အခန်း ၁၆၀
Vol. 16 Ch. 160
အခန်း (၁၆၀) - နောက်ကျောမှ ထိုးသောဓား (၂)
သို့သော် အရေးကြီးဆုံးအချက်မှာ ကမ္ဘာပေါ်တွင် အားကိုးထိုက်ဆုံးဟု ယူဆထားကြသည့် တာအိုရွှမ်နှင့် ဖူဟုန်တို့မှာ တစ်ပြိုင်နက်တည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခြင်းပင်။
ဖူဟုန်မှာ ဖြူဖျော့နေပြီး တာအိုရွှမ်မှာ အနည်းငယ် ပိုကောင်းဟန်ရှိသော်လည်း အားကုန်ခမ်းနေသည့် မြားတစ်စင်းကဲ့သို့ ဖြစ်နေလေပြီ။
လမ်းမှန်ဂိုဏ်းများ၏ ကံကြမ္မာသည် အဆုံးသတ်သို့ ရောက်ရှိသွားလေပြီလော။
ဤမေးခွန်းသည် လမ်းမှန်ဂိုဏ်းသားများ၏ ရင်ထဲတွင် လေးလံသော ကျောက်တုံးကြီးတစ်ခုကဲ့သို့ ဖိစီးနေချေသည်။
ဆန့်ကျင်ဘက်အားဖြင့် နတ်ဆိုးဂိုဏ်းသားများမှာမူ အလွန်ပင် ဝမ်းမြောက်နေကြလေသည်။
နှစ်ပေါင်းတစ်ရာကျော်ကြာ ဗဟိုလွင်ပြင်မှ နှင်ထုတ်ခံရကာ တောရိုင်းမြေတွင် ခိုအောင်းနေခဲ့ရသော နတ်ဆိုးဂိုဏ်းသားများအတွက် ယနေ့သည် သူတို့၏ နာကျည်းချက်များကို ဖွင့်ချနိုင်သည့် နေ့ပင် ဖြစ်ချေသည်။
ယွီယန်ဇီသည် သူ၏ ဦးဆောင်မှုအောက်တွင် နတ်ဆိုးဂိုဏ်းက အားကြီးသော ရန်သူနှစ်ခုကို တစ်ပြိုင်နက် နှိမ်နင်းနိုင်ခဲ့သဖြင့် နောင်တစ်ချိန်တွင် သူ၏ အဆင့်အတန်းမှာ အခြားသူများထက် သာလွန်သွားလိမ့်မည်ဟု တွေးတောနေလေသည်။
ယနေ့မှစ၍ သက်ရှည်ခန်းမကို လွန်ခဲ့သည့် နှစ်ရှစ်ရာက ဟေရှင်းအဘိုးအို၏ သွေးသန့်စင်ဂိုဏ်းကဲ့သို့ ကြီးကျယ်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု သူ ယုံကြည်နေလေသည်။
ထိုသို့ တွေးမိသည်နှင့် ယွီယန်ဇီမှာ ပို၍မောက်မာလာကာ တာအိုရွှမ်ကို ကြည့်ပြီး ပြောလိုက်၏ယ
“တာအိုရွှမ် ခွေးသူခိုးအိုကြီး... မင်းတို့ဂိုဏ်းရဲ့ ရတနာဖြစ်တဲ့ ကျူးရှန်းရှေးဟောင်းဓားကို မြန်မြန်ပေးအပ်ပြီး ငါတို့ရဲ့ နတ်ဆိုးဂိုဏ်းဆီမှာ ဒူးထောက်အညံ့ခံစမ်း၊ ဒါဆိုရင်တော့ မင်းတို့အားလုံးရဲ့ အသက်ကို ချမ်းသာပေးမယ်... ဟားဟားဟား...”
