အခန်း ၂၈၀
Vol. 19 Ch. 280
အခန်း(၂၈၀)
သီရှီထျန်သည် သေမျိုးလောကကို ဝင်ရောက်ပြီးနောက် မသေမျိုးကျင့်ကြံခြင်းလောက၏ ကိစ္စတချို့ကို နားလည်သွားခဲ့သည်။ သို့သော်လည်း သူက အကြောင်းအရာအများစုကို ကုချင်းချိုင့်ဝှမ်းထဲမှာ နားလည်သွားခဲ့ခြင်း ဖြစ်၏။ မသေမျိုးကျင့်ကြံခြင်းလောကနှင့် အမှန်တကယ် သူမထိတွေ့နိုင်ခဲ့ပေ။ ထို့ကြောင့် သူ၏ ဗဟုသုတများက အကန့်အသတ်ရှိသည်။ သို့သော် တစ်စုံတစ်ခုကို သူသိထားသည်။ မသေမျိုးကျင့်ကြံခြင်းလောကတွင် ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများအပြင် အစီအရင်ပညာရှင်များလည်း ရှိသည်။
အစီအရင်များသည် မိုးမြေ၏ နိယာမများနှင့် ချိတ်ဆက်နိုင်သော စွမ်းအားတစ်မျိုးဖြစ်သည်။ ယင်းက ဆင့်ကဲပြောင်းလဲနိုင်သော အတတ်ပညာတစ်မျိုး ဖြစ်သည်။ သာမန်အစီအရင်များသည် မြူခိုးအစီအရင်နှင့် ဒြပ်စင်ငါးပါးအစီအရင် ဖြစ်သည်။ ယင်းတို့ကို မိုးမြေနှင့် ချိတ်ဆက်၍ ဖွဲ့စည်းကြသည်။ အစီအရင်တာအိုသည် အကန့်အသတ်မဲ့သော သမုဒ္ဒရာတစ်စင်းပမာ အလွန်ကျယ်ပြောသည်။ ပါရမီမပါလျှင် တစ်စုံတစ်ယောက်သည် အစီအရင်တာအိုကို လျှောက်လှမ်းနိုင်လိမ့်မည် မဟုတ်ချေ။
အကယ်၍ တစ်စုံတစ်ယောက်က အစီအရင်တာအိုမှာ မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီး မဟာဆရာသခင်တစ်ပါး ဖြစ်လာလျှင် ဤလောက၏ အသန်မာဆုံး အင်အားစုများသည်ပင် သူ့ကို ဆန့်ကျင်ဝံ့လိမ့်မည် မဟုတ်ချေ။ မည်သို့ဖြစ်ပါစေ အကယ်၍ အစီအရင်မဟာဆရာသခင်တစ်ပါးက စိတ်ဆိုးသွားပြီး ဂိုဏ်းအပေါ်မှာ သတ်ဖြတ်ခြင်းအစီအရင်ကို ခင်းကျင်းလိုက်မည်ဆိုလျှင် ဂိုဏ်းတစ်ခုလုံး ဒုက္ခရောက်သွားလိမ့်မည်။
အဆင့်မြင့်ကျင့်ကြံသူများက သတ်ဖြတ်ခြင်းအစီအရင်ကို မကြောက်နိုင်သော်လည်း ဂိုဏ်းထဲမှ တပည့်ငယ်များက သေချာပေါက် အသတ်ခံကြရလိမ့်မည်။ အစီအရင်များက ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားကို ချေးငှားထားလေရာ ယင်းတို့ကို ဖျက်ဆီးရန် မလွယ်ကူပေ။ ထို့ကြောင့် အစီအရင်နယ်နိမိတ်အတွင်း ကျရောက်နေသော အဆင့်နိမ့်ကျင့်ကြံသူများက သေချာပေါက် ရှင်းလင်းသုတ်သင်ခံရလိမ့်မည်။ သို့ဖြစ်၍ အစီအရင်မဟာဆရာသခင်များက လူအများ၏ ရိုသေလေးစားခြင်းခံရသည်။ သူတို့က မည်သည့်နေရာသို့ သွားရောက်ပါစေ မျက်နှာသာပေးခြင်းခံရသည်။
