အခန်း ၁၅၃
Vol. 16 Ch. 153
အခန်း (၁၅၃) - စစ်ဆေးခြင်း (၁)
ယွီယန်ဇီသည် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ တကယ်လို့သာ အရင်တုန်းကဆိုလျှင် သူသည်လည်း ဤပြိုင်ဘက်နှစ်ဦး အသေအကြေတိုက်ခိုက်မည်ကို ထိုင်ကြည့်နေမည်ဖြစ်သော်လည်း ယခုမူ သူက ခေါင်းဆောင်ဖြစ်နေသဖြင့် ရှေ့သို့တိုးကာ ပြောလိုက်ရလေသည်။
"နှစ်ယောက်လုံး... စကားပြောရင်း ဘာလို့ စိတ်တိုနေကြတာလဲ။ နှစ်ယောက်လုံးက ထူးချွန်တဲ့ ပညာရှင်တွေပဲလေ၊ အခု ကျုပ်တို့မှာ အရေးကြီးတဲ့ ကိစ္စရှိနေတာဆိုတော့ ဒီကိစ္စကို ခေတ္တ ဘေးဖယ်ထားကြပါဦး။ ကိစ္စပြီးသွားမှ နှစ်ယောက်ချင်း သီးသန့် ဖြေရှင်းကြတာပေါ့၊ ဘယ်လိုလဲ။"
ဆန်းမြောင်သခင်မက သူ့ကို ကြည့်ပြီး ခေါင်းညိတ်လိုက်ကာ အကြည့်လွှဲလိုက်၏။ သရဲဘုရင်မှာမူ အမူအရာ ကင်းမဲ့နေသော်လည်း စိတ်ထဲတွင်မူ လှောင်ပြုံး ပြုံးနေမိသည်။
ဤယွီယန်ဇီမှာ ရိုးသားသူမဟုတ်ဘဲ သူ၏ ရာထူးအရ ဝင်တားရသော်လည်း နှစ်ဖက်ဂိုဏ်းကို နောက်ပိုင်းတွင် တိုက်ခိုက်ရန် သွေးထိုးပေးနေခြင်း ဖြစ်၏။
သို့သော်လည်း ဟယ်ဟွမ်ခေါင်းလောင်းမှာ သာမန်ရတနာ မဟုတ်ချေ။ ၎င်းကို သရဲဘုရင်ဂိုဏ်း၏ နဂါးပုန်းအိုး၊ သွေးသန့်စင်ဂိုဏ်း၏ အဆိပ်ပုလဲနှင့် အဆိပ်တစ်သောင်းဂိုဏ်း၏ အဆိပ်အပ်တို့နှင့်အတူ နတ်ဆိုးဂိုဏ်း၏ အထူးခြားဆုံး ရတနာလေးပါးအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
ထို့အပြင် ဟယ်ဟွမ်ဂိုဏ်း၏ ထူးဆန်းသော မှော်ပညာ အများအပြားမှာ ဤခေါင်းလောင်း ရှိမှသာ အစွမ်းကုန် ထွက်ပေါ်နိုင်သည်ဟု သတင်းများလည်း ထွက်ပေါ်နေခဲ့၏။
ဤကဲ့သို့သော ရတနာမျိုးကို သရဲဘုရင်အနေဖြင့် အလွယ်တကူ ပေးအပ်လိမ့်မည် မဟုတ်ပေ။ ပိယောင်က ထိုရတနာကို ရှာတွေ့ခဲ့ပြီးနောက် သူက လျှို့ဝှက်ထားရန် အထူးမှာကြားခဲ့သော်လည်း ဆန်းမြောင်သခင်မက မည်သို့ သတင်းရသွားသည်ကို သူ မသိချေ။
ခေတ္တမျှ စဉ်းစားပြီးနောက် သရဲဘုရင်က ပြုံးလျက် ပြောလိုက်သည်။
"ညီအစ်ကို ယွီယန်ဇီ ပြောတာ မှန်ပါတယ်။ ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့။"
ယွီယန်ဇီသည် မာနကြီးလှသော ဤနှစ်ဦးက သူ၏စကားကို နားထောင်သည်ဟု ယူဆကာ ကျေနပ်သွားလေသည်။
ထိုစဉ် အဆိပ်နတ်ဘုရားက ရုတ်တရက် အော်ပြောလိုက်သည်။
"ဟော... နေထွက်လာပြီ။"
