← Chapters

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း (၁၅၇) - အတွင်းရန်သူ (၂)

သူ၏ဘယ်ဘက်လက်ကို ဓားကဲ့သို့ အသုံးပြုကာ ထုံကျင်နေသော ဘယ်ဘက်လက်ပေါ်ရှိ နေရာအချို့ကို ဆက်တိုက် ဖိနှိပ်လိုက်ပြီး လေထဲတွင် မန္တန်တစ်ခု ရေးဆွဲကာ ထိုအမည်းရောင် အခိုးအငွေ့များ အပေါ်သို့ ဆက်လက် ပျံ့နှံ့မလာစေရန် ချက်ချင်း တားဆီးလိုက်သည်။

ထိုအချိန်တွင် ချန်းစုန့်မှာ သူ့ထံသို့ အပြေးအလွှား လာရောက်ကာ သူ၏ကိုယ်ကို တွဲကူပေးလိုက်သည်။ တာအိုရွှမ်၏ ဒဏ်ရာကို မြင်သည်နှင့် ကျန်းရှောင်ဖန်းဘက်သို့ လှည့်ကာ ဟိန်းဟောက်လိုက်လေသည်။

“ကျန်းရှောင်ဖန်း... မင်း... မိစ္ဆာကောင်... မင်းက ဂိုဏ်းချုပ်ကို နောက်ကျောကနေ ဓားနဲ့ထိုးရဲတယ်ပေါ့။”

လူအုပ်ကြီးမှာ ထိတ်လန့်သွားကြပြီး ကျန်းရှောင်ဖန်းက တုန်ရီသောအသံဖြင့် အသန်းအသန်ငြင်းဆန်လိုက်သည်။

“မဟုတ်ဘူး... ကျွန်တော် မဟုတ်ပါဘူး...”

လူအုပ်ဝန်းရံထားသော တာအိုရွှမ်မှာ အနည်းငယ် ပြန်လည် သက်သာလာဟန် ရှိသော်လည်း ထိုအမြီးခုနစ်ချောင်းကင်းခြေများ၏ အဆိပ်မှာ အလွန်ပြင်းထန်လှသဖြင့် သူ၏မျက်နှာတွင် အမည်းရောင် အခိုးအငွေ့များ ရှိနေဆဲပင်။

သို့သော်လည်း သူသည် သတိရှိနေဆဲဖြစ်ရာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ဆိုလိုက်သည်။

“ဒီမိစ္ဆာကောင်ကို အမြန်ဖမ်းဆီးပြီး သေချာ စစ်ဆေးမေးမြန်းကြစမ်း။”

ချန်းစုန့်က ခေါင်းလှည့်ကာ ဆိုလိုက်၏။

“စီနီယာအစ်ကို စိတ်မပူပါနဲ့... ကျုပ် ဒီမှာ ရှိနေတာပဲ။”

တာအိုရွှမ်မှာ ပြင်းထန်စွာ အသက်ရှူနေရသော်လည်း အနည်းဆုံးတော့ တစ်ဝက်ခန့် စိတ်အေးသွားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး သူ့ကိုကြည့်ကာ ပြောရန် ပြင်လိုက်သည်။

“ဒါဆိုရင်...”

ရုတ်တရက် သူ စကားပြောရပ်သွား၏။ သူ၏ရှေ့မှ ချန်းစုန့်၏ မျက်နှာမှာ စိုးရိမ်ပူပန်နေသော ပုံစံမှ ကြောက်မက်ဖွယ်ကောင်းသော အမူအရာသို့ ချက်ချင်း ပြောင်းလဲသွားလေသည်။

ထိုအချိန်မှာပင် တာအိုရွှမ်သည် သူ၏ဝမ်းဗိုက်တွင် အေးစက်မှုကို ခံစားလိုက်ရပြီး ပြင်းထန်သော နာကျင်မှုက နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာ၏။

သူ၏တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားပြီး အဆိပ်ကို နှိမ်နင်းရန် စုစည်းထားသော ကျင့်စဉ်စွမ်းအားများမှာလည်း ရုတ်တရက် ပျက်ပြယ်သွားရချေပြီ။

“အား...”

တာအိုရွှမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ဘယ်ဘက်လက်ဖြင့် အောက်သို့ ရိုက်ချလိုက်ရာ ချန်းစုန့်၏ ဘယ်ဘက်လက်ကလည်း ချက်ချင်းပင် ခုခံလိုက်သည်။

လက်ဝါးချင်း ရိုက်မိသွားရာ ချန်းစုန့်၏ ကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ယွီချင်းနန်းဆောင်၏ အပေါက်ဝထိ လွင့်ထွက်သွားေလသည်။

ခဏအကြာတွင် သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာသော်လည်း သူသည် အေးစက်စွာ ပြုံးနေဆဲပင်။

သူ၏ညာဘက်လက်တွင် ဓားတိုတစ်ချောင်းက ရေပြင်ကဲ့သို့ တလက်လက် တောက်ပနေရာ ၎င်းမှာ သာမန်လက်နက်မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်ပေသည်။

ယခုအခါ ထိုဓားပေါ်တွင် သွေးစက်များစွာ ရှိနေပြီး လတ်ဆတ်သော သွေးနီရောင်များမှာ ဓားဖျားမှတစ်ဆင့် ကြမ်းပြင်ပေါ်ရှိ စိမ်းဖန်ရောင် ကြွေပြားများပေါ်သို့ တစက်စက် စီးကျနေလေသည်။

ဆူညံနေသော လူအုပ်ကြီးမှာ မျက်စိတစ်မှိတ်အတွင်း တိတ်ဆိတ်သွားကြလေသည်။

တာအိုရွှမ်၏ အစိမ်းရင့်ရောင်ဝတ်စုံရှိ ဝမ်းဗိုက်နေရာမှာ ချက်ချင်းပင် အနီရောင်ပြောင်းသွားပြီး သူ၏မျက်နှာတစ်ခုလုံးမှာလည်း အလွန်အမင်း ဖြူလျော့သွားလေသည်။

သို့သော် သူ၏မျက်နှာပေါ်ရှိ ထိတ်လန့်နေသော အမူအရာမှာ ခန္ဓာကိုယ်၏ နာကျင်မှုထက်ပင် သာလွန်နေလေသည်။

“မင်း... မင်း ဘာလုပ်တာလဲ”

သူ၏တုန်ရီသောအသံမှာ နန်းဆောင်အပေါက်ဝတွင် ရပ်နေသော ချန်းစုန့်ထံသို့ ဦးတည်နေပြီး လူတိုင်း၏ တူညီသောအတွေးများကိုလည်း ထင်ဟပ်နေလေသည်။

ယခုအခါ လုံရှို့တောင်ထိပ်မှ တပည့်များဖြစ်ကြသော ချီဟောင်၊ လင်းကျင်းယွီတို့ပင်လျှင် သူတို့မျက်စိကို သူတို့ မယုံနိုင်အောင် ဖြစ်နေကြပြီး ချင်းယွင်တောင်ပေါ်တွင် အရှိန်အဝါ အကြီးမားဆုံးဖြစ်ခဲ့သူကို ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိသည်။

“ငါလား”

ချန်းစုန့်မှာ ရုတ်တရက် လူတစ်ခြားစီ ဖြစ်သွားသကဲ့သို့ ရူးသွပ်စွာ ရယ်မောလိုက်၏။

“ငါ မင်းကို လုပ်ကြံနေတာလေ။ မင်း မသိဘူးလို့တော့ မပြောနဲ့နော်။”

ပြောပြောဆိုဆိုနှင့် သူက လက်ဟန်ပြလိုက်ရာ လေထဲရှိ အမြီးခုနစ်ချောင်းကင်းခြေများမှာ သူ၏ထံသို့ ချက်ချင်း ပျံသန်းလာပြီး ဝတ်စုံလက်အင်္ကျီအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

ချီဟောင်မှာ ဆက်လက်၍ မအောင့်အီးနိုင်တော့ဘဲ သူ၏အသံတွင် ဇဝေဇဝါဖြစ်မှုနှင့် ထိတ်လန့်မှုများ ပါဝင်နေကာ ကျယ်လောင်စွာ ပြောလိုက်၏။

“ဆရာ... ဆရာ... ဆရာ ရူးသွားပြီလား။”

ချန်းစုန့်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူနှင့် အမူအရာတူနေသော လင်းကျင်းယွီနှင့် အခြားသော လုံရှို့တောင်ထိပ်မှ တပည့်များထံသို့ အကြည့်များ ရောက်သွားလေသည်။

အခြားသော တောင်ထိပ်များမှ တပည့်များမှာလည်း သူ့ကို အရူးတစ်ယောက်ကဲ့သို့ မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေကြ၏။

“ဟားဟားဟား... ရူးနေတာလား... ဟုတ်တယ်။ ငါ ရူးနေတာ ကြာလှပြီ။”

ချန်းစုန့်က ကောင်းကင်ကို မော့ကြည့်ကာ ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူ၏ အမူအရာမှာလည်း တကယ်ပင် ရူးသွပ်နေပုံရ၏။

“လွန်ခဲ့တဲ့ အနှစ်တစ်ရာကတည်းက... ဒီနန်းဆောင်ထဲမှာပဲ စီနီယာအကို ဝမ်ကျန်းရီရဲ့ ကံကြမ္မာကို မြင်လိုက်ရကတည်းက... ငါ ရူးသွားခဲ့တာ။”

“ဆရာ...”