အစီအရင်စွမ်းအားသည် ပြဿနာမဟုတ်ပေ။ သို့သော်လည်း အစီအရင်တစ်ခု ခင်းကျင်းရန်သည် လွယ်ကူသောအလုပ် မဟုတ်ပေ။ အခြေခံကျသော အစီအရင်တစ်ခုကို ဖွဲ့စည်းရန် ဝိညာဉ်ကျောက်တုံးများကို လိုအပ်သည်။ အစီအရင်ကို ဖန်တီးရန် ဝိညာဉ်ကျောက်တုံးများထံမှ အထောက်အပံ့ကို လိုအပ်သည်။ သို့ဖြစ်၍ ဝိညာဉ်ကျောက်တုံးများထဲမှ ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားသည့်အခါ အစီအရင်က ပျောက်ကွယ်သွားလိမ့်မည်။
ထို့နောက် ပိုပြီးအဆင့်မြင့်သော အစီအရင်များကို အစီအရင်အလံတိုင်များ သို့မဟုတ် အစီအရင်အပြားများဖြင့် ဖန်တီးကြသည်။ ယင်းတို့က အစီအရင်ခင်းကျင်းရန်သက်သက် ဖန်တီးထားသော ဓမ္မလက်နက်များ ဖြစ်ကြသည်။ အစီအရင်အလံတိုင်များမှာ ကြီးမားသော စွမ်းအားမရှိပေ။ သို့သော်လည်း အစီအရင်အလံတိုင်များကို အသုံးပြု၍ အစီအရင်တစ်ခု ဖွဲ့စည်းလိုက်မည်ဆိုလျှင် ယင်းက အလွန်အစွမ်းထက်သွားလိမ့်မည်။ ထို့ကြောင့် အစီအရင်အလံတိုင်သည် ကြောက်မက်ဖွယ်ကောင်းသော လက်နက်တစ်ခု ဖြစ်သည်။
အစီအရင်တာအို၏ အမြင့်ဆုံးအဆင့်က အစီအရင်အပြား ဖြစ်သည်။ အစီအရင်အပြားမှာ အဘယ်နည်း။ ယင်းက အစီအရင်တစ်ခုကို သတ္ထုအပြားတစ်ခုထဲ၌ တိုက်ရိုက် ထည့်သွင်းထားခြင်းကို ဆိုလိုသည်။ အစီအရင်အပြားထဲမှာ မိုမြေလျှို့ဝှက်ချက် ပါဝင်သည်။ ထို့ကြောင့် အစီအရင်အပြားကို လေထဲသို့ မြှောက်တင်လိုက်သည်နှင့် အရွယ်အစားကြီးမားသော အစီအရင်တစ်ခုက ဘွားခနဲ ထွက်ပေါ်လာလိမ့်မည်။ ထို့နောက် အစီအရင်နယ်နိမိတ်ထဲမှ သက်ရှိအားလုံးက အစီအရင်စွမ်းအားဖြင့် အသတ်ခံကြရလိမ့်မည်။
ထို့ကြောင့် အစီအရင်အပြားက အစီအရင်တာအို၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။ အစီအရင်အပြားတစ်ခုကို ဖန်တီးသန့်စင်ရန် အလွန်အမင်း ခက်ခဲသည်။ သို့သော်လည်း ယင်းကို သန့်စင်နိုင်သည့်အခါ အစွမ်းထက်ရတနာတစ်ခု ဖြစ်လာလိမ့်မည်။ ယင်းက ရှားပါးရတနာဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုသို့ရတနာကို ပိုင်ဆိုင်ထားလျှင် အတွေးတစ်ချက်ဖြင့် အစီအရင်ကို ဖွဲ့စည်းနိုင်လိမ့်မည်။
