူအကိုကျန်း၏ ရင်ဘက်ကို ပွတ်သပ်လိုက်သည်။

“ ဂိုဏ်းတူညီမလေးကျိုးပြောတာ အကိုတွေးနေတာနဲ့ အတူတူပဲ… ဆရာက ငါတို့ကို တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာတွေနဲ့ မပတ်သက်ဖို့ မှာထားလို့ပေါ့… မဟုတ်ရင် ဂိုဏ်းက တပည့်တွေကို ဦးဆောင်ပြီး သူတို့အားလုံးကို အကုန်အပြတ်ရှင်းပစ်တယ်… အဲ့ဒီအခါ မသေမျိုးအရိုးစုတွေကို ရှာဖွေဖို့ ဒီစွန့်ပစ်ကုန်းမြေဆီ လာစရာမလိုတော့ဘူး… မိစ္ဆာမျိုးနွယ်စုရဲ့ သွေးနဲ့ ယဇ်ပူဇော်မယ်ဆိုရင် ဒီအစီအရင်က ဟိုးအရင်ကတည်းက သန့်စင်ပြီးလောက်ပြီ… ဆရာက ဘာဖြစ်လို့ ငါတို့ကို တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာတွေနဲ့ မပတ်သက်ခိုင်းတာလဲမသိဘူး ”

ဂိုဏ်းတူအကိုကျန်းက ဇဝေဇဝါဖြစ်သော အမူအရာဖြင့် ပြောသည်။

“ ဟုတ်တယ်… ဒီတစ်ကြိမ် ဆရာက ငါတို့အပါအဝင် စုစုပေါင်း တပည့်(၁၆)ယောက်ကို စေလွှတ်လိုက်တယ်… ငါတို့က နှစ်ယောက်တစ်အုပ်စုစီ အုပ်စုဖွဲ့ပြီး မြေပုံတစ်စိတ်တစ်ပိုင်းကို ယူဆောင်သွားကြတယ်… ဆရာက ငါတို့ကို မီးတောက်နဲ့ မသေမျိုးအရိုးစုတွေ ရှာဖွေစုဆောင်းခိုင်းလိုက်တယ်… ငါ့အမြင်မှာ ဒီတစ်ကြိမ် ဆရာရဲ့ လုပ်ဆောင်မှုက ထူးဆန်းတယ်… ဆရာက ငါတို့ကို စမ်းသပ်နေတာလား မသိဘူး… တကယ်လို့ ဒီတာဝန်ကို ငါတို့ကောင်းကောင်း ထမ်းဆောင်နိုင်မယ်ဆိုရင် ငါတို့တွေ တပည့်ကြီးအဖြစ် ခန့်အပ်ခံရပြီး ဆရာရဲ့ သင်ကြားမှုတွေကို တိုက်ရိုက် ရရှိသွားလောက်တယ် ”

ဂိုဏ်းတူညီမကျိုး၏ မျက်လုံးက ဝင်းလက်တောက်ပသွားသည်။

“ ညီမပြောတာ အဓိပ္ပာယ်ရှိတယ်… ဒါပေမဲ့ လောလောဆယ် အဲ့ဒီမိစ္ဆာကောင်ကို အကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်နေပါ… တြိဂံအစီအရင်ထဲ ဝင်ရောက်ပြီးသွားရင် သူဘယ်လောက်ပဲ အစွမ်းထက်ပါစေ သေဖို့ စောင့်နေရလိမ့်မယ် ”

ဂိုဏ်းတူအကိုကျန်းသည် တစ်ခဏ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူက ထူးဆန်းစွာ ပြုံးလိုက်ပြီး ဂိုဏ်းတူညီမကျိုး၏ တင်ပါးကို ကြမ်းတမ်းစွာ ဖျစ်ညှစ်လိုက်သည်။ ထို့နောက် သူက လက်ပြန်ရုပ်လိုက်ပြီး သူ့လက်ကို နှာခေါင်းရှေ့မှာ ထားကာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ယဇ်မူးသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ဂိုဏ်းတူညီမကျိုးက စိတ်မဆိုးသွားဘဲ ဆွဲဆောင်မှုရှိစွာ ပြုံးကာ ဂိုဏ်းတူအကိုကျန်း၏ ရင်ဘက်ကို တဒုန်းဒုန်း ထုရိုက်လိုက်သည်။ သူ၏ ထုရိုက်မှုက အားပါဟန် ထင်ရသော်လည်း အမှန်မှာ သိမ်မွေ့ညင်သာသည်။

