← Chapters

အခန်း ၂၈၃

Vol. 19 Ch. 283

အခန်း ၂၈၃

Vol. 19 Ch. 283

အခန်း(၂၈၃)

သီရှီထျန်သည် ကုချင်းချိုင့်ဝှမ်းမှာ သူနေထိုင်ခဲ့စဉ်က အနာဂတ်မှာ ဝိညာဉ်ကျောက်တုံးအများအပြားကို သူလိုအပ်လာလိမ့်မည်ဟု တွေးခဲ့သည်။ ယခင် သူစုဆောင်းထားခဲ့သော ဝိညာဉ်ကျောက်တုံးများက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို သန့်စင်ပြီးနောက် ကုန်ဆုံးသွားခဲ့သည်။ ထို့ကြောင့် သူက လူသားလောကထဲတွင် မျောက်မင်းဝိုင်တချို့ကို ကျင့်ကြံသူများထံမှ ဝိညာဉ်ကျောက်တုံးများဖြင့် လဲလှယ်ခဲ့သည်။ မျောက်မင်းဝိုင်တစ်ကရားက ဝိညာဉ်ကျောက်တုံးနှစ်ထောင် တန်ကြေးရှိသည်။ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများဆိုလျှင် အရေအတွက်နှစ်ဆယ်ဖြင့် လဲလှယ်နိုင်သည်။

ထို့ကြောင့် ယခု သူ့အရှေ့မှာ အဆင့်မြင့်အဆင့် ဝိညာဉ်ကျောက်တုံးများက အရေအတွက်တစ်ရာခန့်ရှိပြီး အဆင့်နိမ့်အဆင့် ဝိညာဉ်ကျောက်တုံးများက အရေအတွက်သုံးလေးထောင်ခန့် ရှိသည်။ အဆင့်မြင့်အဆင့် ဝိညာဉ်ကျောက်တုံးအားလုံးသည် မီးဒြပ်စင်အထူးပြု ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသည်။ သွေးသန့်စင်ခြင်းအစီအရင်ကို ခင်းကျင်းသည့်အခါ မီးဒြပ်စင်အထူးပြု ဝိညာဉ်ကျောက်တုံးများကိုသာလျှင် အသုံးပြုရသည်။

သီရှီထျန်က သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ဘူးသီးခြောက်တစ်ခုက သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ သူက ဘူးသီးခြောက်အဖုံးကို ဖွင့်လိုက်ပြီး တစ်ကျိုက်ပြီးတစ်ကျိုက် မော့ချလိုက်သည်။ ချက်ချင်းဆိုသလိုပင် ပယင်းရောင်ရှိသော အရည်က သူ၏ လည်ချောင်းထဲသို့ ဒလဟော စီးဝင်သွားသည်။ ဝိုင်နတ်ဘုရားဘူးသီးခြောက်၏ အာဟာရဖြည့်ပေးမှုကြောင့် မျောက်မင်းဝိုင်ထဲမှ ဝိညာဉ်စွမ်းအားက ယခင်ထက် ပိုများပြားလာသည်။

သိပ်မကြာမီ ပူနွေးသော လေစီးကြောင်းတစ်ခုက သူ၏ ဝမ်းဗိုက်ထဲမှာ ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးသို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။

ကျင့်စဉ်ကို သူလှည့်ပတ်လိုက်သည့်အခါ ပူနွေးသော လေစီးကြောင်းက သူ၏ မရီဒျန်များထဲမှာ ဖြတ်သန်းစီးဆင်းသွားသည်။ ထိုမှတဖန် လေစီးကြောင်းက မိစ္ဆာစံအိမ်နှင့် မိစ္ဆာသွေးကြောထဲသို့ ဝင်ရောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ထိုလေစီးကြောင်းက မိစ္ဆာသန့်စင်ခြင်းမီးဖို၏ သန့်စင်ပေးမှုကြောင့် ပမာဏများပြားသော မိစ္ဆာချီအဖြစ် ပြောင်းလဲသွားသည်။ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲတွင် မိစ္ဆာအရည်က သိသာစွာ ပိုတိုးပွားလာသည်။ မိစ္ဆာချီ တိုးပွားလာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်က မယုံကြည်နိုင်စရာကောင်းသော အလျင်ဖြင့် ပြန်သက်သာလာသည်။

ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်အနှစ်သာရ၊ သွေးချီနှင့် စိတ်ဝိညာဉ်က အထွတ်အထိပ်သို့ ရောက်ရှိသွားကြသည်။

စွမ်းအင်အနှစ်သာရ၊ သွေးချီနှင့် စိတ်ဝိညာဉ်သည် ရုပ်ခန္ဓာကိုယ်ထဲမှာ တည်ရှိနေသော ရတနာသုံးမျိုး ဖြစ်သည်။

မျောက်မင်းဝိုင်သည် ကျင့်ကြံခြင်းစွမ်းအားကို တိုးမြှင့်ပေးနိုင်ရုံသာမက စွမ်းအင်အနှစ်သာရ၊ သွေးနှင့် စိတ်ဝိညာဉ်ကို အားဖြည့်ပေးရာတွင်လည်း အလွန်ထိရောက်မှုရှိသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ခန္ဓာကိုယ်က အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားသည်။

သူက တစ်ခဏကြာ မျက်စိမှိတ်လိုက်ပြီး အတွေးအားလုံးကို စုစည်းလိုက်သည်။ စိတ်တည်ငြိမ်သွားသည့်အခါမှ သူက မျက်လုံးပြန်ဖွင့်လိုက်သည်။ တောက်ပသော အလင်းတန်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အဆင့်မြင့်အဆင့် မီးဒြပ်စင်ဝိညာဉ်ကျောက်တုံးများကို ကောက်ယူလိုက်ပြီး သွေးသန့်စင်ခြင်းအစီအရင်ကို ခင်းကျင်းလိုက်သည်။ သွေးသန့်စင်ခြင်းအစီအရင်အတွက် အဆင့်မြင့်အဆင့် မီးဒြပ်စင်ဝိညာဉ်ကျောက်တုံးများက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ သူက ဝိညာဉ်ကျောက်တုံး တစ်တုံးပြီးတစ်တုံးကို ကောက်ယူလိုက်ပြီး မတူညီသော ထောင့်များတွင် နေရာချထားလိုက်သည်။ ရုတ်တရက်ကြည့်လျှင် သူ၏ နေရာချထားမှုက ရှုပ်ပွနေဟန် ရ၏။ သို့သော်လည်း သေချာကြည့်မည်ဆိုလျှင် ယင်းတို့က အစီအစဉ်တကျ ရှိနေကြောင်း မြင်ရလိမ့်မည်။ ထို့ပြင် ဝိညာဉ်ကျောက်တုံး တစ်ခုနှင့်တစ်ခုကြားမှာ မမြင်နိုင်သော ဆက်သွယ်မှုတစ်ခု ရှိနေဟန် ရ၏။

သူက အတိတ်မှာ သွေးသန့်စင်ခြင်းအစီအရင်ကို တစ်ခါ ခင်းကျင်းခဲ့ဖူးသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် ယခင်ကထက် အများကြီး ပိုလွယ်ကူသွားသည်။ မည်သို့ အဆင့်ဆင့် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း သူသိသည်။ သို့ဖြစ်၍ စက္ကန့်ပိုင်းလေးအတွင်းမှာ ဝိညာဉ်ကျောက်တုံး(၈၁)တုံးက သူ့နေရာနှင့်သူ အစီအစဉ်တကျ ရှိသွားသည်။

