အခန်း ၁၅၂
Vol. 16 Ch. 152
အခန်း (၁၅၂) - လမ်းပျောက်ခြင်း (၂)
အပြာရောင်ကောင်းကင်ကြီးကို ကြည့်ရင်း အရာအားလုံးသည် ခုနစ်တောင်ထိပ် ပြိုင်ပွဲတုန်းကအတိုင်း ပြန်ဖြစ်သွားသလို ခံစားရသော်လည်း ထိုစဉ်ကကဲ့သို့ စိတ်လှုပ်ရှားမှုမျိုးတော့ မရှိတော့ချေ။
တောင်ထိပ်များကို ကျော်ဖြတ်ကာ တိမ်တိုက်များထဲသို့ ရောက်ရှိလာ၏။
မြင့်မားထည်ဝါလှသော တောင်ထိပ်ကြီးသည် ကောင်းကင်ဘုံကဲ့သို့ တိမ်တိုက်များ ဝိုင်းရံနေဆဲဖြစ်ကာ လူသားတို့နှင့် မသက်ဆိုင်သည့်အလား ထည်ဝါမြဲ ထည်ဝါနေဆဲဖြစ်ပြီး သူတို့ကို ကြိုဆိုနေသကဲ့သို့ ရှိလေသည်။
စုန့်တာ့ရန်သည် ကျန်းရှောင်ဖန်းနှင့် ထျန်းလင်းအာတို့ကို ခေါ်ဆောင်ကာ တိမ်ပင်လယ်သို့ ဆင်းသက်လိုက်၏။ တောင်ထိပ်ပေါ်ရှိ ယွီချင်းခန်းမဆီမှ ခေါင်းလောင်းသံ တိုးတိုးကို ကြားနေရဆဲ ဖြစ်သည်။
ထျန်းပုယီနှင့် စုရုတို့၏ ပုံရိပ်များမှာ ပျောက်ကွယ်သွားပြီဖြစ်ရာ ယွီချင်းခန်းမထဲသို့ အရင်ဝင်သွားနှင့်ပုံရ၏။
တိမ်ပင်လယ်တွင်မူ တောင်ထိပ်အသီးသီးမှ အကြီးအကဲများနှင့် တပည့်အများအပြား စုဝေးနေကြပြီး စုန့်တာ့ရန်တို့ ရောက်လာသည်ကို မြင်သောအခါ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ လူအများ၏ အကြည့်များသည် နောက်ဘက်တွင် ရပ်နေသော ကျန်းရှောင်ဖန်းထံသို့ ကျရောက်လာလေသည်။
တိမ်ပင်လယ်ပေါ်တွင် တီးတိုးပြောဆိုသံများက လွင့်မျောနေသော တိမ်တိုက်များကဲ့သို့ပင် နေရာအနှံ့ ပျံ့နှံ့နေလေသည်။
စုန့်တာ့ရန်နှင့် ထျန်းလင်းအာတို့မှာ မျက်နှာကို တင်းတင်းထားကာ ထိုအကြည့်များကို သတိမထားမိသလို နေလိုက်ကြ၏။ အတန်ကြာသော် လူအုပ်ထဲမှ လူတစ်ယောက်သည် သူတို့သုံးဦးထံသို့ လျှောက်လာသည်။
ကျန်းရှောင်ဖန်းက ထိုလူကို ကြည့်လိုက်သောအခါ မှတ်မိသွား၏။ သူသည် ထုံထျန်းတောင်သို့ အရင်တစ်ခေါက် လာစဉ်က တွေ့ခဲ့ဖူးသော ဂိုဏ်းချုပ်၏တပည့် ချန်ကျန့်ပင် ဖြစ်ပေသည်။
သူသည် သိုင်းပြိုင်ပွဲတုန်းက စုန့်တာ့ရန်နှင့် ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်သည်။
စုန့်တာ့ရန်ကလည်း သူ့ကို မှတ်မိလေသည်။ ထိုသူ လျှောက်လာသည်ကို မြင်သောအခါ သူက ဂါရဝပြုလျက် ပြောလိုက်၏။
"စီနီယာအစ်ကိုချန်ကျန့်... နေကောင်းရဲ့လား။"
ချန်ကျန့်က ချက်ချင်းပင် ဂါရဝပြန်ပြုသော်လည်း မျက်လုံးထောင့်မှနေ၍ ကျန်းရှောင်ဖန်းကို အကဲခတ်နေသေးသည်။
"ညီလေးစုန့်... ဂိုဏ်းတူဦးလေးက ခုနကတင် ခန်းမထဲကို ဝင်သွားပြီ။ မင်းတို့ ရောက်လာတာနဲ့ ယွီချင်းခန်းမကို တိုက်ရိုက် ခေါ်ခဲ့ဖို့ ကျွန်တော့်ကို မှာထားပါတယ်။"
