← Chapters

အခန်း ၂၈၁

Vol. 19 Ch. 281

အခန်း ၂၈၁

Vol. 19 Ch. 281

အခန်း(၂၈၁)

ယေဘုယျအားဖြင့် မထူးမခြားနားပုံစံရှိသော လူများသည် စကားပြောရာတွင် ပွင့်လင်းစွာ ပြောကြလေ့ရှိသည်။ သူတို့ပြောပြီးသော စကားကိုလည်း ပြန်ပြောင်းလဲလေ့မရှိကြပေ။ မရဏကျီးကန်းဘုရင်သည် မထူးမခြားနားပုံစံရှိပြီး အေးစက်သည်။ သူက သေမင်းတမန်တော်ဟူသော ဘွဲ့နာမည်ဖြင့် နာမည်ကျော်ကြားသည်။ သူက သေခြင်းအရှိန်အဝါကြီးစိုးသော နေရာများတွင် နေထိုင်ပြီး သူ့ကိုယ်သူ အစွမ်းတိုးမြှင့်ရန် သေခြင်းအရှိန်အဝါကို စုပ်ယူသည်။ ကျီးကန်းများက အုပ်စုဖွဲ့၍ နေထိုင်လေ့ရှိသော်လည်း သူက အမြဲတမ်း အထီးကျန်စွာ နေထိုင်သည်။ ထို့ကြောင့် သူ့ပုံစံက အေးတိအေးစက် ဖြစ်နေသည်။

သီရှီထျန်သည် မရဏကျီးကန်းဘုရင်၏ မျက်လုံးထဲမှ ပြတ်သားမှုကို မြင်သွားသည်။ ဤဝိညာဉ်ဝါးမျိုကျောက်တုံးကို သူလက်မခံလျှင် မရဏကျီးကန်းဘုရင်က သူ့အား သက်စောင့်မိစ္ဆာလက်နက်သန့်စင်ခိုင်းရန် အကူအညီတောင်းလိမ့်မည် မဟုတ်ကြောင်း သူသိလိုက်သည်။ သို့မဟုတ် သူက ဤကျောက်တုံးကို အဝေးသို့ ပစ်လွှတ်လိမ့်မည်။

ဝိညာဉ်ဝါးမျိုကျောက်တုံးကို နောက်တစ်ကြိမ် သူကြည့်လိုက်သည့်အခါ ယင်းပေါ်မှ ဒွရခုနစ်ပေါက်က တမူထူးခြားသည်ဟု သီရှီထျန် ခံစားမိသွားသည်။ သူက ယင်းကို တစ်နေရာရာမှာ မြင်ဖူးဟန် ရ၏။

ထို့နောက် အတိတ်ဘဝတွင် သူဖတ်ခဲ့ဖူးသော “ အနောက်အရပ်သို့ ခရီးသွားခြင်း ”စာအုပ်ကို ပြန်သတိရသွားသည်။ ထိုစာအုပ်၏ အစပိုင်းတွင် ရေးသားထားသည်မှာ ဒုန်းရှန့်နတ်ဘုရားကုန်းမြေမှ ဟွာကူးတောင်ပေါ်တွင် နတ်ဘုရားကျောက်တုံးတစ်တုံး တည်ရှိသည်။ ထိုကျောက်တုံးမှာလည်း ဒွါရခုနစ်ပေါက်ရှိသည်။ ယင်းက လောက၏ ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်ရုံသာမက နေနှင့်လ၏ အနှစ်သာရကိုလည်း စုပ်ယူနိုင်သည်။ နှစ်ပေါင်းထောင်ချီကြာအောင် စွမ်းအားစုပ်ယူပြီးနောက် ကျောက်တုံးက ရုတ်တရက် ပေါက်ကွဲသွားကာ မျောက်တစ်ကောင်က ပေါ်ထွက်လာသည်။ နောင်နှစ်ပေါင်းများစွာကြာပြီးနောက် ထိုမျောက်က မဟာပညာရှိ ဖြစ်လာသည်။

