အခန်း ၁၅၅
Vol. 16 Ch. 155
အခန်း (၁၅၅) - စစ်ဆေးခြင်း (၃)
တာအိုရွှမ်က ဖူဟုန်ကို တစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေလေသည်။ ထို့နောက် ကျန်းရှောင်ဖန်းကို ဆက်မေးလိုက်လေသည်။
“မင်းဆီမှာ ရှိနေတဲ့ ဗြဟ္မာ့ဉာဏ်တော်ကိုရော ဘယ်သူ့ဆီက သင်ခဲ့တာလဲ”
ဤစကားကြောင့် ခန်းမအတွင်းရှိ လေထုမှာ အမြင့်ဆုံးသို့ ပြန်လည်ရောက်ရှိသွားလေသည်။ ဤအဖြေသည် လက်ရှိ အင်အားကြီး ဂိုဏ်းကြီးနှစ်ဂိုဏ်း၏ ဆက်ဆံရေးကို အက်ကြောင်းထင်သွားစေနိုင်သည်။
သို့သော် ကျန်းရှောင်ဖန်းမှာမူ ဒူးထောက်နေဆဲ ဖြစ်ကာ အချိန်အတော်ကြာသည့်တိုင် စကားတစ်လုံးမှ မပြောပေ။
တာအိုရွှမ်က ဒေါသတကြီးဖြင့် မေးလိုက်၏။
“မင်း အမှန်အတိုင်း မပြောသေးဘူးလား”
အစမှအဆုံး ကျန်းရှောင်ဖန်းကို ကြည့်နေသော ဖာရှန်းမှာ ခေါင်းငုံ့သွားလေသည်။ ဖူဟုန်နှင့် ဖူခုံးတို့မှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ရှိနေ၏။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်လွန်းလှသဖြင့် ကျန်းရှောင်ဖန်းမှာ အသက်ရှူရပင် ခက်ခဲလာသကဲ့သို့ ခံစားနေရသည်။ သို့သော် သူသည် အဆုံးအထိ စကားမပြောဘဲ နေခဲ့လေသည်။
“ဒုန်း...”
ကျယ်လောင်သော အသံတစ်ခုကြောင့် လူတိုင်း လန့်သွားကြပြီး ကျန်းရှောင်ဖန်းလည်း ခေါင်းမော့ကြည့်လိုက်၏။ တာအိုရွှမ်က ဝိညာဉ်ဝါးမျိုတုတ်ကို စားပွဲပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ပြီး မတ်တတ်ရပ်ကာ အော်လိုက်လေသည်။
“ယုတ်မာတဲ့ကောင်။ မင်း စကားမပြောဘဲ နေရင် ငါ ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတာလား”
ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး မျက်နှာတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြစ်ပေါ်လာသော်လည်း စကားမူ မပြောပေ။
တာအိုရွှမ်က ပို၍ ဒေါသထွက်သွားသော်လည်း ရယ်မောကာ ပြောလိုက်၏။
“ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ။ မင်းလို ယုတ်မာတဲ့ကောင်ကို ဒီနေ့ ငါ...”