သူ၏ နောက်တွင် ရပ်နေသော ပညာရှင်အချို့လည်း လိုက်လံ ရယ်မောကြ၏။ နှစ်ပေါင်းတစ်ရာစာ နာကျည်းချက်များကို ယနေ့တွင်မှ အကုန်အစင် ထုတ်ဖော်နိုင်လိုက်သကဲ့သို့ပင်။
အဝေးမှ ထုံထျန်းတောင်ထိပ်ရှိ ချင်းယွင်တပည့်များ၏ တိုက်ခိုက်သံများမှာမူ ချင်းယွင်ဂိုဏ်း၏ ယနေ့ ကံကြမ္မာအတွက် ဝမ်းနည်းဖွယ်ရာ နိမိတ်တစ်ခုကဲ့သို့ ဖြစ်နေချေသည်။
တာအိုရွှမ်၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ပေါ်ပေါက်လာပြီး ယွီယန်ဇီကို ကြည့်ကာ အေးစက်စွာ တုံ့ပြန်လိုက်သည်။
“ဒီနေ့ ငါ့ရဲ့ ချင်းယွင်ဂိုဏ်းဟာ မင်းတို့လက်ထဲမှာ ပျက်စီးသွားမယ်ဆိုရင်တောင် ငါတို့ကတော့ ဒူးထောက်အညံ့ခံမှာ မဟုတ်ဘူး...”
ထို့နောက် သူသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ ချင်းယွင်ဂိုဏ်းသားများ ရှိရာသို့ ပြန်သွားလိုက်သည်။
ထျန်းပုယီ၊ ရှန်ကျန်းလျန်နှင့် ကျန်ရှိသော တောင်ထိပ်ခေါင်းဆောင်များက သူ့ကို ဝိုင်းရံထားကြသည်။ သူ၏ တပည့်ဖြစ်သူ ရှောင်ယီချိုင်က သူ့ကို တွဲထားပေးကာ စိုးရိမ်တကြီးမေးလိုက်သည်။
“ဆရာ... ဆရာ့ရဲ့ ခန္ဓာကိုယ်က...”
တာအိုရွှမ်က နှာခေါင်းရှုံ့ကာ စိတ်မရှည်စွာ ဆိုသည်။
“ဘေးအန္တရာယ်က ငါတို့ရှေ့တင် ရောက်နေတာ၊ ညီငယ်ထျန်း၊ ညီငယ်ကျန်း၊ ညီငယ်ထျန်းယွင်... မင်းတို့အားလုံး ဒီမှာ ခဏလောက် ခုခံပေးကြဦး”
“ညီမငယ် ရွှေယွဲ့... မင်းက ဒုတိယမျိုးဆက် တပည့်အချို့ကို ဦးဆောင်ပြီး ထျန်းယင်ကျောင်းတော်က မိတ်ဆွေတွေကို အရင်ခေါ်သွားလိုက်၊ သူတို့က ငါတို့ကြောင့် ဒဏ်ရာရခဲ့တာ၊ သူတို့ကို ထပ်ပြီး ဒဏ်ရာမရစေနဲ့တော့...”
ခိုင်းစေခံရသူများက ချက်ချင်းပင် လက်ခံလိုက်ကြ၏။ ထျန်းပုယီက ပြောလိုက်သည်။
“ဂိုဏ်းချုပ်... ဒီနေရာကို ကျုပ်တို့ဆီမှာ ထားခဲ့ပါ၊ အစ်ကိုကြီးက ဒဏ်ရာပြင်းထန်နေတာ၊ မြန်မြန်သွားပါ၊ ချင်းယွင်ကြီး ရှိနေသရွေ့တော့ တစ်နေ့မှာ...”
သူက စကားကို ရုတ်တရက် ရပ်လိုက်သော်လည်း သူဆိုလိုသည်ကို လူတိုင်း နားလည်ကြပေသည်။ ကျန်းရှူချန်နှင့် အခြားခေါင်းဆောင်များလည်း ခေါင်းညိတ်လိုက်ကြသော်လည်း တာအိုရွှမ်က ဝမ်းနည်းစွာ ရယ်မောလိုက်သည်။
“ဘိုးဘွားတွေရဲ့ အမွေအနှစ်ကို ငါက စွန့်လွှတ်လိုက်ရမယ်လို့ မင်းတို့ ပြောနေတာလား။ ငါ တာအိုရွှမ်ဟာ ထာဝရအပြစ်သား ဖြစ်မယ့်အစား သေတာကိုပဲ ရွေးချယ်မယ်...”
