← Chapters

အခန်း ၂၈၄

Vol. 19 Ch. 284

အခန်း ၂၈၄

Vol. 19 Ch. 284

အခန်း(၂၈၄)

ထိုလုပ်ငန်းစဉ်က ကိုးရက်ဆက်တိုက် ကြာမြင့်သွားသည်။ တစ်ရက်ကုန်ဆုံးသွားတိုင်း အရိုးထဲမှ သွေးချီအနှစ်သာရပမာဏက ပိုများပြားလာသည်။ နောက်ဆုံးမှာတော့ ကိုးရက်ကုန်ဆုံးသွားသည့်အခါ သီရှီထျန်၏ မျက်လုံးထဲ၌ တောက်ပသောအလင်း ထွက်ပေါ်လာသည်။

“ နောက်ဆုံးတော့ သန့်စင်တာ ပြီးမြောက်သွားပြီ ”

သွေးမီးတောက်ပေါ်မှာ လွင့်မျောနေသော အရိုးများကို သူကြည့်လိုက်သည်။ မူလက ကျောက်စိမ်းအလင်း တောက်ပနေသော အရိုးများက ယခု သွေးနီရောင်သို့ ပြောင်းလဲသွားသည်။ အရိုးစု၏ အတွင်းပိုင်းထဲတွင် သွေးနီရောင်အလင်းက အဆက်မပြတ် လှည့်ပတ်နေသည်။ ယင်းက နတ်ဆိုးဆန်သည်။

“ ကျောရိုးက ဓားမော့ဖြစ်လာမယ်… ငါ့အတွက် ဖွဲ့စည်းလိုက်စမ်း ”

သီရှီထျန်၏ မျက်နှာက ဖော်မပြနိုင်အောင် တည်ကြည်လေးနက်နေသည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး ထူးခြားဆန်းကြယ်သော ချိပ်တံဆိပ်သင်္ကေတစ်ခုကို ဖွဲ့စည်းလိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ အရိုးများအောက်မှ သွေးမီးတောက်က တဟုန်းဟုန်း လောင်ကျွမ်းလာသည်။ တစ်ချိန်တည်းမှာ အရိုးစုက အကန့်အသတ်မဲ့စွာ လင်းထိန်သော သွေးနီရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ သွေးနီရောင်အလင်းထဲတွင် ထူးဆန်းသော တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။ ကျားအရိုးများထဲတွင် ဦးခေါင်းခွံမှစတင်၍ အမြှီးအထိ ဆန့်တန်းနေသော ကျောရိုးမှလွဲလျှင် ကျန်အရိုးအားလုံးက သွေးနီရောင်အလင်းစက်များအဖြစ် ပြိုကွဲသွားကြသည်။ မကြာမီ ထိုအလင်းစက်များက ကျောရိုးထဲသို့ ဝင်ရောက်သွားကြသည်။

တခြားအရိုးများက ကျောရိုးနှင့် ပေါင်းစပ်သွားသည့်အခါ သွေးနီရောင်အလင်းက ပိုပြီးအားကောင်းသထက် အားကောင်းလာသည်။ မကြာမီ တခြားအရိုးအားလုံးက ကျောရိုးနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားသည်။ ထို့နောက် သွေးမီးတောက်၏ အပေါ်တွင် သွေးနီရောင်ကျောရိုးတစ်ချောင်းသာ ကျန်ရှိတော့သည်။ ကျောရိုးက ယခင်ကထက် ပိုပြီးနတ်ဆိုးဆန်လာသည်။

ယင်းက အဆုံးသတ်မဟုတ်သေးပေ။ သီရှီထျန်သည် အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ နောက်နေ့ သူကောက်ယူခဲ့သော ကျားမျိုးနွယ်၏ အရိုးစုများကိုလည်း ထုတ်ယူလိုက်သည်။ ယင်းတို့က ပထမဆုံး သူကောက်ယူခဲ့သော ကျားအရိုးကို မယှဉ်နိုင်သော်လည်း အစွမ်းထက်ကြဆဲပင်။ ထိုကျားအရိုးများ၏ ပိုင်ရှင်များသည် သူတို့အသက်ရှင်ခဲ့ချိန်မှာ ကျားမျိုးနွယ်၏ အစွမ်းထက်ပညာရှင်များ ဖြစ်ခဲ့ကြသည်။ သို့သော်လည်း သူတို့သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ ဖြစ်၏။ သို့ဖြစ်၍ သူတို့၏ အရိုးစုများထဲမှာ မည်သည့်အနှစ်သာရမှ မကျန်ရှိတော့ပေ။ ထို့ကြောင့် ယင်းတို့ကို သန့်စင်ရသည်မှာ သူ့အတွက် မခက်ခဲပေ။ တဟုန်းဟုန်း တောက်လောင်နေသော သွေးမီးတောက်၏ သန့်စင်ပေးမှုအောက်မှာ သွေးချီအမျှင်တန်းများက ကျားအရိုးများထဲသို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။