လုံရှို့တောင်ထိပ်မှ ချီဟောင်နှင့် လင်းကျင်းယွီတို့၏ အသံများမှာ ငိုသံများ ပါဝင်နေသော်လည်း သူတို့နောက်ကွယ်ရှိ တာအိုရွှမ်ကို ဝန်းရံထားသော ချင်းယွင်ဂိုဏ်း၏ အဆင့်မြင့်ခေါင်းဆောင်များမှာမူ တောင့်တင်းသွားကြလေသည်။

ဝမ်ကျန်းရီဟူသော နာမည်မှာ ချင်းယွင်ဂိုဏ်း၏ လေထုတစ်ခုလုံးကို လွှမ်းမိုးထားသည့် ကြောက်မက်ဖွယ် အိပ်မက်ဆိုးတစ်ခုကဲ့သို့ပင်။

တာအိုရွှမ်၏ မျက်တောင်များမှာ ဆတ်ခနဲ လှုပ်သွား၏။ ဤအနှစ်တစ်ရာအတွင်း မည်သူမျှ သူ၏ရှေ့တွင် ထုတ်မပြောရဲခဲ့သော ထိုနာမည်က သူ့ကို ပြင်းထန်စွာ တုန်လှုပ်စေဟန်ရှိသည်။

ရှောင်ယီချိုင်က သူ၏ကိုယ်ကို တွဲကူထားသော်လည်း တာအိုရွှမ်၏ ဒဏ်ရာရနေသော ကိုယ်မှာ ရုတ်တရက် ပြင်းထန်စွာ တုန်ယင်လာသည်ကို ခံစားလိုက်ရ၏။

သူ၏အဝတ်အစားများမှတစ်ဆင့် တာအိုရွှမ်၏ ခန္ဓာကိုယ်အတွင်း၌ ရုတ်တရက် လောင်မြိုက်လာသော ဒေါသ၏ အရှိန်အဝါကို သူ ခံစားနေရချေပြီ။

ချန်းစုန့်မှာ အရူးတစ်ယောက်ကဲ့သို့ ရပ်နေပြီး သူသည် နှစ်ပေါင်းများစွာ မြှုပ်နှံထားခဲ့သော နာကြည်းမှုများကို နောက်ဆုံးတွင် ထုတ်ဖော်လိုက်သလို ခံစားနေရ၏။

ဤခဏအတွင်း ချင်းယွင်ဂိုဏ်း၏ အလေးစားရဆုံးသော ဂိုဏ်းချုပ်ကို ဒဏ်ရာရအောင် လုပ်ခဲ့သည့် လုပ်ကြံသူကို ဖမ်းဆီးရန် မည်သူမျှ ရှေ့သို့ တိုးမလာကြချေ။

သူသည် တာအိုရွှမ်ကို လက်ညှိုးထိုးကာ လူအုပ်ကြီး၏ နောက်ကွယ်ရှိ အမှောင်ရိပ်ထဲမှ ဘိုးဘေးရုပ်ထုကိုလည်း ညွှန်ပြလျက် ကျယ်လောင်စွာ ပြောလိုက်လေသည်။

“မင်း... မင်းတို့ အားလုံး...”

သူသည် ထျန်းပုယီ၊ ရွှေယွဲ့၊ ကျန်းရှူချန်၊ ရှန်ကျန်းလျန် စသည့် တောင်ထိပ်ခေါင်းဆောင်များကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“မင်းတို့အကုန်လုံး မင်းတို့ရဲ့ ကိုယ်ပိုင်အသိစိတ်နဲ့ ပြန်ပြောကြည့်စမ်း... ဒီဂိုဏ်းချုပ် နေရာမှာ ဘယ်သူက ထိုင်သင့်တာလဲ။ စီနီယာအကို ဝမ်ကျန်းရီလား၊ ဒါမှမဟုတ် သူလား။”

မည်သူမျှ ပြန်မဖြေကြချေ။ ငယ်ရွယ်သော တပည့်များမှာ ဘာလုပ်ရမှန်း မသိဘဲ လမ်းပျောက်နေကြသလို ထျန်းပုယီတို့မှာလည်း မျက်နှာများ ပြာနှမ်းနေကာ ဘာမှမပြောကြပေ။