အကယ်၍ မူလစိတ်ဝိညာဉ်ကို အစီအရင်အပြားနှင့် ပေါင်းစပ်နိုင်မည်ဆိုလျှင် အစီအရင်အပြား မပျက်စီးသရွေ့ မူလစိတ်ဝိညာဉ်က ထာဝရ တည်ရှိနိုင်လိမ့်မည်။
ထို့ကြောင့် အစီအရင်အပြားတစ်ခု ထွက်ပေါ်လာသည့်အခါတိုင်း ခရမ်းရွှေကုန်းမြေမှာ သွေးလွှမ်းတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။ မရေမတွက်နိုင်သော ပညာရှင်များက တံခါးပိတ်ကျင့်ကြံနေခြင်းမှ ပြန်ထွက်လာကြပြီး အစီအရင်အပြားကို လုယက်ကြလိမ့်မည်။
“ ငါတို့က တောင်ပိုင်းမြေရိုင်းဒေသရဲ့ မိစ္ဆာတွေမဟုတ်လား… အဲ့ဒါကို စိတ်ထဲ မထားပါနဲ့ ”
မရဏကျီးကန်းဘုရင်က အေးစက်စက် လေသံဖြင့် ပြောသည်။
“ ငါ့ရဲ့ အမျိုးအနွယ်တွေက မကြာသေးခင်ကပဲ သတင်းပို့လာတယ်… အပြင်လောကက ကျင့်ကြံသူတချို့က အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ ထွက်ပေါ်လာကြတယ်… သူတို့က မသေမျိုးအရိုးစုတွေကို လိုက်လံဖမ်းဆီးနေကြတယ်… အစကတော့ သူတို့က ငါ့ကို ရန်မပြုတာကြောင့် လွှတ်ထားပေးတာ… ပြီးတော့ ငါကလည်း သူတို့ကို ရင်ဆိုင်ဖို့ ပျင်းနေတာနဲ့ ဘာမှမလုပ်တာ… အခု သူတို့က တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတစ်ကောင်ကို သတ်ဖြတ်ဖို့ ကြိုးစားလာတယ်… မကြာခင် ငါ့ရဲ့ အမျိုးအနွယ်တွေကို ဦးဆောင်ပြီး သူတို့ကို သွားသတ်ပစ်မယ် ”
မရဏကျီးကန်းဘုရင်၏ လေသံထဲမှာ အဆုံးမဲ့သော အေးစက်မှု ကိန်းအောင်းနေသည်။ ယင်းက ကြားရသူကို ကျောချမ်းစေနိုင်သည်။
“ အကိုကျီးကန်း အဲ့လိုလုပ်ဖို့ မလိုပါဘူး… ဒီတစ်ကြိမ် သူတို့က ကျုပ်ကို တိုက်ခိုက်လာတာပါ… သူတို့ကို ကျုပ်ကိုယ်တိုင်ပဲ လက်စားပြန်ချေပါမယ်… မဟုတ်ရင် ကျုပ်သီရှီထျန်က တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ဘယ်လိုမျက်နှာနဲ့ ဆက်နေနိုင်မှာလဲ ”
သီရှိထျန်က မျက်ခုံးပင့်တင်လိုက်သည်။ သူက မရဏကျီးကန်းဘုရင်ကို တားဆီးလိုက်သည်။ သူက ကိုယ်တိုင် လက်စားပြန်ချေချင်သည်။ သို့မဟုတ်လျှင် သူ့နှလုံးသားထဲမှ အမုန်းတရားက ဂင်္ဂါမြစ်ဖြင့် ဆေးကြောလျှင်ပင် မပျောက်နိုင်ပေ။
