← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း (၁၅၈) - အတွင်းရန်သူ (၃)

ထိုစကားများ ထွက်လာသည်နှင့် တာ့ကျူးတောင်ထိပ်မှ တပည့်များသာမက အခြားသော ဂိုဏ်းခွဲများအပြင် ချင်းယွင်ဂိုဏ်း၏ အတွင်းရေးကိစ္စများကို စိုးရိမ်တကြီး ကြည့်နေကြသော ထျန်းယင်ကျောင်းတော်နှင့် ဖန်ရှန်းတောင်ကြားမှ လူများပါ မျက်နှာများ ပြောင်းလဲသွားကြရသည်။

ထျန်းပုယီကဲ့သို့သော သူပင်လျှင် ဤသို့ ဝန်ခံနေရသည်ဆိုပါက ချန်းစုန့်ပြောနေသော စီနီယာအကို ဝမ်ကျန်းရီတွင် အမှန်တကယ်ပင် လျှို့ဝှက်ချက်များစွာ ရှိနေကြောင်း ထင်ရှားနေပေသည်။

ချန်းစုန့်က နှာခေါင်းရှုံ့ကာ ဆိုလိုက်၏။

“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်။ မင်း နောက်ဆုံးတော့ ဝန်ခံရဲသေးတာပဲ။ ကံကောင်းလို့ မင်းမှာ အသိစိတ်လေး နည်းနည်း ကျန်နေသေးတာပေါ့။ ဒါဆို မင်း သူ့ကို ဘယ်လို ပြန်ကျေးဇူးဆပ်ခဲ့လဲဆိုတာကိုလည်း ပြောပြဦးလေ။”

ထျန်းပုယီသည် ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်ပြီး သွားများကို တင်းတင်းကြိတ်ထားရာ သူ၏တစ်ကိုယ်လုံး တုန်ယင်နေသည်ကို တွေ့ရ၏။

ချန်းစုန့်က ဟားတိုက်ကာ ဆိုလိုက်လေသည်။

“ကောင်းပြီလေ... မင်း မပြောချင်လည်း ငါပဲ မင်းကိုယ်စား ပြောပေးရတာပေါ့။ မင်းလို အရှက်မရှိတဲ့လူက စီနီယာအကို ဝမ်ကျန်းရီက မင်းကို ဒီလောက်တောင် တန်ဖိုးထားခဲ့တာကိုတောင်၊ ချင်းယွင်တောင်ကို ပြန်ရောက်လာတဲ့အခါ စီနီယာအကို ဝမ်ကျန်းရီက ရှောင်ကျူးတောင်ထိပ်က ဂျူနီယာညီမ စုရုကို သဘောကျနေတာကို သိသိကြီးနဲ့ မင်းက သူ့ဆီကနေ ခိုးယူခဲ့တာ မဟုတ်လား။ အဲဒီလို ဖြစ်ခဲ့တာ မဟုတ်ဘူးလား။”

ထျန်းပုယီသည် ခေါင်းကို ရုတ်တရက် မော့လိုက်သော်လည်း ချန်းစုန့်၏ ရူးသွပ်နေသော အကြည့်များနှင့် ဆုံမိချိန်တွင် သူ၏ဒေါသများမှာလည်း လောင်မြိုက်လာဟန်ရှိသည်။

သို့သော်လည်း မည်သို့ကြောင့်မှန်း မသိဘဲ ချန်းစုန့်၏ နောက်ကွယ်တွင် ဝတ်စုံဖြူနှင့် လူရိပ်တစ်ခု ရပ်နေသည်ဟု သူ ခံစားလိုက်ရသဖြင့် စကားမပြောနိုင်တော့ဘဲ ခေါင်းကို ပြန်ငုံ့လိုက်ရလေသည်။

သူက ဘာမှမပြောသော်လည်း သူ၏ဘေးရှိ စုရုမှာ ရုတ်တရက် ရှေ့သို့ ထွက်လာကာ ကျယ်လောင်စွာ ဆိုလိုက်၏။

“စီနီယာအကို ချန်းစုန့်... စီနီယာအကို့မှာ မကျေနပ်တာရှိရင် ကျွန်မကိုပဲ ပြောပါ။ အဲဒီတုန်းက စီနီယာအကို ဝမ်ကျန်းရီက ကျွန်မကို တကယ်ပဲ စိတ်ဝင်စားခဲ့ပေမဲ့ ကျွန်မဘက်ကတော့ သူ့အပေါ်မှာ လေးစားကြည်ညိုမှုပဲ ရှိခဲ့တာပါ”

