← Chapters

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း (၁၅၄) - စစ်ဆေးခြင်း (၂)

“ကျန်းရှောင်ဖန်း...”

တာအိုရွှမ်က နူးညံ့စွာ ခေါ်လိုက်လေသည်။

ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ ခေတ္တတုန်ယင်သွားပြီးနောက် ဖြည်းဖြည်းချင်း ဒူးထောက်လိုက်ကာ တိုးညင်းသော အသံဖြင့် ပြန်ထူးလိုက်၏။

“တပည့် ရှိပါတယ်”

တာအိုရွှမ်က သူ့ကိုကြည့်ကာ ပြောလိုက်၏။

“မင်းဘေးမှာရှိနေတဲ့ အကြီးအကဲတွေက ငါတို့လမ်းမှန်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်တွေပဲ။ ဒီနေ့ သူတို့အားလုံးက မင်းကြောင့် ဒီကို ရောက်နေကြတာ။ ဒါက ထျန်းယင်းကျောင်းတော်ရဲ့ တာဝန်ခံ ဖူဟုန် သာဝကလေးပါးထဲက တစ်ပါးအပါအဝင်ပဲ”

“သူ့ဘေးမှာ ထိုင်နေတာကတော့ ဆရာတော်ဖူခုန်း။ ပြီးတော့ ဖန်ရှန်းတောင်ကြားက အကြီးအကဲ ရှန်းကွမ်း...”

တာအိုရွှမ်သည် ယဉ်ကျေးမှုအရ အကြီးအကဲများ၏ နာမည်များကို ဖတ်ပြနေသော်လည်း ကျန်းရှောင်ဖန်းမှာ နားထောင်လိုစိတ် မရှိပေ။

သူ၏ အကြည့်မှာ အရှေ့ဆုံးတွင် ထိုင်နေသော ကြင်နာတတ်ပုံရသည့် ဘုန်းတော်ကြီးအို နှစ်ပါးထံသို့ ရောက်သွား၏။

ရွှေချည်ထိုး ဗုဒ္ဓဝတ်ရုံနီကို ဆင်မြန်းထားပြီး နှင်းကဲ့သို့ ဖြူဖွေးသော မျက်ခုံးများရှိသော ဘုန်းတော်ကြီးမှာလည်း သူ့ကို ပြန်ကြည့်နေလေသည်။

ဖူဟုန်သည် ထျန်းယင်းကျောင်းတော်၏ သာဝကလေးပါးတွင် ခေါင်းဆောင်ဖြစ်ပြီး ချင်းယွင်ဂိုဏ်းချုပ် တာအိုရွှမ်၊ ဖန်ရှန်းတောင်ကြား ဂိုဏ်းချုပ်တို့နှင့်အတူ ကမ္ဘာ့အကြီးမြတ်ဆုံး ဆရာသခင်သုံးပါးအဖြစ် သတ်မှတ်ခြင်း ခံရသူ ဖြစ်သည်။

သာမန် ကျင့်ကြံသူများအတွက်မူ သူ့ကို တွေ့ဆုံရန်မှာ မဖြစ်နိုင်သလောက်ပင်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် နှစ်ပေါင်းတစ်ရာအတွင်း ပထမဆုံးအကြိမ်အဖြစ် သူ၏လက်နက်ကို အသုံးပြုကာ ချင်းယွင်တောင်သို့ ကိုယ်တိုင် ကြွရောက်လာခဲ့လေသည်။

ကျန်းရှောင်ဖန်းသာမက သတင်းကြားရသော ချင်းယွင်ဂိုဏ်းသားများပင် အံ့အားသင့်ခဲ့ကြရ၏။

ဤအချက်က ထျန်းယင်းကျောင်းတော်၏ လျှို့ဝှက်ပညာဖြစ်သော ဗြဟ္မာ့ဉာဏ်တော် ပေါက်ကြားသွားမှုကို မည်မျှအရေးကြီးသည်ဟု သတ်မှတ်ထားကြောင်း ပြသနေလေသည်။

ခန်းမဆောင်ကြီးအတွင်း တာအိုရွှမ်၏ စကားသံ ရပ်တန့်သွားချိန်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း၏ အကြည့်မှာ မြေပြင်ပေါ်တွင် ဒူးထောက်နေသော ပုံရိပ်လေးဆီသို့ ရောက်ရှိသွားကြလေသည်။