“ အရိုးဖြူဝိညာဉ်ဝါးမျိုခြင်း… မိစ္ဆာတွေကို သုတ်သင်ခြင်း ”

သီရှီထျန်၏ တည်နေရာက ထိုတပည့်နှစ်ယောက်နှင့် သိပ်မဝေးသော်လည်း သူတို့ပြောနေကြသော စကားများကို သူမကြားနိုင်ပေ။ တြိဂံအစီအရင်ဖြင့် ဖုံးလွှမ်းခံလိုက်ရသည့်အခါ ဤနေရာက အပြင်လောကမှ သီးခြားခွဲထွက်သွားဟန် ရ၏။ ယခု သူက အစီအရင်မြေပုံမှ ဖန်တီးလိုက်သော လျှို့ဝှက်နယ်မြေလွတ်ထဲသို့ ရောက်ရှိသွားသည်။ ထို့ကြောင့် သူက သူ့အရှေ့မှ အရိုးဖြူတောင်ကုန်းပေါ်မှာ မတ်တတ်ရပ်နေသော ဧရာမအရိုးစုကို သတိကြီးစွာထား၍ ကြည့်လိုက်သည်။

၎င်းက အရိုးစုဘုရင်ဖြစ်ပုံပေါ်သည်။ ၎င်းက မလှုပ်ရှားသေးသော်လည်း ၎င်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အကန့်အသတ်မဲ့အရှိန်အဝါက ထူးဆန်းသော ဤနယ်မြေလွတ်ထဲမှာ ပြည့်နှက်သွားသည်။ ဤသည်မှာ တောင်ကြီးတစ်တောင်က သူတို့၏ ဦးခေါင်းပေါ်မှာ ရပ်တန့်နေသည့်အလားပင်။ ချက်ချင်းဆိုသလိုပင် လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ထွက်ပေါ်လာသည်။

ဂိုဏ်းတူအကိုကျန်း၏ စကားသံက ဤနယ်မြေထဲမှာ ပဲ့တင်ထပ်သွားသည့်အခါ အရိုးစုဘုရင်၏ မျက်လုံးထဲမှ အစိမ်းရောင်မီးတောက်က ရုတ်တရက် ထွန်းတောက်လာပြီး အကြမ်းပတမ်း လှုပ်ရှားလာသည်။

“ ခရက်… ဂျွက်… ဂျွတ်… ”

ကြွပ်ဆပ်သော မြည်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ဘီလူးတစ်ကောင်ကဲ့သို့ အရွယ်အစားကြီးမားသော အရိုးစုဘုရင်က ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်။ ၎င်း၏ လက်ထဲမှ အရိုးဓားကို တစ်ချက်ဝှေ့ယမ်းလိုက်သည့်အခါ အရိုးဖြူတောင်ကုန်းထက်ဝက်ကျော်က ပြိုကျပျက်စီးသွားသည်။ အရိုးဖြူမီးတောက်က ဓားပေါ်မှာ ဆက်ပြီး လောင်ကျွမ်းနေသည်။

“ ဂါး… ဂါး… ”

၎င်း၏ အပေါ်မေးရိုးနှင့် အောက်မေးရိုးတို့ တွေ့ဆုံသွားသည့်အခါ ထူးဆန်းသော မြည်သံများ ထွက်ပေါ်လာသည်။ ၎င်း၏ အေးစက်စက် မျက်လုံးတစ်စုံက သီရှီထျန်ကို ရုတ်တရက် စိုက်ကြည့်လိုက်သည်။