“ဂိုဏ်းချုပ်... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ”
ရုတ်တရက် ချင်းယွင်တပည့်များကြားမှ အော်သံတစ်ခု ထွက်ပေါ်လာသဖြင့် လူတိုင်း အံ့အားသင့်သွားကြ၏။
တာအိုရွှမ်သည် ချင်းယွင်ဂိုဏ်းကို အုပ်ချုပ်လာသည်မှာ နှစ်ပေါင်းတစ်ရာနီးပါး ရှိပြီဖြစ်သော်လည်း မည်သူမှ သူ့ကို အာခံရဲခြင်း မရှိပေ။ ယခု တစ်စုံတစ်ယောက်က သူ့ကို တားဆီးလိုက်သဖြင့် ကျန်းရှောင်ဖန်းပင် ခေါင်းလှည့်ကြည့်လိုက်မိလေသည်။
လူအုပ်ကြားမှ လုရွှယ်ချီသည် ပြတ်သားသော ခြေလှမ်းများဖြင့် ထွက်လာပြီး ခန်းမအလယ်တွင် ကျန်းရှောင်ဖန်း၏ ဘေး၌ ဒူးထောက်လိုက်လေသည်။
တာအိုရွှမ်မှာ ခေတ္တမျှ မှင်တက်သွားပြီး ရွှေယွဲ့သခင်မမှာလည်း အလွန်အံ့အားသင့်ကာ မတ်တတ်ရပ်၍ အော်လိုက်၏။
“ရွှယ်ချီ... မင်း ရူးနေတာလား။ မြန်မြန် ပြန်လာခဲ့”
လုရွှယ်ချီ၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း ကျန်းရှောင်ဖန်း၏ ဘေးတွင် ဒူးထောက်ထားဆဲ ဖြစ်ကာ ဆုတ်ခွာမည့်ပုံ မရှိပေ။
သူမ၏ လှပသော မျက်နှာထက်တွင် သွားလေးများက နှုတ်ခမ်းကို ဖိကိုက်ထားပြီး တိုးညင်းစွာ ပြောလိုက်၏။
“ဂိုဏ်းချုပ်... ရှောင်ကျူးတောင်ထိပ်က တပည့် လုရွှယ်ချီ ပြောစရာရှိပါတယ်”
ရွှေယွဲ့က မျက်မှောင်ကြုတ်ကာ ဟောက်လိုက်၏။
“ရွှယ်ချီ... ကျန်းရှောင်ဖန်းက တာ့ကျူးတောင်ထိပ်က တပည့်ပဲ။ သူက ကြီးလေးတဲ့ အပြစ်ကို လုပ်ထားတာ။ ဂိုဏ်းချုပ်က သူ့ဘာသာ ဆုံးဖြတ်လိမ့်မယ်။ မင်း ဝင်ပြောစရာ မလိုဘူး။ မြန်မြန် ပြန်လာခဲ့စမ်း”
လုရွှယ်ချီ၏ နှုတ်ခမ်းများမှာ တုန်ယင်နေပြီး သူမ၏ ပြင်းထန်သော အသက်ရှူသံကို ကျန်းရှောင်ဖန်းက ကြားနေရ၏။ ဤကဲ့သို့သော နေရာမျိုးတွင် ဒူးထောက်နေရခြင်းမှာ သူမအတွက် မည်မျှ ဖိအားများမည်ကို သူ သိနေလေသည်။
သို့သော် ထိုလှပသော မိန်းကလေးမှာ အကြည့်စိမ်းများအောက်တွင် တစ်ချက်မှ မဆုတ်ခွာခဲ့ပေ။
ခန်းမအပြင်ဘက်မှ တောင်လေများ တိုက်ခတ်လာပြီး သူမ၏ ဆံနွယ်အချို့ကို လွင့်မြောသွားစေ၏။ ကျန်းရှောင်ဖန်းသည် သူမကို စကားတစ်လုံးမှ မပြောဘဲ ကြည့်နေမိသည်။
“ဂိုဏ်းချုပ်... တပည့်ကို စကားအနည်းငယ် ပြောခွင့်ပြုပါ”
တာအိုရွှမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အခြားဂိုဏ်းသားများကလည်း ကြည့်နေကြသဖြင့် ပြောလိုက်၏။
“ကောင်းပြီ... ပြောစမ်း”
လုရွှယ်ချီက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။ ကျန်းရှောင်ဖန်းနဲ့ တပည့်ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေး မရှိပါဘူး။ ဒါပေမဲ့ တောင်ထိပ်ခုနစ်ခုသိုင်းပြိုင်ပွဲအပြီးမှာ တပည့်တို့ အတူတူ တောင်အောက် ဆင်းခဲ့ကြပါတယ်”
“ကုန်းစွန်းတောင် လင်းနို့ဂူနဲ့ အရှေ့ပင်လယ် လျိုပိုတောင်မှာ ကျန်းရှောင်ဖန်းဟာ နတ်ဆိုးဂိုဏ်းသားတွေနဲ့ အသက်စွန့် တိုက်ခိုက်ခဲ့တာကို တပည့် ကိုယ်တိုင် မြင်ခဲ့ရပါတယ်”
“သူဟာ နတ်ဆိုးဂိုဏ်းက လွှတ်လိုက်တဲ့ သူလျှို မဟုတ်တာ သေချာပါတယ်။ အခု ဒီမှာ ပြင်ပလူတွေ ရှိနေလို့ ကျန်းရှောင်ဖန်းမှာ ပြောရခက်တဲ့ အကြောင်းရင်းတွေ ရှိနေနိုင်ပါတယ်။ ဂိုဏ်းချုပ်ဦးလေးအနေနဲ့ သေချာ စဉ်းစားပေးပါ...”