အစီအရင်ခင်းကျင်းပြီးနောက် သူက ဘယ်လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ ညာလက်ညှိုးက ဘယ်လက်ကောက်ဝတ်ကို ဝှစ်ခနဲ လှီးဖြတ်လိုက်သည်။ စူးရှသော အလင်းတန်းက ဖြတ်ခနဲ ထွက်ပေါ်လာသည်။ အလင်းတန်း ထွက်ပေါ်လာသည်နှင့်ချက်ချင်း နက်ရှိုင်းသော ဒဏ်ရာက သူ၏ လက်ကောက်ဝတ်ပေါ်မှာ ထွက်ပေါ်လာသည်။

သီရှီထျန်သည် အံတင်းတင်းကြိတ်လိုက်သည်။ သူ၏ မျက်နှာအမူအရာက ဖော်မပြနိုင်အောင် အေးစက်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲ၌ အင်အားတစ်ခု ပေါ်လျှိုးလာသည်။ ရုတ်တရက်ဆိုသလို နီဆွေးသော သွေးစီးကြောင်းတစ်ခုက သူ၏ လက်ကောက်ဝတ်ဒဏ်ရာမှ ပန်းထွက်လာသည်။ သွေးသည် အစီအရင်ခင်းကျင်းထားသော ဝိညာည်ကျောက်တုံးများပေါ်မှာ စွန်းထင်သွားသည်။ ထို့နောက် သွေးသည် အစီအရင်၏ အလယ်ဗဟို၌ ဘောလုံးတစ်လုံးအသွင် စုစည်းသွားသည်။

ယင်းက သွေးချီအနှစ်သာရဘောလုံး ဖြစ်သည်။

“ သွေးချီအနှစ်သာရက အရာအားလုံးကို သန့်စင်ပစ်မယ်… မိစ္ဆာလက်နက်ကို သန့်စင်ပစ်မယ်… သွေးအစီအရင် နိုးထလာလော့ ”

သီရှီထျန်က အော်ပြောလိုက်သည်။ တစ်ချိန်တည်းမှာ သူက လျှို့ဝှက်ဆန်းကြယ်သော ချိပ်တံဆိပ်သင်္ကေတတစ်ခုကို မြန်ဆန်စွာ ဖွဲ့စည်းလိုက်သည်။ ချိပ်တံဆိပ်သင်္ကေတကို ဖွဲ့စည်းလိုက်သည်နှင့်ချက်ချင်း သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီသုံးပုံတစ်ပုံက ကုန်ခမ်းသွားသည်။ နောက်အခိုက်အတန့်မှာ ချိပ်တံဆိပ်သင်္ကေတက အောက်သို့ ကျဆင်းသွားပြီး စည်းချအစီအရင်နှင့် ပေါင်းစည်းသွားသည်။ ထိုအခါ ဝိညာဉ်ကျောက်တုံးများက ထွန်းလင်းတောက်ပသော အနီရောင်အလင်းကို ထုတ်လွှတ်ပေးလိုက်သည်။

ချက်ချင်းဆိုသလိုပင် ဝိညာဉ်ကျောက်တုံးများကြား၌ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခု ရှိလာသည်။ ထို့နောက် ဝိညာဉ်ကျောက်တုံးအားလုံးက ပျောက်ကွယ်သွားကြပြီး ဘေးပတ်ဝန်းကျင်မှ မိုးမြေနှင့် ပေါင်းစည်းသွားသည်။

“ ဘန်း ”

သွေးသန့်စင်ခြင်းအစီအရင် အသက်ဝင်လာသည်နှင့်ချက်ချင်း အလွန်အားကောင်းသော ဝိညာဉ်မီးတောက်က လေထဲမှာ ထွက်ပေါ်လာပြီး သွေးသန့်စင်ခြင်းအစီအရင်ထဲမှ သွေးဘောလုံးနှင့် ပေါင်းစပ်သွားသည်။ “ ရှဲ ရှဲ ”ဟူသော မြည်သံနှင့်အတူ သွေးဘောလုံးက ကိုးကြိမ်တိုင်အောင် ခုန်ပေါက်သွားသည်။ ကိုးကြိမ်ပြီးသွားလျှင် သွေးသန့်စင်ခြင်းအစီအရင်ထဲ၌ သွေးမီးတောက်ဘောလုံးတစ်လုံးသာ ကျန်ရှိတော့သည်။ ရှင်းလင်းစွာပင် သွေးဘောလုံးက ဝိညာဉ်မီးတောက်နှင့် အပြည့်အဝ ပေါင်းစပ်သွားသည်။