“ ကောင်းပြီ ”
မရဏကျီးကန်းဘုရင်က သီရှီထျန်ကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။
လက်စားချေမည့် ကိစ္စကို အတည်ပြုပြီးနောက် သီရှီထျန်က လေသံပြောင်းလိုက်ပြီး သူသိချင်သော မသေမျိုးအရိုးစုအကြောင်း မေးသည်။
“ စောစောက ခင်ဗျား မသေမျိုးအရိုးစုအကြောင်း ပြောသွားခဲ့တယ်… အဲ့ဒီအကြောင်းကို အရင်က ကျုပ်တစ်ခါမှ မကြားဖူးဘူး ”
သူက ထူးဆန်းသော ထိုမသေမျိုးအစုအကြောင်း အလွန်စိတ်ဝင်စားသည်။ ထိုကိစ္စက ပေါ့သေးသေးမဟုတ်ကြောင်း သူခံစားမိသည်။
မရဏကျီးကန်းဘုရင်က သီရှီထျန်ကို သေသေချာချာ ကြည့်လိုက်သည်။ သူက တစ်ခဏ တုံ့ဆိုင်းနေပြီးလျှင် ပြောသည်။
“ ဒီလောကမှာ သေခြင်းတရားက အဆုံးသတ်မဟုတ်သေးဘူး… သေလွန်ဝိညာဉ်တွေက မရဏလောကဆီ ရောက်သွားကြတယ်… မရဏလောကကို ပြန်လည်မွေးဖွားခြင်းနယ်မြေလို့လည်း တချို့က ခေါ်ကြတယ်… မရဏလောကထဲမှာ အသက်မဲ့ဝိညာဉ်နဲ့ မသေမျိုးဝိညာဉ်ဆိုပြီး နှစ်မျိုးရှိတယ်… မရဏလောကထဲမှာ သေခြင်းအရှိန်အဝါက အရမ်းအားကောင်းတယ်… ဒါကြောင့် အရိုးစုတွေထဲမှာ ဝိညာဉ်မီးတောက်တစ်ခု မွေးဖွားလာနိုင်ကြတယ်… ဝိညာဉ်မီးတောက်ရှိတဲ့ အရိုးစုတွေက တဖြည်းဖြည်း အသက်ရှိလာကြတယ်… သူတို့ကို မသေမျိုးဝိညာဉ်တွေလို့ ခေါ်ကြတယ်… ဝိညာဉ်မီးတောက်က မီးတောက်မျိုးစေ့တစ်ခု ဖြစ်တယ်… မသေမျိုးဝိညာဉ်တွေက အသက်ရှိလာပြီးရင် အချင်းချင်း ပြန်တိုက်ခိုက်ကြပြီး တစ်ဖက်လူရဲ့ မီးတောက်မျိုးစေ့ကို ဝါးမျိုဖို့ ကြိုးစားကြတယ်… မီးတောက်မျိုးစေ့တွေ အများကြီး ပိုစုပ်ယူနိုင်လေ သူတို့က ပိုပြီးသန်မာလာလေပဲ… အရိုးဖြူစွန့်ပစ်ကုန်းမြေက အရွယ်အစားသေးငယ်တဲ့ မရဏလောကတစ်ခု ဖြစ်တယ်… ဒီနေရာမှာ မရေမတွက်နိုင်တဲ့ အရိုးစုတွေနဲ့ အရမ်းအားကောင်းတဲ့ သေခြင်းအရှိန်အဝါရှိတယ်… ဒါကြောင့် လပြည့်နေ့တိုင်းမှာ အရိုးစုတချို့က ဝိညာဉ်မီးတောက် မွေးဖွားလာကြပြီး အသက်ရှိလာကြတယ်… ”
ယင်းကို သီရှီထျန်ကြားသောအခါ သူက အံ့ဩသွားသည်။ တစ်ချိန်တည်းမှာ သူ၏ အသိပညာနယ်နိမိတ်က ပိုပြီးကျယ်ပြန့်သွားသည်ဟု ခံစားမိသွားသည်။ ဤလောကတွင် ထူးဆန်းအံ့ဖွယ်ကောင်းသော အရာများက တစ်ပုံတစ်ခေါင်းပင်။ ယင်းတို့ကို သူမသိသေးရုံသာ ဖြစ်၏။ ဖန်ဆင်းခြင်း၏ အနှစ်သာရကို မည်သူက အမှန်တကယ် နားလည်နိုင်မည်နည်း။