သန့်စင်မှုက နောက်ထပ် နှစ်ရက်ကြာသည်အထိ ဆက်ဖြစ်နေသည်။

ထိုနှစ်ရက်အတွင်းမှာ တခြားအရိုးစုအားလုံးက သွေးနီရောင်သို့ ပြောင်းလဲသွားကြပြီး နတ်ဆိုးဆန်သော အနီရောင်အလင်းကို ထုတ်လွှတ်လိုက်ကြသည်။ သီရှီထျန်၏ ကျွမ်းကျင်သော ထိန်းချုပ်မှုအောက်မှာ ထိုအရိုးများက အချင်းချင်း ပေါင်းစည်းသွားကြပြီး သွေးနီရောင်ကျောရိုးများ ဖြစ်လာကြသည်။ ပထမဆုံး သူသန့်စင်ခဲ့သော မဖျက်ဆီးနိုင်သည့် ကျားအရိုးကို ထည့်တွက်မည်ဆိုလျှင် ယခု သူ့ဆီမှာ စုစုပေါင်း ကျောရိုး(၁၉)ချောင်း ရှိသွားသည်။

“ ကျောရိုးအားလုံး မူလပြန်မယ်… တစ်သားတည်း ပေါင်းစည်းစမ်း ”

သီရှီထျန်က ထူးဆန်းသော နောက်ထပ် ချိပ်တံဆိပ်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် ကျောရိုး(၁၉)ချောင်းက သွေးနီရောင်အလင်းကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်ကြသည်။ ထူးဆန်းသော ချိပ်တံဆိပ်၏ လှုံ့ဆော်ပေးမှုအောက်မှာ တခြားကျောရိုး(၁၈)ချောင်းက အထူထဲဆုံးဖြစ်သော ကျောရိုးနားသို့ ချဉ်းကပ်သွားကြသည်။ မကြာမီ ယင်းတို့က မည်သည့်အတားအဆီးမှမရှိဘဲ အတူတကွ ပေါင်းစည်းသွားကြသည်။

ထိုအခါ မပျက်စီးနိုင်သော ကျောရိုးပေါ်မှ သွေးနီရောင်အလင်းက ပိုပြီးအားကောင်းလာသည်။ ယင်း၏ နတ်ဆိုးအရှိန်အဝါသည်လည်း ပိုပြီးကျယ်ပြန့်လာသည်။

ကျောရိုး(၁၉)ချောင်းစလုံးက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည့်အခါ မပျက်စီးနိုင်သော ကျောရိုးက မျက်စိကျိန်းစပ်လုနီးပါး တောက်ပသော အနီရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ အနီရောင်အလင်းက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ လှိုဏ်ဂူတစ်ခုလုံးက အနီရောင်လင်းထိန်သွားသည်။

“ ဝိညာဉ်ဝါးမျိုကျောက်တုံး ”

ထိုအခိုက်အတန့်မှာ သီရှီထျန်က မရဏကျီးကန်းဘုရင်ထံမှ သူရရှိခဲ့သော ဝိညာဉ်ဝါးမျိုကျောက်တုံးကို ထုတ်ယူလိုက်ပြီး သွေးမီးတောက်ပေါ်သို့ ပစ်လွှတ်လိုက်သည်။ သူက ဝိညာဉ်ဝါးမျိုကျောက်တုံးကို အစောနက သူသန့်စင်ခဲ့သော ကျောရိုးဖြင့် မပေါင်းစပ်ခင် ယင်းကို သွေးမီးတောက်ဖြင့် အရင်သန့်စင်ချင်သည်။

