အခန်း ၂၇၉
Vol. 19 Ch. 279
အခန်း(၂၇၉)
“ ကျီး… ”
“ ကျီး… ကျီး… ”
ကျီးကန်းအော်သံများက အဆက်မပြတ် ပဲ့တင်ထပ်သွားသည်။ သေမျိုးလောကထဲမှ လူများသည် ကျီးကန်းအော်သံကို အမင်္ဂလာနိမိတ်အဖြစ် သတ်မှတ်ကြသည်။ ယေဘုယျအားဖြင့် သူတို့က ကျီးကန်းများရှိသော နေရာကို ရှောင်ကြဉ်ကြသည်။ သို့သော်လည်း ထူးဆန်းသည်မှာ ဤနေရာမှာ ကျီးကန်းတစ်ကောင်တည်း အော်မြည်နေခြင်း မဟုတ်ပေ။ ကျီးကန်းအော်မြည်သံများက မိုးရွာသွန်းသကဲ့သို့ အဆက်မပြတ် ထွက်ပေါ်နေသည်။ ဤနေရာမှာ အရေအတွက်တစ်သောင်းခန့်ရှိသော ကျီးကန်းများက တစ်ပြိုင်နက်တည်း အော်မြည်နေကြောင်း ရှင်းလင်းသည်။
“ ဝှစ် ”
အရိုးဖြူစွန့်ပစ်ကုန်းမြေထဲဝယ် အရိုးဝါးမျိုသစ်ပင်ကြီးများ ရာပေါင်းများစွာ ရှိသည်။ ဤအခိုက်အတန့်မှာ အရေအတွက်များပြားသော ကျီးကန်းနက်များက အရိုးဝါးမျိုသစ်ပင်ကြီးများ၏ ဦးခေါင်းခွံများထဲမှ ပျံသန်းထွက်လာကြသည်။ သူတို့က အနည်းဆုံး အရေအတွက်တစ်သိန်းခန့် ရှိသည်။ တစ်ချိန်တည်းမှာ အကြီးမားဆုံး အရိုးဝါးမျိုသစ်ပင်ကြီး၏ အပေါ်တွင် သာမန်ကျီးကန်းထက် အဆပေါင်းများစွာ ပိုပြီးကြီးမားသော မရဏကျီးကန်းတစ်ကောင်က အတောင်ပံဖြန့်၍ လေထဲသို့ ပျံသန်းသွားသည်။
သူက တောင်ပိုင်းမြေရိုင်းဒေသထဲမှ ကြောက်စရာအကောင်းဆုံး မိစ္ဆာသားရဲဘုရင်ဖြစ်သော မရဏကျီးကန်းဘုရင် ဖြစ်သည်။
မရဏကျီးကန်းဘုရင်သည် အတောင်ပံဖြန့်၍ တဖျပ်ဖျပ်ခတ်လိုက်သည်။ သူ၏ အမိန့်အောက်မှာ မရေမတွက်နိုင်သော ကျီးကန်းများက အပြင်သို့ ပျံသန်းထွက်လာကြသည်။ သူတို့က အရေအတွက်အလွန်များပြားလေရာ တိမ်မည်းများသဖွယ် အောက်မေ့ရ၏။ ကျီးကန်းများသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း လူသားနှစ်ယောက်ထံသို့ ဦးတည်သွားကြသည်။ သူတို့က လူသားများ၏ ဦးခေါင်းပေါ်မှာ ပျံဝဲလိုက်ကြသည်။
“ အို မကောင်းတော့ဘူး… အစောနက ကျားဟိန်းသံက အကူအညီတောင်းလိုက်တာပဲ… အို ဘုရားရေ… အဲ့ဒါ မရဏကျီးကန်းဘုရင်ပဲ… ပြီးတော့ မရဏကျီးကန်းတွေက အရေအတွက်များလိုက်တာ… ဂိုဏ်းတူညီမ ဒီကနေ အမြန်ထွက်သွားရအောင်… အဲ့ဒီမရဏကျီးကန်းတွေက သေခြင်းစွမ်းအားကို စုပ်ယူနိုင်တဲ့ မွေးရာပါစွမ်းရည်ကို ပိုင်ဆိုင်ထားကြတယ်… သူတို့က သေမင်းတမန်တော်တွေ ဖြစ်ကြတယ်… ငါတို့ရဲ့ အစီအရင်က သူတို့အပေါ်မှာ ကြီးကြီးမားမား သက်ရောက်မှုရှိမှာ မဟုတ်ဘူး… ဒါ့အပြင် ငါတို့ဆီမှာ အစီအရင်မြေပုံက တစ်စိတ်တစ်ပိုင်းပဲ ရှိတယ်… ငါတို့က သူတို့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး… သွားကြမယ်… ဒီကနေ အမြန်ထွက်သွားကြမယ် ”