ကျန်းရှောင်ဖန်းမှာ ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့ထားကာ ရှေ့ရှိ အုတ်ချပ်များကို စိုက်ကြည့်နေမိသည်။ သူ့စိတ်ထဲတွင်မူ ‘ဒီဘုန်းတော်ကြီးတွေက ဖူကျစ်နဲ့ အတူတူပဲလား’ ဟု တွေးတောနေမိ၏။

အဝေးတစ်နေရာ၊ တာအိုရွှမ်၏ စားပွဲပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေသော ဝိညာဉ်ဝါးမျိုတုတ်မှာမူ ၎င်း၏ သခင်ဖြစ်သူ၏ အတွေးများကို သိရှိနေသည့်အလား စိမ်းဖျော့ဖျော့ အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားလေသည်။

“ကျန်းရှောင်ဖန်း...”

တာအိုရွှမ်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အခု ငါ မင်းကို မေးစရာအချို့ ရှိတယ်။ မင်း ရိုးရိုးသားသား ဖြေရမယ်”

ကျန်းရှောင်ဖန်းက တိုးညင်းစွာ ပြန်ပြောလိုက်လေသည်။

“ဟုတ်ကဲ့ပါ”

တာအိုရွှမ်က စကားလုံးများကို စဉ်းစားနေပုံရပြီး ခေတ္တကြာမှ အေးအေးလူလူ မေးလိုက်၏။

“အရှေ့ပင်လယ် လျိုပိုတောင် ခရီးစဉ်မှာ မင်းက ခွေ့နျိုသားရဲကို တိုက်ခိုက်တုန်းက သုံးခဲ့တဲ့ ပညာဟာ ထျန်းယင်းကျောင်းတော်ရဲ့ ပြင်ပလူကို ဘယ်တော့မှ မသင်ပေးတဲ့ ဗြဟ္မာ့ဉာဏ်တော် ဖြစ်နေတယ်လို့ ထျန်းယင်းကျောင်းတော်က ဂျူနီယာတစ်ယောက်က မှတ်မိခဲ့တယ်။ အဲဒါ တကယ်ပဲလား”

ကျန်းရှောင်ဖန်း စကားပြန်မပြောသဖြင့် ခန်းမအတွင်းရှိ လေထုမှာ ရုတ်တရက် တင်းမာသွားလေသည်။

ထျန်းပုယီက နေရခက်စွာ ခေါင်းလှည့်လိုက်သော်လည်း လူတိုင်းက ကျန်းရှောင်ဖန်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်ကိုသာ မြင်လိုက်ရ၏။

အချိန်အတော်ကြာမှ ကျန်းရှောင်ဖန်း၏ အသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည်။

“ဟုတ်ပါတယ်”

ဘာ...

ချက်ချင်းပင် ခန်းမတစ်ခုလုံး ဆူညံသွား၏။ လူတိုင်းက ထိုသို့သောအဖြေကို မျှော်လင့်ထားကြသော်လည်း ကျန်းရှောင်ဖန်း၏ ပါးစပ်မှ တိုက်ရိုက်ကြားလိုက်ရချိန်တွင် ထျန်းယင်းကျောင်းတော်မှ ဘုန်းတော်ကြီးများ သိသိသာသာ လှုပ်ရှားသွားကြသည်။

အရှေ့တွင် ထိုင်နေသော ဖူဟုန်၊ ဖူခုံးနှင့် နောက်တွင် ရပ်နေသော ဖာရှန်းတို့သာ တည်ငြိမ်နေကြပြီး နှုတ်ဆိတ်နေကြ၏။

ချင်းယွင်ဂိုဏ်းဘက်တွင်မူ ထျန်းပုယီ၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်လာပြီး ထျန်းလင်းအာနှင့် ကျန်သူများမှာ ဖြူဖျော့သွားကြလေသည်။

ထိတ်လန့်နေကြသော လူအုပ်ကြားတွင် လုရွှယ်ချီတစ်ဦးသာ ထိုတိတ်ဆိတ်နေသော ပုံရိပ်ကို ကြည့်နေပြီး စကားတစ်လုံးမှ မပြောပေ။