“ ဟွန့် ”

သီရှီထျန်၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ သူ့မျက်လုံးကို အာရုံစူးစိုက်လိုက်သည်။ သူ့လက်ထဲမှ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက သူ့အရှေ့မှ လေထဲမှာ လွင့်မျောသွားသည်။ သူ၏ လက်က ကုချင်းကြိုးများကို မြန်ဆန်စွာ တီးခတ်လိုက်သည်။ ထိုအရိုးစုဘုရင်ထံမှ ကြီးမားသော ခြိမ်းခြောက်မှုကို သူခံစားမိနေသည်။ ဤသည်မှာ သေခြင်းအရှိန်အဝါက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည့်အလားပင်။ ယင်းက အတိတ်မှာ တစ်ခါမှ သူမခံစားဖူးသောအရာ ဖြစ်သည်။ မဟုတ်ပေ။ အတိတ်၌ ကင်းခြေများတောင်ပေါ်မှာ တန်ခိုးရှင်ချင်းယွမ်နှင့် သူတွေ့ဆုံခဲ့စဉ်က ထိုသို့ခံစားမှုမျိုး ရရှိခဲ့သည်။

အရိုးစုဘုရင်၏ စွမ်းအားက အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ထက် သေချာပေါက် သာလွန်ရမည်။ ၎င်းက ဝိညာဉ်သန္ဓေတည်အဆင့် သို့မဟုတ် မိစ္ဆာဘုရင်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်လောက်၏။

သို့သော်လည်း သီရှီထျန်သည် သေခြင်းတရားကို ထိုင်စောင့်နေမည့်လူစားမျိုး မဟုတ်ပေ။ သူတစ်ချက်တွေးလိုက်သည့်အခါ သူ့နှလုံးက မယုံကြည်နိုင်သော အလျင်ဖြင့် ခုန်မြည်လာသည်။ တစ်မိနစ်အတွင်းမှာ နှလုံးက အကြိမ်ရေတစ်ရာခန့် ခုန်သွားသည်။ မိစ္ဆာစံအိမ်ထဲတွင် မိစ္ဆာသန့်စင်ခြင်းမီးဖိုက အရူးအမူး လှည့်ပတ်သွားသည်။ ကျောက်စိမ်းမီးဖိုက မြန်ဆန်စွာ လှည့်ပတ်နေစဉ် အဖြူရောင်အလင်းက ကျောက်စိမ်းမီးဖို၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာသည်။ မိစ္ဆာချီက မြစ်တစ်စင်းသဖွယ် ထွက်ပေါ်လာသည်။ ယင်းက မိစ္ဆာစံအိမ်ထဲမှ ထွက်လာပြီး မိစ္ဆာသွေးကြောထဲသို့ ဒလဟော စီးဆင်းသွားသည်။

နောက်အခိုက်အတန့်မှာ မိစ္ဆာချီက သူ၏ လက်ချောင်းများထဲသို့ စီးဆင်းသွားသည်။ သူက ကုချင်းကြိုးများကို မြန်ဆန်စွာ တီးခတ်လိုက်လေရာ ကုချင်းပေါ်တွင် သူ့လက်၏ ကြွင်းကျန်ပုံရိပ်များ ထွက်ပေါ်လာသည်။ သူက ကုချင်းကြိုးကိုးချောင်းကို ပွတ်သပ်ခြင်း၊ ဆွဲလှုပ်ခြင်း အစရှိသဖြင့် တီးခတ်နေသည်။ ဤအခိုက်အတန့်မှာ သူက ကုချင်းပညာရပ်အမျိုးမျိုးကို အကန့်အသတ်ထိရောက်အောင် တွန်းပို့လိုက်သည်။ သူကုချင်းတီးခတ်လိုက်သည့်အခါတိုင်း မိစ္ဆာချီက ကုချင်းကြိုးများပေါ်သို့ စီးဆင်းသွားသည်။

“ တင်း… တုန်… တင်း… တုန် ”

