အခန်း ၂၈၂
Vol. 19 Ch. 282
အခန်း(၂၈၂)
ကြွက်စစ်သူကြီးသည် မြေအောက်လောကထဲမှ ကြွက်မျိုးနွယ်စုကို စုစည်းပြီးနောက် သီရှီထျန်ကို အကျိုးအကြောင်းတင်ပြရန် အမြန်ရောက်လာသည်။ သီရှီထျန်၏ အံ့ဖွယ်စွမ်းအားကို မြင်တွေ့ပြီးနောက် သူက အလုပ်ကို နည်းနည်းမှ မနှောင့်နှေးဝံ့ချေ။ ထို့ကြောင့် မနေ့ညတွင် သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ရောက်လာခဲ့သည်။ ကံမကောင်းသည်မှာ သူက ချီဟောင်နှင့် တွေ့ဆုံသွားခဲ့သည်။ အကယ်၍ ကြွက်စစ်သူကြီးသာ သီရှီထျန်၏ အမည်ကို ချက်ချင်း ထုတ်မပြောခဲ့လျှင် သူက နေရာမှတင် ကြွက်ကင်ဖြစ်သွားလိမ့်မည်။
“ ကောင်းပြီ… သူ့ကို မြေအောက်လောကထဲက ကြွက်မျိုးနွယ်စုကို အုပ်ချုပ်ခိုင်းလိုက်ပါ… ပြီးတော့ ကြွက်မျိုးနွယ်စုထဲက သန်မာတဲ့ ကြွက်ဒါဇင်ခန့်ကို ရွေးချယ်ခိုင်းပြီး ချိုင့်ဝှမ်းဆီ စေလွှတ်ခိုင်းလိုက်ပါ… အဲ့ဒီကြွက်တွေက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲက သားရဲတွေလိုပဲ တန်းတူညီတူ ဆက်ဆံခံရမယ်… သူတို့က ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးလာဖို့ မျောက်မင်းဝိုင်ကို နေ့စဉ် သောက်သုံးခွင့်ရကြမယ်… တကယ်လို့ သူတို့တွေ ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးလာရင် မင်းက သူတို့တွေကို သစ္စာရှိလာအောင် သေချာသင်ကြားပေးပါ… သူတို့က ငါ့အပေါ်နဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းအပေါ်မှာ သစ္စာရှိရမယ် ”
ယင်းကို သီရှီထျန် ကြားသောအခါ သူက မျက်လုံးဝင်းလက်သွားပြီး ချက်ချင်း အမိန့်ပေးသည်။
“ ဧရာမကြွက်က ဉာဏ်များတယ်… လောလောဆယ် သူက ငါ့ဆီမှာ အညံ့ခံနေပေမဲ့ အနာဂတ်မှာ သူက ငါ့ကို သစ္စာဖောက်နိုင်လောက်တယ်… ဒါကြောင့် ငါတို့က ကြွက်မျိုးနွယ်စုထဲမှာ ငါတို့အပေါ် သစ္စာရှိလာမယ့် ကြွက်တွေကို ပျိုးထောင်ပေးရလိမ့်မယ် ”
“ ဘာလုပ်ရမလဲဆိုတာ ကျွန်တော်သိပါပြီ အရှင်မင်းကြီး ”
ချီဟောင်က လေးနက်စွာ ပြန်ပြောလိုက်သည်။ သူ၏ အကြည့်က အေးစက်နေသည်။
“ ငါအမိန့်ချမှတ်တယ်… အခုကစပြီး ငါတံခါးပိတ်ကျင့်ကြံတော့မယ်… မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရဲ့ သေရေးရှင်ရေးကိစ္စမဟုတ်ရင် ဘယ်သူမှ ငါ့ကို လာမနှောင့်ယှက်ရဘူး… ငါ့ဘာသာ အပြင်ပြန်ထွက်လာတာ မဟုတ်ရင် ဘယ်သူမှ လှိုဏ်ဂူထဲ ဝင်လာပြီး ငါ့ကို အနှောင့်အယှက်မပေးရဘူး… အမိန့်မနာခံသူတွေက ချွင်းချက်မရှိ အသတ်ခံရမယ် ”