ထျန်းပုယီနှင့် ကျန်သူများ တိတ်ဆိတ်သွားကြ၏။ တာအိုရွှမ်သည် လှုပ်လှုပ်ရှားရှား ဖြစ်နေသော နတ်ဆိုးဂိုဏ်းသားများကို ကြည့်ကာ တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့် တီးတိုးရေရွတ်လိုက်သည်။
“အခြေအနေက ဒီအထိ ရောက်လာမှတော့ ငါလည်း ငါတို့ တည်ထောင်သူတွေရဲ့ တားမြစ်ချက်ကို ချိုးဖောက်ပြီး အဲ့ဒါကို နောက်ဆုံးလက်နက်အနေနဲ့ သုံးရတော့မယ်...”
အကြီးအကဲ အများအပြား အပါအဝင် အခြားသူများအားလုံး မှင်တက်သွားကြ၏။
တာအိုရွှမ်က အသက်ကို ပြင်းပြင်းရှူသွင်းကာ ပြောလိုက်သည်။
“အချိန် သိပ်မရှိတော့ဘူး၊ ငါသွားပြီး ရှေးဟောင်းကျူးရှန်းဓားကို ပင့်ဆောင်ရတော့မယ်၊ မင်းတို့အားလုံး...”
သူက ဘေးပတ်ပတ်လည်ကို ကြည့်ကာ အလောတကြီး ပြောလိုက်သည်။
“မင်းတို့ ငါ့ကို ဘယ်လိုပဲ ထင်ထင်၊ ခုအခြေအနေအရ မင်းတို့အားလုံး သတိထားကြပါ...”
ထျန်းပုယီနှင့် အခြားသူများမှာ စိတ်လှုပ်ရှားသွားကြပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရယ်မောသံများနှင့်အတူ လက်နက်များမှ အလင်းတန်းများ ထွက်ပေါ်လာကာ နတ်ဆိုးဂိုဏ်းသားများက စတင် တိုက်ခိုက်လိုက်ကြလေသည်။
ခဏအတွင်းမှာပင် တည်ငြိမ်အေးချမ်းလှသော ယွီချင်းနန်းတော်အတွင်း၌ လက်နက်များ ပျံဝဲနေပြီး ရောင်စုံအလင်းတန်းများ နေရာအနှံ့ ပျံ့နှံ့သွားကာ ပေါက်ကွဲသံများ စဉ်ဆက်မပြတ် ထွက်ပေါ်လာတော့သည်။
ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်အတွင်း ချင်းယွင်ဂိုဏ်းအကြီးအကဲများက နတ်ဆိုးဂိုဏ်းသားများကို ခုခံနေစဉ် ရွှေယွဲ့က လူငယ်တပည့်များကို ဦးဆောင်ကာ ဒဏ်ရာရနေသော ထျန်းယင်ကျောင်းတော်မှ ဆရာတော်များကို အနောက်ခန်းမများဆီသို့ ခေါ်ဆောင်သွား၏။
တာအိုရွှမ်သည်လည်း နောက်ဘက်သို့ လျှောက်သွားသော်လည်း သူ၏ ခြေလှမ်းများမှာ ယိုင်နဲ့နေလေသည်။
ထျန်းပုယီသည် တိုက်ခိုက်နေစဉ်အတွင်း ထိုအခြေအနေကို မြင်တွေ့ကာ စိုးရိမ်သွား၏။
သူသည် သူ၏ဓားကို ဝှေ့ယမ်းကာ ရှေ့မှ ရန်သူများကို နောက်ဆုတ်သွားစေပြီး မျက်နှာဖြူဖျော့နေသော ချီဟောင်နှင့် လင်းကျင်းယွီတို့၏ ဘေးသို့ ရောက်သွားကာ အလောတကြီး ပြောလိုက်သည်။
“မင်းတို့ ဒီမှာ ရှိနေဖို့ မလိုဘူး၊ အခုချက်ချင်း ဂိုဏ်းချုပ်နောက်ကို လိုက်ပြီး စောင့်ရှောက်ပေးလိုက်...”
