အခန်း ၁၅၆
Vol. 16 Ch. 156
အခန်း (၁၅၆) - အတွင်းရန်သူ (၁)
နန်းဆောင်အတွင်း၌ တာအိုရွှမ်မှာ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသော်လည်း လူအုပ်ကြားဝယ် တီးတိုးပြောဆိုသံများ ဆူညံနေလေသည်။
ရွှေယွဲ့ သခင်မနှင့် တပည့်နှစ်ဦး ပြန်လည်ဝင်ရောက်လာချိန်တွင် လူအုပ်ကြီးမှာ ဘေးတစ်ဖက်တစ်ချက်စီသို့ ခွဲထွက်သွားကြပြီး ကျန်းရှောင်ဖန်းမှာမူ ကြမ်းပြင်ပေါ်တွင် တစ်ဦးတည်း ဒူးထောက်လျက် ရှိနေဆဲပင်။
လုရွှယ်ချီသည် ခဏမျှ တုံ့ဆိုင်းနေသော်လည်း ရွှေယွဲ့၏ တင်းမာသော အကြည့်တစ်ချက်အောက်တွင် ဘာမှမပြောဘဲ ဆရာဖြစ်သူ၏ နောက်၌ သွားရောက်ရပ်လိုက်ရသည်။
ခဏအကြာတွင် တာအိုရွှမ်သည် နောက်ဘက်နားနေဆောင်မှ အေးအေးလူလူ လမ်းလျှောက်ဝင်လာပြီး သူ၏ထိုင်ခုံတွင် နေရာယူလိုက်သည်။ နန်းဆောင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားလေသည်။
တာအိုရွှမ်သည် ကျန်းရှောင်ဖန်းကို ချက်ချင်းစကားမပြောသေးဘဲ ဘေးနားရှိ ဖူဟုန်ကို အားနာဟန်ဖြင့် ဆိုလိုက်၏။
“ဆရာတော်ဖူဟုန်... ကျုပ်ရဲ့တပည့်က ရိုင်းပျမိသွားတဲ့အတွက် စီနီယာအကို့ရှေ့မှာ အရှက်ရစရာ ဖြစ်သွားရပါပြီ။”
ဖူဟုန်က အနည်းငယ်ပြုံးကာ လက်အုပ်ချီလျက် ပြန်လည်မိန့်ကြားလေသည်။
“စီနီယာအကို တာအိုရွှမ်... ဘယ်လိုစကားတွေ ပြောနေတာလဲ။”
ထိုစဉ် ချန်းစုန့်က လမ်းလျှောက်လာပြီး ကျန်းရှောင်ဖန်း၏ ဝိညာဉ်ဝါးမျိုတုတ်ကို ကိုင်ဆောင်ကာ တာအိုရွှမ်ဘေးရှိ လက်ဖက်ရည်စားပွဲပေါ်၌ တင်လိုက်လေသည်။
တာအိုရွှမ်က မျက်မှောင်အနည်းငယ်ကြုတ်ကာ သူ့ကိုကြည့်လိုက်ရာ သူ၏မျက်ဝန်းထဲတွင် သံသယအရိပ်အယောင်များ ယှက်သန်းနေလေသည်။
ချန်းစုန့်က တိုးညှင်းစွာ ပြောလိုက်၏။
“ဂိုဏ်းချုပ်... စောစောက အပြင်ထွက်သွားတုန်း အခြေအနေက နည်းနည်းရှုပ်ထွေးနေတာနဲ့ ဒီအရာက အရမ်းအရေးကြီးလို့ ဘေးကင်းအောင် သိမ်းထားပေးတာပါ။ အခုတော့ မူလနေရာမှာပဲ ပြန်တင်ထားပေးလိုက်ပါပြီ။”
တာအိုရွှမ်က ခေါင်းညိတ်ကာပြောလိုက်သည်။
“ဂျူနီယာညီလေးက တကယ်ပဲ အသေးစိတ်ကအစ ဂရုစိုက်တတ်ပေးတတ်တာပဲ။”
ထို့နောက်တွင် ချန်းစုန့်မှာ နောက်သို့ ပြန်ဆုတ်သွား၏။ တာအိုရွှမ်၏ အကြည့်များက ကျန်းရှောင်ဖန်းထံသို့ တစ်ဖန်ပြန်ရောက်သွားပြန်သည်။
ရှေ့ဆက်ဖြစ်လာမည့် အရာများက ဤလူငယ်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည်ကို သိရှိကြသဖြင့် လူအုပ်ကြီးမှာ ချက်ချင်းပင် ရင်တထိတ်ထိတ် ဖြစ်သွားကြရလေသည်။
“ကျန်းရှောင်ဖန်း... မင်းကို ငါနောက်ဆုံးအကြိမ် ထပ်မေးမယ်... မင်းပြောစရာ ဘာရှိသေးလဲ။”