“ခဏလေး”
ရုတ်တရက် အသံတစ်ခုက လုရွှယ်ချီ၏ စကားကို ဖြတ်ပြောလိုက်၏။ လူတိုင်း ကြည့်လိုက်ရာ ထျန်းယင်းဘုန်းတော်ကြီးများ၏ အောက်တွင် ထိုင်နေသော ဖန်ရှန်းတောင်ကြားမှ အကြီးအကဲရှန်းကွမ်း ဖြစ်နေလေသည်။
“ဒီမိန်းကလေး ပြောတဲ့ ပြင်ပလူဆိုတာ ငါရယ်၊ ဖူဟုန်နဲ့ ဖူခုံး မိတ်ဆွေတို့ရယ်ကို ပြောတာ ထင်တယ်”
“ဟဲဟဲ... ချင်းယွင်ဂိုဏ်းမှာ ဒီလိုကိစ္စမျိုး ဖြစ်နေတာကို မင်းတို့က လမ်းမှန်ဂိုဏ်းလို့ သတ်မှတ်နေတုန်းပဲလား။ ငါတို့က ရှင်းပြချက်လေးတောင် တောင်းပိုင်ခွင့် မရှိဘူးလား”
တာအိုရွှမ်နှင့် အခြားခေါင်းဆောင်များ၏ မျက်နှာမှာ ချက်ချင်းပင် ကြည့်ရဆိုးသွား၏။ ဘေးတွင် ထိုင်နေသော ချန်းစုန့်က အေးစက်စွာ ပြောလိုက်လေသည်။
“ရှန်းကွမ်း... ဒီနေ့ ငါတို့ ဂိုဏ်းချုပ်က မင်းတို့အားလုံးရဲ့ ရှေ့မှာ စစ်ဆေးနေတာဟာ မင်းတို့ကို ရှင်းပြချက် ပေးနေတာပဲ မဟုတ်လား”
ရှန်းကွမ်းက အေးစက်စွာ ရယ်လိုက်ပြီး ပြောလိုက်လေသည်။
“ချန်းစုန့်... မင်းတို့ ချင်းယွင်ဂိုဏ်းသားရဲ့ ကိုယ်ပေါ်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်။ နတ်ဆိုးဂိုဏ်းက ပစ္စည်းရှိနေတာအပြင် ထျန်းယင်းကျောင်းတော်ရဲ့ ကျင့်စဥ်ကိုလည်း သိနေတယ်”
“ပြီးတော့ ငါတို့ ဖန်ရှန်းတောင်ကြားရဲ့ ရတနာ မီးလျှံကြေးမှုံနဲ့လည်း ပတ်သက်နေသေးတယ်။ မီးလျှံကြေးမုံက ငါတို့ရဲ့ အဖိုးတန်ရတနာပဲ။ အဲဒါကို ငါတို့ မဖြစ်မနေ ပြန်ရှာရမယ်”
ထျန်းပုယီက နားထောင်ရင်း ဒေါသထွက်လာကာ လှောင်ရယ်လိုက်၏။
“ရှန်းကွမ်း... အဲဒီရတနာက အဲလောက် အရေးကြီးရင် မင်းတို့ ဖန်ရှန်းတောင်ကြားက ဘာလို့ သေချာ မထိန်းသိမ်းတာလဲ”
“ဘယ်နေရာမှာ ပစ်ထားခဲ့မှန်း မသိဘဲ ငါ့တပည့်ကို လာစွပ်စွဲနေတာလား။ ရတနာကို စောင့်တဲ့လူတွေကရော အသုံးမကျလို့လား”
ရှန်းကွမ်းမှာ ဒေါသထွက်ကာ ချက်ချင်း မတ်တတ်ရပ်လိုက်၏။ ထျန်းပုယီကလည်း အလျှော့မပေးဘဲ မတ်တတ်ရပ်လိုက်သဖြင့် လေထုမှာ ရုတ်တရက် တင်းမာသွားလေသည်။
တာအိုရွှမ်က ဟောက်လိုက်၏။
“ထျန်းပုယီ... မင်း ဘာလုပ်တာလဲ။ ထိုင်စမ်း”
ထျန်းပုယီက ရှန်းကွမ်းကို စိုက်ကြည့်လိုက်ပြီးနောက် ဂိုဏ်းချုပ်ကို မလွန်ဆန်ရဲသဖြင့် ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်ရ၏။ တာအိုရွှမ်က ရှန်းကွမ်းဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
“ရှန်းကွမ်း... ငါတို့ မင်းကို ရှင်းပြချက်တစ်ခု ပေးပါ့မယ်။ စိတ်ချပါ”
ရှန်းကွမ်းက အေးစက်စွာ ရယ်မောရင်း ပြန်ထိုင်လိုက်၏။