ခန်းမကြီးအတွင်း၌ ရူးသွပ်နေသော ချန်းစုန့်၏အသံသာ ပဲ့တင်ထပ်နေလေသည်။

“ဘာလို့လဲ... မင်းတို့ ဘာလို့ စကားမပြောကြတာလဲ။ မင်းတို့ရဲ့ အသိစိတ်က မလုံလို့လား။ ဟားဟားဟား... ဟုတ်တယ်... ဟုတ်တယ်”

“တကယ်တော့ ဘာလုပ်သင့်တယ်ဆိုတာကို ဘယ်သူက မသိဘဲ နေမလဲ။ ဒါပေမဲ့ အခု ဒီနေရာမှာ ဘယ်သူက ထိုင်နေတာလဲ”

ရွှေယွဲ့၏ မျက်နှာမှာ ဖြူလျော့နေပြီး အမြဲတမ်း တွေ့နေကျလူနှင့် မတူတော့သော ချန်းစုန့်ကို ကြည့်ကာ ဖြည်းညှင်းစွာ ဆိုလိုက်သည်။

“စီနီယာအကို ချန်းစုန့်... အရာအားလုံးက လွန်ခဲ့တဲ့ အနှစ်တစ်ရာကျော်ကတည်းက ပြီးဆုံးသွားခဲ့ပြီပဲ... ဘာလို့ စီနီယာအကိုက ဒီအရာပေါ်မှာ ဒီလောက်တောင် စွဲလမ်းနေရသေးတာလဲ။”

“ထွီ...”

ချန်းစုန့်မှာ ယခုအခါ သူ၏ဂုဏ်သိက္ခာကို လုံးဝ လျစ်လျူရှုလိုက်ပြီး ရိုင်းစိုင်းစွာ တံတွေးထွေးထုတ်လိုက်၏။ သူ၏မျက်နှာတွင် မထီမဲ့မြင်ပြုသော အမူအရာဖြင့် ပြန်လည် လှောင်ပြောင်လိုက်လေသည်။

“အနှစ်တစ်ရာကျော်ပြီလား... ဟုတ်တယ်။ ငါ အနှစ်တစ်ရာကျော်အောင် သည်းခံလာခဲ့တာ။ ဒီနေ့ကျမှပဲ စီနီယာအကို ဝမ်ကျန်းရီအတွက် မတရားမှုကို ပြန်လည် တောင်းဆိုပေးခွင့် ရတော့တယ်။ အဲဒီတုန်းက ချင်းယွင်ဂိုဏ်းရဲ့ ရက်စက်ပုံတွေ... မင်း... မင်း... မင်းတို့။”

သူသည် လက်ညှိုးဖြင့် တစ်ဦးချင်းစီကို ထိုးပြပြီး ထျန်းပုယီ၊ ကျန်းရှူချန်၊ ရှန်ကျန်းလျန်တို့ကိုလည်း ညွှန်ပြကာ လှောင်ပြောင်ပြောဆိုလေသည်။

“ဒီအနှစ်တစ်ရာလုံးလုံး မင်းတို့အားလုံး တောင်ထိပ်ခေါင်းဆောင် နေရာမှာ သက်တောင့်သက်သာ ထိုင်နေခဲ့ကြတာပဲ။ အဲဒီတုန်းက စီနီယာအကို ဝမ်ကျန်းရီက ငါတို့ရဲ့ အသက်တွေကို ကယ်ဖို့ အရာအားလုံးကို လျစ်လျူရှုခဲ့တာကို မင်းတို့ မှတ်မိသေးရဲ့လား”

“အဲဒီအချိန်တုန်းက ငါတို့ရဲ့ တာအိုကျင့်စဉ်တွေ တိုးတက်လာအောင် စီနီယာအကိုက ငါတို့ကို စိတ်ရင်းစေတနာနဲ့ မျှဝေပေးခဲ့တာတွေကိုရော မင်းတို့ မှတ်မိသေးလား။ ပြီးတော့ မင်းလည်း ပါတာပေါ့။”

သူသည် ရွှေယွဲ့ကို ရုတ်တရက် လက်ညှိုးထိုးကာ အေးစက်စွာ ပြောလိုက်၏။

“စောစောက မင်းက ငါ့ကို စွဲလမ်းနေတယ်လို့ ပြောလိုက်တာလား။ ဟဲဟဲ... အဲဒီတုန်းက မင်း စီနီယာအကို ဝမ်ကျန်းရီကို တိတ်တခိုး ချစ်ခဲ့တာကို မသိတဲ့သူ ဘယ်သူရှိလို့လဲ”