သီရှီထျန်က နောက်ဆုံးစကားကို အေးစက်စက် လေသံဖြင့် ပြောသည်။ ယင်းကို ကြားလိုက်သည့်အခါ ချီဟောင်၏ နှလုံးက ရုတ်တရက် တင်းကျပ်သွားသည်။
သဏ္ဍာန်မဲ့ဖိအားက သူ့အပေါ်သို့ ကျဆင်းလာသည့်အလား ချီဟောင် ခံစားမိသွားသည်။ သူ၏ နှလုံးသည်ပင် ဆက်မခုန်တော့ဘဲ ရပ်တန့်သွားဟန် ရ၏။ သူက တုန်ယင်သွားပြီး တည်ကြည်လေးနက်စွာ ပြောသည်။
“ စိတ်ချပါ အရှင်မင်းကြီး… လှိုဏ်ဂူအပြင်မှာ ကျုပ်ကိုယ်တိုင် စောင့်ကြပ်ပေးပါမယ်… လှိုဏ်ဂူထဲ ဝင်ရောက်ချင်တဲ့လူတွေက ကျုပ်ကို အရင်ဆုံး ဖြတ်ကျော်နိုင်ရပါမယ် ”
ချီဟောင်က စိတ်ဓာတ်ပြတ်သားစွာ ပြောသည်။
ချီဟောင်ထွက်သွားပြီးနောက် သီရှီထျန်က ကျောက်တုံးကြီးတစ်ခုကို လှိုဏ်ဂူအဝမှာ ထားလိုက်ပြီး လှိုဏ်ဂူကို ချိပ်ပိတ်လိုက်သည်။ ထို့ပြင် သူက လှိုဏ်ဂူအတွင်းပိုင်းထဲမှာ အခြေခံစည်းချအစီအရင်တချို့ကို ခင်းကျင်းလိုက်သည်။
“ ဟွန့်… အဲ့ဒီခွေးစုံတွဲကို ငါမသတ်ရရင် ငါသီရှီထျန်က မိစ္ဆာလို့ မခေါ်ထိုက်ဘူး ”
သီရှီထျန်က အံတင်းတင်းကြိတ်လိုက်ပြီး စိတ်ထဲမှာ ကြုံးဝါးလိုက်သည်။ အစတွင် သူက အနည်းငယ် တုံ့ဆိုင်းနေသေးသည်။ သို့သော်လည်း ယခုအချိန်မှာ မည်သည့်အရာမှ သူဂရုမစိုက်တော့ပေ။ ဤတစ်ကြိမ်တွင် သူက ကျားဝိညာဉ်ဓားမော့ကို ဖန်တီးသန့်စင်ရုံသာမက ဒုတိယမြောက် မိစ္ဆာသွေးကြောကို ဖွဲ့စည်းရန်လည်း ရည်ရွယ်ထားသည်။ နောက်တစ်ဆင့်သို့ သူတတ်လှမ်းသွားမှသာလျှင် ထိုခွေးစုံတွဲကို သူသတ်နိုင်လိမ့်မည်။ မည်သို့ဖြစ်ပါစေ ထိုနှစ်ယောက်က အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ကို ရင်ဆိုင်ရန် မလွယ်ကူပေ။
ထို့ကြောင့် သီရှီထျန်သည် ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုမရှိဘဲ သူတို့ကို လက်စားသွားချေမည် မဟုတ်ချေ။
အဆင့်ချိုးဖြတ်ရမယ်… ။
အဆင့်ချိုးဖြတ်သွားပြီး ကျားဝိညာဉ်ဓားမော့ကို သူပိုင်ဆိုင်သွားသည့်အခါမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလိမ့်မည်။