ရွှေယွဲ့က ဘေးမှ ဒေါသတကြီး မာန်မဲလိုက်လေသည်။
“ရွှယ်ချီ... မင်း အခုထိ ပြန်မလာသေးဘူးလား”
အံ့ဩစရာကောင်းသည်မှာ ဆရာဖြစ်သူ၏ စကားကို အမြဲနားထောင်တတ်သော လုရွှယ်ချီမှာ ယနေ့တွင် တစ်ခြားလူတစ်ယောက်အလား ပြောင်းလဲနေခြင်း ဖြစ်သည်။ သူမက တာအိုရွှမ်ကို ကြည့်ကာ ပြောလိုက်၏။
“ဂိုဏ်းချုပ်... ကျန်းရှောင်ဖန်း ဘာအမှားပဲ လုပ်ခဲ့လုပ်ခဲ့၊ သေချာ စုံစမ်းပေးဖို့ တောင်းပန်ပါတယ်။ ဒါပေမဲ့ သူဟာ ချင်းယွင်ဂိုဏ်းထဲကို ခိုးဝင်လာတဲ့ သူလျှိုတစ်ယောက် မဟုတ်တာတော့ သေချာပါတယ်”
သူမက ရှေ့ရှိ လူကို ကြည့်ကာ ပြတ်သားစွာ ပြောလိုက်လေသည်။
“တပည့် လုရွှယ်ချီ... တပည့်ရဲ့ အသက်နဲ့ အာမခံပါတယ်”
လူတိုင်း မှင်တက်သွားကြ၏။
ကျန်းရှောင်ဖန်းပင်လျှင် ပါးစပ်အနည်းငယ် ဟသွားပြီး ဘေးတွင် ဒူးထောက်နေသော မိန်းကလေးကို အံ့ဩတကြီး စိုက်ကြည့်နေမိသည်။
ထိုဖြူစင်သော အသားအရေနှင့် အေးစက်သော မျက်နှာထက်တွင် ရုတ်တရက် နွေးထွေးမှုအချို့ ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။
“တပည့် လင်းကျင်းယွီလည်း ကျန်းရှောင်ဖန်းအတွက် အသက်နဲ့ အာမခံပါတယ်”
လုရွှယ်ချီ စကားအဆုံးတွင် လင်းကျင်းယွီမှာ ဆက်လက် မအောင့်နိုင်တော့ဘဲ ထွက်လာကာ ဒူးထောက်လိုက်လေသည်။
သူ၏ဆရာ ချန်းစုန့်၏ မျက်နှာကိုပင် ဂရုမစိုက်ဘဲ အကျယ်ကြီး အော်ပြောလိုက်၏။
“ကျန်းရှောင်ဖန်းဟာ ချင်းယွင်ဂိုဏ်းအတွက် အသက်စွန့်ခဲ့တာပါ။ သူလျှို မဟုတ်ပါဘူး။ တပည့် သူနဲ့အတူ ကြီးပြင်းလာလို့ အသိဆုံးပါ။ ဂိုဏ်းချုပ် သေချာ စဉ်းစားပေးပါ”
တာအိုရွှမ်၏ မျက်နှာမှာ မည်းမှောင်နေသော်လည်း အခြားတပည့်များမှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာကြ၏။
တခဏအတွင်းမှာပင် ဖုန့်ဟွေ့တောင်ထိပ်၊ လုံရှို့တောင်ထိပ်နှင့် တာ့ကျူးတောင်ထိပ်မှ တပည့်များ ထွက်လာကြပြီး အတူတူ ဒူးထောက်ကာ ပြောလိုက်ကြလေသည်။
“တပည့်တို့လည်း ကျန်းရှောင်ဖန်းအတွက် အသက်နဲ့ အာမခံပါတယ်”
လူတိုင်း ဖြူဖျော့သွားကြ၏။ ထိုသူများမှာ ကျန်းရှူရှူ၊ ချီဟောင်နှင့် ထျန်းလင်းအာတို့ ဖြစ်ကြသည်။ တောင်ထိပ်အသီးသီးမှ ခေါင်းဆောင်များမှာ အလွန်အံ့အားသင့်ကာ မတ်တတ်ရပ်လိုက်ကြသည်။
ခန်းမအတွင်း အခြေအနေမှာ ရှုပ်ထွေးသွားပြီး တာအိုရွှမ်မှာလည်း ဒေါသထွက်နေမိသည်။ ဤတပည့်များမှာ ပုန်ကန်နေကြခြင်းလော။
အခြားဂိုဏ်းသားများ ရှေ့တွင် သူသည် မျက်နှာပျက်နေရသဖြင့် အလွန်ဒေါသထွက်နေသော်လည်း ဘာလုပ်ရမည်ကို မသိ ဖြစ်နေသည်။
