← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း (၁၅၉) - နောက်ကျောမှ ထိုးသောဓား (၁)

အဝေးတစ်နေရာတွင်မူ တိုက်ပွဲသံများ ပိုမိုကျယ်လောင်လာပြီး စိတ်ပျက်အားငယ်စွာ အော်ဟစ်သံများကိုလည်း အခါအားလျော်စွာ ကြားနေရသည်။

တစ်ချိန်က ကမ္ဘာပေါ်ရှိ နတ်ဘုံနတ်နန်းသဖွယ် တည်ရှိခဲ့သော ချင်းယွင်တောင်သည် ယခုအခါ ငရဲခန်းသို့ ရောက်ရှိသွားသကဲ့သို့ သွေးညှီနံ့များက လွှမ်းမိုးနေလေသည်။

တာအိုရွှမ်သည် အသက်ကို ပြင်းပြင်းရှူသွင်းကာ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းလိုက်ရ၏။

ယနေ့တွင် အတွင်းရန်ကြောင့် ပြဿနာစတင်ခဲ့ပြီး ပြင်ပရန်သူများကလည်း အခြေအနေကို အခွင့်ကောင်းယူကာ ကျူးကျော်လာခဲ့လေရာ၊ ဤသည်မှာ ချင်းယွင်ဂိုဏ်း၏ နှစ်ပေါင်းတစ်ရာအတွင်း အန္တရာယ်အကြီးမားဆုံး အချိန်ဖြစ်ကြောင်း မမေးဘဲနှင့် သိနိုင်ပေသည်။

နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ချင်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ဤအမွေအနှစ်ကို မိမိလက်ထက်တွင် ပျက်စီးသွားရန် သူ အခွင့်ပေးမည် မဟုတ်ချေ။

ထိုအချိန်တွင် ဗုဒ္ဓ ဂါထာတော် ရွတ်ဆိုသံတစ်ခု ထွက်ပေါ်လာ၏။ ဆရာတော်ဖူဟုန်သည် မည်သည့်အချိန်က ရောက်လာသည်မသိဘဲ တာအိုရွှမ်၏ ဘေးတွင် လာရောက်ရပ်တန့်ကာ ပြုံးလျက် ဆိုလိုက်သည်။

“တာအိုရောင်းရင်း... ရှေးယခင်ကတည်းက မကောင်းမှုက ကောင်းမှုကို မနိုင်နိုင်ပါဘူး၊ ကျုပ်တို့ ထျန်းယင်ကျောင်းတော်ဟာ ချင်းယွင်ဂိုဏ်းနဲ့အတူ နတ်ဆိုးမိစ္ဆာတွေကို အမြဲတမ်း တိုက်ထုတ်လာခဲ့တာပါ၊ ခိုင်းစရာရှိရင် အားမနာဘဲ ခိုင်းစေနိုင်ပါတယ်...”

တာအိုရွှမ်သည် အားတက်သွားရ၏။ တစ်ချိန်တည်းမှာပင် ဖန်ရှန်းတောင်ကြားမှ လူများလည်း အကြီးအကဲရှန်းကွမ် ဦးဆောင်ကာ ထွက်လာပြီး တာအိုရွှမ်နှင့် ဖူဟုန် ဆရာကြီးတို့၏ နောက်တွင် ရပ်လိုက်ကြလေသည်။

နတ်ဆိုးဂိုဏ်းမှ ခေါင်းဆောင်လေးဦး၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွား၏။ အဆိပ်နတ်ဘုရားက ဖူဟုန်ကို ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်သည်။

“ဒီဆရာတော်က ထျန်းယင်ကျောင်းတော်က ဘယ်ရဟန်းတော်များပါလိမ့်...”

ဖူဟုန်က အနည်းငယ် ပြုံးကာ ဆို၏။

“ဒကာက တကယ်ပဲ မေ့တတ်တာပဲ၊ လွန်ခဲ့တဲ့ နှစ်တစ်ရာက လမ်းမှန်နဲ့ မိစ္ဆာ တိုက်ပွဲကြီးမှာ ကျုပ်တို့ တွေ့ခဲ့ကြဖူးသေးတယ် မဟုတ်လား၊ ကျုပ်ကို ဘယ်လိုများ မေ့သွားရတာလဲ၊ ကျုပ်က ထျန်းယင်ကျောင်းတော်က ဖူဟုန်ပါ၊ ကျုပ်ဘေးကတော့ ကျုပ်ရဲ့ ညီငယ် ဖူခုံးပါ...”