ဤတစ်ကြိမ်တွင် သူတွေ့ကြုံခဲ့သော သေခြင်းရှင်ခြင်းအခြေအနေက သူ့အား ပိုပြီးသန်မာလာရန် အမြန်လှုံ့ဆော်ပေးသည်။ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူနှစ်ယောက်သည်ပင် သူ့အသက်ကို နုတ်ယူပစ်နိုင်စွမ်းရှိသည်။ ထိုသို့ဆိုလျှင် သူ့အမေနှင့် ညီလေးကို သားရဲတစ်သောင်းဂိုဏ်း၏ လက်ထဲမှ မည်သို့ သူကယ်တင်နိုင်မည်နည်း။
မိစ္ဆာသွေးကြောဖွဲ့စည်းခြင်းက အလွန်အန္တရာယ်များသည်။ ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောကို သူဖွဲ့စည်းပြီးနောက် အနာဂတ်မှာ သူက စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး မိစ္ဆာသွေးကြောများကိုသာ ဖွဲ့စည်းနိုင်တော့သည်။ တခြားမိစ္ဆာသွေးကြောများကို မဖွဲ့စည်းနိုင်ပေ။ သို့သော်လည်း လိုအင်ဆန္ဒမိစ္ဆာသွေးကြောများသည် လွန်စွာ အံ့ဖွယ်ကောင်းသည်။ မိစ္ဆာသွေးကြောတစ်ခု ဖွဲ့စည်းသည့်အခါတိုင်း သေခြင်းရှင်ခြင်းစိန်ခေါ်မှုကို သူဖြတ်ကျော်ရလိမ့်မည်။ ယင်းက ခက်ခဲသော စမ်းသပ်မှုတစ်ခု ဖြစ်သည်။
ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောကို သူဖွဲ့စည်းခဲ့သည့်အချိန်မှာ ဤလောကမှ သက်ရှိအားလုံး၏ ဝမ်းနည်းမှုက သူ့ဆီသို့ စုပြုံကျရောက်လာသည်။ ထို့ကြောင့် သူ၏ အသိစိတ်က ဝမ်းနည်းမှုထဲမှာ နစ်မြုပ်သွားသည်။ မြစိမ်းကုချင်းနှင့် နှလုံးသားသန့်စင်ဗုဒ္ဓသီချင်းကြောင့်မဟုတ်လျှင် သူ၏ အသိစိတ်ကို ပြန်ထိန်းသိမ်းနိုင်လိမ့်မည် မဟုတ်ချေ။ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်းကို နားထောင်ပြီးမှသာ သူ၏ အသိစိတ်က ဝမ်းနည်းမှုနှင့် တဖြည်းဖြည်း ပေါင်းစပ်သွားသည်။ အမှန်မှာ ယင်းကို ပေါင်းစပ်ခြင်းဟု ပြောမည့်အစား တဖြည်းဖြည်း အသားကျသွားသည်ဟု ပြောလျှင် ပိုပြီးမှန်လိမ့်မည်။ ထိုလုပ်ငန်းစဉ်က နှစ်ဝက်ကျော်ကြာအောင် အချိန်ယူခဲ့ရသည်။
ယင်းကို ကြည့်ခြင်းအားဖြင့် စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး မိစ္ဆာသွေးကြောများက မည်မျှအန္တရာယ်များကြောင်း သိနိုင်ပေသည်။
အကယ်၍ ငြိမ်းငြိမ်းချမ်းချမ်းကာလမှာဆိုလျှင် သူက လောကီကိစ္စများကို ဘေးချိတ်ထားနိုင်ပြီး တခြားမည်သည့်အရာကိုမှ စဉ်းစားရန်မလိုလျှင် တစ်နှစ် သို့မဟုတ် နှစ်နှစ် တံခါးပိတ်ကျင့်ကြံခြင်းက သူ့အတွက် ပြဿနာမဟုတ်ပေ။ သူက ကျင့်ကြံခြင်းထဲမှာ အပြည့်အဝ စိတ်နှစ်ထားနိုင်လိမ့်မည်။ သို့သော်လည်း ယခု အခြေအနေက ထိုသို့မဟုတ်ပေ။ ကိစ္စများက တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေသည်။ သူ့မှာ အေးအေးဆေးဆေး ကျင့်ကြံရန် အချိန်အလုံအလောက်မရှိပေ။
