← Chapters

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း (၁၅၁) - လမ်းပျောက်ခြင်း (၁)

ဝါးရိပ်တို့ ကခုန်နေပြီး နေရောင်ခြည် အပိုင်းအစများက ဝါးတောထဲရှိ ကွင်းပြင်လေးပေါ်သို့ ဖြာကျနေလေသည်။

ကျန်းရှောင်ဖန်းသည် ဝါးတောအဝေးသို့ ငေးကြည့်ရင်း တိုးညင်းစွာ ပြောလိုက်သည်။

"တကယ်တော့ တစ်ခါတလေ ကျုပ်ကိုယ်ကျုပ် သိပ်မိုက်မဲတယ်လို့ ထင်မိတယ်။ စီနီယာအစ်မက စီနီယာအစ်ကို ချီဟောင်ကို သဘောကျတယ်ဆိုတာ သိသာနေတာတောင် ကျုပ်ကတော့...”

“ဒါပေမဲ့ အဲဒီတုန်းက သူက ခွေ့နျိုရှေ့မှာ ရပ်နေတာကို မြင်လိုက်ရတော့ ကျုပ် ဘာတွေးနေမိမှန်းမသိဘဲ အပြေးအလွှား သွားကူညီမိတာပဲ။"

ပိယောင်သည် သူ၏ဘေးတွင် မှီလျက်ရှိရာမှ ရုတ်တရက် မေးလိုက်၏။

"တကယ်လို့ ကျွန်မသာ အဲဒီလို အန္တရာယ်မျိုးနဲ့ ကြုံခဲ့ရင်ကော... ရှင့်အနေနဲ့ ကျွန်မကို အဲဒီလိုမျိုး ကယ်တင်မှာလား။"

ကျန်းရှောင်ဖန်းက အနေခက်စွာ ရယ်မောရင်း ခေါင်းကို ကုပ်လိုက်သည်။ အတန်ကြာမှ သူက ပြန်ဖြေလေသည်။

"ကျုပ်...မသိဘူး"

သူသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သေသေချာချာ ပြန်စဉ်းစားကာ ပြောလိုက်လေသည်။

"ကယ်မှာပေါ့လေ။"

ပိယောင်က ပြုံးလိုက်ရင်း သူ့ကို အနည်းငယ် စိတ်ပျက်သလို ကြည့်လိုက်သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် အကြည့်လွှဲကာ အဝေးသို့ ငေးကြည့်လိုက်ပြန်သည်။ ထို့နောက် သူမက တိုးညင်းစွာ ပြောလေသည်။

"တကယ်လို့ ရှင်သာ အသက်အန္တရာယ်နဲ့ ကြုံခဲ့ရမယ်ဆိုရင်... ကျွန်မရဲ့ အသက်နဲ့ လဲရမယ်ဆိုရင်တောင် ကျွန်မ ဝမ်းပန်းတသာ လဲပေးမှာပါ။"

ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားပြီး သူမကို လှည့်ကြည့်လိုက်၏။ ပိယောင်၏ မျက်နှာမှာ အလေးအနက်ရှိလှပြီး နောက်ပြောင်နေသည့်ပုံ မပေါ်ပေ။ သူက ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

"မင်း... မင်း ဘာပြောလိုက်တာလဲ။"

ပိယောင်က ပြုံးလိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည့်နှယ် ကျန်းရှောင်ဖန်းကို ကြည့်ကာ ပြောလိုက်၏။

"ရှောင်ဖန်း... ကျွန်မနဲ့အတူ လိုက်ခဲ့ပါလား။"

ကျန်းရှောင်ဖန်းက မျက်မှောင်ကြုတ်လိုက်ရင်း မေးလေသည်။

"ဘယ်ကိုလဲ။"

"ဘယ်နေရာဖြစ်ဖြစ်ပေါ့။ လောကကြီးက အကျယ်ကြီးပါ။ ဘယ်ကိုသွားသွား အရေးမကြီးပါဘူး။ ရှင်က ကျွန်မတို့ ဂိုဏ်းထဲဝင်ပြီး ရှင့်ဂိုဏ်းကို ပြန်တိုက်ခိုက်ရမှာမျိုး မလုပ်ချင်ဘူးဆိုရင်လည်း ကျွန်မတို့ ဂိုဏ်းထဲမဝင်ဘဲ ကမ္ဘာအနှံ့ အတူတူ လျောက်သွားကြတာပေါ့”