“ကျွန်မတို့ ဇနီးမောင်နှံအပေါ်မှာ သူထားခဲ့တဲ့ ကျေးဇူးတရားတွေက တောင်ကြီးတစ်လုံးလို လေးလံလှပေမဲ့ ပုယီနဲ့ အတူရှိဖို့ ဆုံးဖြတ်ခဲ့တာက ကျွန်မရဲ့ ကိုယ်ပိုင်ဆန္ဒပဲ ဖြစ်ပါတယ်”

“ဒါကို လုယူတယ်လို့ ပြောလို့မရပါဘူး။ ပြီးတော့ အဲဒီတုန်းက စီနီယာအကို ဝမ်ကျန်းရီ ကိုယ်တိုင်လည်း ကျွန်မတို့ နှစ်ယောက်ကို ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးခဲ့တာပါ။”

ချန်းစုန့်က လှောင်ပြောင်လိုက်သည်။

“စီနီယာအကို ဝမ်ကျန်းရီရဲ့ စရိုက်က အရမ်းကို မာနကြီးတာ။ မင်းတို့နှစ်ယောက်ရဲ့ သစ္စာဖောက်မှုကို ခံရပြီးနောက်မှာ သူက သာမန်လူတွေလို မင်းတို့နောက်ကို လိုက်နှောင့်ယှက်နေပါ့မလား။ သူက အမြဲတမ်း သူကိုယ်တိုင်ပဲ နာကျင်ခံစားပြီး တခြားလူတွေကို မပြတဲ့လူမျိုးပါ။”

ထိုသို့ ပြောပြီးနောက်တွင် သူသည် ဆက်လက်ပြောဆိုခြင်း မရှိတော့ဘဲ ဒဏ်ရာရကာ အသက်ပြင်းပြင်း ရှူနေသော တာအိုရွှမ်ထံသို့ အကြည့်များ ရောက်သွားလေသည်။ သူ၏မျက်ဝန်းများမှာ အငြိုးအတေးများဖြင့် ပြည့်နှက်နေလေသည်။

“စီနီယာအကို ဝမ်ကျန်းရီက ငါ့အတွက် အကိုတစ်ယောက်လို၊ အဖေတစ်ယောက်လိုပဲ။ ငါ့ကို ပြုစုပျိုးထောင်ပေးခဲ့ရုံတင်မကဘူး၊ ငါ့အသက်ကို ကယ်ဖို့ သူ့အသက်ကိုတောင် ဂရုမစိုက်ခဲ့ဘူး”

“ငါ့အသက်က သူ့အတွက် ပေးဆပ်ပြီးသားပါ။ လွန်ခဲ့တဲ့ အနှစ်တစ်ရာတုန်းက ငါ အစွမ်းကုန် ကြိုးစားခဲ့ရင်တောင် သူ့ကို မကယ်နိုင်ခဲ့တာကိုပဲ ငါ နောင်တရမိတယ်”

“အဲဒီအချိန်ကစပြီး ငါ့ကိုယ်ငါ ကျိန်ဆိုခဲ့တယ်... ဘာပဲဖြစ်ဖြစ် ဘာကိုပဲရင်းရပါစေ သူ့အတွက် လက်စားချေပေးမယ်လို့။”

သူ၏စကားများမှာ နောက်ဆုံးတွင် အသံဗလုံးဗထွေး ဖြစ်သွားပြီး သူ၏နှလုံးသားကိုရော၊ တမလွန်မှ မျက်ဝန်းတစ်စုံကိုပါ ပြောဆိုနေသကဲ့သို့ ရှိနေလေသည်။

ရှောင်ယီချိုင်မှာ မျက်နှာ ဖြူလျော့သွားသော်လည်း သူ ပို၍ အံ့အားသင့်သွားသည်မှာ သူ တွဲကူထားသော ခန္ဓာကိုယ်က သူ့ကို ရုတ်တရက် တွန်းထုတ်လိုက်ခြင်းပင် ဖြစ်သည်။

အနှစ်တစ်ရာတိုင်အောင် လမ်းမှန်ဂိုဏ်းများ၏ ခေါင်းဆောင်ဖြစ်ခဲ့သော ချင်းယွင်ဂိုဏ်းချုပ် တာအိုရွှမ်၏ ဒဏ်ရာမှာ သွေးများ စီးကျနေဆဲဖြစ်ပြီး အမည်းရောင် အခိုးအငွေ့များမှာလည်း ပို၍ ထင်ရှားလာသော်လည်း သူသည် ခွန်အားအပြည့်ဖြင့် ဖြည်းညှင်းစွာ ရှေ့သို့ တစ်လှမ်းချင်း လှောက်လှမ်းလာလေသည်။