စုန့်တာ့ရန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။
"ဒါဆိုရင်တော့ စီနီယာအစ်ကိုချန်ကျန့်ကို ဒုက္ခပေးရဦးမှာပဲ။"
ချန်ကျန့်က အေးစက်စွာ ပြုံးလိုက်ပြီး ဘေးသို့ ဖယ်ပေးကာ ဆိုလေသည်။
"ဒါဆိုရင် နောက်က လိုက်ခဲ့ကြပါ။"
ပြောပြီးသည်နှင့် သူက ရှေ့မှဦးဆောင်ကာ သွားလေသည်။ စုန့်တာ့ရန်၊ ထျန်းလင်းအာနှင့် ကျန်းရှောင်ဖန်းတို့သည် သူ့နောက်မှ လိုက်ပါသွားကြပြီး တိမ်ပင်လယ်ကို ဖြတ်ကျော်ကာ ချင်းယွင်တပည့်များ၏ အကြည့်များကို လျစ်လျူရှုလျက် ဟုန်ချောင်တံတားပေါ်သို့ တက်လှမ်းသွားကြသည်။
ထိုအချိန်တွင် ပထမဆုံးသော နေရောင်ခြည်တန်းမှာ လောကကြီးပေါ်သို့ ဖြာကျလာပြီး ထုံထျန်းတောင်ကြားကို ထွန်းလင်းစေ၏။
တံတား၏ ဘေးတစ်ဖက်တစ်ချက်ရှိ ရေပြင်ပေါ်တွင် လှိုင်းကြက်ခွင်လေးများ ဖြစ်ပေါ်နေပြီး လှပသော သက်တံတစ်ခု ထွက်ပေါ်လာလေသည်။
ကျန်းရှောင်ဖန်းသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ အဝေးသို့ ငေးကြည့်လိုက်၏။ အဆုံးမဲ့သော ကောင်းကင်နှင့် မြေပြင်၊ နားမလည်နိုင်လောက်အောင် ကြီးမားလှသော ပန်းချီကားချပ်ကြီးထဲတွင် သူကိုယ်တိုင်မှာ အစက်အပြောက်လေး တစ်ခုမျှသာ ဖြစ်နေချေပြီ။
ဆက်လက် လျှောက်လှမ်းလာရာ သက်တံ့တံတားကို ကျော်ပြီးနောက် စိမ်းမြသော ရေကန်ကြီးသို့ ရောက်ရှိလာပြီး ယွီချင်းခန်းမသို့ တိုက်ရိုက်ဦးတည်ထားသော လှေကားထစ် အကျယ်ကြီးကို မြင်လိုက်ရသည်။
ချင်းယွင်ဂိုဏ်း၏ အစောင့်အရှောက် သားရဲဖြစ်သော ရေချီလင်ကိုတော့ မတွေ့ရသဖြင့် ရေကန်ထဲမှာပဲ ရှိနေဦးမည်ဟု ခန့်မှန်းရ၏။
ယွီချင်းခန်းမထိပ်မှ ကြည်လင်သော ခေါင်းလောင်းသံ တစ်ချက် ထပ်မံထွက်ပေါ်လာသည်။
ချန်ကျန့်က သူတို့ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်၏။
"ရောက်တော့မယ်... သွားကြစို့။"
စုန့်တာ့ရန်က လက်ခံလိုက်သော်လည်း ကျန်းရှောင်ဖန်းကို လှည့်မကြည့်ဘဲ မနေနိုင်ဖြစ်နေသည်။ သို့သော်လည်း ဂိုဏ်းတူညီငယ်လေးမှာ တောင်ထိပ်ကို ဘာမှမရှိသလို ငေးကြည့်နေပြီး မျက်နှာထားမှာလည်း အမူအရာ ကင်းမဲ့နေလေသည်။
ဤနေရာသည် တိမ်ပင်လယ်ထက် ပိုမိုတိတ်ဆိတ်လှသည်။ လမ်းတစ်လျှောက်တွင် ချင်းယွင်တပည့်များကို လုံးဝ မတွေ့ရသလောက်ပင်။ သန့်ရှင်းရေး လုပ်နေသော တပည့်အနည်းငယ်သာ ရှိပြီး ချန်ကျန့်ကို မြင်သောအခါ ဂါရဝပြုလိုက်ကြသည်။။
လှေကားတစ်ထစ်ချင်းစီကို သူတို့ တက်လှမ်းသွားကြသည်။