ဂိုဏ်းတူအကိုကျန်း၏ အမူအရာက သိသာစွာ ပျက်ယွင်းသွားသည်။ အနက်ရောင်ကျီးကန်းများက အုပ်စုလိုက် သူတို့ဆီသို့ ဦးတည်လာနေကြောင်း သူမြင်သွားသောအခါ သူ့မျက်နှာက ဖြူဖျော့သွားသည်။
သီရှီထျန်က အစီအရင်ထဲမှာ ပိတ်မိနေသော်လည်း အစောနက သူထုတ်လွှတ်လိုက်သော ကျားဟိန်းသံကို အပြည့်အဝ မတားဆီးနိုင်ခဲ့ပေ။ ယင်းက အစီအရင်၏ အကာအရံကို ထိုးဖောက်သွားပြီး အရိုးဖြူစွန့်ပစ်ကုန်းမြေတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားသည်။
မရဏကျီးကန်းဘုရင်သည် အတိတ်၌ မိုးထိတောင်ပေါ်မှာ သီရှီထျန်နှင့်အတူ ပူးပေါင်း၍ မသေမျိုးကျင့်ကြံသူများကို တိုက်ထုတ်ခဲ့သည်။ ထို့ကြောင့် သီရှီထျန်၏ ဟိန်းသံကို သူမှတ်မိသည်။ အစောနက ကျားဟိန်းသံကို သူကြားလိုက်သည့်အခါ သီရှီထျန် အန္တရာယ်ကြုံနေကြောင်း သူသိလိုက်သည်။ ထို့ပြင် သူက ကျားဟိန်းသံထဲမှ အကူအညီမဲ့မှုနှင့် ဆန္ဒမရှိမှုကိုလည်း ခံစားမိသွားသည်။
သူက တုံ့ဆိုင်းမနေဘဲ ကျယ်လောင်စွာ အော်မြည်လိုက်ပြီး သူ၏ လက်အောက်ငယ်သားများကို ဆင့်ခေါ်လိုက်သည်။ သူ၏ အမိန့်ပေးမှုအောက်မှာ မရဏကျီးကန်းအုပ်စုက အစီအရင်ဆီသို့ ဦးတည်သွားကြသည်။
“ ကျားနက်ဘုရင်က အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ အန္တရာယ်ကြုံနေတာလား ”
မရဏကျီးကန်းဘုရင်၏ စူးရှသော အကြည့်က ထူးဆန်းသော တြိဂံအစီအရင်ပေါ်သို့ ကျရောက်သွားသည်။ ထိတ်လန့်ဖွယ်ကောင်းသော သေခြင်းအရှိန်အဝါက အစီအရင်ထဲမှာ ပုန်းကွယ်နေကြောင်း သူခံစားမိသွားသည်။ ထိုအခါ တောက်ပသော အလင်းတန်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဂိုဏ်းတူအကိုကြီး… အခုနေ ငါတို့ထွက်သွားရင် အစီအရင်ထဲက မိစ္ဆာကို ဘယ်လိုလုပ်မလဲ… သူက မသေသေးဘူး ”
မရဏကျီးကန်းဘုရင်နှင့် မရဏကျီးကန်းအုပ်စုက သူတို့ဆီသို့ ပျံသန်းလာနေကြောင်း ဂိုဏ်းတူညီမကျိုး မြင်သွားသောအခါ သူ၏ ချောမောလှပသော မျက်နှာက သိသာစွာ ပျက်ယွင်းသွားသည်။ မရဏကျီးကန်းဘုရင်က မည်သို့သော တည်ရှိမှုဖြစ်ကြောင်း ရှင်းလင်းစွာ သူသိထားသည်။
“ အဲ့ဒါကို ငါတို့ဂရုစိုက်နေလို့ မဖြစ်ဘူး… ဒီတစ်ကြိမ် သူကံကောင်းသွားတယ်လို့ မှတ်လိုက်ပါ… တကယ်လို့ အစီအရင်က ပြီးပြည့်စုံမယ်ဆိုရင် အစီအရင်ကနေ ဖွဲ့စည်းသွားတဲ့ နယ်မြေလွတ်က ချွင်းချက်မဲ့သွားလိမ့်မယ်… အဲ့ဒီအခါကျရင် ကျားဟိန်းသံတောင်မှ အပြင်ကို ထွက်သွားနိုင်မှာ မဟုတ်ဘူး… အခု သွားကြရအောင် ”