သူ့အရှေ့မှ ဝိညာဉ်ဝါးမျိုကျောက်တုံးက လက်သီးဆုပ်အရွယ်အစားခန့်သာရှိပြီး ဟွာကူးတောင်ပေါ်မှ နတ်ဘုရားကျောက်တုံးကို မယှဉ်နိုင်ပေ။ သို့သော်လည်း ယင်းဆီမှာ ဒွါရခုနစ်ပေါက်ရှိသည်။ မည်သို့သူကြည့်ပါစေ ယင်းက သာမန်ပစ္စည်း မဟုတ်ပေ။ ယင်းက ရှားပါးရတနာတစ်ခု ဖြစ်နိုင်သည်။ ယင်းက ကျားရဲတောင်တန်းဒေသထဲမှာ သူရရှိခဲ့သော ကျောက်စိမ်းသန္ဓေသားလောင်းကဲ့သို့ တန်ဖိုးကြီးမားလောက်၏။

အရိုးသားဆုံး ဝန်ခံရလျှင် ထိုသို့တန်ဖိုးကြီးမားသော ရတနာကို သူမလိုချင်ဘူးဟု ပြောလျှင် လိမ်ညာရာကျလိမ့်မည်။ သို့သော်လည်း အကယ်၍ ယင်းကို သူလက်ခံလိုက်မည်ဆိုလျှင် မရဏကျီးကန်းဘုရင်ပေါ်မှာ နောက်ထပ်ကျေးဇူးအကြွေး သူတင်သွားလိမ့်မည်။ မရဏကျီးကန်းဘုရင်က သူ့ထံမှ ဘာမှပြန်မတောင်းဆိုသော်လည်း ထိုကျေးဇူးအကြွေးကို မည်သို့ သူမေ့ပစ်နိုင်မည်နည်း။

“ ကောင်းပြီ… ဝိညာဉ်ဝါးမျိုကျောက်တုံးကို ကျုပ်လက်ခံလိုက်မယ်… ခင်ဗျား လက်နက်သန့်စင်ချင်တဲ့အခါ ကျုပ်ရဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ လာခဲ့ပါ ”

သီရှီထျန်သည် တစ်ခဏကြာ စဉ်းစားပြီးနောက် သူ့အရှေ့မှ ဝိညာဉ်ဝါးမျိုကျောက်တုံးကို ကောက်ယူလိုက်သည်။ ကျောက်တုံးသည် တစ်ကိုယ်လုံး မည်းနက်နေပြီး အလွန်ချောက်ချားဖွယ်ကောင်းသည်။ ယင်းကို သူ၏ လက်ထဲမှာ ကိုင်ထားစဉ် ထူးဆန်းသော နတ်ဆိုးခံစားချက်က သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

ဤသည်မှာ ဝိညာဉ်ဝါးမျိုကျောက်တုံးထဲတွင် ထူးဆန်းသော စွမ်းအား တည်ရှိနေသည့်အလားပင်။ ကျောက်တုံးထဲမှာ အသက်ဝိညာဉ်တစ်ခု တည်ရှိနေဟန် ရ၏။ အဘယ့်ကြောင့်ဆိုသော် ကျောက်တုံးက ဖားဖိုကြီးနှယ် နိမ့်ချည်မြင့်ချည် ခုန်နေသည်။ သို့သော်လည်း ဂရုတစိုက် သူခံစားကြည့်လိုက်သည့်အခါ ယင်းက သက်မဲ့ကျောက်တုံးတစ်တုံးသာဖြစ်ကြောင်း ရှာတွေ့သွားသည်။ သူက ယင်းကို သူ၏ မိစ္ဆာချီဖြင့်လည်း စစ်ဆေးကြည့်လိုက်သည်။ သူ၏ မိစ္ဆာချီက ကျောက်တုံးကို ထိတွေ့သွားသည်နှင့်ချက်ချင်း သမုဒ္ဒရာထဲ ပြုတ်ကျသွားသော ကျောက်ခဲနှယ် လုံးဝ ပျောက်ကွယ်သွားသည်။ ယင်းက အလွန်ထူးဆန်းသည်။