“မဟုတ်ရင်တော့ ရှင် ချင်းယွင်ဂိုဏ်းမှာဆက်နေမယ်အုံးဆိုရင် ဟိုလူကြီးတွေရဲ့ အကျင့်စရိုက်အရ ရှင့်အတွက် အခြေအနေတွေက ဆိုးရွားလာမှာကို ကျွန်မ စိုးရိမ်မိတယ်။"

ကျန်းရှောင်ဖန်းမှာ တိတ်ဆိတ်သွား၏။ ပိယောင်ကလည်း စိုးရိမ်တကြီးဖြင့် သူ့ကို ကြည့်ရင်း အဖြေကို စောင့်မျှော်နေလေသည်။

နောက်ဆုံးတွင် ကျန်းရှောင်ဖန်းက သူမကို လှည့်ကြည့်လိုက်သည်။ ပိယောင်က တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ကျန်းရှောင်ဖန်းက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်ကို မြင်လိုက်ရ၏။

"မဖြစ်ဘူး... ကျုပ် ချင်းယွင်ဂိုဏ်းကနေ ထွက်မသွားနိုင်ဘူး ပိယောင်"

ပိယောင်၏ မျက်နှာထားမှာ ချက်ချင်းပင် အုံ့မှိုင်းသွားလေသည်။

"ရှင်က ဒီမှာနေပြီး အသေခံဖို့ စောင့်နေချင်တာလား။"

ကျန်းရှောင်ဖန်းသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်၏။

"ပိယောင်... မင်း နားမလည်ပါဘူး။ ချင်းယွင်ဂိုဏ်းက ကျုပ်ရဲ့ အိမ်ပဲ။ ကျုပ်ကို ဆရာနဲ့ ဆရာကတော်တို့က ပြုစုပျိုးထောင်ပေးခဲ့တာ။ ကျုပ် သူတို့ကို ပစ်မထားခဲ့နိုင်ဘူး။"

ပိယောင်က ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

"အဲဒီဆရာက ရှင့်ကို အမြဲဆူပူအပြစ်ပေးနေတာကိုတောင် ရှင်က သူတို့ကို ကောင်းတယ်လို့ ပြောနေသေးတာလား။"

ကျန်းရှောင်ဖန်းက ကိုယ်ကို တည့်တည့်မတ်မတ် ရပ်လိုက်ပြီး ခပ်ဖွဖွ ပြုံးလျက် ဆို၏။

"ပိယောင်... တခြားလူတွေအတွက်တော့ ကျုပ်က ငတုံးတစ်ယောက်လို ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးမှာတော့ ကျုပ် ခွဲခြားသိပါတယ်”

“ကျုပ်ဆရာက အမြဲတမ်း တင်းကျပ်ပေမဲ့ ကျုပ်အပေါ် တကယ်ကောင်းတာကို သိတယ်၊ သူ ကျုပ်အပေါ် စိတ်ရင်းမှန်ခဲ့ပါတယ်။"

သူက လေသံတိုးတိုးဖြင့် ဆက်ပြောလေသည်။

"အခုဖြစ်နေတဲ့ ကိစ္စတွေက တကယ်တော့ ကျုပ်ရဲ့ အမှားတွေကြီးပါပဲ။ ကျုပ်က သူ့ကို လိမ်ခဲ့တာ။ ဒါကြောင့် ကျုပ် ဘယ်လိုအပြစ်ပေးခံရပါစေ ကျုပ်နဲ့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ကျုပ် ဂိုဏ်းကိုတော့ ဘယ်တော့မှ သစ္စာမဖောက်နိုင်ဘူး။"

ပိယောင်မှာ ခေတ္တမျှ ငိုင်ကျသွားပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ကာ ပြောလေသည်။