ကျန်းရှောင်ဖန်း၏ နဖူးပြင်ပေါ်တွင် ချွေးစေးများ ပျံလာ၏။ သူ၏ရှေ့မှ အခြေအနေများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူသည် ချင်းယွင်ဂိုဏ်းတွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ရာ အခြားဂိုဏ်း၏ လျှို့ဝှက်ကျင့်စဉ်များကို ခိုးယူလေ့လာခြင်းသည် လမ်းမှန်ဂိုဏ်းများအတွင်း ကြီးလေးသော တားမြစ်ချက်ဖြစ်ကြောင်း ကောင်းစွာသိရှိထားပေသည်။
အကယ်၍ သူသာ အမှန်အတိုင်း ပြောလိုက်ပါက သူ၏ရလဒ်က မည်သို့ဖြစ်လာမည်ကို သူကိုယ်တိုင်ပင် မသိချေ။
သို့သော် လွန်ခဲ့သော နှစ်ပေါင်းများစွာက ကွယ်လွန်သွားခဲ့သည့် ဆရာတော်ဖူကျစ်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရုံသာမက ဆရာတော်၏ အရိုးပြာများကိုပင် ထျန်းယင်ကျောင်းတော်၏ မြင့်မြတ်နယ်မြေရှိ မျှော်စင်ထဲမှ ဖယ်ထုတ်ခံရမည်ကိုလည်း သူစိုးရိမ်နေမိသည်။
ထို့အပြင် ဆရာတော်ဖူကျစ်မှာ ထျန်းယင်ကျောင်းတော်၏ သာဝကလေးပါးအနက် တစ်ပါးဖြစ်ရာ သူပြောသည်ကို လူအများက ယုံကြည်ပါ့မလားဆိုသည်ကလည်း ပို၍ပင် ပြဿနာရှိနေသေးသည်။
သူသည် စိတ်ထဲတွင် လွန်ဆွဲနေမိသည်။ တစ်ခဏဝယ် ဖူကျစ်၏ အသံနှင့် မျက်နှာကို မြင်ယောင်လာမိသလို နောက်တစ်ခဏတွင်မူ ဂိုဏ်း၏ ကြီးမားလှသော ကျေးဇူးတရားများကို ပြန်လည်တွေးတောမိပြန်သည်။
သို့သော် ဖူကျစ်ကို သစ္စာဖောက်ရန်မှာမူ သူ့ကို သေခိုင်းသည်နှင့် မခြားနားပေ။ ထိုခဏအတွင်း သူသည် မည်သို့မှ ဆုံးဖြတ်ချက် မချနိုင်ဖြစ်နေချေသည်။
သို့သော်လည်း ခန်းမကြီးအတွင်းရှိ လူအများကမူ သူ့ကို အချိန်ပိုပေးရန် ဆန္ဒမရှိကြချေ။
တာအိုရွှမ်သည် သူ၏စကားများကို ကြားပြီးနောက် ကျန်းရှောင်ဖန်း၏ မျက်နှာတွင် စိတ်ရှုပ်ထွေးနေသော အရိပ်အယောင်များကို တွေ့မြင်လိုက်ရ၏။
သူ၏နဖူးတွင် ချွေးများပျံနေသော်လည်း နောက်ဆုံးတွင်မူ တစ်ခွန်းမျှပင် ဟမလာခဲ့ချေ။
ထို့နောက် သူ၏တပည့်များက ကျန်းရှောင်ဖန်းအတွက် အသနားခံခဲ့ပုံကို ပြန်လည်တွေးတောမိရာ တာအိုရွှမ်၏ စိတ်အတွင်း၌ နှစ်ပေါင်းများစွာ ငုပ်လျိုးနေခဲ့သော ဒေါသတို့က ရုတ်တရက် ပေါက်ကွဲထွက်လာလေသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ယွီချင်းနန်းဆောင်ရှိ ဘိုးဘေးရုပ်ထုများရှေ့၌ ဆရာနှင့် အကြီးအကဲများအားလုံးရှေ့တွင် ယခုကဲ့သို့ပင် ဒူးထောက်နေခဲ့သော ဝတ်စုံဖြူနှင့် ပုံရိပ်ကို မြင်ယောင်လာစေ၏။
ထိုစဉ်က ဂိုဏ်းတူညီအကိုများ အားလုံးက အသည်းအသန် အသနားခံပေးခဲ့ကြသော်လည်း မောက်မာလှသော ထိုသူမှာမူ တစ်လောကလုံးကို မထီမဲ့မြင် ပြုနေခဲ့ဖူးလေသည်။
နောက်ဘက်တွင် ထိုင်နေသော ရွှေယွဲ့မှာ အဝေးမှတာအိုရွှမ်၏ အမူအရာကို ကြည့်ကာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်များ ယှက်သန်းသွားကာ ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်လေသည်။
“ဒုန်း...”