ယင်းကို သူ့မျက်စိဖြင့် ကိုယ်တိုင်မမြင်ခဲ့လျှင် ထိုသို့ထူးဆန်းသော သက်ရှိက ဤလောကမှာ တည်ရှိနေလိမ့်မည်ဟု သူယုံကြည်လိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် သူတို့၏ ခန္ဓာကိုယ်ထဲမှ မီးတောက်မျိုးစေ့ ဖြစ်သည်။ မရဏကျီးကန်းဘုရင်၏ ပြောကြားချက်အရ ထိုမီးတောက်က သက်ရှိတစ်မျိုး ဖြစ်သည်။ ၎င်းက ဝိညာဉ်လည်း ဟုတ်၏။ သို့ဖြစ်၍ ၎င်းက နက်နဲသိမ်မွေ့သော အလားအလာများနှင့် အံ့ဖွယ်စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။ ကံမကောင်းသည်မှာ ထိုမီးတောက်မျိုးစေ့က မရဏကျီးကန်းမျိုးနွယ်အတွက် အသုံးမဝင်ပေ။ သူတို့က ကျင့်ကြံရန် သေခြင်းအရှိန်အဝါကိုသာ လိုအပ်သည်။
သီရှီထျန် တွေးတောနေစဉ် မရဏကျီးကန်းဘုရင်က ထူးဆန်းသော မေးခွန်းတစ်ခုကို ရုတ်တရက် မေးသည်။
“ မသေမျိုးကျင့်ကြံသူတွေရဲ့ လက်နက်သန့်စင်ခြင်းအကြောင်း မင်းသိထားတယ်လို့ ငါကြားတယ် ”
သီရှီထျန်က အံ့ဩသွားပြီး မရဏကျီးကန်းဘုရင်ကို ကြည့်လိုက်သည်။ သို့သော်လည်း သူက ခေါင်းယမ်းလိုက်ပြီး ပြောသည်။
“ လက်နက်သန့်စင်ခြင်းအကြောင်း အများကြီး ကျုပ်မသိပါဘူး… ကျုပ်က သက်စောင့်မိစ္ဆာလက်နက်ကို ဘယ်လိုသန့်စင်ရမလဲဆိုတာပဲ သိပါတယ်… တကယ်လို့ ခင်ဗျားက သက်စောင့်မိစ္ဆာလက်နက်တစ်ခု သန့်စင်ချင်တယ်ဆိုရင် လက်နက်သန့်စင်ခြင်းနည်းလမ်းကို ခင်ဗျားဆီ ကျွန်တော် ပေးနိုင်ပါတယ်… ဒါ့အပြင် ကျုပ်မှာ လက်နက်သန့်စင်တဲ့ သတ္ထုပစ္စည်းတချို့ ရှိတယ်… အဲ့ဒါတွေကိုလည်း ခင်ဗျားကို ကျုပ်ပေးနိုင်တယ် ”
ကိုယ်ဝါးနိုင်သည်ထက် အများကြီး ပိုမစားသင့်ကြောင်း သီရှီထျန်သိသည်။ အမှန်တကယ်ပင် သူသည် လက်နက်သန့်စင်ခြင်းအကြောင်း အများကြီး မသိပေ။ သက်စောင့်မိစ္ဆာလက်နက်သန့်စင်ခြင်းကိုသာ သူသိ၏။ မည်သို့ဖြစ်ပါစေ လက်နက်သန့်စင်ခြင်းပညာသည် အစီအရင်တာအိုကဲ့သို့ပင် အလွန်ကျယ်ပြောသည်။ တစ်စုံတစ်ယောက်သည် လက်နက်သန့်စင်နိုင်ရန် လက်နက်သန့်စင်ခြင်းအတတ်ပညာအမျိုးမျိုးကို တတ်ကျွမ်းထားရမည်။ ထို့ပြင် သတ္ထုများကို မည်သို့အရည်ဖျော်ရမည်ဖြစ်ကြောင်း၊ မီးတောက်ကို မည်သို့ထိန်းချုပ်ရမည်ဖြစ်ကြောင်း သိထားရမည်။ ယင်းတို့ကို စာအုပ်ဖတ်ရုံဖြင့် သူမတတ်မြောက်နိုင်ပေ။