ယင်းက သက်စောင့်မိစ္ဆာလက်နက်များကို ဖန်တီးသန့်စင်ပေးနိုင်သော သွေးအနှစ်သာရမီးတောက် ဖြစ်သည်။

“ သက်စောင့်ရင်းမြစ်မီးတောက်… လက်နက်သန့်စင်ဖို့ ကျားအရိုးတွေကို လောင်ကျွမ်းပစ်ပါ ”

ထိုအခိုက်အတန့်မှာ သီရှီထျန်၏ အမူအရာက ဖော်မပြနိုင်အောင် တည်ကြည်လေးနက်သွားသည်။ သူက ကျားမျိုးနွယ်၏ အရိုးစုကို မြန်ဆန်စွာ ထုတ်လိုက်သည်။ ယင်းက ပထမဆုံး သူရှာတွေ့ခဲ့သော ကျားမျိုးနွယ် မိစ္ဆာပညာရှင်တစ်ပါး၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်အရိုး ဖြစ်သည်။ ထိုအရိုးက အလွန်ရှည်လျားပြီး ၎င်း၏ တစ်ကိုယ်လုံးက သလင်းကျောက်ပမာ ထွန်းလင်းတောက်ပသည်။ ကျောက်စိမ်းအလင်းက ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွေ့လျားနေသည်။ ယင်းက ဖော်မပြနိုင်အောင် ထူးခြားအံ့ဖွယ်ကောင်းသည်။ ထို့ပြင် ၎င်းက ရိုင်းစိုင်းကြမ်းကြုတ်သော ကြောက်မက်ဖွယ်အရှိန်အဝါကိုလည်း မထင်မရှား ထုတ်လွှတ်နေသည်။

သီရှီထျန်က သူ့လက်ကို မြှောက်လိုက်ပြီး မပျက်စီးနိုင်သော ထိုကျားအရိုးကို သွေးသန့်စင်ခြင်းအစီအရင်ပေါ်မှာ တင်လိုက်သည်။

“ သန့်စင်မယ် ”

သူက အော်လိုက်သည်။ သူ၏ အမိန့်ပေးမှုအောက်မှာ သက်စောင့်ရင်းမြစ်မီးတောက်က ရုတ်တရက် တဟုန်းဟုန်း တောက်လောင်လာပြီး အရွယ်အစားကြီးမားလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မီးတောက်က ထောင့်တိုင်တစ်ခုပမာ မြင့်မားသွားပြီး ကျားအရိုးကို လောင်ကျွမ်းပစ်လိုက်သည်။

ယင်းက သာမန်မီးလောင်ကျွမ်းခြင်း မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က သေချာဂရုတစိုက် ကြည့်မည်ဆိုလျှင် မီးလောင်ကျွမ်းနေစဉ် မီးတောက်ထဲမှ သွေးချီအနှစ်သာရက ကျားအရိုး၏ အတွင်းပိုင်းထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားနေကြောင်း မြင်ရလိမ့်မည်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။

“ ရွှတ် ”

သီရှီထျန်သည် သွေးမီးတောက်ကို ကြည့်နေရင်း နောက်ထပ် အားထပ်ထည့်လိုက်သည်။ သူ၏ လက်ကောက်ဝတ်ဒဏ်ရာက နောက်တစ်ကြိမ် ထပ်ပွင့်သွားပြီး လတ်ဆတ်သော သွေးက သွေးမီးတောက်ထဲသို့ ဒလဟော စီးဆင်းသွားသည်။