ဂိုဏ်းတူအကိုကျန်းက စိတ်ထဲမှာ ကြမ်းကြုတ်စွာ ကျိန်ဆဲလိုက်သည်။ သူက ချိပ်တံဆိပ်လက်သင်္ကေတတစ်ခုကို မြန်ဆန်စွာ ဖွဲ့စည်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် အစီအရင်မြေပုံက တြိဂံပုံသဏ္ဍာန်ရှိသော အဝတ်စတစ်ခုအဖြစ် ပြန်ကျုံ့သွားပြီး သူ၏ လက်ပေါ်သို့ ကျဆင်းလာသည်။ သူက ဂိုဏ်းတူညီမကျိုး၏ လက်ကို ဖမ်းဆုပ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် အဖြူရောင်လှေတစ်စင်းက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။
လှေပေါ်သို့ သူတို့ခုန်တတ်လိုက်သည့်အခါ ယင်းက အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ပျံသန်းသွားသည်။
“ ဝှစ် ”
ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းတို့က မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ မရဏကျီးကန်းဘုရင်နှင့် မရဏကျီးကန်းအုပ်စု ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူတို့က လှေပေါ်သို့ ခုန်တတ်၍ အဝေးသို့ မြန်ဆန်စွာ ထွက်ပြေးသွားကြသည်။ ထိုအခါ မရဏကျီးကန်းတစ်ဝက်က လှေပျံနောက်သို့ ပျံသန်းသွားကြသည်။ ကျန်မရဏကျီးကန်းတစ်ဝက်က လေထဲမှာ ဆက်ပြီး ပျံဝဲနေကြသည်။
အစောနက အစီအရင်ရှိနေခဲ့သော တည်နေရာတွင် သီရှီထျန်က မတ်တတ်ရပ်နေသည်။ သူ၏ မျက်နှာက ဖြူဖျော့နေပြီး သွေးစီးကြောင်းတစ်ခုက သူ၏ ပါးစပ်ထောင့်မှ စီးကျလာသည်။ သူက ခေါင်းမော့လိုက်ပြီး လေထဲမှာ ပျံဝဲနေသော မရဏကျီးကန်းဘုရင်ကို ကြည့်လိုက်သည်။ သူက အက်ရှရှအသံဖြင့် ပြောသည်။
“ ငါ့ကို လာကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကိုကျီးကန်း… မဟုတ်ရင် ငါသီရှီထျန် နောက်နေ့ နေထွက်တာကို မြင်နိုင်တော့မှာ မဟုတ်ဘူး… အဟွတ်… အဟွတ်… ”
သူက စကားပြောနေရင်း ခါးသီးသော အပြုံးကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း သူက စိတ်ထဲမှာ တိတ်တဆိတ် ဝမ်းသာပျော်ရွှင်သွားသည်။ နောက်ဆုံးအခိုက်အတန့်မှာ သူသည် သူ့အသက်ကို စတေး၍ ကြီးမားသော အလောင်းအစားတစ်ခုကို ပြုလုပ်လိုက်သည်။ အစီအရင်က သူ၏ ကျားဟိန်းသံကို တားဆီးနိုင်လိမ့်မည်မဟုတ်ဟု သူအလောင်းအစားပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အရိုးဖြူစွန့်ပစ်ကုန်းမြေက မရဏကျီးကန်းမျိုးနွယ်၏ စားကျက်မြေဖြစ်ကြောင်း သူသိသည်။
ထို့ကြောင့် ကျားဟိန်းသံ ပဲ့တင်ထပ်သွားသည့်အခါ မရဏကျီးကန်းဘုရင်က သူ၏ အကူအညီတောင်းမှုကို သေချာပေါက် ကြားသွားလိမ့်မည်။ အစက သူတွေးထားခဲ့သည်မှာ မရဏကျီးကန်းဘုရင်အား အစီအရင်ကို အပြင်ဘက်မှ ချိုးဖြတ်စေပြီး သူက အတွင်းဘက်မှ ချိုးဖြတ်မည်။ သို့သော်လည်း သူမမျှော်လင့်ထားသည်မှာ မရဏကျီးကန်းဘုရင်နှင့် သူ့အုပ်စုက ရန်သူကို အလန့်တကြား ထွက်ပြေးသွားစေခဲ့သည်။