အားလုံးက ချင်းယွင်တောင်ဘက်သို့ လှည့်ကြည့်လိုက်ကြရာ အမှန်တကယ်ပင် ပထမဆုံးသော နေရောင်ခြည်များက ချင်းယွင်တောင်ထိပ်မှ ထွက်ပေါ်လာပြီး လောကကြီးကို ထွန်းလင်းစေသည်ကို မြင်လိုက်ရသည်။
နွေးထွေးသော နေရောင်ခြည်သည် ထိုလူလေးဦးပေါ်သို့ ကျရောက်လာပြီး သူတို့၏ အရိပ်ရှည်ကြီးများကို နောက်ဘက်တွင် ဆွဲဆန့်ထားလေတော့သည်။
နောက်ဆုံး လှေကားထစ်ကို ကျော်ဖြတ်ပြီးနောက် ကျန်းရှောင်ဖန်းသည် ယွီချင်းခန်းမ အပြင်ဘက်သို့ ရောက်ရှိလာလေသည်။
ကြီးမားလှသော ခန်းမဆောင်ကြီးသည် သူ၏ရှေ့တွင် ထည်ဝါစွာ ရှိနေပြီး လူသားများမှာ ၎င်းနှင့်နှိုင်းယှဉ်လျှင် ပုရွက်ဆိတ်ငယ်များကဲ့သို့ ဖြစ်နေပေသည်။
ထိုစဥ် ချန်ကျန့်က ပြောလိုက်လေသည်။
"အတွင်းကို ဝင်ကြစို့။"
စုန့်တာ့ရန်နှင့် ထျန်းလင်းအာတို့က ခေါင်းညိတ်လိုက်ကြသည်။ ကျန်းရှောင်ဖန်းက ရှေ့သို့ လှမ်းလိုက်စဉ် သူ၏ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး ဘေးဘက်သို့ လှည့်ကြည့်လိုက်လေသည်။
လှေကား၏ အခြားတစ်ဖက်ရှိ လက်ရန်းကို မှီလျက် မြေပြင်ပေါ်တွင် ထိုင်နေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏ ဝတ်စုံမှာ သန့်ရှင်းသော်လည်း မြေပြင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေသဖြင့် ဖုန်များ ပေကျံနေ၏။
ထိုသူက ကျန်းရှောင်ဖန်းကို ငေးမောကြည့်ရင်း ပါးစပ်မှ တစ်စုံတစ်ခုကို ရေရွတ်နေလေသည်။
သူသည် နှစ်ပေါင်းများစွာ ရူးသွပ်နေခဲ့သော ဝမ်အာရှူးပင် ဖြစ်၏။
ကျန်းရှောင်ဖန်းမှာ ရင်ထဲတွင် နာကျင်သွားပြီး ထိုသူ့ထံသို့ လျှောက်သွားရန် ပြင်လိုက်သော်လည်း စုန့်တာ့ရန်က သူ့ကို တားဆီးလိုက်သည်။
"ညီလေး... အထဲကို အရင်ဝင်တာ ကောင်းမယ်။ အကြီးအကဲတွေကို အကြာကြီး မစောင့်ခိုင်းပါနဲ့။ ဝမ်အာရှူးအတွက်ကတော့... မင်း အထဲကနေ ပြန်ထွက်လာမှ သွားတွေ့လည်း မနောက်ကျသေးပါဘူး။"
ကျန်းရှောင်ဖန်းသည် ခြေလှမ်းများကို ရပ်လိုက်၏။ သူ၏ စိတ်ထဲတွင် အလွန်ခံရခက်နေသော်လည်း စုန့်တာ့ရန်၏ စကားမှာ မှန်ကန်ကြောင်း သိပေသည်။
သူကိုယ်တိုင်မှာ ယခုအချိန်တွင် အပြစ်သားတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။ သူက စုန့်တာ့ရန်ကို အားတင်းကာ ပြုံးပြလိုက်၏။
ဘေးတွင် ရပ်နေသော ချန်ကျန့်ကလည်း အရာအားလုံးကို မြင်တွေ့လိုက်ရသဖြင့် တိုးညင်းစွာ ဆိုလေသည်။