“နောက်ပိုင်းမှာ သူက မင်းကို ကယ်ခဲ့တယ်၊ မင်းကို ချစ်ခဲ့တယ်။ ဒါပေမဲ့ ထူးဆန်းတာက အဲဒီနေ့မှာ မင်းက သူသေသွားတာကို ထိုင်ကြည့်နေခဲ့ပြီး ဒီနေ့ကျမှ ငါ့ကို လာလှောင်ပြောင်နေသေးတယ်ပေါ့။”

ရွှေယွဲ့၏ မျက်နှာမှာ သွေးမရှိသလို ဖြူလျော့သွားချေပြီ။

“ပြီးတော့ မင်းလည်း ပါသေးတယ်... ထျန်းပုယီ။”

သူ၏စိတ်ထဲရှိ ဒေါသများကို အကုန်အစင် ထုတ်ဖော်နေသကဲ့သို့ ချန်းစုန့်က ဟားတိုက်ရယ်မောကာ ထျန်းပုယီကို လက်ညှိုးထိုးလျက် ကျယ်လောင်စွာ ပြောလိုက်လေသည်။

“မင်းကိုယ်တိုင်ပဲ ပြောကြည့်စမ်း... စီနီယာအကို ဝမ်ကျန်းရီက မင်းအပေါ် ဘယ်လို ဆက်ဆံခဲ့လဲ... ပြီးတော့ မင်းကော သူ့ကို ဘယ်လိုပြန်ကျေးဇူးဆပ်ခဲ့လဲ။”

ထျန်းပုယီ၏ မျက်နှာမှာ မည်းမှောင်နေပြီး လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထား၏။

သူ၏ဘေးတွင် ရပ်နေသော စုရုမှာလည်း မျက်နှာ ဖြူလျော့နေသော်လည်း သူတို့နှစ်ဦးလုံးမှာ တစ်ခွန်းမျှ ပြန်မပြောဘဲ ချန်းစုန့်၏ ရယ်မောသံနှင့် စွပ်စွဲချက်များကိုသာ ခေါင်းငုံ့ခံနေကြလေသည်။

“မင်းက အဲဒီတုန်းက တာ့ကျူးတောင်ထိပ်က သာမန်တပည့်တစ်ယောက်ပဲလေ။ မင်းရဲ့ ဆရာနဲ့ စီနီယာတွေကတောင် မင်းကို အထင်သေးခဲ့ကြတာ”

“ဒါပေမဲ့ စီနီယာအကို ဝမ်ကျန်းရီက မင်းနဲ့ တွေ့တဲ့အခါ မင်းမှာ အရည်အချင်းရှိတာကို မြင်ပြီး မင်းကို ပြုစုပျိုးထောင်ပေးဖို့ကို အာရုံစိုက်ခဲ့တယ်”

“သူက သူသိထားတဲ့ ကျင့်စဉ်တွေကို မင်းကို ပြောပြရုံတင်မကဘူး၊ မင်းကို မြေရိုင်းခရီးစဉ်ရဲ့ အဖွဲ့ဝင် ငါးဦးထဲမှာ ပါအောင်လည်း အစွမ်းကုန် ထောက်ခံပေးခဲ့သေးတယ်”

“အဲဒီနောက်ပိုင်းကျမှပဲ မင်းက ချင်းယွင်ဂိုဏ်းမှာ အရှိန်အဝါရှိတဲ့သူ ဖြစ်လာပြီး ဒီနေ့ ဒီနေရာမှာ ထိုင်နိုင်ခဲ့တာ။ ငါပြောတာ မှန်တယ်မလား။”

ထျန်းပုယီမှာ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏မျက်နှာတွင် နာကျင်မှုအရိပ်အယောင်များ ယှက်သန်းနေကာ ခဏအကြာတွင် ဖြည်းညှင်းစွာ ဆိုလိုက်လေသည်။

“စီနီယာအကို ဝမ်ကျန်းရီအပေါ်မှာ ငါ့မှာ ကြီးမားလှတဲ့ ကျေးဇူးတရားတွေ ရှိပါတယ်။ ငါ့ရဲ့ကိုယ်ခန္ဓာကို အပိုင်းပိုင်း ချေဖျက်လိုက်ရင်တောင် အဲဒီကျေးဇူးကို ပြန်ဆပ်လို့ မကုန်နိုင်ပါဘူး။”

All Chapters