ကျယ်လောင်သော အသံကြီးကြောင့် လူတိုင်း တုန်လှုပ်သွားကြရ၏။
တာအိုရွှမ်သည် စိတ်ရှည်နိုင်စွမ်း ကုန်ဆုံးသွားဟန်ဖြင့် ရုတ်တရက် မတ်တပ်ရပ်ကာ ကျန်းရှောင်ဖန်းကို လက်ညှိုးငေါက်ငေါက်ထိုးလျက် ဟိန်းဟောက်လိုက်လေသည်။
“မိစ္ဆာကောင်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက မင်းရဲ့ အခြေအနေကို သနားလို့ ချင်းယွင်ဂိုဏ်းထဲကို ခေါ်သွင်းပေးခဲ့တာ။ မမျှော်လင့်ဘဲ ငါက ဘေးဒုက္ခပေးမယ့် ကျားတစ်ကောင်ကို မွေးမြူခဲ့မိတာပဲ။”
ကျန်းရှောင်ဖန်း၏ ကိုယ်လေးမှာ တုန်ယင်သွားပြီး သူသည် ခေါင်းကိုမော့ကာ တစ်ခုခုပြောရန် ပါးစပ်ပြင်လိုက်သော်လည်း စကားလုံးများမှာ ထွက်မလာချေ။
သို့သော် တာအိုရွှမ်၏ မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေပြီး ခက်ထန်စွာ ဆိုလိုက်လေသည်။
“ဒီနေ့သာ ငါတို့က မင်းလို မိစ္ဆာကောင်ကို မဖျက်ဆီးဘူးဆိုရင် ငါတို့ ချင်းယွင်ဂိုဏ်းက လမ်းမှန်ဂိုဏ်းတွေအားလုံးကို ဘယ်လို ရှင်းပြရတော့မလဲ။ ကောင်းပြီလေ... မင်းကို ငါကိုယ်တိုင်ပဲ အဆုံးစီရင်ပေးရတော့မှာပေါ့။”
လူတိုင်း၏ မျက်နှာများ ဖြူလျော့သွားကြပြီး ထျန်းပုယီမှာ ရုတ်တရက် မတ်တပ်ရပ်လိုက်မိ၏။ လူအုပ်အတွင်းရှိ လုရွှယ်ချီ၊ ထျန်းလင်းအာ၊ လင်းကျင်းယွီတို့၏ မျက်နှာများမှာလည်း သေလူကဲ့သို့ ဖြူလျော့သွားကြသည်။
ဘေးတွင် ထိုင်နေသော ထျန်းယင်ကျောင်းတော်မှ ဆရာတော်ဖူဟုန်ပင် စိတ်မကောင်းဖြစ်သွားဟန်ဖြင့် တာအိုရွှမ်ကို တီးတိုးပြောလိုက်သည်။
“တာအိုရောင်းရင်း... ဒါကို ပြန်စဉ်းစားကြည့်သင့်တယ် ထင်တယ်။”
တာအိုရွှမ်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာ ပြန်ပြောလိုက်လေသည်။
“ဒီမိစ္ဆာကောင်မှာ မိစ္ဆာဂိုဏ်းရဲ့ မိစ္ဆာလက်နက်ကို သုံးနေရုံတင်မကဘူး၊ ငါတို့လမ်းဂိုဏ်းတွေရဲ့ တားမြစ်ချက်ကိုလည်း ချိုးဖောက်ထားသေးတယ်။ သူ့ရဲ့ အပြစ်တွေက အရမ်းကြီးလွန်းတယ်။”
ပြောပြောဆိုဆိုနှင့် သူသည် လက်ဖက်ရည်စားပွဲပေါ်ရှိ ဝိညာဉ်ဝါးမျိုတုတ်ကို ကောက်ကိုင်လိုက်လေသည်။
“ဒီနေ့တော့ မင်းကို မင်းရဲ့ မိစ္ဆာလက်နက်နဲ့ပဲ အသေခံခိုင်းရတော့မှာပဲ။”