ထိုကျင့်ကြံသူနှစ်ယောက်သည် မရဏကျီးကန်းဘုရင်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် လုံးဝ ဆန္ဒမရှိပေ။ သူတို့က ချက်ချင်း အနောက်ဆုတ်ပြီး ထွက်ပြေးသွားကြသည်။ ယင်းက စိတ်ဓာတ်ပြတ်သားသော ဆုံးဖြတ်ချက် ဖြစ်သည်။
“ သီရှီထျန်လား ”
မရဏကျီးကန်းဘုရင်သည် သီရှီထျန်၏ လူအသွင်သဏ္ဍာန်ကို တစ်ခါမှ မမြင်ဖူးပေ။ ထို့ကြောင့် သူက ဇဝေဇဝါဖြစ်သွားသည်။ သို့သော်လည်း ကံကောင်းသည်မှာ သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက လုံးဝ မပြောင်းလဲသွားပေ။
မရဏကျီးကန်းဘုရင်က သီရှီထျန်ကို ကြည့်လိုက်ပြီး စူးစမ်းလိုစွာ မေးသည်။
“ မင်းက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းမှာ နေနေတာ မဟုတ်ဘူးလား… ဘယ်လိုဖြစ်လို့ ငါ့ရဲ့ အရိုးဖြူစွန့်ပစ်ကုန်းမြေဆီ ရောက်လာတာလဲ ”
မရဏကျီးကန်းဘုရင်က မထူးမခြားနား ပြောသည်။ သူ၏ စကားသံထဲမှာ အေးစက်မှု ကိန်းအောင်းနေသည်။ သို့သော်လည်း သီရှီထျန်သည် မရဏကျီးကန်းဘုရင်၏ အကျင့်စရိုက်ကို သိထားသောကြောင့် ယင်းကို စိတ်ထဲမထားပေ။
“ ပြောရရင်တော့ ဇာတ်လမ်းအရှည်ကြီးပဲ… မင်းရဲ့ နေအိမ်ဆီ အရင်သွားကြတာပေါ့ ”
သီရှီထျန်က ခေါင်းယမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်၏ အခြေအနေကို ခံစားလိုက်သည်။ သူ၏ ကိုယ်တွင်းအင်္ဂါများက ဒဏ်ရာရရှိသွားကြောင်း ရှာတွေ့သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီက ကုန်ခမ်းသွားသည်။ သူ၏ မိစ္ဆာစံအိမ်က ဗလာဖြစ်သွားသည်။
“ ကောင်းပြီ ”
မရဏကျီးကန်းဘုရင်က အဝေးသို့ လှမ်းကြည့်လိုက်သည်။ အစောနက လှေပျံနောက်သို့ လိုက်သွားကြသော ကျီးကန်းများ ပြန်ရောက်လာကြောင်း သူမြင်သောအခါ ခေါင်းညိတ်လိုက်သည်။ သူက ကျယ်လောင်စွာ အော်မြည်လိုက်ပြီး သူ၏ နေအိမ်ဖြစ်သော အကြီးမားဆုံး အရိုးဝါးမျိုသစ်ပင်ဆီသို့ ပျံသန်းသွားသည်။ နောက်အခိုက်အတန့်မှာ ကျီးကန်းတစ်အုပ်စုက အဖွဲ့ထဲမှ ခွဲထွက်လာပြီး သီရှီထျန်ပေါ်သို့ ဆင်းသက်သွားကြသည်။
စက်ကရာသည် မရဏကျီးကန်းအုပ်စု သူ့ဆီသို့ ပျံသန်းလာနေကြောင်း မြင်သော်လည်း မတိမ်းရှောင်ပေ။ သူတို့ထံမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ စိုးစဉ်းမျှ သူမခံစားရပေ။ သူမျှော်လင့်ထားသကဲ့သို့ပင် မရဏကျီးကန်းအုပ်စုက အတူတကွ ပူးပေါင်း၍ သူ့ကို လေပေါ်သို့ ခေါ်ဆောင်သွားကြသည်။ သူတို့က မရဏကျီးကန်းဘုရင်နောက်သို့ လိုက်သွားပြီး အရိုးဖြူစွန့်ပစ်ကုန်းမြေ၏ အကြီးမားဆုံး အရိုးဝါးမျိုသစ်ပင်ဆီသို့ ပျံသန်းသွားကြသည်။ တခြားအပင်များက သာမန်အရိုးဝါးမျိုသစ်ပင်များဆိုလျှင် ထိုသစ်ပင်က အရိုးဝါးမျိုသစ်ပင်ဘုရင် ဖြစ်လိမ့်မည်။