သက်စောင့်ရင်းမြစ်မီးတောက်က သွေးချီအနှစ်သာရကို လောင်ကျွမ်းပစ်လိုက်သည်။ မီးတောက်၏ အဆက်မပြတ် လောင်ကျွမ်းမှုအောက်မှာ သွေးချီအနှစ်သာရက ကျားအရိုးထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားသည်။ အရိုးစုက အလွန်အမင်း ကြီးမားသည်။ တစ်စုံတစ်ယောက်က ကျားအရိုးတစ်ခုလုံးကို သွေးချီအနှစ်သာရဖြင့် အပြည့်ဖြည့်သွင်းချင်သည်ဆိုလျှင် ပမာဏအလွန်များပြားသော သွေးချီအနှစ်သာရကို လိုအပ်လိမ့်မည်။ ထိုပမာဏက တစ်စုံတစ်ယောက်ကို ဆံပင်မွှေးထောင်သွားစေနိုင်သည်။

သွေးချီအနှစ်သာရက သွေးမီးတောက်ထဲသို့ ဝင်ရောက်သွားသည့်အခါ သွေးမီးတောက်က အကြမ်းပတမ်း လောင်ကျွမ်းလာသည်။ သွေးနီရောင်အမျှင်တန်းများက ကျားအရိုးထဲသို့ အဆက်မပြတ် ဝင်ရောက်သွားသည်။ သွေးချီအနှစ်သာရကို ထပ်မံ ဖြည့်သွင်းပြီးနောက် သီရှီထျန်သည် တုံ့ဆိုင်းမနေဘဲ ဝိုင်နတ်ဘုရားဘူးသီးခြောက်ကို ကောက်ယူလိုက်ပြီး မျောက်မင်းဝိုင်ကို တစ်ကျိုက်ပြီးတစ်ကျိုက် မော့သောက်လိုက်သည်။ မျောက်မင်းဝိုင်သည် ဝိညာဉ်သစ်သီးအမျိုးမျိုး၊ ဆေးဖက်ဝင်အပင်အမျိုးမျိုးဖြင့် ရောယှက်ဖန်တီးထားသော ဝိညာဉ်ဝိုင် ဖြစ်သည်။ သို့ဖြစ်၍ မျောက်မင်းဝိုင်ထဲမှာ စွမ်းအင်အနှစ်သာရက ပမာဏများပြားစွာ ပါဝင်သည်။

မျောက်မင်းဝိုင်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း စွမ်းအင်အမျှင်တန်းများအဖြစ် မြန်ဆန်စွာ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံး၌ ပြည့်နှက်သွားသည်။ သူ့နှလုံးသည်လည်း မယုံကြည်နိုင်သော အလျင်ဖြင့် ခုန်မြည်လာသည်။ နှလုံးသည် သွေးအနှစ်သာရ၏ ရင်းမြစ်ဖြစ်သည်။ နှလုံးက အပြင်းအထန် ခုန်မြည်နေစဉ် သွေးစီးကြောင်းတစ်ခုက နှလုံးထံမှ ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံး၏ သွေးကြောများထဲသို့ ဖြတ်သန်းစီးဆင်းသွားသည်။

ပမာဏများပြားသော စွမ်းအင်အနှစ်သာရက နှလုံးထဲသို့ ဝင်ရောက်သွားကာ သွေးချီအနှစ်သာရ ထုတ်လွှတ်ပေးမှုကို ထောက်ပံ့ပေးလိုက်သည်။ ကျန်တစ်စိတ်တစ်ပိုင်းက သူ၏ ခန္ဓာကိုယ်ထဲမှ အရိုးများထဲသို့ ဝင်ရောက်သွားကာ ရိုးတွင်းခြင်ဆီကို လှုံ့ဆော်ပေးလိုက်သည်။ ရိုးတွင်းခြင်ဆီသည်လည်း သွေးချီအနှစ်သာရကို ထုတ်လွှတ်ပေးနိုင်သည်။ သွေးစီးကြောင်းများက သူ၏ ခန္ဓာကိုယ်ထဲ၌ အဆက်မပြတ် ရွေ့လျားစီးဆင်းနေကြသည်။ ဤအခိုက်အတန့်မှာ သူ့တစ်ကိုယ်လုံးက နွေးထွေးသွားသည်။ ယင်းက သွေးချီအနှစ်သာရအများအပြား ကုန်ဆုံးသွားမှုကြောင့် သူခံစားနေရသော အားနည်းမှုကို ချက်ချင်း ပျောက်ကွယ်သွားစေသည်။