ချီဟောင်နှင့် လင်းကျင်းယွီတို့မှာ တုန်လှုပ်သွားကြသော်လည်း ထျန်းပုယီ၏ ပြတ်သားသော မျက်နှာထားကြောင့် မငြင်းရဲကြချေ။
ထို့အပြင် လုံရှို့တောင်ထိပ် ခေါင်းဆောင် ချန်းစုန့်၏ သစ္စာဖောက်မှုကြောင့် တပည့်များမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်နေကြပြီး ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေကြရာ ယခုအခါ ချက်ချင်းပင် တာအိုရွှမ်၏ နောက်သို့ လိုက်သွားကြလေသည်။
၎င်းတို့၏ ကျောပြင်ကို ကြည့်ရင်း ဘေးတွင် တိုက်ခိုက်နေသော စုရုက မျက်မှောင်ကြုတ်လိုက်၏။ ခဏအကြာတွင် သူမသည်လည်း အခွင့်အရေးရှာကာ တိုက်ပွဲမှ ခွာပြီး စုန့်တာ့ရန်နှင့် ထျန်းလင်းအာတို့ဆီသို့ သွားကာ တိုးတိုးလေး ဆိုလိုက်သည်။
“မင်းတို့ရဲ့ ဦးလေး ချန်းစုန့်က ငါတို့ကို သစ္စာဖောက်သွားပြီ၊ သူ့တပည့်တွေကို ယုံလို့ရမရ ငါတို့ မသိဘူး၊ မင်းတို့လည်း ဂိုဏ်းချုပ်နောက်ကို လိုက်သွားချေ...”
စုန့်တာ့ရန်နှင့် ထျန်းလင်းအာတို့မှာ ထိတ်လန့်သွားကြသော်လည်း စုရု ဆိုလိုသည်ကို နားလည်သွားသဖြင့် ချက်ချင်းပင် လိုက်သွားကြလေသည်။
စုရုသည် တိုက်ပွဲထဲသို့ ပြန်ဝင်ရန် ပြင်လိုက်စဉ်မှာပင် သူမ၏ မျက်လုံးထောင့်မှနေ၍ ကျန်းရှောင်ဖန်းကို မြင်လိုက်ရလေသည်။
ထိုတပည့်ငယ်လေးသည် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိခဲ့သူ ဖြစ်သော်လည်း ယခုအခါတွင်မူ နတ်ဆိုးဂိုဏ်းသားများကို စိုက်ကြည့်ရင်း တစ်ယောက်တည်း ရပ်နေပြီး လှုပ်ရှားမှု မရှိဘဲ ကြောင်အနေလေသည်။
သူမ မျက်မှောင်ကြုတ်လိုက်မိ၏။ အမှန်တကယ်တွင် သူမ၏ အတွေးမှာ ထျန်းပုယီနှင့် အတူတူပင် ဖြစ်ကာ ဤတပည့်ငယ်လေးသည် နတ်ဆိုးဂိုဏ်းမှ သူလျှိုဖြစ်လိမ့်မည်ဟု သူမ မယုံကြည်ချေ။
ကျန်းရှောင်ဖန်း၏ ကျင့်စဉ်အဆင့်မှာ နိမ့်လွန်းသဖြင့် စိုးရိမ်စိတ်ဖြင့် သူမသည် သူ၏ ဘေးသို့ ရောက်သွားကာ ပခုံးကို အသာအယာ ပုတ်လိုက်၏။
ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး လှည့်ကြည့်လိုက်ရာ စုရု၏ ရင်ထဲတွင် အေးစက်သွားရ၏။
ကျန်းရှောင်ဖန်း၏ မျက်လုံးများမှာ သွေးချင်းချင်းနီနေပြီး သတိရှိနေဟန် တူသော်လည်း ထူးဆန်းသော နတ်ဆိုးအရှိန်အဝါတစ်ခုကို ခံစားနေရသည်။
သို့သော် အခြေအနေက အလွန် အရေးကြီးနေသဖြင့် စုရုလည်း များများစားစား မတွေးနိုင်တော့ဘဲ ပြောလိုက်၏။
“ရှောင်ဖန်း... ဒီနေရာက အရမ်း အန္တရာယ်များတယ်၊ မင်းလည်း မင်းရဲ့ စီနီယာအစ်ကိုကြီးနဲ့ လင်းအာတို့နောက်ကို လိုက်သွားချေ...”