တစ်ခုသိထားရမည်မှာ ထိုပျောက်ကွယ်ခြင်းက သာမန်ပျောက်ကွယ်ခြင်း မဟုတ်ပေ။ ယေဘုယျအားဖြင့်ဆိုရသော် မိစ္ဆာချီ ကုန်ခမ်းသွားလျှင် တစ်ခဏကြာပြီးနောက် ယင်းက ပြန်လည်ဖြည့်တင်းသွားလိမ့်မည်။ သို့သော်လည်း ယခုအခါ မိစ္ဆာချီက လုံးဝ ပျောက်ကွယ်သွားသည်။ ယင်းက ပြန်ပြည့်မလာပေ။

“ တကယ်ပဲ… အရမ်းထူးဆန်းတယ် ”

သီရှီထျန်သည် သူ့ဘာသာ တွေးတောပြီးနောက် ဝိညာဉ်ဝါးမျိုကျောက်တုံးကို ပိုပြီးအာရုံစိုက်လိုက်သည်။ သူက တိတ်တဆိတ် တွေးတောလိုက်သည်။ အကယ်၍ သူက ကျားဝိညာဉ်ဓားမော့ကို ဝိညာဉ်ဝါးမျိုကျောက်တုံးဖြင့် ဖန်တီးသန့်စင်မည်ဆိုလျှင် သူ၏ ဓားမော့က ဝိညာဉ်ဝါးမျိုကျောက်တုံးကဲ့သို့ အစွမ်းအာနိသင်ကို ပိုင်ဆိုင်သွားမည်လော။ ယင်းက တခြားလူများ၏ သွေးချီအနှစ်သာရနှင့် ဝိညာဉ်ကို အမှန်တကယ် စုပ်ယူနိုင်မည်လော။

အကယ်၍ ထိုအတိုင်း အမှန်ဆိုလျှင် ရန်သူများကို သူပိုပြီးတိုက်ခိုက်လေ သူ၏ ကျားဝိညာဉ်ဓားမော့က ပိုပြီးသန်စွမ်းလာလေ ဖြစ်လိမ့်မည်။