ထျန်းယင်ကျောင်းတော်၏ သာဝကလေးပါးမှာ နာမည်ကျော်ကြားလှပေရာ ၎င်းတို့နှစ်ဦး ပါဝင်လာခြင်းသည် ချင်းယွင်ဂိုဏ်းအတွက် အားကောင်းသော အထောက်အပံ့ ဖြစ်စေ၏။ ထို့အပြင် ဖန်ရှန်းတောင်ကြားမှ ပညာရှင်များလည်း ရှိနေသေးသည် မဟုတ်လော။

အဆိပ်နတ်ဘုရားသည် ခေါင်းလှည့်ကာ မျက်နှာဖြူဖျော့နေသော ချန်းစုန့်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။

“ဒီလူတွေ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ...”

ချန်းစုန့်က ခက်ထန်စွာ ပြန်လည်ဖြေကြားသည်။

“ဒီကောင်တွေနဲ့ ဖန်ရှန်းတောင်ကြားက ဒီနေ့မနက်မှာပဲ ချင်းယွင်တောင်ကို ရုတ်တရက် ရောက်လာကြတာ၊ ကြိုတင်အကြောင်းကြားတာလည်း မရှိဘူး၊ ကျုပ်လည်း အငိုက်မိသွားလို့ အကြောင်းမကြားနိုင်လိုက်တာ...”

ဖူဟုန်သည် ဖန်ရှန်းတောင်ကြားမှ အကြီးအကဲရှန်းကွမ်နှင့် အကြည့်ချင်းဆုံကာ နှစ်ဦးသား အကျယ်ကြီး ရယ်မောလိုက်ကြ၏။ အကြီးအကဲရှန်းကွမ်က ပြောလိုက်သည်။

“ဒါကိုပဲ မကောင်းမှုဟာ ကောင်းမှုကို မနိုင်ဘူးလို့ ခေါ်တာပေါ့၊ ကောင်းကင်ရဲ့ ကွန်ရက်က ကျယ်ပြန့်လွန်းပါတယ်၊ ဒီနေ့တော့ မင်းတို့လို နတ်ဆိုးမိစ္ဆာတွေကို ချင်းယွင်တောင်ပေါ်မှာပဲ အပြတ်ရှင်းရတော့မယ်...”

“ဟဲဟဲ...”

အဆိပ်နတ်ဘုရား၏ ဘေးတွင် ရပ်နေသည့် ယွီယန်ဇီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူသည် ဤစစ်ဆင်ရေးအတွက် နတ်ဆိုးဂိုဏ်းများက ရွေးချယ်ထားသော ခေါင်းဆောင်ဖြစ်ရာ မောက်မာသော အမူအရာဖြင့် ဆိုလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ကျုပ်တို့ရဲ့ စီနီယာတွေက ကျုပ်တို့ဂိုဏ်းရဲ့ အင်အားတစ်ခုတည်းနဲ့တောင် မင်းတို့ ဂိုဏ်းကြီးသုံးခုကို ရင်ဆိုင်ခဲ့သေးတာပဲ၊ ဒီနေ့မှာတော့ မင်းတို့ကို ကြောက်နေစရာလား...”

“ပြောတာ ကောင်းတယ်...”

ခေါင်းဆောင်လေးဦး၏ နောက်တွင် ရပ်နေသော လူအုပ်ကြီးထံမှ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာ၏။ ဘေးတွင် ရပ်နေသော သရဲဘုရင်ပင် လက်ခုပ်တီးကာ ရယ်မောလိုက်လေသည်။

“ဒီနေ့တော့ ဘယ်သူက အသတ်ခံရမလဲဆိုတာ ကြည့်ကြသေးတာပေါ့...”