ထို့ကြောင့် သက်စောင့်မိစ္ဆာလက်နက်သန့်စင်ခြင်းကိုသာ အမှန်တကယ် သူတတ်ကျွမ်းသည်။ တခြားလက်နက်များ သန့်စင်ခြင်းကို လေ့လာရန် သူ့မှာ အချိန်မရှိပေ။
ယင်းကို ကြားသောအခါ အေးစက်စက်အလင်းက မရဏကျီးကန်းဘုရင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ရုတ်တရက် အနောက်လှည့်လိုက်ပြီး အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည်။ ထိုအခါ သူ၏ ဘေးပတ်ပတ်လည်၌ ပျံဝဲနေကြသော ကျီးကန်းများက သူတို့၏ အသိုက်များဆီသို့ ချက်ချင်း ပျံသန်းသွားကြသည်။ ထို့ပြင် မျက်စိတစ်မှိတ်အတွင်းမှာ မရဏကျီးကန်းဘုရင်သည်လည်း နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။
သီရှီထျန်၏ မျက်လုံးထဲမှာ အံ့ဩမှုနှင့် ဇဝေဇဝါဖြစ်မှု ထွက်ပေါ်လာသည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။ ထိုအကြောင်းကို မကြာမီ သူသိရလိမ့်မည်ဟု ယုံကြည်သည်။ သူမျှော်လင့်ထားသကဲ့သို့ပင် မကြာမီ အတောင်ပံတဖျပ်ဖျပ်ခတ်သံနှင့်အတူ မရဏကျီးကန်းဘုရင်က သူ့အရှေ့မှာ ပြန်ထွက်ပေါ်လာသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူ၏ ပါးစပ်ထဲမှာ လက်သီးဆုပ်အရွယ်ခန့်ရှိသော အနက်ရောင်ကျောက်တုံးတစ်တုံး ပါလာသည်။ အနက်ရောင်ကျောက်တုံးက တစ်ကိုယ်လုံး မည်းနက်နေသည့်အပြင် မီးခိုးရောင်အငွေ့ကိုလည်း ထုတ်လွှတ်နေသည်။
ထိုမီးခိုးရောင်အငွေ့က ချောက်ချားဖွယ်ကောင်းသည်။ ယင်းက တစ်စုံတစ်ယောက်ကို ဝိညာဉ်လွင့်သွားစေရန် ပြုလုပ်နိုင်ပေသည်။ အန္တရာယ်အချက်ပေးသံက နှလုံးသားထဲမှာ တရစပ် ထွက်ပေါ်လာသည်။ ဤသည်မှာ ယင်းက အကန့်အသတ်မဲ့ မိစ္ဆာအရှိန်အဝါ ကိန်းအောင်းနေသော ကျောက်တုံးတစ်တုံး ဖြစ်သည့်အလားပင်။ ယင်းက အမင်္ဂလာပစ္စည်း ဖြစ်သည်။