ကြွပ်ဆပ်ပြီး လွှမ်းမိုးဗိုလ်ကျသော ကုချင်းအသံက ထွက်ပေါ်လာသည်။ ကုချင်းအသံသည် တစ်သတ်မတ်တည်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ကုချင်းကြိုးများက တစ်ခုနှင့်တစ်ခု မတူညီသောကြောင့်ပင်။ ထို့ပြင် ကုချင်းကြိုးများကို တီးခတ်လိုက်သော အားအနည်းအများပေါ်မူတည်ပြီး သံစဉ်က ကွဲပြားသွားသည်။ မကြာမီ ကုချင်းအသံလှိုင်းများက သီရှီထျန်ကို ဗဟိုထား၍ အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ့ကို ဗဟိုပြုထားသော အချင်းဆယ်မီတာက အသံပိုင်နက်အဖြစ် ပြောင်းလဲသွားသည်။ အသံပိုင်နက်ထဲတွင် ကုချင်းအသံလှိုင်းများက နေရာတိုင်းမှာ ပျံ့နှံ့နေသည်။

အသံလှိုင်းတစ်ခုစီမှာ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုအားများ ကိန်းအောင်းနေသည်။ ယင်းတို့က အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ အသံသည် မူလကတည်းက လေထဲ၌ ပျံ့ပွားသွားရန် တုန်ခါမှုအားကို မှီခိုရသည်။ ယခု အသံလှိုင်းများက သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည်အထိ လေထဲမှာ ထင်ရှားလာသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ထိုအသံလှိုင်းများထဲမှာ ကိန်းအောင်းနေသော တုန်ခါမှုက မည်မျှအားကောင်းကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။ ကုချင်းအသံလှိုင်းများကြောင့် လေသည်ပင် ပုံပျက်တွန့်လိမ်သွားတော့မည့် လက္ခဏာများ ဖော်ပြလာသည်။

တစ်ချိန်တည်းမှာ ကုချင်းအသံဓားများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ ယင်းတို့က အသံပိုင်နက်အတွင်းမှာ လျှပ်စီးတန်းများပမာ ရွေ့လျားနေကြသည်။ ထို့ပြင် ကုချင်းအသံထဲမှာ အံ့ဖွယ်ထူးခြားသော လိုအင်ဆန္ဒစွမ်းအင်လည်း ရှိ၏။ တစ်စုံတစ်ယောက်သည် ယင်းကို ကြားသည့်အခါ သူ့စိတ်ထဲမှ လိုအင်ဆန္ဒထဲမှာ နစ်မွန်းသွားနိုင်သည်။

သို့သော်လည်း အရိုးစုဘုရင်သည် ထိုလိုအင်ဆန္ဒစွမ်းအင်ဖြင့် ဘာမှသက်ရောက်မခံရဟန်ရ၏။ သူက သီရှီထျန်ကို အသက်မဲ့စွာ စိုက်ကြည့်နေပြီး အရှေ့သို့ မြန်ဆန်စွာ လျှောက်သွားသည်။

“ ဘန်း… ဘန်း… ဘန်း ”

၎င်းခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ အရိုးဖြူတောင်ကုန်းက ပြင်းထန်စွာ လှုပ်ယမ်းသွားသည်။ ၎င်းက အလွန်ကျယ်ပြောသော ဧရိယာကို မြန်ဆန်စွာ ဖြတ်ကျော်သွားသည်။ မကြာမီ ၎င်းက သီရှီထျန်၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ရိုင်းစိုင်းကြမ်းကြုတ်သော အရှိန်အဝါက ၎င်းထံမှ ထွက်ပေါ်လာပြီး သီရှီထျန်ပေါ်သို့ ဆူနာမီလှိုင်းသဖွယ် ဖိချလိုက်သည်။

၎င်းက ဧရာမအရိုးဓားကို ကိုင်မြှောက်လိုက်သည်။ နောက်အခိုက်အတန့်မှာ ဓားက တုံ့ဆိုင်းမနေဘဲ အောက်သို့ ကျဆင်းသွားသည်။

All Chapters