"ရှင်က ဘယ်နားက ငတုံးဖြစ်ရမှာလဲ။ ရှင်က သိပ်ဉာဏ်ကောင်းတာပဲ။ ကျွန်မအဖေက အမြဲပြောတယ်၊ ရှင်က ကြည့်ရတာ ရိုးအပေမဲ့ တကယ်တော့ သိပ်ကို ထက်မြက်တဲ့သူတဲ့။ အခုမှပဲ အဖေပြောတာ မှန်မှန်း သိတော့တယ်။"

ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားပြီး မျက်နှာ ရဲတက်သွား၏။ သူက မေးလိုက်သည်။

"သူ... မင်းအဖေက ကျုပ်အကြောင်းကို အဲလိုပြောတာလား။"

ပိယောင်က ရယ်မောရုံသာ ရယ်လိုက်ပြီး ဘာမှပြန်မပြောဘဲ သူ့အနီးသို့ တိုးကပ်လာကာ ဆို၏။

"ရှင့်ရဲ့ စိတ်ကို ကျွန်မ သိပါတယ်။ ရှင့်ကို ထွက်သွားဖို့ အတင်းအကျပ် မတိုက်တွန်းတော့ပါဘူး”

“ဒါပေမဲ့ အခုရှင်က ကျွန်မတို့ဂိုဏ်းရဲ့ ရတနာကို လက်ဝယ်ထားရှိနေသလို ထျန်းယင်ကျောင်းတော်နဲ့လည်း ပတ်သက်နေတာဆိုတော့ ဒါက တကယ်ကို အန္တရာယ်များပါတယ်။ ဘာဆက်လုပ်မယ်ဆိုတာ ရှင် ဆုံးဖြတ်ပြီးပြီလား။"

ကျန်းရှောင်ဖန်းက ခါးသီးစွာ ရယ်မောလိုက် လေသည်။

"ကံတရားအတိုင်းပဲပေါ့ဗျာ။"

ပိယောင်က သူ့ကို စိုက်ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။

"ရှင် ဘေးကင်းပါစေလို့ပဲ ဆုတောင်းပါတယ်။"

ကျန်းရှောင်ဖန်းက ရယ်မောရင်း ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်သည်။

"မင်း ဒီမှာနေတာ တော်တော်ကြာနေပြီ။ အမြန်ပြန်တာ ကောင်းလိမ့်မယ်။ မတော်တဆ တစ်ခုခုဖြစ်နေဦးမယ်။ ကျုပ်တို့ နောင်တစ်ချိန်မှာ ကံပါရင်... ပြန်ဆုံကြတာပေါ့။"

ပိယောင်၏ ကိုယ်လေးမှာ တုန်ယင်သွား၏။ ကျန်းရှောင်ဖန်းသည်လည်း ရင်ထဲတွင် တစ်စုံတစ်ရာကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။

နက်ဖြန် ထုံထျန်းတောင်ထိပ်သို့ သွားရမည့် ခရီးသည် မည်သို့အဆုံးသတ်မည်ကို အမှန်တကယ် မသိချေ။

သူသည် လှည့်ထွက်လာပြီး ဝါးတောအစပ်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလေသည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးသောအခါ နောက်ဘက်မှ ပိယောင်၏ အသံကို ရုတ်တရက် ကြားလိုက်ရ၏။

"ရှောင်ဖန်း... ကျွန်မ တစ်ခုလောက် မေးလို့ရမလား"

ကျန်းရှောင်ဖန်းက အံ့အားသင့်စွာဖြင့် လှည့်ကြည့်ကာ မေးလိုက်သည်။

"ဘာလဲဟင်။"

ပိယောင်မှာ အနည်းငယ် ဝေခွဲမရဖြစ်နေပုံရသော်လည်း နောက်ဆုံးတွင် မေးလိုက်လေသည်။

"ဟိုတစ်ခေါက် မြို့ပြင်က တောအုပ်ထဲမှာတုန်းက လပြည့်ညမှာ ရှင်က ရေတွင်းထဲကို ငုံ့ကြည့်ခဲ့တယ်လေ။ အဲဒီရေတွင်းထဲမှာ ရှင် ဘာကို မြင်ခဲ့ရသလဲဆိုတာ ကျွန်မ သိချင်လို့ပါ။"