ထိုသို့ဖြစ်ရခြင်းမှာ သူ့ဆီတွင် မျောက်မင်းဝိုင်ရှိနေသောကြောင့် ဖြစ်သည်။ သို့မဟုတ်လျှင် ဤတစ်ကြိမ် ကျားဝိညာဉ်ဓားမော့ကို သူဖန်တီးသန့်စင်နိုင်လျှင်ပင် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီတစ်ဝက်ကျော်က ကုန်ခမ်းသွားလိမ့်မည်။ ထိုအခါ သူက ပင်ပန်းနွမ်းလျသွားပြီး ပြိုလဲသွားလိမ့်မည်။ သူက ဆယ်ရက် သို့မဟုတ် လဝက် အနားမယူလျှင် ပြန်သက်သာနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယခုအခြေအနေက ကွဲပြားသွားသည်။ သူ့လက်ထဲမှ မျောက်မင်းဝိုင်က အကောင်းဆုံး အာဟာရဓာတ်စာ ဖြစ်သည်။ မျောက်မင်းဝိုင်ကို သူသန့်စင်လိုက်သည့်အခါ ကုန်ဆုံးသွားသော သွေးချီအနှစ်သာရက ပြန်ပြည့်သွားလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်ထဲ၌ သွေးချီအနှစ်သာရက အသစ်တဖန် ပြန်လှည့်ပတ်သွားလိမ့်မည်။ ယင်းက သူ၏ ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများကို သန့်စင်ပေးနိုင်ရုံသာမက သွေးချီအနှစ်သာရထဲမှ စွမ်းအင်ကိုလည်း ပိုပြီးသန်စွမ်းစေလိမ့်မည်။ သွေးချီအနှစ်သာရက ပိုပြီးသန်စွမ်းလေ ရုပ်ခန္ဓာကိုယ်က ပိုပြီးသန်မာလေ ဖြစ်သည်။

“ ဂလု ”

သူက ဝိညာဉ်ဝိုင်ကို တစ်ကျိုက်ပြီးတစ်ကျိုက် မော့သောက်လိုက်ပြီး သူ၏ အင်အားကို အဆက်မပြတ် လှုံ့ဆော်လိုက်သည်။ ရံဖန်ရံခါ ပူနွေးသော သွေးချီအနှစ်သာရက သူ၏ လက်ကောက်ဝတ်ထံမှ ထွက်ပေါ်လာသည်။ သွေးချီအနှစ်သာရက မီးတောက်ထဲသို့ ပေါင်းစပ်သွားသည့်အခါ သွေးမီးတောက်က ပိုပြီးသက်ဝင်လှုပ်ရှားလာသည်။

ထိုကျားအရိုးသည် အမှန်တကယ်ပင် မပျက်စီးနိုင်သော ခန္ဓာကိုယ် ဖြစ်သည်။ အကယ်၍ သူက သာမန်နည်းလမ်းများကို အသုံးပြုမည်ဆိုလျှင် ဓမ္မရတနာများသည်ပင် ယင်းကို နည်းနည်းလေးမှ ထိခိုက်စေနိုင်လိမ့်မည် မဟုတ်ချေ။ ယင်း၏ မာကျောမှုက ဖော်မပြနိုင်သော အဆင့်ထိ ရောက်ရှိနေသည်။