ဝိညာဉ်ဝါးမျိုကျောက်တုံးသည် သွေးမီးတောက်ပေါ်သို့ ရောက်သွားသည့်အခါ အံ့ဖွယ်ကောင်းစွာ ထခုန်လာသည်။ ထိုကျောက်တုံးက လူသားနှလုံးသားနှင့် ဆင်တူလာသည်။ ယင်းကို ကျောက်တုံးပေါ်မှ ဒွါရခုနစ်ပေါက်နှင့် တွဲဖက်မြင်လိုက်သည့်အခါ ဝိညာဉ်ဝါးမျိုကျောက်တုံးက ပိုပြီးကြောက်စရာကောင်းသွားသည်။ သတ္တိနည်းသူများဆိုလျှင် ထိုကျောက်တုံးကို မြင်လိုက်သည့်အခါ ကြက်သီးမွေးညင်းထသွားလိမ့်မည်။

ယင်းက အမှန်တကယ်ပင် နတ်ဆိုးကျောက်တုံး ဖြစ်သည်။

အနက်ရောင်အခိုးအငွေ့က ကျောက်တုံး၏ မျက်နှာပြင်ပေါ်မှာ အဆက်မပြတ် ရွေ့လျားနေသည်။ ထိုစဉ် အလွန်အားကောင်းသော ဝါးမျိုခြင်းစွမ်းအားက အနက်ရောင်ကျောက်တုံးထံမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်းက သူ့အောက်မှ သွေးမီးတောက်ကို အမှန်တကယ် ဝါးမျိုပစ်လိုက်သည်။

“ ဘာဖြစ်သွားတာလဲ ”

သီရှီထျန်က မျက်လုံးပြူးသွားသည်။ ယင်းက သူ၏ မျှော်လင့်ထားမှုထက် ကျော်လွန်သွားသည်။ ကြိုတင်မမြင်နိုင်သော အပြောင်းအလဲက ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာသည်။ သွေးသန့်စင်ခြင်းအစီအရင်သည် ဤလောက၏ အံ့ဖွယ်အကောင်းဆုံး အစီအရင်များအနက် တစ်ခုဖြစ်သည်။ ယင်းက သက်စောင့်လက်နက်များ ဖွဲ့စည်းရန် မိုးမြေကြား၌ ဖြစ်တည်နေသောအရာ ဖြစ်၏။ သို့သော်လည်း ဤအခိုက်အတန့်မှာ သက်စောင့်ရင်းမြစ်မီးတောက်က ဝိညာဉ်ဝါးမျိုကျောက်တုံး၏ ဝါးမျိုခံနေရသည်။ ထိုသို့အဖြစ်အပျက်က ယခင်က တစ်ခါမှ မရှိခဲ့ဖူးပေ။

“ ရွှတ် ”

ရုတ်တရက် အပြောင်းအလဲကို မြင်သွားသော်လည်း သီရှီထျန်က သာမန်ပုဂ္ဂိုလ်မဟုတ်ပေ။ သူက စိတ်ကို တည်ငြိမ်စွာ ထားလိုက်ပြီး သူ၏ အင်အားကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်သည်။ ပမာဏများပြားသော သွေးချီအနှစ်သာရက သူ၏ လက်ကောက်ဝတ်မှ အမြန်ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက သွေးချီထောင့်တိုင်အဖြစ် ပြောင်းလဲသွားပြီး သွေးသန့်စင်ခြင်းအစီအရင်ထဲသို့ ဝင်ရောက်သွားသည်။ ထိုအခါ သွေးမီးတောက်က တဖန်ပြန်အားကောင်းလာပြီး တဟုန်းဟုန်း တောက်လောင်လာသည်။ သို့သော်လည်း ထူးဆန်းသည်မှာ ယင်းက ဝိညာဉ်ဝါးမျိုကျောက်တုံး၏ ဝါးမျိုခြင်းစွမ်းအားထံမှ မလွတ်မြောက်နိုင်ပေ။

“ အဲ့ဒါ ဘယ်လိုဖြစ်တာလဲ… ဒီဝိညာဉ်ဝါးမျိုကျောက်တုံးက တစ်ခုခုလွဲမှားနေတဲ့ပုံပဲ ”