ကျန်းရှောင်ဖန်း၏ ဦးနှောက်ထဲတွင် ဝီခနဲ မြည်သွားပြီး သူ၏စိတ်အစဉ်မှာ စာရွက်ဖြူတစ်ရွက်ကဲ့သို့ ဗလာဖြစ်သွားကာ မျက်စိရှေ့ရှိ အရောင်အသွေးများအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
တာအိုရွှမ်က လက်ကို မြှောက်လိုက်သည်ကိုသာ သူငေးကြည့်နေမိသည်။ ဆရာဖြစ်သူ ထျန်းပုယီ၏ မျက်နှာမှာ ပြာနှမ်းနေပြီး တစ်စုံတစ်ခုပြောရန် ပြင်နေပုံရသလို ချင်းယွင်တပည့်များမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေကြလေသည်။
“အား။”
ရုတ်တရက် ကျယ်လောင်လှသော အော်ဟစ်သံကြီးက ခန်းမတစ်ခုလုံးကို တုန်လှုပ်သွားစေကာ လူတိုင်း၏မျက်နှာများ ဖြူလျော့သွားရလေသည်။
ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ်အတွင်း တာအိုရွှမ်၏ ကိုယ်မှာ ပြင်းထန်စွာ တုန်ယင်နေသည်ကို တွေ့လိုက်ရ၏။ သူသည် အော်ဟစ်လိုက်ပြီး လက်ပူလောင်သွားသကဲ့သို့ ဝိညာဉ်ဝါးမျိုတုတ်ကို လွှင့်ပစ်လိုက်လေသည်။
ထိုဝိညာဉ်ဝါးမျိုတုတ်မှာ လေထဲတွင် အရိပ်တစ်ခုကဲ့သို့ ဖြတ်သန်းသွားပြီး ကြမ်းပြင်ပေါ်သို့ ကျသွားကာ အသံမြည်လျက် အကြိမ်အနည်းငယ် ခုန်ထွက်သွားပြီးနောက် ကျန်းရှောင်ဖန်း၏ ရှေ့သို့ လိမ့်သွားလေသည်။
ထိုခဏ၌ပင် ဝိညာဉ်ဝါးမျိုတုတ်၏ အပေါ်မှ အရိပ်တစ်ခု ပျံတက်လာသည်ကို လူတိုင်း တွေ့မြင်လိုက်ရ၏။ ၎င်းသည် လေထဲတွင် ခဏမျှ ရပ်တန့်နေပြီး ထူးဆန်းသော မြည်သံများကို ထုတ်လွတ်နေလေသည်။
၎င်းမှာ လက်ဝါးခန့် ကြီးမားလှသော ထူးဆန်းသည့် ကင်းခြေများတစ်ကောင်ဖြစ်ပြီး အရောင်အသွေး စုံလင်ကာ အမြီးမှာ ခုနစ်ခွ ကွဲနေလေသည်။
၎င်းသည် ယခုအခါ လေထဲတွင် တောင်ပံခတ်လျက် ခေါင်းကို ရမ်းကာ အမြီးကို လှုပ်ယမ်းနေပြီး အလွန်ပင် မောက်မာသော ပုံစံဖြင့် ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုနေလေသည်။
ကျန်းရှောင်ဖန်းမှာ မှင်တက်သွားလေသည်။ သူ၏တစ်ကိုယ်လုံး ရုတ်တရက် တုန်ယင်လာပြီး ထူးဆန်းသော သတ္တဝါကို စိုက်ကြည့်နေမိ၏။ ထိုအရာက သူ၏မှတ်ဉာဏ်ထဲတွင် စွဲထင်နေခဲ့သော... အမြီးခုနစ်ချောင်း ကင်းခြေများပင် ဖြစ်ချေသည်။
ထိုခဏအတွင်း အချိန်များမှာ ပြန်လည် နောက်ပြန်စီးဆင်းသွားသလို ခံစားလိုက်ရပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက ထိုမှောင်မိုက်လှသော ညဆီသို့ သူ့ကို ခေါ်ဆောင်သွားလေသည်။