ထိုစကားကို သူက အလွန်ရက်စက်သော လေသံဖြင့် ဆိုလိုက်ရာ လမ်းမှန်ဂိုဏ်းများမှ လူတိုင်း မျက်နှာပျက်သွားကြလေသည်။

အထူးသဖြင့် ‘သေခြင်း’ ဆိုသည့် စကားလုံးကို သရဲဘုရင်က လှောင်ပြောင်သည့် သဘောဖြင့် အလေးပေး ပြောဆိုသွားခြင်း ဖြစ်သည်။

တာအိုရွှမ်က အေးစက်စက် ရယ်မောကာ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း နတ်ဆိုးဂိုဏ်းမှ ယွီယန်ဇီက ပို၍ စိတ်မရှည်ဖြစ်နေဟန်တူ၏။

သူက လက်တစ်ချက် ဝေ့ယမ်းလိုက်သည်နှင့် နတ်ဆိုးဂိုဏ်းသားများ၏ လက်ထဲမှ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာပြီး တိုက်ပွဲစရန် အသင့်ပြင်လိုက်ကြလေသည်။

လမ်းမှန်ဂိုဏ်းဘက်မှ ချင်းယွင်နှင့် ထျန်းယင်ကျောင်းတော်သားများလည်း ချက်ချင်းပင် အကာအကွယ်ယူလိုက်ကြ၏။

ဤသည်မှာ နှစ်ပေါင်းတစ်ရာအတွင်း အပြင်းထန်ဆုံး တိုက်ပွဲကြီး ဖြစ်လာတော့မည်ကို လူတိုင်း သိနေကြပေသည်။ ဖူဟုန်က တိုးညှင်းသော အသံဖြင့် ရွတ်ဆိုလိုက်၏။

“အာမိတ္တဘ”

သူ၏ စကားမဆုံးမီမှာပင် ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့လေသည်။

လူတိုင်းက ရှေ့က နတ်ဆိုးဂိုဏ်းသားတွေကို အာရုံစိုက်နေချိန်တွင် အလင်းတန်းအချို့ ထွက်ပေါ်လာ၏။ ထိုအထဲတွင် ထက်ရှသော အလင်းနှစ်တန်းက အကာအကွယ်မဲ့နေသော ဖူဟုန်၏ ကျောပြင်ကို တည့်တည့်မတ်မတ် ထိမှန်သွားလေတော့သည်။

‘ဘုန်း...’

ထိုခဏ၌ လမ်းမှန်ဂိုဏ်းသားများမှာ ရုန်းရင်ဆန်ခတ် ဖြစ်သွားတော့သည်။ အော်ဟစ်သံများလည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။

ဖူဟုန်သည် မျက်စိရှေ့တွင် မှောင်မိုက်သွားပြီး သူ၏ ကျောပြင်ပေါ်သို့ အင်အားကြီးမားသော စွမ်းအင်နှစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသည်။

တစ်ခုမှာ အတိုင်းအဆမရှိသော အားဖြင့် ရိုက်ခတ်လိုက်ခြင်းဖြစ်ပြီး အခြားတစ်ခုမှာမူ ထက်ရှသော အပ်တစ်ချောင်းကဲ့သို့ ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာခြင်းပင်။

ဖူဟုန်သည် ရှေ့သို့ ယိုင်လဲသွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သူသည် သာမန်လူမဟုတ်ရာ လမ်းမှန်ဂိုဏ်းသားများထဲတွင် သစ္စာဖောက်များ ရှိနေသေးကြောင်း ချက်ချင်း သိလိုက်သည်။

သူ၏ ဗြဟ္မာ့ဉာဏ်တော်ကျင့်စဉ်ကို တစ်ကိုယ်လုံးသို့ အလျင်အမြန် စီးဆင်းစေကာ ထိုပြင်းထန်သော တိုက်ခိုက်မှုကို အတင်းအကျပ် ဟန့်တားလိုက်ပြီး နောက်သို့ လှည့်မကြည့်ဘဲ သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းလိုက်လေသည်။

ထိုသူများလည်း ဒဏ်ရာရရှိသွားပြီး ပြင်းထန်သော စွမ်းအင်များ ပျံ့လွင့်သွားသော်လည်း အဆိပ်အပ်ကဲ့သို့သော စွမ်းအင်မှာမူ ဒိုင်းလွှာကို ဖောက်ထွက်ကာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားလေသည်။