စိုးရိမ်ကြောင့်ကြမှုက သူ့နှလုံးသားထဲမှာ တိတ်တဆိတ် ထွက်ပေါ်လာသည်။ ထိုဝိညာဉ်ဝါးမျိုကျောက်တုံးသည် အရိုးဝါးမျိုခြင်းသစ်ပင်များ၏ နှစ်ပေါင်းတစ်ထောင်ကြာအောင် ပျိုးထောင်ပေးမှုမှ မွေးဖွားလာသော ရှားပါးရတနာ ဖြစ်သည်။ ယင်း၏ မူလဇစ်မြစ်က အရိုးဝါးမျိုခြင်းသစ်ပင် ဖြစ်သည်။ အရိုးဝါးမျိုခြင်းသစ်ပင်များ၏ နှစ်ပေါင်းတစ်ထောင်ကြာအောင် ပျိုးထောင်ပေးခြင်းခံထားရသော ကျောက်တုံးက မည်သို့ကြောင့် နတ်ဆိုးမဆန်ဘဲနေမည်နည်း။

သူက တစ်ခဏကြာအောင် တွေးတောလိုက်သည်။ ဝိညာဉ်ဝါးမျိုကျောက်တုံးကို ကျားဝိညာဉ်ဓားမော့ထဲသို့ ပေါင်းစပ်မည့် သူ့အစီအစဉ်က အနည်းငယ် အန္တရာယ်များသည်ဟု သူခံစားမိလာသည်။

“ အခု ငါဘာလုပ်သင့်လဲ… ဝိညာဉ်ဝါးမျိုကျောက်တုံးက သွေးမီးတောက်ကို အကုန်အစင် ဝါးမျိုလိုက်မယ်ဆိုရင် ဒီတစ်ကြိမ် ငါ့ရဲ့ သက်စောင့်မိစ္ဆာလက်နက်သန့်စင်မှုက ကျရှုံးသွားလောက်တယ်… နောက်တစ်ခါ ပြန်သန့်စင်မယ်ဆိုရင် ပိုပြီးခက်ခဲသွားလိမ့်မယ်… ငါဘာလုပ်သင့်လဲ ”

အတွေးအမျိုးမျိုးက သူ၏ စိတ်ထဲမှာ မြန်ဆန်စွာ ထွက်ပေါ်လာသည်။ သူက ထိုပြဿနာအတွက် အဖြေကို အမြန်ရှာဖွေလိုက်သည်။ တစ်ချိန်တည်းမှာ သူက သွေးမီးတောက်မငြိမ်းသတ်သွားရန် သူ၏ သွေးချီအနှစ်သာရကို သွေးမီးတောက်ထဲသို့ အဆက်မပြတ် ထုတ်လွှတ်ပေးနေသည်။ သို့သော်လည်း မည်သို့သူစဉ်းစားပါစေ အဖြေမထွက်လာပေ။ ဝိညာဉ်ဝါးမျိုကျောက်တုံးကို ဖိနှိပ်နိုင်သော မည်သည့်နည်းလမ်းမှ သူရှာမတွေ့ပေ။

“ ဒုန်း… ဒုန်း ”

ထိုအခိုက်အတန့်မှာ ဝိညာဉ်ဝါးမျိုကျောက်တုံးသည် သွေးမီးတောက်အများစုကို ဝါးမျိုပြီးနောက် အလျှင်အမြန် ခုန်မြည်လာသည်။ လူသားနှလုံးကဲ့သို့ပင် ယင်းက “ ဒုန်း ဒုန်း ”ဟူသော မြည်သံကို ထုတ်လွှတ်လိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ နှလုံးခုန်သံက ပိုကျယ်လောင်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အသံက တစ်ဆက်တည်း မရပ်မနား ပဲ့တင်ထပ်သွားသည်။ တစ်ချိန်တည်းမှာ ကျောက်တုံး၏ မျက်နှာပြင်က ပိုပြီးကြောက်မက်ဖွယ်ကောင်းလာသည်။

“ ထားလိုက်ပါတော့ ”

သီရှီထျန်က ဝိညာဉ်ဝါးမျိုကျောက်တုံးကို သေချာစူးစိုက်ကြည့်လိုက်သည်။ ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ဝိညာဉ်ဝါးမျိုကျောက်တုံးကိုတစ်လှည့် လေထဲ၌ လွင့်မျောနေသော သွေးနီရောင်ကျောရိုးကိုတစ်လှည့် ကြည့်လိုက်သည်။ သူက လက်ဆယ်ချောင်းစလုံးကို လှုပ်ရှားလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ သူက ထူးဆန်းသော ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းလိုက်သည်။ ချိပ်တံဆိပ်သင်္ကေတများသည် သွေးသန့်စင်ခြင်းအစီအရင်ထဲသို့ အဆက်မပြတ် ဝင်ရောက်သွားကြသည်။ ယင်းတို့က ဝိညာဉ်ဝါးမျိုကျောက်တုံးနှင့် သွေးနီရောင်ကျောရိုးပေါ်မှာ စွဲကပ်သွားကြသည်။