ကျန်းရှောင်ဖန်းသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာ၏။ အပေါ်သို့ ပိုရောက်လေလေ၊ ပို၍ မြင့်လာလေလေဖြစ်သော်လည်း ဘာကြောင့်မှန်းမသိဘဲ သူ၏ စိတ်နှလုံးမှာ ပို၍ လေးလံလာသလို ခံစားနေရသည်။
ကောင်းကင်ဘုံကဲ့သို့ လှပသော ထိုနေရာသို့ ပိုနီးကပ်လာလေလေ၊ သူ၏ နှလုံးခုန်သံမှာ ပို၍ မြန်ဆန်လာလေလေပင်။
အမည်မသိသော စိုးရိမ်စိတ်တို့က သူ့ကို တင်းတင်းကျပ်ကျပ် ဝန်းရံထားသည်။ ရှေ့တွင် ဘာတွေက သူ့ကို စောင့်ကြိုနေမည်နည်း။
ထုံထျန်းတောင်ကြားရှိ ယွီချင်းခန်းမအတွင်းမှ ခေါင်းလောင်းသံ နောက်တစ်ချက် ထပ်မံထွက်ပေါ်လာပြီး တောင်ကြားတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားလေသည်။
ချင်းယွင်တောင်ခြေရှိ လူသူကင်းမဲ့သော နေရာတစ်ခုတွင် လူလေးယောက်သည် ဘေးချင်းယှဉ်လျက် ရပ်နေကြသည်။ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦးဖြစ်ကာ ချင်းယွင်တောင်ကို တိတ်ဆိတ်စွာ ကြည့်နေကြလေသည်။
အတန်ကြာသော် အသက်အကြီးဆုံးဖြစ်သော အဆိပ်နတ်ဘုရားက ရုတ်တရက် ရယ်မောကာ ပြောလိုက်လေသည်။
"ငါ အသက်ရှိနေတုန်း ဒီနေရာကို ပြန်လာနိုင်လိမ့်မယ်လို့တောင် မယုံနိုင်သေးဘူး။"
သူ့ဘေးတွင် ရပ်နေသော သရဲဘုရင်က အေးစက်စွာ ပြုံးရင်း ပြောလိုက်လေသည်။
"စီနီယာက ဦးဆောင်နေတာပဲ၊ ဒီကို ပြန်လာရုံတင် ဘယ်ကမလဲ။ ခဏနေရင် ထုံထျန်းတောင်ထိပ်ကို ရောက်သွားမယ်ဆိုရင်တောင် အံ့သြစရာ မဟုတ်ဘူး။"
အဆိပ်နတ်ဘုရားက ချက်ချင်းပင် ခေါင်းခါယမ်းကာ ပြုံးလျက် ပြောလေသည်။
"ညီအစ်ကို သရဲဘုရင်... ကျုပ်တို့ ဆွေးနွေးပြီးပြီ မဟုတ်လား။ ဒီတစ်ခါ အရေးကြီးကိစ္စကို သက်ရှည်ခန်းမက ယွီယန်ဇီက ဦးဆောင်မှာလေ၊ ကျုပ်တို့က နောက်လိုက်တွေပဲဟာ။"
ပြောရင်းနှင့် သူက အခြားတစ်ဖက်တွင် ရပ်နေသော အမျိုးသားကို လှည့်ကြည့်ကာ ဆို၏။
"ဟုတ်တယ် မဟုတ်လား... ညီအစ်ကိုယွီယန်ဇီ။"
နတ်ဆိုးဂိုဏ်းကြီး လေးခုထဲမှ တစ်ခုဖြစ်သော သက်ရှည်ခန်းမ၏ ဂိုဏ်းချုပ် ယွီယန်ဇီသည် မျက်ခုံးနှစ်ခုမှာ နားထင်သို့တိုင် ရောက်နေပြီး အလွန်ပင် ရုပ်ဖြောင့်လှသည်။
သူသည် အသက်သုံးဆယ်ကျော်ဟု ထင်ရသော်လည်း အမှန်တစ်ကယ်တွင် နှစ်ပေါင်းရာချီ၍ ကျင့်ကြံလာသော နတ်ဆိုးဂိုဏ်းဝင်တစ်ဦး ဖြစ်ပေသည်။
နတ်ဆိုးဂိုဏ်းအတွင်း၌ သက်ရှည်ခန်းမသည် ထူးခြားသော ဂိုဏ်းတစ်ခု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် နတ်ဆိုးဂိုဏ်း၏ အမြင့်မြတ်ဆုံးသော မင်ဝမ်ပလ္လင်တော်ကို အမြဲတစေ စောင့်ရှောက်ရသူများ ဖြစ်သောကြောင့်ပင်။