“ အဲ့ဒါ ကောင်းတဲ့အချက်ပဲ… ဒဏ္ဍာရီထဲမှာတော့ မိစ္ဆာနတ်ဘုရားချီယုံက ကျားဝိညာဉ်ဓားမော့ကို ဖန်တီးဖို့ သူ့ရဲ့ စီးတော်ယာဉ်ဖြစ်တဲ့ နတ်ဘုရားကျားကို အသုံးပြုခဲ့တယ်… ငါကတော့ နတ်ဘုရားကျားအစား ကျားမျိုးနွယ်ရဲ့ မပျက်စီးနိုင်တဲ့ အရိုးစုကို အသုံးပြုမယ်… အဲ့ဒါက နတ်ဘုရားကျားလောက် မကောင်းပေမဲ့ သိပ်မဆိုးဝါးပါဘူး… ပြီးတော့ ငါ့မှာ အံ့ဖွယ်ထူးခြားတဲ့ ဥက္ကာခဲမရှိဘူး… ဒါပေမဲ့ ငါ့မှာ ဝိညာဉ်ဝါးမျိုကျောက်တုံး ရှိတယ်… ဒီဝိညာဉ်ဝါးမျိုကျောက်တုံးမှာ နတ်ဆိုးဆန္ဒ ရှိတယ်… အဲ့ဒါက ကျားဝိညာဉ်ဓားမော့အတွက် အထူးသင့်တော်တယ်… ပြီးတော့ ချီယုံရဲ့ ကျားဝိညာဉ်ဓားမော့က ပြီးပြည့်စုံတဲ့ လက်နက်မဟုတ်ဘူး… ချီယုံက လက်နက်ဖန်တီးဖို့အတွက် သူ့ရဲ့ စီးတော်ယာဉ်ကျားကို သတ်ဖြတ်ခဲ့တယ်… အဲ့ဒါကြောင့် သူ့ရဲ့ လက်နက်ထဲမှာ နတ်ဘုရားကျားရဲ့ မကျေမချမ်းစိတ်ဆန္ဒ ရှိတယ်… ကျားဝိညာဉ်ဓားမော့က ပိုင်ရှင်ကို ပြန်ဝါးမျိုဖို့အတွက် အမြဲတမ်း စောင့်ဆိုင်းနေတယ်… ဒါပေမဲ့ အဲ့ဒီအားနည်းချက်က ငါ့ဆီမှာ မရှိဘူး… ဘာလို့လဲဆိုတော့ ငါက ကျားဝိညာဉ်ဓားမော့ကို သက်စောင့်မိစ္ဆာလက်နက်သန့်စင်ခြင်းနည်းလမ်းနဲ့ ဖန်တီးမှာဖြစ်လို့ပဲ… လက်နက်သန့်စင်နေတဲ့အချိန် ငါ့ရဲ့ သွေးချီနဲ့ စိတ်ဝိညာဉ်က ကျားဝိညာဉ်ဓားမော့ထဲ ပေါင်းစပ်သွားလိမ့်မယ်… ဓားမော့က တစ်သက်လုံး ငါ့အနောက်ကို လိုက်လိမ့်မယ်… ဒါကြောင့် ဓားမော့က ပိုင်ရှင်ကို ပြန်ဝါးမျိုနိုင်မှာမဟုတ်ဘူး… ဖြစ်နိုင်တာက ငါ့ရဲ့ ကျားဝိညာဉ်ဓားမော့က အနာဂတ်မှာ မိစ္ဆာနတ်ဘုရားချီယုံရဲ့ ဓားမော့ထက် ပိုပြီးအစွမ်းထက်သွားလိမ့်မယ် ”

သက်စောင့်မိစ္ဆာလက်နက်သန့်စင်ခြင်းသည် သာမန်ဓမ္မလက်နက်သန့်စင်ခြင်းကို မရည်ရွယ်ပေ။ အထူးသဖြင့် “ သက်စောင့် ”ဟူသော စကားလုံး ဖြစ်သည်။ ယင်း၏ အဓိပ္ပာယ်က လက်နက်ကို ပိုင်ရှင်၏ အသက်ဝိညာဉ်နှင့် ပေါင်းစည်းခြင်း ဖြစ်သည်။ ထိုသို့သက်စောင့်လက်နက်များသည် ပိုင်ရှင်သေဆုံးသွားသည့်အခါ အလိုအလျောက် ပျက်စီးသွားလိမ့်မည်။ အကယ်၍ အကျိုးဆက်က သိပ်မပြင်းထန်လျှင် လက်နက်၏ စိတ်ဝိညာဉ်သာ ပျောက်ကွယ်သွားလိမ့်မည်။ ထိုအခါ လက်နက်ကို အစမှ ပြန်ပျိုးထောင်ပေးရမည်။

သို့ဖြစ်၍ သက်စောင့်မိစ္ဆာလက်နက်များသည် ဒဏ္ဍာရီထဲမှ နတ်ဘုရားလက်နက်များနှင့် နှိုင်းယှဉ်လျှင်ပင် အားသာချက်တစ်ခုကို ပိုင်ဆိုင်ထားသည်။ ယင်းမှာ သခင်အပေါ် အမြဲတမ်း သစ္စာရှိခြင်း ဖြစ်သည်။ သက်စောင့်လက်နက်များသည် သူ့သခင်ကို မည်သည့်အခါမှ သစ္စာဖောက်လိမ့်မည် မဟုတ်ချေ။