သို့ဖြစ်၍ သူက အန္တရာယ်များသော စိန်ခေါ်မှုကို ရင်ဆိုင်ရန် ရွေးချယ်လိုက်သည်။
“ စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုအင်ဆန္ဒခြောက်မျိုး မိစ္ဆာသွေးကြောတွေက ထိန်းချုပ်ဖို့ အရမ်းခက်ခဲတယ်… အဲ့ဒါတွေက သက်ရှိအားလုံးရဲ့ လိုအင်ဆန္ဒတွေ ဖြစ်တယ်… အဲ့ဒါတွေကို ဖိနှိပ်ဖို့ အရမ်းခက်ခဲတယ်… အခု ငါက အဲ့ဒါတွေကို ထိန်းချုပ်ဖို့ မလုပ်နိုင်သေးသလို မိစ္ဆာသွေးကြောနဲ့ ပေါင်းစပ်ဖို့လည်း အချိန်အများကြီး မပေးနိုင်ဘူး… အဲ့လိုဆိုမှတော့ ငါ့အပေါ် သက်ရောက်မှုနည်းနည်းပဲ ပေးနိုင်တဲ့ လိုအင်ဆန္ဒတစ်မျိုးကို ရွေးချယ်ရမယ် ”
သီရှီထျန်သည် ထိုပြဿနာကို ဟိုးယခင်ကတည်းက စဉ်းစားခဲ့သည်။
စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးအတွက် စုစုပေါင်း မိစ္ဆာသွေးကြောဆယ့်သုံးခု ရှိသည်။ ယင်းတို့က ဤလောကမှ သက်ရှိအားလုံး၏ စိတ်ခံစားချက်များနှင့် လိုအင်ဆန္ဒများမှ ဖွဲ့စည်းသွားကြခြင်း ဖြစ်သည်။ သို့သော်လည်း လိုအင်ဆန္ဒများသည် တစ်ခုနှင့်တစ်ခု မတူကွဲပြားကြသည်။
ဥပမာ လိုအင်ဆန္ဒခြောက်မျိုးထဲတွင် အရသာခံခြင်းလိုအင်ဆန္ဒ ရှိသည်။ ယင်းက အစားအစာများနှင့် သောက်စရာများ၏ အရသာကို ခံစားနိုင်သောအရာ ဖြစ်သည်။
သတ္တဝါများသည် ကောင်းမွန်သော အစားအစာများနှင့် သောက်စရာများကို အထူးနှစ်ချိုက်ကြသည်။ ထို့ကြောင့် သူတို့၏ စိတ်ထဲမှာ အစားကောင်းစားချင်သော လိုအင်ဆန္ဒ ဖြစ်ပေါ်လာသည်။
စားမယ်… သောက်မယ်…
တစ်စုံတစ်ယောက်ဆီမှာ အရသာခံခြင်းလိုအင်ဆန္ဒ ဖြစ်ပေါ်လာလျှင် သူက အစားကောင်းစားရန် အမြဲတမ်း တောင့်တလာလိမ့်မည်။ ယင်းက သူတို့၏ အစားစားချင်စိတ်ကို မြှင့်တင်ပေးနိုင်ရုံသာမက အရသာရှိသော အစားအစာများအပေါ် လောဘစိတ်ကိုလည်း ဖြစ်ပေါ်စေသည်။ လိုအင်ဆန္ဒ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားသူသည် အမြဲတမ်း အစားစားချင်စိတ် ဖြစ်ပေါ်နေလိမ့်မည်။ အဆိုးဆုံးအခြေအနေသို့ ကျရောက်သွားလျှင် သူက မြင်မြင်သမျှ အရာအားလုံးကို စားပစ်လိမ့်မည်။