ထို့အပြင် သူတို့၏ အဓိက ရည်မှန်းချက်မှာ သူတို့၏ အမည်အတိုင်းပင် ထာဝရအသက်ကို ရရှိရန် ဖြစ်သည်။
သို့သော်လည်း သူတို့၏ လုပ်ရပ်များနှင့် နည်းလမ်းများမှာမူ ယုတ်မာကောက်ကျစ်လှသဖြင့် နတ်ဆိုးဂိုဏ်း လေးခုစာရင်းတွင် ပါဝင်နေရခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင် နတ်ဆိုးဂိုဏ်းများသည် ချင်းယွင်တောင်ကို အလုံးအရင်းနှင့် တိုက်ခိုက်ရန် လျှို့ဝှက်စွာ ရောက်ရှိလာကြခြင်း ဖြစ်သည်။
ယွီယန်ဇီ ရောက်လာပြီးနောက် လျှို့ဝှက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြရာ သူကပင် ဤစစ်ဆင်ရေး၏ ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရ၏။ သူသည် အနည်းငယ် ဘဝင်မြင့်သွားကာ ရယ်မောလျက် ပြောလိုက်လေသည်။
"ချင်းယွင်ဂိုဏ်းက ပြီးခဲ့တဲ့ နှစ်ပေါင်း ရာချီကတည်းက ကျုပ်တို့ရဲ့ ဂိုဏ်းကို အမြဲတမ်း နှိမ်ချလာခဲ့တာ။ ဒီနေ့တော့ သူတို့ဆီကနေ တရားမျှတမှုကို ပြန်တောင်းရမှာပေါ့။"
သရဲဘုရင်က ရယ်မောကာ ဆို၏။
"ကောင်းလိုက်တဲ့ စကားပဲ။"
ပြောပြီးနောက် သူက ဘေးတွင် ရပ်နေသော အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။ သူမသည် ဂိုဏ်းကြီးလေးခုထဲတွင် တစ်ဦးတည်းသော အမျိုးသမီး ဂိုဏ်းချုပ်ဖြစ်သည့် ဟယ်ဟွမ်ဂိုဏ်းမှ ဆန်းမြောင်သခင်မပင် ဖြစ်၏။ သူက ပြုံးလျက် ပြောလိုက်သည်။
"နောက်မှ သခင်မရဲ့ ထူးခြားဆန်းပြားတဲ့ မှော်ပညာတွေကို မြင်ခွင့်ရဖို့ မျှော်လင့်ပါတယ်။"
ဆန်းမြောင် သခင်မသည် နာမည်ဆိုးဖြင့် ကျော်ကြားသော ဟယ်ဟွမ်ဂိုဏ်းမှ ဖြစ်သော်လည်း သူမ၏ ရုပ်ရည်မှာ အလွန်လှပကာ ကာမဂုဏ် လိုက်စားသည့် အရိပ်အယောင်မျှပင် မရှိချေ။
သူမ၏ မျက်နှာမှာ ခြယ်သခြင်း မရှိဘဲ ရိုးရှင်းနေသော်လည်း အေးစက်သော အလှတရားတစ်ခု ရှိနေသည်မှာ ချင်းယွင်တောင်မှ လုရွှယ်ချီနှင့် ဆင်တူလှသည်။
သရဲဘုရင်၏ စကားကို ကြားသောအခါ ဆန်းမြောင်သခင်မက အေးစက်စွာ ပြုံးလိုက်ပြီး ပြောလေသည်။
"ညီအစ်ကို သုံးယောက်လုံးက လောကကြီးအကြောင်းကို နှံ့စပ်နေတဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေပဲ၊ ကျွန်မလို မိန်းကလေးငယ်လေးထက် အများကြီး သာပါတယ်”
“ကျွန်မတို့အားလုံးက မဟာနတ်မင်းကြီးတွေရဲ့ ရှေ့မှာ ကတိသစ္စာ ပြုထားကြတာလေ၊ ဒီတာဝန်ကို အတူတူပူးပေါင်းလုပ်ဆောင်ပြီး ဟိုတုန်းက ကျွန်မတို့ရဲ့ မြင့်မြတ်တဲ့မင်ဝမ်ခန်းမမှာ ခံခဲ့ရတဲ့ အရှက်ရမှုကို ဆေးကြောရမယ်လို့”