“ ဘန်း… ဘန်း… ဘန်း… ”

ချက်ချင်းဆိုသလိုပင် ဝိညာဉ်ဝါးမျိုကျောက်တုံးနှင့် သွေးနီရောင်ကျောရိုးက တောက်ပသော အလင်းရောင်ကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်ကြသည်။ ယင်းတို့က ပြင်းထန်စွာ တုန်ယင်သွားကြသည်။

ဘေးပတ်ဝန်းကျင်မှ လေထဲမှာ ပေါက်ကွဲသံများဖြင့် ပြည့်နှက်သွားသည်။ လေလှိုင်းများက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။

“ ကျားအရိုး… ဝိညာဉ်ဝါးမျိုကျောက်တုံး… အတူတကွ ပေါင်းစည်းပြီး ကျားဝိညာဉ်ဓားမော့ကို ဖန်တီးမယ် ”

မိုးခြိမ်းသံတမျှ ကျယ်လောင်သော ဟိန်းသံက သူ့ပါးစပ်မှ ထွက်ပေါ်လာသည်။ သူ့အသံ အဆုံးသတ်သွားသည်နှင့်ချက်ချင်း ကြီးမားသော စွမ်းအား၏ လှုံ့ဆော်မှုအောက်မှာ ကျောရိုးနှင့် ဝိညာဉ်ဝါးမျိုကျောက်တုံးက အချင်းချင်း ပွတ်တိုက်သွားကြသည်။

ထို့နောက် ပမာဏများပြားသော သွေးချီအနှစ်သာရက သူ၏ လက်ကောက်ဝတ်ထံမှ အမြန်ထွက်ကျလာပြီး သွေးမီးတောက်ထဲသို့ ဝင်ရောက်သွားသည်။ သွေးချီအနှစ်သာရ၏ ထပ်လောင်းအားဖြည့်ပေးမှုကြောင့် သွေးမီးတောက်က ထပ်မံ တဟုန်းဟုန်း တောက်လောင်လာသည်။

“ ဘန်း ”

သွေးမီးတောက်က မယုံကြည်နိုင်စရာကောင်းသော အဆင့်သို့ ရောက်ရှိသွားသည်။ တဟုန်းဟုန်း တောက်လောင်နေသော သွေးမီးတောက်က လှိုဏ်ဂူတစ်ခုလုံးကို လင်းထိန်သွားစေသည်။ သွေးမီးတောက်က ဝိညာဉ်ဝါးမျိုကျောက်တုံးနှင့် ကျောရိုးကို လွှမ်းခြုံသွားသည်။

“ ဘန်း… ဘန်း… ဘန်း ”

ဝိညာဉ်ဝါးမျိုကျောက်တုံးသည် အပြည့်အဝ မသန့်စင်ရသေးပေ။ သို့ဖြစ်၍ ဤပေါင်းစပ်မှုက အတင်းအဓမ္မ လုပ်ဆောင်သောအရာ ဖြစ်သည်။ မတူညီသော အင်အားစုနှစ်ခုက အပြန်အလှန် စတင်ဆန့်ကျင်လိုက်ကြသည်။

ကျောရိုးသည် မပျက်စီးနိုင်သော ခန္ဓာကိုယ်နှင့် ကျားမျိုးနွယ်မှ တခြားပညာရှင်များ၏ အရိုးများနှင့် ပေါင်းစပ်ထားသောအရာ ဖြစ်သည်။ ထို့ကြောင့် ယင်းထဲမှာ ကိန်းအောင်းနေသော စွမ်းအားက စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်ရှိသွားသည်။