သို့သော်လည်း ယင်းက တခြားစိတ်ခံစားချက်ခုနစ်မျိုး၊ လိုအင်ဆန္ဒခြောက်မျိုးဖြင့် နှိုင်းယှဉ်သော် အများကြီး ပိုလွယ်ကူသည်။ စိတ်ခံစားချက်ခုနစ်မျိုးသည် သူ့အား အကန့်အသတ်မဲ့သော လိုအင်ဆန္ဒထဲမှာ နစ်မြုပ်သွားစေလိမ့်မည်။ အကယ်၍ သူက လိုအင်ဆန္ဒထဲမှာ နစ်မြုပ်သွားလျှင် သူ့ကိုယ်ပိုင်အသိစိတ်ကို ထာဝရ ဆုံးရှုံးသွားလိမ့်မည်။ ထိုအခါ သူက လိုအင်ဆန္ဒ၏ ကျေးကျွန် ဖြစ်လာလိမ့်မည်။
အခြားတစ်ဖက်မှာတော့ လိုအင်ဆန္ဒခြောက်မျိုးသည် စိတ်ခံစားချက်ခုနစ်မျိုးနှင့် နှိုင်းယှဉ်သော် အများကြီး ပိုသက်သာသည်။ လိုအင်ဆန္ဒခြောက်မျိုးကို ရွေးချယ်ခြင်းက စိတ်ခံစားချက်ခုနစ်မျိုးကို ရွေးချယ်ခြင်းထက် အများကြီး ပိုကောင်းမွန်သည်။ အနည်းဆုံးတော့ သူ့ကိုယ်ပိုင်အသိစိတ်က လိုအင်ဆန္ဒထဲသို့ ကျရောက်သွားလိမ့်မည် မဟုတ်ချေ။
စိတ်ခံစားချက်ခုနစ်မျိုးသည် ပျော်ရွှင်မှု၊ ဒေါသ၊ စိုးရိမ်မှု၊ စွဲလန်းမှု၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ ဖြစ်ကြသည်။ လိုအင်ဆန္ဒခြောက်မျိုးသည် အမြင်၊ အကြား၊ အနံ့ခံခြင်း၊ အရသာခံခြင်း၊ အထိအတွေ့နှင့် တွေးတောခြင်းတို့ ဖြစ်ကြသည်။
လိုအင်ဆန္ဒခြောက်မျိုးထဲမှ အမြင်လိုအင်ဆန္ဒသည် တစ်စုံတစ်ယောက်ကို အသိစိတ်လွတ်သွားစေနိုင်သည်။ တစ်စုံတစ်ယောက်သည် သူမမြင်သင့်သော အရာကို ချောင်းကြည့်ရန် သို့မဟုတ် ခိုးကြည့်ရန် စိတ်အားထက်သန်လာလျှင် အမြင်လိုအင်ဆန္ဒဖြစ်ပေါ်လာလိမ့်မည်။ ထိုသို့စူးစမ်းလိုစိတ်က အလွန်ကျယ်ပြောသည်။ လိုအင်ဆန္ဒခြောက်မျိုးစလုံးသည် မကောင်းသောအရာများ ဖြစ်ကြသည်။
အကြားလိုအင်ဆန္ဒက နားနှင့်သက်ဆိုင်ပြီး အနံ့ခံခြင်းလိုအင်ဆန္ဒက နှာခေါင်းနှင့် သက်ဆိုင်နေသည်။ တစ်နည်းဆိုရသော် လိုအင်ဆန္ဒခြောက်မျိုးထဲမှ အများစုက ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် သက်ဆိုင်နေသည်။ အကယ်၍ သူသာ လိုအင်ဆန္ဒများ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားမည်ဆိုလျှင် နောက်ဆက်တွဲက မတွေးကြည့်ဝံ့စရာပင်။ သို့သော် ယင်းတို့က စိတ်ခံစားချက်ခုနစ်မျိုးထက် အများကြီး ပိုသက်သာသည်။