တာအိုရွှမ်က မျက်မှောင်ကြုတ်ကာ ဖူဟုန်ကို လှမ်းကြည့်လိုက်၏။

ဂိုဏ်းသားများ လှုပ်လှုပ်ရှားရှား ဖြစ်နေသော်လည်း ဖူဟုန်မှာမူ မျက်စိမှိတ်ထားဆဲ ဖြစ်ကာ လောလောဆယ် စကားမပြောလိုကြောင်း ပြသနေလေသည်။

တာအိုရွှမ်က စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်ပြီးနောက် ကျန်းရှောင်ဖန်းဘက်သို့ လှည့်ကာ ဆူညံနေသူများကို တိတ်တိတ်နေရန် လက်ဝှေ့ယမ်းကာ အချက်ပြလိုက်သည်။

သူသည် ဂိုဏ်းချုပ်တစ်ဦး ဖြစ်သည်နှင့်အညီ တခဏအတွင်းမှာပင် ခန်းမတစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားလေသည်။ တာအိုရွှမ်က အေးအေးဆေးဆေးပင် ဆက်မေးလိုက်၏။

“အဲဒါအပြင် မင်းလက်ထဲက ဒီတုတ်...”

သူက အနက်ရောင်တုတ်ကို ကောက်ကိုင်လိုက်ပြီး ဆက်ပြောလိုက်၏။

“ဒါဟာ နတ်ဆိုးဂိုဏ်းတွေရဲ့ မိစ္ဆာပုလဲနဲ့ ပေါင်းစပ်ထားတာလို့ တစ်ယောက်က ပြောတယ်။ အဲဒါကော အမှန်ပဲလား”

နောက်ထပ် တိတ်ဆိတ်မှုတစ်ခု ဖြစ်သွားပြီးနောက် ကျန်းရှောင်ဖန်းက အလွန်တိုးညင်းသော အသံဖြင့် ဖြေလိုက်၏။

“ဟုတ်ပါတယ်”

ယခုတစ်ကြိမ်တွင်မူ လူအုပ်ကြီးမှာ အံ့ဩစရာကောင်းလောက်အောင် တိတ်ဆိတ်သွားကြလေသည်။

သွေးနှင့် အလောင်းများ ပြည့်နှက်နေသော ‘မိစ္ဆာပုလဲ’ ဟူသည့် စကားလုံးသည် ချင်းယွင်ဂိုဏ်းသား တစ်ဦးထံတွင် ရှိနေလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။

တာအိုရွှမ်၏ မျက်နှာမှာလည်း တဖြည်းဖြည်း မည်းမှောင်လာပြီး ပြောလိုက်၏။

“မင်းမှာ ဘာပြောစရာ ရှိသေးလဲ”

ယနေ့ ထိုသို့သော အခြေအနေမျိုး ကြုံတွေ့ရမည်ကို ကြိုသိထားသော်လည်း ဤအချိန်တွင် ကျန်းရှောင်ဖန်း၏ စိတ်မှာ ဗလာဖြစ်နေလေသည်။

သူ ခံရနိုင်သော အပြစ်ဒဏ်များကို တွေးတောမိကာ ကြောက်ရွံ့မှုကြောင့် ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်လာလေသည်။

“တပည့်... တပည့်...”

သူသည် စကားလုံးအချို့ကို ပြောရန် ကြိုးစားနေသော်လည်း ဘာပြောချင်သည်ကိုပင် မသိတော့ပေ။

တာအိုရွှမ်က ခက်ထန်သော မျက်နှာဖြင့် မေးလိုက်သည်။

“ဒီမိစ္ဆာပုလဲက ဘယ်လိုလုပ်ပြီး မင်းဆီ ရောက်လာတာလဲ”

သူက စကားအဆုံးတွင် အသံကို မြှင့်ကာ ငေါက်လိုက်ခြင်း ဖြစ်သည်။ ကျန်းရှောင်ဖန်းမှာ ထိုအသံကြောင့် ထိတ်လန့်သွားပြီး ခေါင်းထဲတွင် အူသွားလေ၏။ ထို့နောက်တွင်မူ သူသည် ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်လေသည်။