ထိုအချိန်တွင် သူ့နောက်မှ တပည့်ဖြစ်သူ ရှောင်ယီချိုင်က တိုးညင်းစွာ ပြောလိုက်၏။
“ဆရာ... ခန အနားယူလိုက်ပါဦး။ ဒါကို နောက်မှ ဆက်ရှင်းကြတာပေါ့”
တာအိုရွှမ်သည် သဘောပေါက်သွားပြီးနောက် နှာတစ်ချက်မှုတ်ကာ စားပွဲကို ရိုက်လိုက်သဖြင့် ဆူညံနေသော တပည့်များ တိတ်သွားကြ၏။ သူသည် စကားတစ်လုံးမှ မပြောဘဲ ခန်းမအတွင်းဘက်သို့ ဝင်သွားလေသည်။
ရှောင်ယီချိုင်က ပြုံးကာ လူအုပ်ကို ပြောလိုက်၏။
“အင်း... တောင်နောက်ဘက်မှာ အရေးကြီးကိစ္စရှိလို့ ဆရာ သွားကြည့်ရတာပါ။ ခဏလောက် စောင့်ပေးကြပါဦး”
ရှန်းကွမ်းက လှောင်ပြောင်သော မျက်နှာဖြင့် ပြောလိုက်လေသည်။
“တူလေးရှောင်... ချင်းယွင်ဂိုဏ်းမှာ စည်းကမ်းတွေ အများကြီး ရှိတယ်လို့ ကြားဖူးပေမဲ့ အခုမြင်ရတာတော့ တကယ်ကို ထူးခြားတာပဲ”
ရှောင်ယီချိုင်၏ မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင် ဖြစ်ပေါ်သွားသော်လည်း ချက်ချင်းပင် ပြုံးလိုက်ကာ ပြောလိုက်၏။
“စီနီယာကလည်း နောက်နေပြန်ပြီ”
ထို့နောက် သူက အခြားအကြီးအကဲများထံ သွားကာ တပည့်များကို ပြန်ခေါ်ရန် ပြောလိုက်လေသည်။
ကျန်းရှူချန်နှင့် အခြားသူများက တပည့်များကို ဆွဲခေါ်သွားကြ၏။ ထျန်းလင်းအာကို စုရုက ဆွဲခေါ်သွားသော်လည်း မဆူပေ။
ထျန်းလင်းအာမှာ မျက်ရည်များ ဝဲနေပြီး “မေမေ...” ဟု ခေါ်လိုက်လေသည်။ စုရုက သက်ပြင်းချကာ ခေါင်းခါပြလိုက်၏။ ထျန်းပုယီမှာမူ မျက်နှာပျက်ကာ စကားတစ်လုံးမှ မပြောဘဲ ထိုင်နေလေသည်။
လုရွှယ်ချီကို ဝမ်မင်က ခန်းမအပြင်ဘက်သို့ ဆွဲထုတ်သွားတော့သည်။ ပတ်ဝန်းကျင်မှ လူများကလည်း စပ်စုသော အကြည့်များဖြင့် ကြည့်နေကြလေသည်။ ခေတ္တကြာမှ ရွှေယွဲ့သခင်မ လျှောက်လာ၏။
ဝမ်မင်က သူမ၏ ညီမငယ်အတွက် စကားပြောပေးရန် ကြိုးစားသော်လည်း ရွှေယွဲ့မှာ တည်ကြည်သော မျက်နှာဖြင့် လုရွှယ်ချီထံ လျှောက်သွားလေသည်။ လုရွှယ်ချီမှာ ခေါင်းငုံ့ထားကာ “ဆရာ...” ဟု ခေါ်လိုက်၏။
ရွှေယွဲ့သည် သူမ၏ ဂုဏ်အယူရဆုံး တပည့်ကို ကြည့်ကာ အချိန်အတော်ကြာမှ သက်ပြင်းချလိုက်လေသည်။ ထိုသက်ပြင်းသံထဲတွင် ဝမ်းနည်းမှုနှင့် နာကျင်မှုအချို့ ပါဝင်နေ၏။
ရွှေယွဲ့က အပြင်ဘက် တိမ်တိုက်များကို ကြည့်ကာ ပြောလိုက်သည်။
“ရွှယ်ချီ... မင်း ဒီနေ့ လုပ်လိုက်တာ မှားသွားပြီဆိုတာ သိလား”
လုရွှယ်ချီက ခေါင်းငုံ့ကာ ပြောလိုက်၏။
“သိပါတယ် ဆရာ။ ဆရာ့ကို မျက်နှာပျက်အောင် လုပ်ခဲ့မိပါတယ်။ ဒါပေမဲ့ ကျန်းရှောင်ဖန်းကတော့...”