သူ၏ အရှိန်အဝါမှာ တစ်ခဏအတွင်း လူတိုင်းကို လွှမ်းမိုးသွားပြီး သူ၏အစိမ်းရင့်ရောင်ဝတ်စုံမှာ လေမတိုက်ဘဲ လွင့်ပျံ့နေလေသည်။ သူ၏လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားရာ လက်သည်းများမှာပင် အသားထဲသို့ နစ်ဝင်နေချေပြီ။

သူသည် ရှေ့မှ လူအုပ်ကို ကြည့်ကာ ကိုယ်ကို မတ်လိုက်ပြီး မမြင်ရသော ဝတ်စုံဖြူနှင့် လူရိပ်ကို ရင်ဆိုင်နေသကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်သည်ယ

“ကောင်းတယ်... ကောင်းတယ်... မမျှော်လင့်ဘဲ အဲဒီတုန်းက အမှုက မင်းကို ဒီလောက်တောင် ပူပန်စေခဲ့တာပဲ။ မင်း လာခဲ့စမ်း... ငါက ဂိုဏ်းချုပ် နေရာနဲ့ တကယ်ပဲ တန်ရဲ့လားဆိုတာ မင်းကိုယ်တိုင် လာစမ်းကြည့်စမ်း”

သူသည် ချန်းစုန့်ကို မျက်စောင်းထိုးကြည့်လိုက်ရာ လက်နှစ်ဖက်မှာ ရုတ်တရက် ပွင့်ထွက်သွားပြီး သူ၏ညာဘက်လက် ဒဏ်ရာမှ သွေးမည်းများမှာ ပန်းထွက်သွားကာ မျက်နှာပေါ်ရှိ အမည်းရောင် အခိုးအငွေ့များမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားလေသည်။

သို့သော် သူသည် ပို၍ ဖြူလျော့နေသော်လည်း သူ၏အသံမှာ ပို၍ စူးရှလာကာ မထီမဲ့မြင်ပြုသော အမူအရာဖြင့် ပြောလိုက်သည်။

“မင်းက ငါနဲ့ ယှဉ်နိုင်မယ် ထင်နေတာလား”

ချန်းစုန့်က ရုတ်တရက် အကျယ်ကြီး ရယ်မောလိုက်ပြီး ဆိုလေသည်။

“ဟုတ်တယ်... မင်းက တော်ပါတယ်။ အဲဒီတုန်းက ချင်းယွင်ဂိုဏ်းမှာ မင်းနဲ့ စီနီယာအကို ဝမ်ကျန်းရီက အတုမရှိတဲ့ ပါရမီရှင် အမြွှာနှစ်ယောက်ပဲလေ။ ငါက မင်းရဲ့ ပြိုင်ဘက် မဟုတ်ပေမဲ့ မင်းကို အနိုင်ယူမယ့်သူတော့ ရှိတာပေါ့။”

တာအိုရွှမ်၏ မျက်နှာမှာ တည်ကြည်နေပြီး အေးစက်စွာ မေးလိုက်၏။

“ဘယ်သူလဲ”

ခန်းမကြီးအတွင်းရှိ လူအများမှာ အသက်ရှူပင် မဝံ့ကြချေ။

ချင်းယွင်တပည့်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး ထျန်းယင်ကျောင်းတော်နှင့် ဖန်ရှန်းတောင်ကြားမှ လူများမှာလည်း ဤအတွင်းရေး ပဋိပက္ခကို ဘေးမှကြည့်ကာ စိတ်မသက်မသာ ဖြစ်နေကြရလေသည်။

ချန်းစုန့်မှာ ရယ်မောခြင်းကို မရပ်တန့်သေးဘဲ ထိုအချိန်တွင် ယွီချင်းနန်းဆောင်၏ အပြင်ဘက်မှ ဩဇာညောင်းသော အသံကြီး တစ်ခု ထွက်ပေါ်လာလေသည်။

“မိတ်ဆွေဟောင်းကြီး... အနှစ်တစ်ရာလောက် မတွေ့ရတာတောင် မင်းရဲ့ အရှိန်အဝါက အရင်အတိုင်းပဲရှိသေးတာ ဂုဏ်ယူစရာပဲ။”