ကျန်းရှောင်ဖန်းမှာ ကြောင်အမ်းသွားပြီး နားမလည်နိုင်စွာ မေးလိုက်မိ၏။

"မင်းက ဘာလို့ သိချင်နေရတာလဲ။"

ပိယောင်မှာ ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး စိတ်တိုဟန်ဖြင့် ပြောလိုက်သည်။

"ပြောမှာသာ ပြောစမ်းပါ။"

ကျန်းရှောင်ဖန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လေသည်။

"အဲဒီရေတွင်းက ဘာတွေ ထူးဆန်းနေလို့ လူတိုင်းက ဒီလောက် စိတ်ဝင်စားနေကြတာလဲ။"

ပိယောင်က ပြုံးရုံသာ ပြုံးပြပြီး ဘာမှပြန်မပြောပေ။

ကျန်းရှောင်ဖန်းက စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားပုံရကာ မျက်နှာမှာ ပြန်လည်ရဲတက်လာပြီး ဘာမှမပြောဖြစ်တော့ချေ။ အတန်ကြာမှ သူက ပြောလိုက်သည်။

"ကျုပ်... ကျုပ်တို့ နောက်တစ်ခါ ပြန်ဆုံတဲ့အခါကျမှ ကျုပ် မင်းကို သေချာပေါက် ပြောပြပါ့မယ်။"

ပိယောင်မှာ အံ့အားသင့်သွားပြီးမှ ပြုံးလိုက်၏။ ကျန်းရှောင်ဖန်း၏ စကားထဲတွင် သူသည် အကြီးအကဲများ၏ လက်ထဲတွင် အဆုံးစီရင်ခံရမည်ကို အရှုံးမပေးလိုသေးကြောင်း အရိပ်အယောင် ပါဝင်နေသဖြင့် သူမက ပြုံးရွှင်စွာ ပြောလိုက်လေသည်။

"ကောင်းပြီလေ။ ကတိပေးထားတာကို မမေ့နဲ့ဦးနော်။"

ကျန်းရှောင်ဖန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ ပိယောင်နှင့် စိတ်ထဲရှိသမျှ ရင်ဖွင့်ပြောဆိုပြီးနောက် သူ၏စိတ်အစဉ်မှာ တစ်ခဏအတွင်း ကြည်လင်သွားပြီး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ သူသည် လက်ဝေ့ယမ်းပြကာ ဝါးတောထဲမှ ထွက်ခွာလာခဲ့လေသည်။

ခဏအကြာတွင် မျောက်ကလေး ရှောင်ဟွေးမှာ မည်သည့် ဝါးပင်ထိပ်မှ ခုန်ဆင်းလာသည်မသိဘဲ ကျန်းရှောင်ဖန်း၏ ပခုံးပေါ်သို့ ရောက်ရှိလာ၏။ ၎င်းက နောက်ဘက်ရှိ ပိယောင်ကို လှည့်ကြည့်နေသေးသည်။

ဝါးတော၏အနက်ပိုင်းတွင်မူ ပိယောင်မှာ မလှုပ်မယှက် ရပ်နေဆဲဖြစ်ကာ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ကျောပြင်ကို ငေးကြည့်နေလေတော့သည်။

တောင်တန်းများကြားတွင် စိုစွတ်သော လေထုတို့က တာ့ကျူးတောင်ထိပ်တစ်ခွင် လွင့်မျောနေဆဲဖြစ်သော်လည်း တာ့ကျူးတောင်ထိပ်မှ လူများမှာမူ ထွက်ခွာရန် အသင့်ဖြစ်နေကြလေပြီ။

ထျန်းပုယီသည် ပြင်ဆင်ပြီးစီးကာ စုရုနှင့်အတူ ရှို့ကျင့်ခန်းမရှေ့ရှိ ကွင်းပြင်သို့ ဖြည်းညှင်းစွာ လျှောက်လာ၏။ လူတိုင်းက ထိုနေရာတွင် စောင့်ဆိုင်းနေကြပြီး ကျန်းရှောင်ဖန်းက လူအုပ်၏ နောက်ဆုံးတွင် ရပ်နေသည်။