မျောက်ကလေး ရှောင်ဟွေး၏ နောက်ပြောင်မှုကြောင့် တောအုပ်ထဲသို့ လိုက်သွားရာမှ ထူးဆန်းသော ချောက်ကမ်းပါးထဲတွင် မိစ္ဆာပုလဲနှင့် အနက်ရောင်တုတ်တို့ တိုက်ခိုက်နေသည်ကို တွေ့ခဲ့ရပြီး နောက်ဆုံးတွင် ထိုသို့ ပေါင်းစပ်သွားကြောင်း ပြောပြလိုက်လေသည်။

ခန်းမအတွင်းရှိ လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြောစရာစကားပင် မရှိကြတော့ပေ။ တာအိုရွှမ်၊ ဖူဟုန်၊ ဖူခုံးနှင့် ဖန်ရှန်းတောင်ကြားမှ ရှန်းကွမ်းတို့ပင် မျက်ခုံးပင့်သွားကြလေသည်။

မိစ္ဆာပုလဲနှင့် ဝိညာဉ်ဝါးမျိုတုတ်တို့သည် သွေးကို ကြားခံအဖြစ် အသုံးပြုကာ ပေါင်းစပ်သွားနိုင်သည်ဟူသော အချက်မှာ ပထမဆုံး ကြားဖူးခြင်း ဖြစ်ပေသည်။

လူအများအပြားက သံသယရှိနေကြသော်လည်း ကျန်းရှောင်ဖန်း၏ စိတ်ဓာတ်ကျနေသော ပုံစံကို ကြည့်ရသည်မှာ လိမ်ညာနေပုံ မရပေ။

တာအိုရွှမ်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ကောင်းပြီ... မင်းရဲ့ မတော်တဆ ပေါင်းစပ်သွားတယ်ဆိုတဲ့ စကားကို ငါ ယုံကြည်ပေးမယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် မိစ္ဆာပုလဲက မင်းဆီမှာ ရှိနေပြီးသားပဲ”

“မင်းလို ကလေးတစ်ယောက်က ဒီလို ပစ္စည်းမျိုးကို ဘယ်က ရတာလဲ။ ပြီးတော့ မိစ္ဆာပုလဲက အသက်ရှိတဲ့အရာတွေရဲ့ သွေးကို စုပ်ယူတတ်တာပဲ။ အဲဒီအချိန်တုန်းက ဝိညာဉ်ဝါးမျိုတုတ်နဲ့ မပေါင်းစပ်ရသေးခင်မှာ မင်းက ဘယ်လိုလုပ် ဘာမှမဖြစ်ဘဲ နေနိုင်တာလဲ”

ကျန်းရှောင်ဖန်း စကားမဲ့သွားလေသည်။ အဖြစ်မှန်မှာ ဖူကျစ်က ဗုဒ္ဓကျင့်စဥ်ကို အသုံးပြုကာ မိစ္ဆာပုလဲကို ထိန်းချုပ်ထားပေးခဲ့ခြင်း ဖြစ်လေသည်။

ထိုအချိန်က ဖူကျစ်က လူသူကင်းမဲ့သော ချောက်ထဲသို့ သွားပစ်ရန် မှာကြားခဲ့သော်လည်း ကျန်းရှောင်ဖန်းကိုယ်တိုင်က အမှတ်တရအဖြစ် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

ယခု ဖူကျစ်အကြောင်း ပြောမည်ဆိုလျှင် အရာအားလုံးကို ထုတ်ဖော်ပြောရတော့မည် ဖြစ်သော်လည်း ဤအချက်မှာ ကျန်းရှောင်ဖန်း၏ စိတ်ထဲတွင် မည်သို့မျှ မပြောလိုသော လျှို့ဝှက်ချက်တစ်ခု ဖြစ်နေလေသည်။

ထိုကြင်နာတတ်သော ဘုန်းတော်ကြီးနှင့် သူသည် တစ်ညတာသာ တွေ့ဆုံခဲ့ဖူးခြင်း ဖြစ်၏။ သို့သော် ထိုသူ၏ နောက်ဆုံးအချိန်တွင် သူ့ကို ‘ဆရာ’ ဟု ခေါ်ဆိုခဲ့ပြီးနောက် ဤနှစ်များတစ်လျှောက် မည်သို့မျှ မေ့ဖျောက်၍ မရနိုင်ခဲ့ပေ။