ထိုအသံမှာ မိုးကြိုးပဲ့တင်ထပ်သကဲ့သို့ ကျယ်လောင်လှပြီး ခဏအကြာတွင် ထုံထျန်းတောင်ထိပ်၏ အပြင်ဘက် နေရာအနှံ့မှ တိုက်ခိုက်သံများ ထွက်ပေါ်လာကာ တောင်ခြေတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်လေသည်။

ထိုရှုပ်ထွေးမှုများကြားမှ တစ်စုံတစ်ဦးက အဝေးမှ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“မိစ္ဆာဂိုဏ်းကကောင်တွေ တောင်ပေါ်ကို တက်လာနေပြီ။”

“ဘာ”

ချင်းယွင်ဂိုဏ်းဝင်များ အားလုံး ချွင်းချက်မရှိ မျက်နှာများ ဖြူလျော့သွားကြပြီး တာအိုရွှမ်မှာမူ အသက်ပြင်းပြင်း ရှူလိုက်ကာ ချန်းစုန့်ကို လက်ညှိုးထိုးလျက် မယုံနိုင်စွာ ပြောလိုက်လေသည်။

“မင်း... မင်းက တကယ်ပဲ ဂိုဏ်းကို သစ္စာဖောက်ပြီး မိစ္ဆာဂိုဏ်းနဲ့ ပူးပေါင်းရဲတယ်ပေါ့။”

ချန်းစုန့်က ဟားတိုက်ကာ ပြောလိုက်သည်။

“မှန်တယ်။ ငါ မိစ္ဆာဂိုဏ်းနဲ့ ပူးပေါင်းလိုက်ပြီ... ဘာဖြစ်လဲ။ ငါ့အမြင်မှာတော့ ချင်းယွင်ဂိုဏ်းက ညစ်ပတ်ပြီး ဖောက်ပြန်နေတာ မိစ္ဆာဂိုဏ်းထက်တောင် ပိုဆိုးသေးတယ်”

“စီနီယာအကို ဝမ်ကျန်းရီအတွက် လက်စားချေဖို့ဆိုရင် ငါ ငရဲကို သွားရမယ်ဆိုရင်တောင် ဂရုမစိုက်ဘူး... မိစ္ဆာဂိုဏ်းနဲ့ ပူးပေါင်းတာက ဘာများထူးဆန်းလို့လဲ။”

စုရု၏ မျက်နှာမှာ ဖြူလျော့နေပြီး တီးတိုးရေရွတ်လိုက်မိသည်။

“ရူးနေပြီ... ရူးနေပြီ... သူ တကယ်ပဲ ရူးနေပြီ။”

ထျန်းပုယီမှာ ထိုစကားကို ကြားလိုက်ရချိန်တွင် မျက်နှာမှာ တည်ကြည်နေချေပြီ။

လွန်ခဲ့သော နှစ်အနည်းငယ်က ချန်းစုန့်၏ အာဏာမှာ ချင်းယွင်ဂိုဏ်းတွင် အလွန်ကြီးမားခဲ့ပြီး နေ့စဉ်ကာကွယ်ရေး ကိစ္စများကိုပင် သူက ကိုင်တွယ်ခဲ့ခြင်း ဖြစ်ကြောင်း သူ သိထားပေသည်။

ယနေ့တွင် မိစ္ဆာဂိုဏ်းက အင်အားအလုံးအရင်းနှင့် တိုက်ခိုက်လာခြင်းဖြစ်ရာ သူတို့ကို ယွီချင်းနန်းဆောင်အထိ ရောက်ခါနီးမှ သိလိုက်ရသဖြင့် အခြေအနေမှာ အလွန်ပင် ဆိုးရွားနေလေပြီ။

သူသည် မျက်စိတစ်မှိတ်အတွင်း ထိုရုတ်ရုတ်သဲသဲ ဖြစ်နေမှုများကြား၌ သူ၏တပည့်ငယ် ကျန်းရှောင်ဖန်းမှာ သူ၏ဝိညာဉ်ဝါးမျိုတုတ်ကို ကိုင်ဆောင်ကာ ထိုနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

မည်သူမျှ သတိမပြုမိခင်မှာပင် သူသည် ကျန်းရှောင်ဖန်းကို သူ၏နောက်ကွယ်သို့ ဆွဲခေါ်လိုက်သော်လည်း သူ၏တပည့်ငယ်မှာ တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း သတိထားမိလိုက်သည်။

ကျန်းရှောင်ဖန်း၏ မျက်ဝန်းများမှာ နီရဲနေပြီး ချန်းစုန့်၏ ပုံရိပ်ကို စိုက်ကြည့်နေကာ ပါးစပ်မှလည်း တစ်စုံတစ်ခုကို တိုးတိုးလေး ရေရွတ်နေလေသည်။

“သူပဲ... သူပဲ... သူ ဖြစ်ရမယ်”

“ဘယ်သူလဲ...”