သီရှီထျန်သည် သေချာဂရုတစိုက် တွေးကြည့်ပြီးနောက် ဝိညာဉ်ဝါးမျိုကျောက်တုံးကို ငြင်းဆန်ရန် ဆန္ဒမရှိတော့ပေ။ ထို့နောက် သူက သူ၏ သိုလှောင်အိတ်ထဲမှာရှိသော လက်နက်သန့်စင်ခြင်း သတ္ထုပစ္စည်းတချို့တဝက်ကို မရဏကျီးကန်းဘုရင်အား ပေးလိုက်သည်။ ထို့ပြင် သူက အခြေခံလက်နက်သန့်စင်ခြင်းစာအုပ်ကိုလည်း ချန်ထားခဲ့သည်။ ထိုသို့စာအုပ်များက သူ့ဆီမှာ အများကြီး ရှိသည်။ သူက ယင်းတို့ကို သူသတ်ဖြတ်ခဲ့သော မသေမျိုးလေလွင့်ကျင့်ကြံသူများထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။

သတ္ထုပစ္စည်းများအကြောင်း ပြောရလျှင် သီရှီထျန် ပေးလိုက်သော သတ္ထုများက အရည်အသွေးမကောင်းမွန်ပေ။ ယင်းက သူ့အပြစ်မဟုတ်ပေ။ အတိတ်မှာ သူသတ်ဖြတ်ခဲ့သော ကျင့်ကြံသူများက ချီသန့်စင်ခြင်းနယ်ပယ်နှင့် အခြေတည်နယ်ပယ် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ သို့ဖြစ်၍ သူ့ဆီမှာ အရည်အသွေးမြင့်သော သတ္ထုများ မည်သို့ရှိမည်နည်း။ ယေဘုယျအားဖြင့် သူ၏ အိတ်ထဲတွင် ရှိသည်မှာ သာမန်ထက် အနည်းငယ် ပိုကောင်းသော သတ္ထုများသာ ဖြစ်သည်။ ဥပမာ ကြေးနီ၊ သတ္ထုရိုင်းနှင့် သံမဏိတို့ ဖြစ်ကြသည်။ သို့သော်လည်း ယင်းတို့က ဘာမှမရှိခြင်းထက်တော့ သာလွန်ပေသည်။

မရဏကျီးကန်းဘုရင်သည် ယဉ်ကျေးမနေဘဲ ယင်းတို့ကို လက်ခံယူလိုက်သည်။

ထို့နောက် သီရှီထျန်သည် အရိုးဝါးမျိုသစ်ပင်ပေါ်မှာတင် သူ၏ ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။ ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်ကြောင့် ကုန်ခမ်းသွားသော သူ၏ မိစ္ဆာချီက အလွန်မြန်ဆန်စွာ ပြန်ပြည့်လာသည်။ တစ်ချိန်တည်းမှာ သူရရှိထားသော ဒဏ်ရာများက အမြန်ဆုံး ပြန်သက်သာလာသည်။ ယင်းက ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်၏ အားသာချက်တစ်ခု ဖြစ်သည်။

မကြာမီ သူက အပြည့်အဝ ပြန်သက်သာသွားသည်။ မိစ္ဆာချီက သူ၏ ခန္ဓာကိုယ်ထဲမှာ မြစ်တစ်စင်းနှယ် တသွင်သွင် စီးဆင်းသွားသည်။

မိစ္ဆာချီ၏ အားဖြည့်ပေးမှုကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ အတွင်းဒဏ်ရာများသည်လည်း စတင်သက်သာလာသည်။

အချိန်ကာလတစ်ခုကြာသွားပြီးနောက် သီရှီထျန်က ခေါင်းမော့လိုက်သည်။ မိုးကောင်းကင်ကို သူကြည့်လိုက်သည့်အခါ တစ်ညတာက တိတ်တဆိတ် ကုန်ဆုံးသွားကြောင်း မြင်သွားသည်။ သီရှီထျန်သည် အရိုးဖြူစွန့်ပစ်ကုန်းမြေမှ ထိုအတိုင်း ပြန်သွားရန် ဆန္ဒမရှိပေ။