ကျန်းရှောင်ဖန်းမှာ ခဏမျှ တုံ့ဆိုင်းသွားသော်လည်း သူ့ကို ငယ်စဉ်ကတည်းက ချစ်ခင်စောင့်ရှောက်ခဲ့သည့် ဆရာကတော်၏ အကြည့်အောက်တွင် ခေါင်းညိတ်ပြကာ နောက်ဘက်သို့ ပြေးထွက်သွားလေသည်။
စုရုသည် စိတ်သက်သာရာရသွားပြီး တိုက်ပွဲပြင်းထန်နေသည့် နေရာသို့ ပြန်လည် ဝင်ရောက်သွားလေတော့သည်။
ပေါက်ကွဲသံများနှင့် လက်နက်များ ထိခိုက်သံများကြားတွင် ကျန်းရှောင်ဖန်းသည် နောက်ဘက်သို့ ပြေးဝင်သွားကာ စုန့်တာ့ရန်၊ ထျန်းလင်းအာတို့နှင့် ဆုံမိသလို၊ ချီဟောင်နှင့် လင်းကျင်းယွီတို့ကိုလည်း လိုက်မီသွားလေသည်။
၎င်းတို့သည် တာအိုရွှမ်ကို ဝိုင်းရံကာ လိုက်ပါသွားကြရာ တာအိုရွှမ်က သူတို့ကို ကြည့်ပြီး ခေါင်းညိတ်ပြသော်လည်း ကျန်းရှောင်ဖန်းကို မြင်သည့်အခါတွင်မူ သူ၏ အကြည့်များက မသိမသာ ရှောင်လွှဲသွားလေသည်။
ကျန်းရှောင်ဖန်း မည်သို့ခံစားနေရသည်ကို မည်သူမျှ မသိသော်လည်း သူ ကိုင်ထားသည့် ဝိညာဉ်ဝါးမျိုတုတ်မှ စိမ်းဖျော့ဖျော့ အလင်းတန်းများ ထွက်ပေါ်နေပြီး သူ၏ ခေါင်းထဲတွင် မူးဝေနေကာ စိတ်ရိုင်းများက သူ၏ ခေါင်းထဲသို့ တိုးဝင်နေပြီး သွေးညှီနံ့များကို တောင့်တနေမိ၏။
ယခုအချိန်တွင် လူတိုင်းမှာ ကိုယ်စီ စိုးရိမ်ပူပန်မှုများ ရှိနေကြသဖြင့် ကျန်းရှောင်ဖန်း၏ ထူးဆန်းသော အမူအရာကို မည်သူမျှ သတိမထားမိကြချေ။ ခဏအကြာတွင် ရှောင်ကျူးတောင်ထိပ်မှ လုရွှယ်ချီနှင့် ဝမ်မင်တို့လည်း ရောက်ရှိလာကြသည်။
လုရွှယ်ချီက ကျန်းရှောင်ဖန်းကို တစ်ချက်ကြည့်ကာ တာအိုရွှမ်အား ေပြာလိုက်သည်။
“ဆရာမက ကျမတို့နှစ်ယောက်ကို လာကူခိုင်းလိုက်တာပါ...”
တာအိုရွှမ်သည် သက်ပြင်းချကာ ခေါင်းညိတ်ပြပြီး ဘာမှမပြောဘဲ ရှေ့သို့ ဆက်လျှောက်သွား၏။
သူတို့ အဝေးသို့ မရောက်မီမှာပင် နောက်ဘက်မှ မိုးကြိုးသံကဲ့သို့သော ပေါက်ကွဲသံကြီးများကို ကြားလိုက်ရလေသည်။
အလင်းတန်းအချို့သည် ယွီချင်းနန်းတော်၏ အမိုးကို ဖောက်ထွက်ကာ ကောင်းကင်သို့ ပျံတက်သွားပြီး အော်ဟစ်သံများလည်း လွင့်ပျံ့လာရာ မည်သူတွေ သေဆုံးသွားသည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြချေ။
အားလုံး၏ မျက်နှာများ ပျက်သွားကြ၏။ ယွီချင်းနန်းတော်အတွင်း တိုက်ပွဲမှာ မည်မျှအထိ ပြင်းထန်နေသည်ကို သိနိုင်သဖြင့် ၎င်းတို့၏ ဆရာများအတွက် စိုးရိမ်သွားကြရသည်။
တာအိုရွှမ်သည် ထိုဘက်သို့ စိုက်ကြည့်ကာ မျက်နှာထား တင်းမာသွားပြီးနောက် ဝတ်ရုံကို ခါကာ ရှေ့သို့ ဆက်လျှောက်သွားလေသည်။