ပိုပြီးထူးဆန်းသည်မှာ ထိုကျောက်တုံးပေါ်တွင် ဒွါရခုနစ်ပေါက် ရှိသည်။ ဤသည်မှာ ယင်းက ဦးခေါင်းခွံတစ်ခုဖြစ်သည့်အလားပင်။ ဦးခေါင်းခွံက ဘေးပတ်ဝန်းကျင်မှ သေခြင်းအရှိန်အဝါကို အသက်ရှူသွင်းရှူထုတ် ပြုလုပ်နေသည်။ ထို့ကြောင့် ယင်းက အသက်ရှိနေဟန် ရ၏။ ယင်းက အလွန်နတ်ဆိုးဆန်သည်။ သီရှီထျန်သည်ပင် အကြည့်တစ်ချက်ဖြင့် ထိတ်လန့်သွားသည်။ သူ့အရှေ့မှ ကျောက်တုံးထဲမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ကိန်းအောင်းနေသည်ဟု သူခံစားမိသည်။
“ အဲ့ဒါက ဘာလဲ ”
သီရှီထျန်က မျက်ခုံးပင့်တင်လိုက်ပြီး မရဏကျီးကန်းဘုရင်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အံ့ဩမှုနှင့် ဇဝေဇဝါဖြစ်မှု ထွက်ပေါ်လာသည်။
ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ အမွေအနှစ်လှိုဏ်ဂူဆီသို့ ဝင်ရောက်ပြီးနောက် သူ၏ အသိပညာဗဟုသုတက အလွန်ကျယ်ပြောသွားသည်။ ဤလောက၏ သတ္ထုအမျိုးအစားအများကြီးကို ယေဘုယျအားဖြင့် သူသိသွားသည်။ သို့သော်လည်း သူ့အရှေ့မှ အနက်ရောင်ကျောက်တုံးသည် သူသိထားသော သတ္ထုအမျိုးအစားထဲမှာ မပါဝင်ပေ။ ထို့ကြောင့် သူက ဇဝေဇဝါဖြစ်သွားသည်။
“ အဲ့ဒါက ဝိညာဉ်ဝါးမျိုကျောက်တုံး ”
မရဏကျီးကန်းဘုရင်က အနက်ရောင်ကျောက်တုံးကို အောက်ချလိုက်ပြီး အေးစက်စက် ပြောသည်။
“ ဝိညာဉ်ဝါးမျိုကျောက်တုံးဆီမှာ ဒွါရခုနစ်ပေါက်ရှိတယ်… အဲ့ဒါက အသင်္ချေအရိုးဝါးမျိုသစ်ပင်တွေ နှစ်တစ်သောင်းပြည့်အောင် ပျိုးထောင်ပေးမှ တစ်ခါထွက်ပေါ်လာတဲ့ ရှားသတ္ထုတစ်မျိုးပဲ… အဲ့ဒါက သွေးအနှစ်သာရနဲ့ ဝိညာဉ်တွေကို စုပ်ယူဝါးမျိုနိုင်တယ်… အဲ့ဒါက အရမ်းထူးဆန်းတယ်… အဲ့ဒါကို သက်စောင့်မိစ္ဆာလက်နက်အဖြစ် သန့်စင်နိုင်မလား ငါမသိဘူး ”
ထိုသို့ပြောပြီးနောက် သူက သီရှီထျန်ကို လေးနက်စွာ ကြည့်လိုက်သည်။ ဤသည်မှာ သီရှီထျန်၏ အဖြေက သူ့အတွက် အလွန်အရေးကြီးသည့်အလားပင်။
“ အရိုးဝါးမျိုသစ်ပင်တွေရဲ့ နှစ်တစ်သောင်းပျိုးထောင်ပေးခြင်းခံထားရတဲ့ ရှားပါးရတနာလား… အဲ့ဒါသာ အမှန်ဆိုရင် ဒီဟာက အရမ်းတန်ဖိုးကြီးမားတဲ့ ရတနာပဲ… ဒီဟာကို သက်စောင့်မိစ္ဆာလက်နက်တစ်ခုအဖြစ် သန့်စင်မယ်ဆိုရင် ဘာပြဿနာမှ မရှိနိုင်ဘူး ”