"ဒါဆိုရင်လည်း... အကြီးအကဲတွေကို ဂါရဝပြုဖို့ အထဲဝင်ကြစို့။"
စုန့်တာ့ရန်က လက်ခံလိုက်ပြီး ကျန်းရှောင်ဖန်းနှင့်အတူ ရှေ့သို့ လျှောက်သွားသည်။ ထျန်းလင်းအာကမူ မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည်။
"ဆရာသမားတွေ။ စီနီယာအစ်ကို ချန်ကျန့်... တခြားဂိုဏ်းက လူတွေလည်း ရောက်နေကြတာလား။"
ချန်ကျန့်က ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေလေသည်။
"ဟုတ်ပါတယ်။ ထျန်းယင်ကျောင်းတော်က ဆရာတော်တွေလည်း ရောက်နေကြသလို ဖန်ရှန်းတောင်ကြားက လူတွေလည်း ရောက်နေကြတယ်။ အားလုံးက ညီလေးကျန်းရဲ့ ကိစ္စကို လာရောက် စုံစမ်းကြတာပါ။"
ထျန်းလင်းအာမှာ မျက်နှာ ပျက်သွားပြီး စုန့်တာ့ရန်ကလည်း မျက်မှောင်ကြုတ်လိုက်မိသည်။
ကျန်းရှောင်ဖန်းက တိတ်ဆိတ်စွာပင်ပြောလိုက်လေသည်။
"စီနီယာအစ်ကို ချန်ကျန့်... အထဲကို ဝင်ကြစို့။"
ချန်ကျန့်က သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်ပြီးနောက် အထဲသို့ ဦးဆောင်ဝင်သွားလေသည်။ ကျန်းရှောင်ဖန်းသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ လေးလံလှသော ခြေလှမ်းများဖြင့် နောက်မှ လိုက်ပါသွားလေ၏။
သူ၏နောက်တွင်မူ စုန့်တာ့ရန်နှင့် ထျန်းလင်းအာတို့သည် စိုးရိမ်စိတ်များဖြင့် ကြည့်နေကြသော်လည်း ဘာမှမတတ်နိုင်ဘဲ လိုက်ပါသွားကြရလေသည်။
သူတို့ ယွီချင်းခန်းမထဲသို့ ဝင်သွားချိန်တွင် ထောင့်တွင် ထိုင်နေသော ဝမ်အာရှူး၏ မျက်လုံးများသည် ကျန်းရှောင်ဖန်း၏ ပုံရိပ်နောက်သို့ လိုက်ပါနေ၏။
ကျန်းရှောင်ဖန်း ခန်းမထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သူသည် မတည်မငြိမ်ဖြင့် ထရပ်လိုက်သည်။
သူသည် ဝေခွဲမရဖြစ်နေသော ကလေးတစ်ယောက်ကဲ့သို့ ခေါင်းကို ကုပ်လိုက်ပြီးနောက် ယွီချင်းခန်းမထဲသို့ နောက်မှ လိုက်ဝင်သွားလေတော့သည်။
ဤနှစ်များအတွင်း ဝမ်အာရှူးကို ချင်းယွင်ဂိုဏ်းက စောင့်ရှောက်ထားခဲ့သော်လည်း သူ၏ ရူးသွပ်မှုမှာ ပျောက်ကင်းမသွားခဲ့ချေ။
သူသည် ထုံထျန်းတောင်ထိပ်တွင် တစ်နေ့ကုန် လျှောက်သွားနေတတ်ပြီး ချင်းယွင်တပည့်များအတွက် မြင့်မြတ်လှသော ယွီချင်းခန်းမထဲသို့ပင် သူကတော့ ပုံမှန် ဝင်ထွက်နေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူသည် မည်သည့် ပြဿနာမျှ မဖန်တီးသဖြင့် အချိန်ကြာလာသည်နှင့်အမျှ မည်သူကမျှ သူ့ကို တားဆီးခြင်း မပြုတော့ပေ။