မှန်ပေသည်။ သူက ထိုခွေးစုံတွဲကို လိုက်ရှာပြီး လက်စားပြန်ချေရန် မစဉ်းစားထားပေ။ အကယ်၍ သူက ထိုခွေးစုံတွဲကို ရှာတွေ့သွားလျှင်ပင် သူ၏ လက်ရှိစွမ်းအားအရ သူက သူတို့၏ ပြိုင်ဘက်မဟုတ်သေးပေ။

ထို့ပြင် ယခုအချိန်မှာ သူ့အတွက် အရေးကြီးဆုံးအရာက ကျားဝိညာဉ်ဓားမော့ကို ဖန်တီးသန့်စင်ရန် ဖြစ်သည်။

သူက ကျားမျိုးနွယ်၏ အံ့ဖွယ်အရိုးစုတစ်ခုကို ရှာတွေ့ခဲ့သော်လည်း ယင်းက လက်နက်သန့်စင်ရန် မလုံလောက်သေးပေ။ အရိုးဖြူစွန့်ပစ်ကုန်းမြေက အလွန်ကျယ်ပြောသည်။ ဤနေရာမှာ အရိုးစုသန်းပေါင်းများစွာကို မြှုပ်နှံထားသည်။ သို့ဖြစ်၍ ကျားမျိုးနွယ်၏ အရိုးများက ထိုတစ်ခုတည်း လုံးဝ မဟုတ်နိုင်ပေ။

အရေအတွက်များပြားသော ကျားအရိုးများကို သိမ်းဆည်းထားခြင်းက သူ့အား လက်နက်သန့်စင်ခြင်းတွင် ပိုပြီးလွယ်ကူမြန်ဆန်စေလိမ့်မည်။ ပိုနေခြင်းက ကိစ္စမရှိသော်လည်း လိုနေခြင်းက ပြဿနာရှိသည်။

ထို့နောက် သီရှီထျန်က အရိုးဖြူစွန့်ပစ်ကုန်းမြေထဲသို့ ထပ်မံ ဝင်ရောက်သွားသည်။ သူက ဝိညာဉ်သံလိုက်အိမ်မြှောင်ကို လက်ထဲမှာ ကိုင်ထားရင်း ကျားအရိုးများကို ရှာဖွေလိုက်သည်။ ဝိညာဉ်သံလိုက်အိမ်မြှောင်၏ အံ့ဖွယ်စွမ်းရည်ကြောင့် ကျားအရိုးများကို ရှာဖွေရသည်မှာ သူ့အတွက် ခက်ခဲသောအလုပ် မဟုတ်ပေ။

အချိန်တစ်ခဏကြာသွားတိုင်း သူက ကျားအရိုး တစ်စုံ သို့မဟုတ် နှစ်စုံကို တူးဖော်နိုင်သွားသည်။ သို့သော်လည်း သူ၏ ကံက မနေ့ကကဲ့သို့ မကောင်းပေ။ ယနေ့ သူရှာတွေ့သော ကျားအရိုးများက သာမန်သာဖြစ်သည်။ ယင်းတို့က ပထမဆုံး သူရှာတွေ့ခဲ့သော အံ့ဖွယ်ကျားအရိုးကို မယှဉ်နိုင်ပေ။

သို့သော်လည်း ပမာဏများပြားသော အနှစ်သာရချီက ထိုအရိုးများထဲမှာ ကိန်းအောင်းနေသည်။ တချို့အရိုးများဆိုလျှင် ရိုင်းစိုင်းကြမ်းကြုတ်သော ကျားရဲအရှိန်အဝါကိုပင် ထုတ်လွှတ်နေသည်။ ရှင်းလင်းစွာပင် သူတို့က အသက်ရှင်ခဲ့စဉ်မှာ ကျားမျိုးနွယ်၏ ပညာရှင်မိစ္ဆာကျင့်ကြံသူများ ဖြစ်ခဲ့ကြသည်။ သို့သော်လည်း အဆုံးသတ်မှာ သူတို့က အချိန်မြစ်ထဲမှာ အမြစ်ဖြတ်သုတ်သင်ခံလိုက်ရဆဲပင်။