သွေးသန့်စင်ခြင်းလုပ်ငန်းစဉ်သည် တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်သွေးအနှစ်သာရနှင့် စိတ်ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ဓမ္မလက်နက်ထဲသို့ ထည့်သွင်းရသော လုပ်ငန်းစဉ် ဖြစ်သည်။ ဤအခိုက်အတန့်မှာ ကျောရိုးက သီရှီထျန်၏ သွေးအနှစ်သာရဖြင့် အပြည့်အဝ သန့်စင်ထားပြီးပြီ ဖြစ်သည်။ ထို့ကြောင့် ကျောရိုးပေါ်မှာ သီရှီထျန်၏ စိတ်ဝိညာဉ်အမှတ်အသား ရှိသည်။ သို့ဖြစ်၍ ဝိညာဉ်ဝါးမျိုကျောက်တုံးက ကျောရိုးနှင့် ပွတ်တိုက်သွားသည့်အခါ သီရှီထျန်၏ စိတ်ဝိညာဉ်က အပြင်းအထန် ဒဏ်ရာရရှိသွားသည်။

“ ဝီး ”

သူ၏ စိတ်ထဲတွင် ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာပြီး သူ၏ အသိစိတ်က တုန်ခါသွားသည်။ သူ၏ ဦးခေါင်းထဲ၌ စူးရှသော နာကျင်မှုကို ခံစားမိသွားသည်။ နောက်အခိုက်အတန့်မှာ သူက နေရာမှာတင် ဘုတ်ခနဲ လဲကျသွားပြီး သတိမေ့သွားသည်။ သို့သော်လည်း သူလဲကျသွားသည့်အခိုက် သူ၏ စိတ်ထဲမှာ ကျားဝိညာဉ်ဓားမော့ကို စဉ်းစားနေဆဲပင်။ ကျားဝိညာဉ်ဓားမော့၏ ပုံပန်းသဏ္ဍာန်က သူ၏ စိတ်ထဲမှာ ရှိသည်။

သို့သော်လည်း သွေးသန့်စင်ခြင်းအစီအရင်ထဲမှ အင်အားစုနှစ်ခု၏ ပွတ်တိုက်မှုက မရပ်တန့်သွားပေ။ ဝိညာဉ်ဝါးမျိုကျောက်တုံးဖြစ်စေ ကျောရိုးဖြစ်စေ ထိုနှစ်ခုစလုံးက အထွတ်အမြတ်ရတနာများ ဖြစ်ကြသည်။ ထိုနှစ်ခု ပွတ်တိုက်သွားသည့်အခါ ကျယ်လောင်သော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ကြမ်းတမ်းသော လေလှိုင်းများက အစီအရင်အတွင်းမှာ ပေါ်လျှိုးလာသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ မည်သူမှ သတိမထားမိသည်မှာ သီရှီထျန်၏ လက်ကောက်ဝတ်ဒဏ်ရာက ပြန်မပိတ်သွားဘဲ သွေးအနှစ်သာရက ဒဏ်ရာထဲမှ အဆက်မပြတ် ထွက်လာနေသည်။ သူသတိမေ့သွားသည့်အချိန်မှစ၍ သွေးအနှစ်သာရက သွေးသန့်စင်ခြင်းအစီအရင်ထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားသည်။

သွေးသန့်စင်ခြင်းအစီအရင်သည် အံ့ဖွယ်ထူးခြားသော အစီအရင်တစ်ခုဖြစ်သည်။ ယင်းက သတ်ဖြတ်ခြင်းအစီအရင်မဟုတ်သော်ငြား ဝိညာဉ်ဝါးမျိုကျောက်တုံးနှင့် ကျောရိုး၏ အပြန်အလှန် ပွတ်တိုက်မှုက သွေးသန့်စင်ခြင်းအစီအရင်ကို အပြင်းအထန် တုန်ယင်စေသည်။ မတူညီသော အင်အားစုနှစ်ခု၏ အပြန်အလှန် ဆန့်ကျင်မှုက ကြမ်းတမ်းသော အားလှိုင်းဂယက်များကို ဖြစ်ပေါ်စေသည်။ ထိုအားလှိုင်းဂယက်များက အစီအရင်ပေါ်သို့ အဆက်မပြတ် ကျရောက်သွားသည်။ ဤသည်မှာ သွေးသန့်စင်ခြင်းအစီအရင်က ဗုံးတစ်လုံးကို ထည့်သိမ်းထားသော သံသေတ္တာတစ်လုံး ဖြစ်သည့်အလားပင်။