မကြာမီ သူတို့က အရိုးဝါးမျိုသစ်ပင်ဘုရင်၏ အရှေ့သို့ ရောက်ရှိသွားကြသည်။ အရွယ်အစားကြီးမားသော မရဏကျီးကန်းဘုရင်က သစ်ပင်၏ ထိပ်ဖျားပေါ်မှာ ရပ်နေပြီး အရပ်မျက်နှာအသီးသီးကို အေးစက်စက် စိုက်ကြည့်နေသည်။ တခြားအရိုးဝါးမျိုသစ်ပင်များနှင့် နှိုင်းယှဉ်လျှင် အရိုးဝါးမျိုသစ်ပင်ဘုရင်က ဆယ်ဆပိုကြီးမားသည်။ ထို့ပြင် အရိုးဝါးမျိုသစ်ပင်ဘုရင်ကို အရေအတွက်အကန့်အသတ်မဲ့သော ဦးခေါင်းခွံများဖြင့် ဖွဲ့စည်းထားသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် ဤနေရာသို့ ရောက်လာလျှင် မျက်လုံးပေါင်းထောင်သောင်းချီဖြင့် စိုက်ကြည့်ခံနေရသည့်အလား ခံစားသွားရလိမ့်မည်။ ယင်းက ကြက်သီးမွေးညင်းထစေနိုင်သော မြင်ကွင်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ မရဏကျီးကန်းအုပ်စုသည် သီရှီထျန်ကို သယ်ဆောင်လာရင်း သူ့ကို အရိုးဝါးမျိုသစ်ပင်ဘုရင်၏ အမိုးပေါ်မှာ ချပေးလိုက်သည်။ သီရှီထျန်က မရဏကျီးကန်ဘုရင်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။
“ ဒီသစ်ပင်က တကယ်တော့ နတ်ဆိုးတစ်သောင်းသစ်ပင် ”
သစ်ပင်၏ အမိုးပေါ်မှာ သီရှီထျန် ရပ်နေစဉ် အေးစက်စက် လေက သူ၏ မွေးညင်းပေါက်များထဲသို့ စိမ့်ဝင်လာကြောင်း သူခံစားမိသွားသည်။ သူ၏ ခန္ဓာကိုယ်သည် အစောနက တိုက်ပွဲကြောင့် ဗလာဖြစ်နေသည်။ ယခု အေးစက်စက်လေ ဝင်ရောက်လာသည့်အခါ သူ၏ ခန္ဓာကိုယ်က ခိုက်ခိုက်တုန်သွားသည်။ သူက ကျင့်စဉ်ကို အမြန်လှည့်ပတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုက မြန်ဆန်စွာ လှည့်ပတ်သွားသည်။ သူက မိစ္ဆာချီကို ပြန်ဖြည့်တင်းရန် ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားကို စုပ်ယူလိုက်သည်။
သီရှီထျန်သည် သူ့စိတ်ထဲမှာ ဤအရိုးဝါးမျိုသစ်ပင်ဘုရင်ကို ပိုပြီးကြောက်လန့်လာသည်။
“ ဒီတစ်ကြိမ် ကျုပ် အန္တရာယ်ကနေ လွတ်မြောက်လာတာ အကိုကျီးကန်းရဲ့ ကူညီပေးမှုကြောင့်ပါ… မဟုတ်ရင် ဒီတစ်ကြိမ် ကျုပ်တော့ ဒုက္ခရောက်ပြီ… အနာဂတ်မှာ အကိုကျီးကန်းကို ကျုပ် ပြန်ပေးဆပ်ပါမယ်… အနာဂတ်မှာ အကိုကျီးကန်း ကျုပ်ရဲ့ အကူအညီလိုလာရင် ကျုပ်ကို အသိပေးပါ… ကျုပ်လုပ်ပေးနိုင်တာဆိုရင် တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး ”