အစက သီရှီထျန်သည် စိတ်ခံစားချက်ခုနစ်မျိုးထဲမှ ပျော်ရွှင်မှုကို ရွေးချယ်ရန် စဉ်းစားခဲ့သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ထိုအတွေးကို ချက်ချင်း သူပယ်ဖျက်လိုက်သည်။ “ ပျော်ရွှင်မှု ”သည် ဤလောကထဲမှ သက်ရှိများ၏ ဝမ်းသာပျော်ရွှင်မှုကို ကိုယ်စားပြုသည်။ ထို့ကြောင့် အကယ်၍ သူက ပျော်ရွှင်မှုမိစ္ဆာသွေးကြောကို ဖွဲ့စည်းလိုက်မည်ဆိုလျှင် သက်ရှိအားလုံး၏ ပျော်ရွှင်မှုက သူ့အပေါ် သက်ရောက်လာလိမ့်မည်။ ထိုအခါကျလျှင် သူက စိတ်ပျော်ရွှင်သွားပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်အောင် အမြဲရယ်မောနေလိမ့်မည်။
ရယ်မောခြင်းသည် ကောင်းမွန်သောအရာ ဖြစ်သည်။ သို့သော်လည်း အမြဲတမ်း ရယ်မောနေခြင်းက တစ်စုံတစ်ယောက်၏ စိတ်အခြေအနေကို ဆိုးဝါးစွာ ထိခိုက်စေနိုင်သည်။ အကယ်၍ သူက ပျော်ရွှင်မှုထဲမှာ ပိတ်မိနေပြီး အပြင်သို့ ပြန်ထွက်မလာနိုင်လျှင် ယင်းက ကပ်ဘေးတစ်ခု ဖြစ်လိမ့်မည်။
ထို့ကြောင့် သီရှီထျန်သည် စိတ်ခံစားချက်ခုနစ်မျိုးကို ယာယီလက်လျော့လိုက်ပြီး လိုအင်ဆန္ဒခြောက်မျိုးကို အရင်ဦးစွာ ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်သည်။ အနာဂတ်မှာ သူက လိုအင်ဆန္ဒစွမ်းအား၏ ပေါက်ကွဲမှုကို ဖြေရှင်းနိုင်သော နည်းလမ်းများကို ရှာဖွေလိမ့်မည်။ သို့မဟုတ်လျှင် အနာဂတ်မှာ သူဒုက္ခတွေ့နိုင်သည်။
“ အရသာခံခြင်းမိစ္ဆာသွေးကြောကို ဖွဲ့စည်းမယ် ”
အချိန်အတန်ကြာ တွေးတောပြီးနောက် သီရှီထျန်သည် လိုအင်ဆန္ဒခြောက်မျိုးထဲမှ အရသာခံခြင်းကို ရွေးချယ်လိုက်သည်။ သူက ယင်းကို အစကတည်းက စိတ်ဝင်စားနေခဲ့သည်။ မည်သို့ဖြစ်ပါစေ အရသာခံခြင်းက သိပ်ဆိုးဝါးသောအရာ မဟုတ်ပေ။ အစားစားခြင်းသည် တခြားလိုအင်ဆန္ဒများထက် ပိုပြီးထိန်းချုပ်ရ လွယ်ကူပေသည်။ အကယ်၍ သူက အစားစားခြင်းကို စွဲလန်းသွားမည်ဆိုလျှင်ပင် ကိစ္စမရှိပေ။ သူက နဂိုကတည်းက အစားကောင်းစားရသည်ကို သဘောကျသူဖြစ်သည်။ သူက မသေမျိုးကျင့်ကြံသူများကဲ့သို့ နှစ်ထောင်ချီ အစားမစားဘဲ ကျင့်ကြံရန် ဆန္ဒမရှိပေ။ အစားစားခြင်းသည် သတ္တဝါများ၏ ပင်ကိုယ်ဗီဇ ဖြစ်သည်။ အထူးသဖြင့် မိစ္ဆာများသည် အစားမစားဘဲ မနေနိုင်ပေ။ သူတို့သည် တခြားသတ္တဝါများထံမှ သွေးချီအနှစ်သာရကို မဖြစ်မနေ စုပ်ယူကြရသည်။ သူတို့သည် သွေးအစာထဲမှ သွေးချီအနှစ်သာရကို များများစုပ်ယူနိုင်လေ ပိုပြီးအစွမ်းထက်လေ ဖြစ်သည်။