ထိုညက ဖူကျစ်နှင့် ထူးဆန်းသော ဝတ်စုံနက်လူတို့၏ တိုက်ပွဲကို မြင်ယောင်လာကာ ထိုည၌ သူပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုံးခဲ့ရပုံကိုလည်း ပြန်လည်သတိရသွားမိ၏။
သူ၏ တစ်ကိုယ်လုံး တုန်ယင်လာပြီး သွေးညှီနံ့များမှာ သူ၏နှလုံးသားနက်နက်မှ လွင့်ပျံ့လာကာ သူ့ကို ဝန်းရံသွားလေသည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ဝိညာဉ်ဝါးမျိုတုတ်ကို တစ်ချက်တည်းနှင့် မြဲမြံစွာ ဆွဲကိုင်လိုက်၏။
သို့သော် ထိုအချိန်တွင် မည်သူကမျှ ကျန်းရှောင်ဖန်း၏ ထူးဆန်းသော အမူအရာကို သတိမမူမိကြချေ။ လူတိုင်း၏ အာရုံစိုက်မှုနှင့် အကြည့်များမှာ တာအိုရွှမ်ထံတွင်သာ ရှိနေလေသည်။
ချင်းယွင်ဂိုဏ်း၏ အဆင့်မြင့်ခေါင်းဆောင်များမှာ သာမန်လူများထက် အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြသဖြင့် မျက်စိတစ်မှိတ်အတွင်း တာအိုရွှမ်ကို ဝန်းရံလိုက်ကြပြီး ထိုအမြီးခုနစ်ချောင်းကင်းခြေများထံမှ ခပ်လှမ်းလှမ်းတွင် နေလိုက်ကြသည်။
လူတိုင်း တာအိုရွှမ်ကို ကြည့်လိုက်မိချိန်တွင်မူ ချွင်းချက်မရှိ မျက်နှာများ ဖြူလျော့သွားကြရလေသည်။
တာအိုရွှမ်၏ ညာဘက်လက်မှာ တုန်ယင်နေပြီး သူ၏လက်ခလယ်တွင် ဒဏ်ရာတစ်ခု ရှိနေ၏။ ၎င်းမှာ သိသိသာသာပင် အမြီးခုနစ်ခွ ကင်းခြေများ၏ အကိုက်ခံရခြင်း ဖြစ်သည်။
ထိုခဏအတွင်း ထွက်ကျလာသော သွေးများမှာ မည်းနက်နေချေပြီ။ ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ထိုလက်ချောင်းရှိ ဒဏ်ရာမှ ကြောက်မက်ဖွယ်ကောင်းသော အမည်းရောင် အခိုးအငွေ့များမှာ အပေါ်သို့ လျင်မြန်စွာ ပျံ့နှံ့တက်လာခြင်းပင် ဖြစ်၏။
အမြီးခုနစ်ချောင်းကင်းခြေများမှာ ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံးအဖြစ် ကျော်ကြားလှရာ တာအိုရွှမ်ကဲ့သို့ မြင့်မားသော ကျင့်စဉ်အဆင့်ရှိသူပင် ထိုအဆိပ်မိသွားရချေပြီ။
ခဏအကြာတွင် တာအိုရွှမ်မှာ မျက်စိများ ဝေဝါးလာကာ ရင်ဘတ်ထဲတွင် အသက်ရှူရ ကျပ်လာသော်လည်း သူ၏ကျင့်စဉ်အဆင့်မှာ စိတ်ကူးထားသည်ထက်ပင် သာလွန်နေပြီး ထိုစဉ်က ဆရာတော်ဖူကျစ်ထက်ပင် များစွာ သာလွန်သဖြင့် စိတ်ကို ချက်ချင်း စုစည်းလိုက်လေသည်။