သီရှီထျန်က မရဏကျီးကန်းဘုရင်ကို လေးနက်စွာ ကြည့်လိုက်သည်။ အစောနက သူတွေ့ကြုံခဲ့သော အံ့ဖွယ်အစီအရင်ကို မြင်သွားသောအခါ သူ့နှလုံးထဲမှာ ကြောက်လန့်မှုတစ်စွန်းတစ်စ ထွက်ပေါ်လာသည်။ သို့သော်လည်း ဒေါသက ကြောက်လန့်မှုထက် ပိုများသည်။ သူက မျက်ခုံးပင့်တင်လိုက်ပြီး အေးစက်စက်လေသံဖြင့် ပြောသည်။
“ ဒီနေ့ကိစ္စကို ငါလက်စားပြန်မချေရင် ငါက မိစ္ဆာသားရဲဘုရင် မဟုတ်တော့ဘူး ”
ဖော်မပြနိုင်သော ဒေါသက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
ယင်းက နက်နဲရှုပ်ထွေးသော အခက်အခဲ ဖြစ်သည်။ မီးတောက်ရှိသော ထူးဆန်းသည့် မသေမျိုးအရိုးစုတစ်ကောင် ထွက်ပေါ်လာခြင်းက သူ့ကို အံ့ဩသွားစေသည်။ သို့သော်လည်း မည်သို့ဖြစ်ပျက်နေကြောင်း သူမတွေးနိုင်မီ မသေမျိုးကျင့်ကြံသူနှစ်ယောက်က ရုတ်တရက် ထွက်ပေါ်လာကြပြီး မီးတောက်ကို လုယူသွားကြသည်။ ထိုမျှသာ မဟုတ်ပေ။ သူတို့က တုံ့ဆိုင်းမနေဘဲ သူ့ကို တိုက်ခိုက်ကြသည်။
မှန်ပေသည်။ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်က မဟာရန်သူများ ဖြစ်ကြသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံသည်နှင့် အပြန်အလှန် သတ်ဖြတ်ကြလိမ့်မည်။ သို့သော်လည်း သီရှီထျန်သည် သူ့အသက်ကို နုတ်ယူလုနီးပါးဖြစ်ခဲ့သော ထိုကိစ္စကို မေ့မပျောက်နိုင်ပေ။ သူက ထိုကျင့်ကြံသူနှစ်ယောက်ကို အမှတ်အတေးထားလိုက်သည်။ သူတို့က အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူနှစ်ယောက် ဖြစ်သည်။ ထိုကိစ္စကို သူသေချာပေါက် လက်စားပြန်ချေရမည်။ ထို့ပြင် ထူးဆန်းသော မီးတောက်လည်း ရှိသေးသည်။
မည်သို့သူတွေးကြည့်ပါစေ ထိုမသေမျိုးအရိုးစုက မည်သို့သော တည်ရှိမှုဖြစ်ကြောင်း သူအဖြေမရှာနိုင်ပေ။ သူက သေဆုံးသွားပြီးနောက် အရိုးစုဖြစ်သွားသော်လည်း အသက်ဓာတ်ကို ပိုင်ဆိုင်ထားဆဲပင်။ ယင်းက ဇဝေဇဝါဖြစ်စရာကောင်း၏။ ပိုပြီးအံ့ဖွယ်ကောင်းသည်မှာ ထူးဆန်းသော တြိဂံအဝတ်စ ဖြစ်သည်။ ယင်းက မယုံကြည်နိုင်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ယင်းက သီးခြားနယ်မြေလွတ်တစ်ခုကို ဖွဲ့စည်းပေးနိုင်သည်။ ယင်းက အန္တရာယ်နယ်မြေ ဖြစ်သည်။
ဤသည်မှာ ယင်းက အချိန်နှင့် လေဟာနယ်ကို ချက်ချင်း ပြောင်းလဲပေးနိုင်သည့်အလားပင်။ ထိုမျှအချိန်တိုလေးအတွင်းမှာ ထိုကိစ္စအားလုံးက ဆက်တိုက် ဖြစ်ပေါ်လာသည်။ ယင်းက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားသည်။ ထူးဆန်းသော ကိစ္စများက သူ၏ ခေါင်းထဲမှာ ပြည့်နှက်နေလေရာ အဖြေကို အချိန်တိုလေးအတွင်းမှာ သူမစဉ်းစားနိုင်ပေ။
ထိုထဲတွင် အဓိက သူစိတ်ဝင်စားဆုံး အရာက တြိဂံအဝတ်စ ဖြစ်သည်။
“ အဲ့ဒါက တကယ်ပဲ ဘာလဲ ”