သို့ဆိုမှတော့ အကယ်၍ သူက အစားစားခြင်းကို စွဲလန်းသွားမည်ဆိုလျှင်ပင် ကြီးကြီးမားမား ပြဿနာမရှိပေ။
“ ဝှစ် ”
အရာအားလုံးကို အသေးစိတ်တွေးတောပြီးနောက် သူက သိုလှောင်အိတ်ကို တစ်ချက်ပုတ်လိုက်သည်။ ထိုအခါ နောက်ထပ် သိုလှောင်အိတ်များက သူ၏ အရှေ့မှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုသိုလှောင်အိတ်များကို သူပုတ်လိုက်သည့်အခါ အရောင်အသွေးစုံလင်သော ဝိညာဉ်ကျောက်တုံးများက အပြင်မှာ ဆက်တိုက် ထွက်ပေါ်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဝိညာဉ်ကျောက်တုံးများက သူ့အရှေ့တွင် ချတောင်ပို့တစ်ခုပမာ စုပုံသွားသည်။
ဝိညာဉ်ကျောက်တုံးများသည် အရေအတွက်တစ်ထောင်ထက် မနည်းပေ။ သို့သော်လည်း ယင်းတို့၏ အရည်အသွေးက မကောင်းမွန်ပေ။ အများစုက အဆင့်နိမ့်အဆင့် ဝိညာဉ်ကျောက်တုံးများသာ ဖြစ်ကြသည်။ သို့သော်လည်း အဆင့်မြင့်အဆင့် ဝိညာဉ်ကျောက်တုံးများ တချို့တလေ ပါဝင်သည်။ တစ်ခုသိထားရမည်မှာ ဝိညာဉ်ကျောက်တုံးများ၏ အဆင့်ခွဲခြားမှုတွင် ကြီးမားသော ခြားနားမှုမရှိပေ။ တစ်ခုတည်းသော ခြားနားမှုက အရည်အသွေးဖြစ်သည်။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးက အဆင့်နိမ့်အဆင့် ဝိညာဉ်ကျောက်တုံးတစ်ရာနှင့် ညီမျှသည်။ ထို့နည်းတူပင် အဆင့်မြင့်အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်ရာနှင့် ညီမျှသည်။ သို့ဖြစ်၍ သီရှိထျန်၏ ချမ်းသာကြွယ်ဝမှုက အတော်လေး ကြီးမားသည်ဟု ဆိုနိုင်သည်။
တစ်စုံတစ်ယောက်သည် သက်စောင့်မိစ္ဆာလက်နက်တစ်ခု သန့်စင်ချင်လျှင် တမူထူးခြားသော သွေးသန့်စင်ခြင်းအစီအရင်ကို အရင်ဆုံး ခင်းကျင်းရလိမ့်မည်။ အစီအရင်၏ စွမ်းအားဖြင့်သာလျှင် သွေးမီးတောက်ကို ထုတ်လွှတ်နိုင်လိမ့်မည်။ သူ၏ သွေးအနှစ်သာရ ပါဝင်သော သွေးမီးတောက်ဖြင့် သန့်စင်ပေးမှသာလျှင် ဓမ္မလက်နက်ထဲသို့ သူ၏ သွေးအနှစ်သာရက ဖြည်းဖြည်းချင်း စိမ့်ဝင်သွားလိမ့်မည်။
ထိုနည်းဖြင့်ဆိုလျှင် သူ၏ သွေးအနှစ်သာရက ဓမ္မလက်နက်နှင့် တစ်သားတည်း ပေါင်းစည်းသွားလိမ့်မည်။ ထိုအခါ ဓမ္မလက်နက်သည် သူ့ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး အမြဲတမ်း သူနှင့်အတူရှိနိုင်လိမ့်မည်။
ထို့ကြောင့် သက်စောင့်မိစ္ဆာလက်နက်သန့်စင်ခြင်းတွင် သွေးသန့်စင်ခြင်းအစီအရင်က အလွန်အရေးကြီးသည်။