ဤတစ်ကြိမ်တွင်လည်း သူသည် အေးအေးဆေးဆေးပင် ခန်းမထဲသို့ ဝင်သွားကာ ပျောက်ကွယ်သွားလေတော့သည်။
တံခါးကို ကျော်ဖြတ်လိုက်သည်နှင့်တစ်ပြိုင်နက် လေးနက်ခန့်ညားသော အရှိန်အဝါတစ်ခုက သူတို့ကို တိုက်ရိုက်ရိုက်ခတ်လာလေ၏။
ချင်းယွင်တောင်၏ အမြင့်မြတ်ဆုံးနေရာဖြစ်သည့် ဤခန်းမကြီးမှာ ခန့်ညားဆဲဖြစ်ပြီး လူတိုင်း၏ ရိုသေလေးစားမှုကို ရရှိထားဆဲပင် ဖြစ်သည်။
ကျယ်ပြောလှသော ခန်းမဆောင်ကြီးအတွင်း လူအများအပြား ရှိနေကြသော်လည်း ကျန်းရှောင်ဖန်း ပထမဆုံး မြင်လိုက်ရသည်မှာ ထိုလူများမဟုတ်ဘဲ ခန်းမ၏ အနက်ရှိုင်းဆုံး အရိပ်များထဲမှ ချင်းယွင်ဘိုးဘေးရုပ်ထု သုံးခုသာ ဖြစ်ပေသည်။
ခန်းမကြီး၏ အရှေ့တွင် အမွှေးတိုင်များ လောင်ကျွမ်းနေပြီး ကြည်လင်သော အခိုးအငွေ့များ အဆက်မပြတ် ထွက်ပေါ်နေ၏။
ခန်းမအလယ်ရှိ အဓိကနေရာတွင် တာအိုရွှမ်က အရှိန်အဝါဖြင့် ခန့်ညားစွာ ထိုင်နေလေသည်။
သူ့ဘေးရှိ လက်ဖက်ရည်ဝိုင်းလေးပေါ်တွင် ကျန်းရှောင်ဖန်း၏ လက်နက်ဖြစ်သော ဝိညာဉ်ဝါးမျိုတုတ် တည်ရှိနေ၏။
သူ၏ညာဘက်ခြမ်းတွင် ထျန်းပုယီအပါအဝင် ချင်းယွင်ဂိုဏ်း၏ တောင်ထိပ်အသီးသီးမှ အကြီးအကဲများ အစဥ်လိုက်ထိုင်နေကြလေသည်။
ထိုသူတို့၏ နောက်ကွယ်တွင် တောင်ထိပ်အသီးသီးမှ တပည့်များ မတ်တတ်ရပ်နေကြ၏။ ချီဟောင်နှင့် လင်းကျင်းယွီအစရှိသော ရင်းနှီးသူများလည်း ထိုနေရာတွင် ရှိနေကြသည်။
လုရွှယ်ချီမှာမူ ရွှေယွဲ့သခင်မ၏ နောက်ကွယ်တွင် တိတ်ဆိတ်စွာ ရပ်နေ၏။ သူမဘေးတွင် စုန့်တာ့ရန် သဘောကျနေသော ဝမ်မင်ရှိနေပြီး သူမ၏ တောက်ပသော မျက်ဝန်းများက ကျန်းရှောင်ဖန်းကို စိုက်ကြည့်နေလေသည်။
တာအိုရွှမ်၏ ဘယ်ဘက်ခြမ်းတွင်မူ ကျန်းရှောင်ဖန်း တစ်ခါမှ မမြင်ဖူးသော လူများစွာ ရှိနေ၏။ ကြင်နာတတ်ပုံရသော ဘုန်းတော်ကြီးများနှင့် လေးနက်တည်ကြည်သော အဘိုးအိုများ ဖြစ်ကြသည်။
ကျန်းရှောင်ဖန်းက လူအုပ်ထဲသို့ ဝေ့ကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာအချို့ကို မြင်လိုက်ရ၏။ ထျန်းယင်းကျောင်းတော်မှ ဖာရှန်းနှင့် ဖာရှန့်တို့မှာ အရှေ့ဆုံးတွင် ထိုင်နေသော ဘုန်းတော်ကြီးအိုတစ်ပါး၏ နောက်တွင် ရိုသေစွာ ရပ်နေကြသည်။