ထိုခဏတွင် ပတ်ဝန်းကျင်မှ အကြည့်များနှင့် အသံများမှာ အလွန်ဝေးကွာသွားသကဲ့သို့ ခံစားလိုက်ရပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာဆီသို့ ပြန်ရောက်သွား​သကဲ့သို့ ခံစားလိုက်ရသည်။

ထိုစဉ်က ကောင်လေးတစ်ယောက်သည် ဘုန်းတော်ကြီးအို၏ ရှေ့တွင် ခိုင်မာစွာ ပြောနေခဲ့သည်မှာ ‘ကျွန်တော် သိပါတယ်... သေရင်တောင် မပြောပါဘူး’ ဟူ၍ ဖြစ်လေသည်။

‘သေရင်တောင် မပြောပါဘူး...’

“ပြောစမ်း”

ကျယ်လောင်သော ဟိန်းဟောက်သံက ခန်းမတစ်ခုလုံး တုန်ခါသွားစေ၏။ ထျန်းပုယီက မျက်မှောင်ကြုတ်ကာ ဒေါသတကြီး မတ်တတ်ရပ်လိုက်သဖြင့် လူတိုင်း လန့်သွားကြသည်။

သူ၏ မျက်နှာမှာ အလွန်တည်ကြည်နေသော်လည်း မျက်ဝန်းထဲမှ စိုးရိမ်စိတ်များမှာ သိသာနေလေသည်။

ယခုအချိန်တွင် ကျန်းရှောင်ဖန်း ဝန်ခံလိုက်သော အချက်များသည် ချင်းယွင်ဂိုဏ်းနှင့် လမ်းမှန်ဂိုဏ်းများ၏ တားမြစ်ချက်များကို ချိုးဖောက်နေခြင်း ဖြစ်သဖြင့် ပုံမှန်အတိုင်းဆိုလျှင် သူသည် သေဒဏ်ပေးခြင်း ခံရမည် ဖြစ်သည်။

ထျန်းပုယီသည် စိတ်ထဲမှ ထိတ်လန့်နေသော်လည်း မိမိ၏ အသက်အန္တရာယ်ကိုပင် မသိသေးသော တပည့်ငယ်ကို ကြည့်ကာ စိတ်ပျက်နေမိသည်။

အထူးသဖြင့် ထျန်းယင်ကျောင်းတော်နှင့် ဖန်ရှန်းတောင်ကြားမှ လူများ ရှိနေသဖြင့် ချင်းယွင်ဂိုဏ်းက ကာကွယ်ပေးလိုလျှင်ပင် ခက်ခဲနေလေပြီ။

ဤအတိုင်း ဆက်သွားနေပါက ကျန်းရှောင်ဖန်း၏ အသက်ကို ကယ်တင်နိုင်ရန်မှာ တကယ်ပင် မဖြစ်နိုင်တော့ပေ။

သို့သော် ကျန်းရှောင်ဖန်းမှာမူ တစ်စုံတစ်ခု ပူးကပ်နေသည့်အလား ခေါင်းကိုသာ ငုံ့ထားပြီး စကားတစ်လုံးမှ မပြောပေ။ စုရုနှင့် တာ့ကျူးတောင်ထိပ်မှ လူများမှာလည်း ဖြူဖျော့နေကြပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေကြ၏။

ထျန်းပုယီက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သော်လည်း သူ ဘာလုပ်မည်ကို မသိခင်မှာပင် ထျန်းယင်းကျောင်းတော်မှ ဖူဟုန်က မျက်စိဖွင့်ကာ ပြောလိုက်၏။

“ဒကာထျန်း... အေးအေးဆေးဆေး စကားပြောကြပါစို့။ အကြမ်းမဖက်ပါနဲ့”

ထျန်းပုယီ အံ့အားသင့်သွား၏။ ဖူဟုန်က ကျန်းရှောင်ဖန်းအတွက် စကားပြောပေးလိမ့်မည်ဟု မထင်ထားပေ။

သို့သော် ဖူဟုန်မှာ သူလေးစားရသော စီနီယာဖြစ်သဖြင့် နှာတစ်ချက်မှုတ်ကာ ပြန်ထိုင်လိုက်ရလေသည်။

All Chapters