လောကကြီးကို မေးစမ်းပါရစေ… ။

ဘယ်သူက ထာဝရ အသက်ရှင်နိုင်ပါသလဲ… ။

ဘယ်သူက ထာဝရမသေမျိုး ဖြစ်လာနိုင်ပါသလဲ… ။

မည်သည့်သက်ရှိမဆို သေခြင်းရှင်ခြင်းစက်ဝန်းမှ ရုန်းထွက်ရန် အလွန်ခက်ခဲပေသည်။

သီရှီထျန်က အရိုးဖြူစွန့်ပစ်ကုန်းမြေမှာ နှစ်ရက်ကြာအောင် နေထိုင်ခဲ့သည်။ ထိုအတောအတွင်းမှာ သူ့အတွက် အသုံးဝင်သော ကျားမျိုးနွယ်အရိုးစု(၁၉)စုံကို ရှာတွေ့ခဲ့သည်။ သူက ကျားမျိုးနွယ်စု၏ အရိုးများကို ထိုထက် ပိုများပြားစွာ ရှာတွေ့ခဲ့သည်။ သို့သော်လည်း ယင်းတို့က အပြည့်အစုံမဟုတ်ဘဲ တချို့တဝက်က ပျက်စီးနေသည်။ ယင်းတို့ထဲမှ စွမ်းအင်အနှစ်သာရသည်လည်း ကုန်ခမ်းနေသည်။ ယင်းတို့ကို လက်နက်သန့်စင်ခြင်းတွင် အသုံးမပြုနိုင်ပေ။

သူက တစ်ဒါဇင်ထက်ပိုသော အရိုးစုအစုံများကို ရှာတွေ့ခဲ့သည်။ ယင်းတို့က အလွန်အမင်း ရှည်လျားကြသည်။ ကျားဝိညာဉ်ဓားမော့ကို ဖန်တီးသန့်စင်ရန် ကျားအရိုးများ လုံလောက်သွားပြီဟု သီရှီထျန် တွေးမိသွားသည်။

ထို့ကြောင့် သူက အရိုးဖြူစွန့်ပစ်ကုန်းမြေမှာ ဆက်မနေတော့ဘဲ အပြင်သို့ ထွက်သွားသည်။

သူ၏ စိတ်ထဲမှာ ဒေါသကို အပြည့်အဝ ချုပ်တည်းထားသည်။ ထိုခွေးစုံတွဲကို အပြတ်မရှင်းနိုင်မချင်း သူ့နှလုံးသားထဲမှ ဒေါသက ပျောက်ကွယ်သွားမည် မဟုတ်ချေ။ ထိုအစော်ကားခံရမှုအတွက် သေချာပေါက် သူလက်စားပြန်ချေမည်။

“ ရွှတ် ”

သီရှီထျန်သည် မိစ္ဆာလေကို စီးနင်း၍ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ အမြန်ပြန်သွားသည်။ သူက သူ့ကိုယ်ပိုင်လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားသည်။ ထိုစဉ် ချီဟောင်က သူ့အနောက်မှ လိုက်လာပြီး သူ့အား မေးမြန်းသည်။

“ အရှင်မင်းကြီး… အရှင်မရှိတဲ့အချိန်မှာ ကြွက်တစ်ကောင်က အရှင်မင်းကြီးနဲ့ တွေ့ဖို့ ချိုင့်ဝှမ်းဆီ ရုတ်တရက် ရောက်လာပါတယ်… ကျွန်တော် သူ့ကို ဘယ်လိုစီစဉ်ရမလဲ ”

All Chapters