“ဒါကြောင့် ညီအစ်ကို သုံးယောက်လုံး အရင်က အငြိုးအတေးတွေကို ဘေးဖယ်ထားပြီး ပေးထားတဲ့ ကတိကို မဖျက်ဆီးဖို့ မျှော်လင့်ပါတယ်။"
သရဲဘုရင် အပါအဝင် သုံးဦးစလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အတူတူ ပြောလိုက်ကြ၏။
"သခင်မ... စိတ်မပူပါနဲ့။ ကျုပ်တို့မှာ တခြား ရည်ရွယ်ချက် မရှိပါဘူး။"
ဆန်းမြောင် သခင်မက ပြုံးလိုက်ပြီး သရဲဘုရင်ကို လှည့်ပြောလိုက်သည်။
"သရဲဘုရင်... ကျွန်မ ဒီကို ရောက်နေတာ ရက်အတော်ကြာပြီ၊ ဘာလို့ ရှင်ရဲ့သမီးကို မတွေ့ရသေးတာလဲ။"
သရဲဘုရင်မှာ ခေတ္တမျှ ကြောင်သွားပြီးမှ ပြန်လည်တုံ့ပြန်လိုက်နိုင်သည်။
"ပိယောင်ကို ပြောတာလား။ ကလေးဆိုတော့လည်း ကစားရတာ ဝါသနာပါတာပေါ့၊ သူ ဘယ်သွားနေလဲ ကျုပ်လည်း မသိဘူး။ ဒါနဲ့ သခင်မက သူ့ကို ဘာလို့ ရှာနေရတာလဲ။"
ဆန်းမြောင် သခင်မက အေးစက်စွာ ပြောလိုက်လေသည်။
"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မကြာသေးခင်က ကြားလိုက်ရတာက ရှင့်ရဲ့ အဖိုးတန်သမီးလေးက ကျင်းလင်သခင်မ ချန်ထားရစ်ခဲ့တဲ့ ဟယ်ဟွမ်ခေါင်းလောင်းကို ရထားတယ်ဆိုပဲ။ အဲဒါ တကယ်ပဲလား။"
အဆိပ်နတ်ဘုရားနှင့် ယွီယန်ဇီတို့၏ မျက်နှာထားများ ချက်ချင်းပင် ပြောင်းလဲသွား၏။ ကျင်းလင်သခင်မ ဆိုသော အမည်မှာ နတ်ဆိုးဂိုဏ်းအတွင်းရှိ အာဏာရှိသူများအတွက်ပင် လျစ်လျူရှု၍ မရသော အမည်ဖြစ်ပေသည်။
သရဲဘုရင်၏ မျက်နှာမှာလည်း ပျက်သွားပြီး မျက်ဝန်းထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ သူက မေးလိုက်သည်။
"သခင်မက ဒီသတင်းကို ဘယ်ကနေ ရတာလဲ။"
ဆန်းမြောင်သခင်မက သူမ၏ လက်ချောင်းလေးများဖြင့် ဆံပင်ကို သပ်လိုက်ပြီး အမူအရာ ကင်းမဲ့စွာ ပြန်ဖြေလေသည်။
"ကြားရတာပေါ့။ သရဲဘုရင်... လွန်ခဲ့တဲ့ နှစ်ပေါင်းရှစ်ရာတုန်းက ကျင်းလင်သခင်မဟာ ကျွန်မတို့ ဟယ်ဟွမ်ဂိုဏ်းရဲ့ တည်ထောင်သူ အကြီးအကဲ တစ်ဦးပဲ”
“သူမ ချန်ထားခဲ့တဲ့ ဟယ်ဟွမ်ခေါင်းလောင်းဟာ ကျွန်မတို့ဂိုဏ်းရဲ့ အဓိကရတနာပဲဆိုတာ ရှင်လည်း သိမှာပါနော်။"
သရဲဘုရင်က ဘာမှပြန်မပြောတော့သော်လည်း သူ၏ လက်များကို နောက်ပစ်ထားကာ မတ်မတ်ရပ်နေ၏။ ခုနက ကြည်လင်နေသော လေထုမှာ တစ်ခဏအတွင်း ရန်လိုသော အခြေအနေသို့ ပြောင်းလဲသွားလေသည်။
ယွီယန်ဇီက ချောင်းတစ်ချက်ဟန့်လိုက်ရင်း အဆိပ်နတ်ဘုရားကို လှည့်ကြည့်လိုက်သော်လည်း အဆိပ်နတ်ဘုရားက အဝေးက ချင်းယွင်တောင်ထိပ်ကိုသာ ငေးကြည့်နေပြီး ဝင်ပါရန် ငြင်းဆန်နေ၏။