ရွှေယွဲ့က ဖြတ်ပြောလိုက်၏။
“မင်း သူ့အသက်အတွက် ဘာလို့ အာမခံခဲ့တာလဲ”
လုရွှယ်ချီမှာ ဖြူဖျော့သွားပြီး စကားမပြောနိုင် ဖြစ်သွား၏။
ရွှေယွဲ့က ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
“ဝဋ်ကြွေးပါပဲ...သံသရာက တစ်ပတ်ပြန်လည်ပြီ ထင်ပါရဲ့”
လုရွှယ်ချီက တိုးညင်းစွာ ပြောလိုက်၏။
“ဆရာ... တပည့်က...”
“မင်း မှားသွားတယ်ဆိုတာ ငါ့ကို မျက်နှာပျက်အောင် လုပ်လို့ မဟုတ်ဘူးဆိုတာ သိလား”
ရွှေယွဲ့က ဖြတ်ပြောလိုက်သည်။
လုရွှယ်ချီနှင့် ဝမ်မင်တို့ အံ့အားသင့်သွားကြ၏။ ရွှေယွဲ့က ခါးသီးစွာ ပြုံးလိုက်ပြီး အဝေးကို ကြည့်ကာ ပြောလိုက်လေသည်။
“မင်းတို့လို လူငယ်တွေက ကောင်းကင်နဲ့ မြေကြီးရဲ့ အကန့်အသတ်ကို မသိကြဘူး။ ခေတ္တခဏ ရဲရင့်ပြလိုက်တာဟာ ကျန်းရှောင်ဖန်းကို သေလမ်းဆီ ပိုတွန်းပို့လိုက်တာနဲ့ အတူတူပဲ”
လုရွှယ်ချီမှာ ထိတ်လန့်သွားပြီး “ဆရာ...” ဟု ခေါ်လိုက်မိ၏။
ရွှေယွဲ့၏ အသံမှာ လေးနက်လာပြီး အတိတ်ကို ပြန်သတိရနေပုံရလေသည်။
“နှစ်ပေါင်းတစ်ရာနီးပါး ရှိသွားပြီ။ လွန်ခဲ့တဲ့ အချိန်တုန်းကလည်း သူ့လိုလူတစ်ယောက် ရှိခဲ့ဖူးတယ်။ အမှားကြီးတစ်ခု လုပ်ခဲ့တာ။ ငါတို့တွေ အားလုံးက သူ့အတွက် အသနားခံပေးခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့...”
သူမက လုရွှယ်ချီကို ကြည့်ကာ ဆက်ပြောလိုက်၏။
“အဲဒီလူရဲ့ အခြေအနေက ကျန်းရှောင်ဖန်းနဲ့ မတူပေမဲ့ အဖြစ်အပျက်ကတော့ အတူတူပဲ။ အဲဒီလူဟာ မင်းတို့ ဂိုဏ်းချုပ် အမုန်းဆုံးလူပဲ”
ရွှေယွဲ့၏ အသံထဲတွင် နာကျင်မှုများ ပါဝင်နေလေသည်။ သူမသည် ပထမဆုံးအကြိမ်အဖြစ် တပည့်များရှေ့တွင် မိမိ၏ ခံစားချက်ကို ထုတ်ပြခဲ့ခြင်း ဖြစ်ပေသည်။