တစ်ချိန်တည်းမှာပင် ယွီချင်းနန်းတော်တံခါးဝရှိ ချင်းယွင်တပည့်များ၏ အော်ဟစ်သံများ လွင့်ပျံ့လာပြီးနောက် လေတိုးသံအချို့ ကြားလိုက်ရ၏။

တံခါးဝတွင် အရိပ်လေးခု ရုတ်ချည်း ပေါ်လာလေရာ နတ်ဆိုးဂိုဏ်းကြီးလေးခု၏ ခေါင်းဆောင်များပင် ဖြစ်ချေသည်။

ယွီယန်ဇီနှင့် အဆိပ်နတ်ဘုရား တုရှန်းတို့က အလယ်တွင် ရပ်နေကြပြီး သရဲဘုရင်နှင့် ဆန်းမြောင်သခင်မတို့က ဘေးတစ်ဖက်တစ်ချက်စီတွင် ရပ်နေကြလေသည်။

၎င်းတို့ လေးဦးသည် ခန်းမအတွင်းသို့ တစ်ချက်ဝေ့ကြည့်ကာ အေးအေးလူလူပင် လျှောက်လှမ်းဝင်လာကြလေသည်။

အသက်အကြီးဆုံးဖြစ်သည့် အဆိပ်နတ်ဘုရား တုရှန်းက လျှာသပ်ကာ ပြုံးလျက် ပြောလိုက်၏။

“မိတ်ဆွေဟောင်းကြီး... နှစ်ပေါင်း တစ်ရာလောက် မတွေ့ရတာတောင် ကျန်းမာနေတုန်းပါလား...”

တာအိုရွှမ်၏ ကိုယ်နေဟန်ထား တုန်ယင်သွားပြီး နှာခေါင်းရှုံ့ကာ အေးစက်စွာ တုံ့ပြန်လိုက်သည်။

“အဆိပ်နတ်ဘုရား...”

အဆိပ်နတ်ဘုရားက အကျယ်ကြီး ရယ်မောလိုက်သည်။

“ဒီလူအိုကြီးပါပဲ။ လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက မင်းရဲ့ဓားအောက်မှာ ကျုပ် ရှုံးနိမ့်ခဲ့ဖူးတယ်၊ ဒီနေ့မှာတော့ မင်းရဲ့ ခန့်ညားတဲ့ အရှိန်အဝါက အရင်အတိုင်းပါပဲလား၊ ကျုပ် မနိုင်ခဲ့တာပဲ တော်ပါသေးတယ်...”

တာအိုရွှမ်၏ အကြည့်များက ထိုလူလေးဦးထံသို့ တစ်လှည့်စီ ရောက်သွား၏။ ထိုအချိန်မှာပင် ယွီချင်းနန်းတော် တံခါးဝမှနေ၍ နတ်ဆိုးဂိုဏ်းသား အများအပြားလည်း ဆက်တိုက် ဝင်ရောက်လာကြလေသည်။

ထိုသူများ၏ အမူအရာနှင့် အနေအထားကို ကြည့်ခြင်းအားဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်မည့်သူများ မဟုတ်ချေ။

လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း နတ်ဆိုးဂိုဏ်းများ စုဆောင်းထားသည့် အမာခံ အင်အားစုအားလုံး ဤနေရာသို့ ရောက်ရှိနေကြခြင်း ဖြစ်လေသည်။

ထိုသူများထဲတွင် သရဲဘုရင်ဂိုဏ်းမှ ချင်းလုံ၊ ယိုကျီ၊ အဆိပ်တစ်သောင်းဂိုဏ်းမှ ပိုင်တုကျစ် စသည့် ထိပ်တန်းပညာရှင်များသာမက ဂိုဏ်းကြီးလေးခုမှ ထိပ်သီးပညာရှင်များလည်း ပါဝင်နေလေသည်။

All Chapters