သို့သော်လည်း ကံမကောင်းစွာပင် သွေးသန့်စင်ခြင်းအစီအရင်က ဤလောက၏ အံ့ဖွယ်ကောင်းသော အစီအရင်များအနက် တစ်ခုဖြစ်သည်။ သွေးမီးတောက်သည် အပြင်ဘက်မှ သန့်စင်ပေးနိုင်ရုံမျှသာ မဟုတ်ပေ။ သွေးမီးတောက်ထဲမှာ ရေဒြပ်စင်လည်း ပါဝင်နေသည်။ ရေဒြပ်စင်၏ ပံ့ပိုးပေးမှုကြောင့် သွေးမီးတောက်ထဲမှ သွေးချီအနှစ်သာရက အရိုးထဲသို့ စိမ့်ဝင်သွားသည်။ သွေးမီးတောက်၏ အဆက်မပြတ် လောင်ကျွမ်းပေးမှုအောက်မှာ သွေးချီအနှစ်သာရက အရိုးထဲမှာ ပျံ့နှံ့သွားသည်။

သွေးချီအနှစ်သာရက အရိုးထဲမှာ ပြည့်နှက်သွားမည်ဆိုလျှင် ယင်းက သူ့စိတ်ကြိုက်စေခိုင်းနိုင်မည့်အရာ ဖြစ်လာလိမ့်မည်။

သို့သော်လည်း ယင်းက တစ်နေ့တည်း တစ်ညတည်း ပြီးမြောက်နိုင်သောအလုပ် မဟုတ်ပေ။

သီရှီထျန်သည် အလျင်မလိုပေ။ ရံဖန်ရံခါ သူက သွေးချီအနှစ်သာရကို ထုတ်လွှတ်ပေးပြီး သွေးမီးတောက်ကို မရပ်မနား လောင်ကျွမ်းစေလိမ့်မည်။ တစ်ချိန်တည်းမှာ သူက အားအင်ကုန်ခမ်းသွားသည်နှင့်ချက်ချင်း မျောက်မင်းဝိုင်ကို တစ်ကျိုက်ပြီးတစ်ကျိုက် မော့သောက်လိမ့်မည်။ သူ၏ ဝိုင်နတ်ဘုရားဘူးသီးခြောက်ထဲတွင် ပမာဏများပြားသော ဝိညာဉ်ဝိုင် ရှိသည်။ အကယ်၍ သူက မည်သည့်ကန့်သတ်ချက်မှမရှိဘဲ မျောက်မင်းဝိုင်ကို ဆက်တိုက် သောက်သုံးမည်ဆိုလျှင်ပင် တစ်ရက်နှစ်ရက်အတွင်း ယင်းက ကုန်ခမ်းသွားလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ယခု သူက ဆက်တိုက် မသောက်နေပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီ ကုန်ခမ်းသွားသည့်အခါမှသာ မျောက်မင်းဝိုင်ကို သောက်သုံးသည်။ တစ်ဆက်တည်းမှာ သူက မျောက်မင်းဝိုင်ထဲမှ ဝိညာဉ်စွမ်းအင်ကို သွေးချီအနှစ်သာရအဖြစ် သန့်စင်လိုက်သည်။

သီရှီထျန်က သူ၏ စိတ်အခြေအနေကို ထိန်းသိမ်းထားသည်။ သို့မှသာ သူ၏ ခန္ဓာကိုယ်က အထွတ်အထိပ် အခြေအနေမှာ အမြဲရှိနေလိမ့်မည်။

တစ်ချိန်တည်းမှာ သူက မိစ္ဆာသန့်စင်ခြင်းမီးဖိုကို အသက်သွင်းလိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ မိုးမြေဝိညာဉ်စွမ်းအားကိုလည်း အဆက်မပြတ် စုပ်ယူလိုက်သည်။ အရာအားလုံးက အစီအစဉ်တကျ ဆက်သွားနေသည်။

All Chapters