ဝိညာဉ်ဝါးမျိုကျောက်တုံးနှင့် ကျောရိုးက ပြင်းထန်သော အားလှိုင်းဂယက်များကို ထုတ်လွှတ်နေသော်လည်း အစီအရင်က ထိုအားလှိုင်းဂယက်များကို အပြင်သို့ မထွက်သွားစေရန် ပိတ်ဆို့ထားသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အားလှိုင်းဂယက်များက ပိုမိုများပြားလာပြီး အစီအရင်၏ တောင့်ခံနိုင်စွမ်းထက် ကျော်လွန်သွားသည်။ နောက်ဆုံးမှာတော့…

“ ဗုန်း ”

သွေးသန့်စင်ခြင်းအစီအရင်က တစ်စစီ ပြိုကွဲသွားသည်။ ထိုပေါက်ကွဲမှုက အလွန်အားကောင်းလေရာ သွေးသန့်စင်ခြင်းအစီအရင်ထံမှ အဖျက်စွမ်းအားက စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်ရှိသွားသည်။

တစ်ခုသိထားရမည်မှာ သွေးသန့်စင်ခြင်းအစီအရင်ကို အဆင့်မြင့်အဆင့် မီးဒြပ်စင်ဝိညာဉ်ကျောက်တုံး(၈၁)တုံးဖြင့် ဖန်တီးထားသည်။ သို့ဖြစ်၍ အစီအရင်၏ ပေါက်ကွဲမှုက မီးဒြပ်စင်ဝိညာဉ်ကျောက်တုံး(၈၁)တုံး၏ တစ်ပြိုင်နက် ပေါက်ကွဲမှုနှင့် ဆင်တူသည်။ သို့ဖြစ်၍ ထိုပေါက်ကွဲမှုက မည်မျှကြောက်စရာကောင်းကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

ကြီးမားသော အဖျက်စွမ်းအားက လှိုဏ်ဂူတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

“ တင်း… တုန် ”

သတိမေ့နေသော စက်ကရာက ပေါက်ကွဲမှုဒဏ်ကို အရင်ဦးစွာ ခံယူလိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် သူက အစီအရင်၏ ဘေးမှာ ရှိနေသောကြောင့် ဖြစ်သည်။ သို့သော်လည်း သူက မည်သည့်ဒဏ်ရာမှ မရရှိသွားပေ။ အဖျက်စွမ်းအား ထွက်ပေါ်လာသည်နှင့်ချက်ချင်း သာယာနာပျော်ဖွယ်ကောင်းသော ကုချင်းအသံက လှိုဏ်ဂူထဲမှာ ပဲ့တင်ထပ်သွားသည်။ နောက်အခိုက်အတန့်မှာ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက သီရှီထျန်၏ အရှေ့မှာ လွင့်မျောသွားပြီး သူ့ကို ကာကွယ်ပေးလိုက်သည်။

ရှေးဟောင်းကုချင်းပေါ်တွင် ကုချင်းကြိုးကိုးချောင်းက သူတို့ဘာသာ လှုပ်ခတ်သွားကြသည်။ ထူးဆန်းသော ဝါးမျိုခြင်းစွမ်းအားက ကုချင်း၏ ဘေးပတ်ဝန်းကျင်မှာ မထင်မရှား ထွက်ပေါ်လာသည်။ ကုချင်းသည် စက်ကရာ၏ ခန္ဓာကိုယ်ပေါ်သို့ ဦးတည်လာနေသော အဖျက်စွမ်းအားကို ဝါးမျိုလိုက်သည်။

ကြမ်းတမ်းသော လေလှိုင်းများက စက်ကရာ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသော်လည်း ယင်းက သူ့အတွက် မည်သည့်ဒဏ်ရာမှ မဖြစ်ပေါ်စေပေ။ ယင်းက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။

ထိုအခိုက်အတန့်မှာ အရိုးဖြူစွန့်ပစ်ကုန်းမြေထဲတွင် ဦးခေါင်းထဲ၌ မီးတောက်တစ်ခု ကခုန်နေသော အရိုးစုတစ်ခုက ခြေဦးတည်ရာ လျှောက်သွားနေသည်။ သို့သော်လည်း တြိဂံပုံသဏ္ဍာန်အစီအရင်တစ်ခုက သူ၏ ဦးခေါင်းပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ အစီအရင် အသက်ဝင်လာသည့်အခါ အရိုးစုက အံ့ဖွယ်ကောင်းစွာ ပျောက်ကွယ်သွားသည်။ အစီအရင်မြေပုံက ပြန်ကျုံ့သွားပြီး အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်၏ အရှေ့ဆီသို့ ပြန်သွားသည်။

All Chapters