ခဏအတွင်းမှာပင် ထျန်းပုယီနှင့် အခြားသူများလည်း အပြေးအလွှား ရောက်လာကြသော်လည်း တိုက်ခိုက်သူများမှာ နတ်ဆိုးဂိုဏ်းသားများဘက်သို့ ပျံသန်းထွက်ပြေးသွားကြတော့သည်။

ထိုသူများကို ဦးဆောင်နေသူမှာ အခြားသူမဟုတ်ဘဲ ဖန်ရှန်းတောင်ကြားမှ အကြီးအကဲရှန်းကွမ်ပင် ဖြစ်လေရာ ကျန်သူများမှာလည်း ဖန်ရှန်းတောင်ကြားမှ လူများပင် ဖြစ်နေသည်။

လမ်းမှန်ဂိုဏ်းသားများမှာ ဖူဟုန်၊ ဖူခုံးနှင့် ကျန်ရှိသော ထျန်းယင်ကျောင်းတော်သားများ အပါအဝင် အားလုံး မှင်တက်သွားကြရ၏။

တာအိုရွှမ်သည် အတော်ကြာမှ စိတ်ကို ထိန်းလိုက်နိုင်ပြီး ရှန်းကွမ်ကို လက်ညှိုးထိုးကာ ဆိုလိုက်သည်။

“မင်း... မင်းတို့ ဘာလုပ်နေတာလဲ။ ဖန်ရှန်းတောင်ကြားကလည်း နတ်ဆိုးဂိုဏ်းတွေနဲ့ ပူးပေါင်းသွားတာလား...”

ရှန်းကွမ်သည် နတ်ဆိုးဂိုဏ်း ခေါင်းဆောင်လေးဦးနှင့် ချန်းစုန့်တို့၏ ဘေးတွင်ရပ်ကာ ၎င်းတို့ကို ကြည့်ပြီး ရယ်မောလိုက်သည်။

သရဲဘုရင်က အားရပါးရ ရယ်မောကာ တာအိုရွှမ်ကို လှောင်ပြောလိုက်သည်။

“ဒီလူတွေက ဖန်ရှန်းတောင်ကြားက လူတွေလို့ ဘယ်သူပြောလဲ...”

တာအိုရွှမ်က တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် စကားပျောက်ရှသွားကာ တာအိုဆရာ ချန်းစုန့်ကို စိုက်ကြည့်လိုက်၏။ သူ၏ မျက်နှာမှာ ဖြူဖျော့သွားလေသည်။

“ကောင်းတယ်... ကောင်းတယ်... မင်းကတော့ လှည့်စားတဲ့နေရာမှာ တကယ့်ကို ကျွမ်းကျင်တာပဲ...”

ချန်းစုန့်က အေးစက်စွာ ပြုံးကာ ကျေနပ်နေသည့်ဟန်ဖြင့် ဆိုလိုက်သည်။

“ဒါတွေအားလုံးက သရဲဘုရင်ရဲ့ အစီအမံတွေကြောင့်ပါပဲ၊ ထျန်းယင်ကျောင်းတော်က လူတွေ ရုတ်တရက် ရောက်လာပြီး ကျုပ်တို့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးတော့မယ်ဆိုတာ သိရတာနဲ့ သူက ပညာရှင်အချို့ကို ဖန်ရှန်းတောင်ကြားက လူတွေလို ဟန်ဆောင်ခိုင်းလိုက်တာပဲ”

“အပြင်လောကမှာ သိပ်မသိကြတဲ့သူတွေကို ရွေးပြီး ကျုပ်ဆီ စေလွှတ်လိုက်တာလေ၊ ဟဲဟဲ... တကယ့်ကို တစ်ချက်တည်းနဲ့ အောင်မြင်သွားတာပဲ...”