ထိုကြင်နာတတ်ပုံရသော ဘုန်းတော်ကြီးမှာ ထျန်းယင်းကျောင်းတော်၏ အဓိကပုဂ္ဂိုလ်ဖြစ်ပုံရလေသည်။
ချန်ကျန့်က စုန့်တာ့ရန်၊ ကျန်းရှောင်ဖန်းနှင့် ထျန်းလင်းအာတို့ကို ခေါ်ဆောင်လာပြီး တာအိုရွှမ်ကို ဦးညွှတ်လိုက်၏။
“ဆရာ... တာ့ကျူးတောင်ထိပ်က ဂျူနီယာညီလေး ကျန်းရှောင်ဖန်း ရောက်ပါပြီ”
လူအုပ်ကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး လူတိုင်း၏ အာရုံစိုက်မှုက သူတို့ဆီသို့ ရောက်လာ၏။ ကျန်းရှောင်ဖန်းသာမက စုန့်တာ့ရန်နှင့် ထျန်းလင်းအာတို့ပင် နေရခက်သွားကြလေသည်။
ထျန်းပုယီ၏ ဘေးတွင် ထိုင်နေသော စုရုက မျက်မှောင်ကြုတ်ကာ သူတို့ကို လှမ်းပြောလိုက်၏။
“မင်းတို့အားလုံး ဒီဘက်မှာ လာရပ်ကြ”
ထိုအခါမှ စုန့်တာ့ရန်နှင့် ကျန်သူများမှာ သက်ပြင်းချကာ ထိုဘက်သို့ လျှောက်သွားကြ၏။ ထိုအချိန်တွင် ထျန်းပုယီ၏ အထက်တွင် ထိုင်နေသော ချန်းစုန့်က ရုတ်တရက် ချောင်းဟန့်လိုက်လေသည်။
ထျန်းပုယီ၏ မျက်နှာကြွက်သားများ လှုပ်ခတ်သွားပြီး မျက်တောင်များ အနည်းငယ် တုန်ယင်သွားသော်လည်း အေးစက်စွာပင် ပြန်ပြောလိုက်လေသည်။
“နံပါတ်ခုနစ်... မင်း ဟိုမှာရပ်လိုက်။ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက မင်းကို ပြောစရာရှိတယ်”
ကျန်းရှောင်ဖန်းမှာ ရှေ့သို့ ခြေလှမ်းလှမ်းကာ ပြင်လိုက်သော်လည်း နံရံတစ်ခုကို တိုက်မိလိုက်သကဲ့သို့ ရုတ်တရက် ရပ်တန့်သွား၏။ ခေတ္တကြာမှ တိုးညင်းစွာ ပြောလိုက်လေသည်။
“ဟုတ်ကဲ့ပါ”
စုန့်တာ့ရန်နှင့် ထျန်းလင်းအာတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ကျန်းရှောင်ဖန်းကို စိုးရိမ်တကြီး ကြည့်လိုက်ကြ၏။
သို့သော် ယခုအချိန်မှာ စကားပြောရမည့်အချိန် မဟုတ်သည်ကို သိသဖြင့် ထျန်းပုယီ၏ နောက်တွင် သွားရပ်လိုက်ကြလေသည်။
တာအိုရွှမ်မှာ မျက်နှာသေဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ရာ လူအုပ်နှစ်စုကြားတွင် လူငယ်တစ်ဦးတည်း ရပ်နေသည်ကို မြင်လိုက်ရသည်။
ထိုလူငယ်၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများ ရှိနေပြီး လက်နှစ်ဖက်ကိုလည်း တင်းတင်းဆုပ်ထားလေသည်။
ဤသူသည် တကယ်ပင် မြက်ဘုရားကျောင်းရွာမှ သာမန်မိဘမဲ့ကလေးတစ်ဦး ဟုတ်ပါသလော။
တာအိုရွှမ်သည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်၏။