ထျန်းပုယီက တည်ငြိမ်စွာ ပြောလိုက်သည်။

"တာ့ရန်... မင်းက နံပါတ်ခုနစ်ကို ခေါ်ခဲ့။ ကျန်တဲ့သူတွေ လိုက်စရာမလိုဘူး။"

စုန့်တာ့ရန်က ဦးညွှတ်လက်ခံလိုက်သော်လည်း ကျန်တပည့်များ၏ မျက်နှာတွင် စိတ်ပျက်မှုများ ထင်ဟပ်သွား၏။ ထျန်းလင်းအာတစ်ယောက်သာ ရှေ့သို့ထွက်လာပြီး ထျန်းပုယီကို ပြောလိုက်သည်။

"ဖေဖေ... သမီးလည်း လိုက်ချင်တယ်။"

ထျန်းပုယီက မျက်မှောင်ကြုတ်ကာ ဆို၏။

"မင်းက ဘာလိုက်လုပ်မှာလဲ။ ရှုပ်အောင်ပဲ လုပ်နေလိမ့်မယ်။"

ထျန်းလင်းအာက စုရုကို အကူအညီတောင်းသော အကြည့်ဖြင့် ကြည့်ရင်း ခေါ်လိုက်သည်။

"မေမေ..."

စုရုက သက်ပြင်းချလိုက်ပြီး ထျန်းပုယီကို ပြောလေသည်။

"ထားလိုက်ပါတော့။ သူ့ကိုလည်း လိုက်ခွင့်ပြုလိုက်ပါဦး။"

ထျန်းပုယီက မျက်မှောင်ကြုတ်နေဆဲဖြစ်သော်လည်း နောက်ဆုံးတွင် မတတ်သာပဲ ခေါင်းညိတ်လိုက်ပြီး အဝေးသို့ ကြည့်လိုက်၏။

အဝေးတွင် ရပ်နေသော ကျန်းရှောင်ဖန်းကို တစ်ချက်ကြည့်ကာ ပြောလိုက်လေသည်။

"သွားကြစို့။"

ပြောပြီးသည်နှင့် သူသည် ဝတ်ရုံစကို ဝှေ့ယမ်းကာ သူ၏ဓားကို စီးနင်းလျက် ရှေ့မှ ပျံသန်းသွားလေသည်။ စုရုကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားလေသည်။

မြေပြင်တွင် ကျန်ရစ်သော တပည့်များက ဝိုင်းအုံလာကြပြီး ဟယ်တာကျစ်က ချောင်းတစ်ချက်ဟန့်ကာ ကျန်းရှောင်ဖန်းကို ပြောလိုက်သည်။

"အဲ... ဂိုဏ်းတူညီလေး... မင်း... မင်း ဂရုစိုက်နော်။"

ကျန်းရှောင်ဖန်းသည် ဤရက်ပိုင်းအတွင်း ဂိုဏ်းတူအစ်ကိုများ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှားသွားပြီး တိုးညင်းစွာ ပြန်ဖြေလိုက်လေသည်။

"ဟုတ်ကဲ့ပါ။"

စုန့်တာ့ရန်က သက်ပြင်းချကာ ဆိုသည်။

"ညီလေး... သွားကြစို့။"

ကျန်းရှောင်ဖန်းက လက်ခံလိုက်ပြီး စုန့်တာ့ရန်၏အနီးသို့ လျှောက်သွားရင်း ဘေးတွင်ရှိနေသော ထျန်းလင်းအာကို မကြည့်ဘဲ မနေနိုင်တော့ပေ။

သူမကလည်း သူ့ကို တစ်ချိန်တည်းမှာပင် လှည့်ကြည့်နေသည်။ သူမ၏ မျက်ဝန်းများတွင် စိုးရိမ်မှုများ ပြည့်နှက်နေသော်လည်း စကားတစ်ခွန်းမှ မပြောပေ။

လေတိုးသံများနှင့်အတူ ကျန်းရှောင်ဖန်းသည် စုန့်တာ့ရန်၏ နောက်တွင် ရပ်လျက် ကြည်လင်သော ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။

All Chapters