တာအိုရွှမ်၏ ခန္ဓာကိုယ်မှာ ယိုင်လဲသွားလေသည်။ နတ်ဆိုးဂိုဏ်း၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုသည် ထျန်းယင်ကျောင်းတော်မှ ရဟန်းများထံသို့ အဓိကဦးတည်ခဲ့ရာ ဆယ်ဦးတွင် ကိုးဦးမှာ ဒဏ်ရာအပြင်းအထန် ရသွားသည်။

အထူးသဖြင့် ဖူဟုန်မှာ မျက်နှာတွင် သွေးမရှိတော့ဘဲ မတ်တပ်ပင် မရပ်နိုင်တော့ချေ။ သူ၏ တပည့်ဖြစ်သူ ဖာရှန်း၏ အကူအညီဖြင့် ဖြည်းဖြည်းချင်း ထိုင်ချလိုက်ရ၏၊

သူ၏ ကျောပြင်မှာလည်း သွေးချင်းချင်းနီနေလေသည်။ အခြားသူများလည်း အလားတူပင် ဖြစ်ကာ ချင်းယွင်ဂိုဏ်းမှ အကြီးအကဲ ငါးဦးခြောက်ဦးခန့်လည်း ဒဏ်ရာရသွားကြ၏။

တာအိုရွှမ်၏ ရင်ထဲတွင် ​ဗလောင်ဆူနေပြီး စိတ်ပျက်အားငယ်လာမိ၏။ သူက ခါးသီးစွာ ပြုံးလျက် ဆိုလိုက်သည်။

“ကောင်းတယ်... တကယ့်ကို ကောင်းတယ်၊ ကျုပ် အသက်ရှင်လာတဲ့ ဒီနှစ်တွေမှာ ဖန်ရှန်းတောင်ကြားက ရှန်းကွမ်ဟာ မီးငရဲပလ္လင်ကိုပဲ အမြဲစောင့်ရှောက်နေပြီး အပြင်မထွက်တတ်တာကို မေ့သွားတယ်၊ ဒါကြောင့် မင်းကို မသင်္ကာမဖြစ်ခဲ့တာပဲ...”

သရဲဘုရင်က သူ့ကို ကြည့်ကာ ပြုံးလျက် ခေါင်းခါပြလိုက်၏။

“ဒါကို မင်းမသိတာ မဟုတ်ပါဘူး၊ မင်းရဲ့ ညီငယ် ချန်းစုန့်က မင်းကို သစ္စာဖောက်လိမ့်မယ်လို့ မထင်ထားခဲ့တာ မဟုတ်လား...”

တာအိုရွှမ်က ခါးသီးစွာ နောက်တစ်ကြိမ် ပြုံးလိုက်ပြန်၏။

ယွီချင်းနန်းတော်အတွင်း တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။ လမ်းမှန်ဂိုဏ်းသားများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

ယခုအချိန်တွင် နတ်ဆိုးဂိုဏ်းသားများက အသာစီးရနေသည်မှာ ထင်ရှားလှပေသည်။ ချင်းယွင်ဘက်တွင် ပညာရှင်အချို့ ရှိနေသေးသော်လည်း နတ်ဆိုးဂိုဏ်းဘက်တွင် ပို၍ များပြားနေလေသည်။

ထျန်းယင်ကျောင်းတော်မှ ရဟန်းများထဲတွင်လည်း တိုက်ခိုက်နိုင်စွမ်း ရှိသူမှာ ထက်ဝက်ပင် မရှိတော့ချေ။ ဖူခုံးနှင့် ဖာရှန်းတို့သာ သတိရှိမှုကြောင့် ဒဏ်ရာမရဘဲ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

အထူးသဖြင့် ဖူခုံးမှာ ယခုအခါ လုံးဝခြားနားသော လူတစ်ဦးကဲ့သို့ ဖြစ်နေ၏။ သူ၏ လက်ထဲတွင် ရွှေပုတီးကို ကိုင်ထားကာ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး ဒေါသထွက်နေသော နတ်ဘုရားတစ်ပါးအလားပင်။

သူ၏ ရှေ့တွင်မူ သွေးပျက်ဖွယ်ရာ အသားပုံတစ်ခု ရှိနေ၏။ နတ်ဆိုးဂိုဏ်းသားတစ်ဦးက သူ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ ဖူခုံး၏ အပိုင်းပိုင်း အတစ်တစ် အထုခံလိုက်ရခြင်း ဖြစ်သည်။

All Chapters