သီရှီထျန်က တစ်ခဏ တွေးတောပြီးနောက် ပြန်ပြောသည်။ မည်သို့ဖြစ်ပါစေ ယင်းက အသင်္ချေအရိုးဝါးမျိုသစ်ပင်များ၏ အနှစ်တစ်သောင်းပျိုးထောင်ပေးခြင်းခံထားရသော ရှားပါးရတနာဖြစ်သည်။ ထို့ကြောင့် မည်သည့်မတော်တဆမှုမှ မရှိလျှင် ယင်းကို သက်စောင့်မိစ္ဆာလက်နက်အဖြစ် သန့်စင်နိုင်လောက်၏။
မရဏကျီးကန်းဘုရင်သည် သီရှီထျန်၏ စကားကို ကြားပြီးနောက် အနက်ရောင်ကျောက်တုံးကို သီရှီထျန်၏ အရှေ့သို့ တွန်းပို့လိုက်သည်။ သူက မထူးမခြားနား ပြောသည်။
“ ကောင်းပြီ… ဒီဝိညာဉ်ဝါးမျိုကျောက်တုံးက မင်းဟာပဲ… ဒါပေမဲ့ အနာဂတ်မှာ သက်စောင့်မိစ္ဆာလက်နက်တစ်ခု သန့်စင်ဖို့ မင်းငါ့ကို ကူညီပေးရမယ် ”
“ ဒီဝိညာဉ်ဝါးမျိုကျောက်တုံးကို ကျုပ်လက်မခံနိုင်ဘူး… စောစောကတင် ခင်ဗျားက ကျုပ်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တယ်… ခင်ဗျားအကူအညီလိုလာရင် ကျုပ်ကူညီပေးမယ်လို့ ပြောခဲ့တယ်မဟုတ်လား… ခင်ဗျား လက်နက်သန့်စင်မယ့်အချိန်ကျရင် ကျုပ်ကို ပြောပါ… ကျုပ်ကူညီပေးမယ်… ဒီဝိညာဉ်ဝါးမျိုကျောက်တုံးကို ပေးစရာမလိုပါဘူး… ပြီးတော့ ဒီဟာကို ခင်ဗျား ကျုပ်ကို ပေးလိုက်ရင် ခင်ဗျား ဘာနဲ့လက်နက်သန့်စင်မလဲ ”
ထိုအနက်ရောင်ကျောက်တုံးက သူ့အား အလွန်ဆွဲဆောင်နိုင်ကြောင်း သီရှီထျန် မငြင်းပေ။ မည်သို့ဖြစ်ပါစေ ယင်းက ရှားပါးရတနာတစ်ခု ဖြစ်၏။ ယင်းကို အသုံးပြု၍ လက်နက်ဖန်တီးမည်ဆိုလျှင် သူ၏ ကျားဝိညာဉ်ဓားမော့က သေချာပေါက် အစွမ်းကြီးမားသွားလိမ့်မည်။ ယင်းမှာ ထူးဆန်းသော မှော်စွမ်းရည်ပင် ရှိနိုင်လိမ့်မည်။ သို့သော်လည်း သီရှီထျန်သည် လောဘကြီးသူ မဟုတ်ပေ။ သူ့မှာ ကိုယ်ပိုင်စည်းကမ်းသတ်မှတ်ချက် ရှိသည်။
“ အဲ့ဒါကို မင်းစိတ်ပူစရာမလိုပါဘူး… ဝိညာဉ်ဝါးမျိုးသစ်ပင်က စုစုပေါင်း ကျောက်တုံးသုံးတုံးကို ပျိုးထောင်ပေးခဲ့တယ်… မင်းကို တစ်တုံးပေးလိုက်ရင် ငါ့မှာ နှစ်တုံးကျန်နေဦးလိမ့်မယ်… အဲ့ဒါကို မင်းကို လက်နက်သန့်စင်ဖို့ အဖိုးအခအဖြစ် ပေးတယ်လို့ မှတ်လိုက်ပါ ”
မရဏကျီးကန်းဘုရင်က သီရှီထျန်ကို လေးနက်စွာ ကြည့်လိုက်သည်။ သူ၏ အကြည့်သည်ပင် သိမ်မွေ့နူးညံ့လာသည်။ သူက ခေါင်းယမ်းလိုက်ပြီး သီရှီထျန်၏ ပြန်ပေးမှုကို ငြင်းဆန်လိုက်သည်။