အခန်း ၇၅-၇၆
Vol. 8 Ch. 75-76
Chapter 75+76
~
အခန်း ၇၅+၇၆ : ငါးမျှားရန် အရူးအမူးဖြစ်ကုန်ကြပြီ
~
" နှစ်ယွမ်လား.. ဟမ့်.. "
ယန်ဖူကွေ့က လှောင်ပြောင်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး...
" တစ်မနက်လုံး ငါးမျှားတာ နှစ်ယွမ်ပဲ ရရအောင် ငါတို့ကို ဘယ်သူလို့ ထင်လို့လဲ.. "
ယန်ဖူကွေ့က ပြောပြီသည်နှင့် လက်နှစ်ချောင်းထောင်ပြလိုက်၏ ။
" ယွမ်နှစ်ဆယ်တောင် .. အဘိုးကြီး.. တ..တကယ်ကြီးလား.. "
ရန်ရွေ့ဟွား လန့်ဖြန့်သွားပြီး မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် မေးလိုက်၏ ။
ယန်ဖူကွေ့က လောကကြီးကို အောင်နိုင်သည့် အပြုံးဖြင့်...
" ဒါပေါ့ တချို့ ကိစ္စလေးတွေ ဖြစ်မသွားရင် ဒါထက်တောင် ပိုရအုံးမှာ.. "
ထိုစကားကို ပြောပြီးနောက် သူ့ကိုယ်သူ ပါးရိုက်ချင်မိသွားသည် ။
မည်သို့ကြောင့် အာချောင်မိခဲ့ ပါလေသနည်း ။ ဆိုးရွားလွန်းလှ၏ ။ ယနေ့ နေ့ခင်းပိုင်း ထပ်သွားချင်သေးသော်လည်း မဖြစ်နိုင်တော့ပေ ။
သူသာ ဟောက်ဟိုင်ကန်သို့ ရောက်သွားပါက ဖြေရှင်းချက်တောင်းရန် လူများ ဝိုင်းအုံလာကြမည် ။ လက်ပါခြေပါ ဖြစ်သွားပါက ကိုယ်ကျိုးနည်းမည်ပင် ။
ရန်ရွေ့ဟွားက စိတ်လှုပ်ရှားစွာဖြင့်...
" အိုးး ဘုရားရေ..ဟောက်ဟိုင်က ငါးတွေက အဲ့လောက်တောင် ဖမ်းရလွယ်တာလား.. တစ်ရက်ကို နှစ်ဆယ် တစ်လဆို ခြောက်ရာတောင်.. ကျုပ်တော့ ရူးချင်လာပြီ.. "
ယန်ကျီဝမ်က ခေါင်းခါပြီး ရယ်လိုက်သည် ။
" အမေ အဲ့လို မတွက်နဲ့လေ..ဒီနေ့က နှစ်ယောက်အတူ မျှားလို့.. အဖေ့ ပုံမှန်အလုပ်က ဒီလောက်မှ မရတာ.. "
အဓိက ပြဿနာကြီးမှာ သူ၏ ခွန်အားဖြင့်ပင် ဤလေးချိန်ကို နေ့တိုင်းသယ်နေရလျှင် ဒဏ်ဖြစ်လာနိုင်သည် ။
" တစ်လ သုံးရာဆိုရင်တောင် မဆိုးပါဘူး.. ပုံမှန်အလုပ်ထက် အများကြီးရသေးတာပဲ.. "
ရန်ရွေ့ဟွားက သက်ပြင်းချလိုက်ပြီး...
" လောင်အာ.. သားကြီးနဲ့ အတူတူ ငါးမျှား ကျရင်ရော ဘယ်လိုလဲ.. "
သူမ ထိုစကားပြောလိုက်သည်နှင့် ယန်ကျီဝမ်၏ မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်သွား၏ ။
ယန်ဖူကွေ့က သူ့မိန်းမအား အမြန်မျက်ရိပ်ပြလိုက်သည် ။ သူ တွေးလိုက်မိ၏ ။
' အဘွားကြီးက တုံးလိုက်တာ.. သားကြီးနဲ့ ဒုတိယသား မတည့်တာကို ဘာတွေ သွားပြောနေတာလဲ.. '
ဒုတိယသားသာ သူ့အကိုကြီးကို ခေါ်ချင်လျှင် အစောကတည်း ပြောမည်ဖြစ်သည် ။
ယန်ဖူကွေ့သည်လည်း ထိုသို့ တွေးဖူး၏ ။ သို့ရာတွင် ညီအကို နှစ်ယောက် မတည့်သည့် အပြင် သားကြီး၏ အပြုအမူ အကျင့်စရိုက်ကို စဥ်းစားမိလျှင် ထုတ်မပြောဖြစ်တော့ချေ ။
အနာဂတ်တွင် ဖြစ်လာမည် များကို သားကြီးကိုယ်တိုင်ပင် တွက်ချက်ခွင့် ပေးလိုက် ပေတော့သည် ။
မည်သို့ပင် ဆိုစေကာမူ ဒုတိယသားက သူတို့အသက်ကြီးချိန်၌ စောင့်ရှောက်ပေးမည်ဖြစ်ပြီး အရည်အချင်းလည်းရှိ၍ သူတို့ ပူပန်နေစရာ မလိုအပ်ပေ ။
ထို့ကြောင့် ရေစီးအတိုင်း မျောလိုက်ခြင်းကသာ အကောင်းဆုံးပင် ။
ရန်ရွေ့ဟွားက ယန်ဖူကွေ့၏ မျက်ရိပ်ပြမှုကို မြင်သွားပြီး ကြောင်တောင်တောင်ပြောလိုက်သည် ။
" ဒုတိယသား.. အမေ ဆိုလို ချင်တာ အဲ့သဘောမဟုတ်ဘူး.. ဘာမှ မပြောခဲ့ဘူးလို့ သဘောထားလိုက်ပါ.. "
" သား ဘာမှ မဖြစ်ပါဘူး.. "
" ပထမ နဲ့ တတိယ ကို သား မဆက်ဆံချင်ပေမဲ့ အငယ်လေး နှစ်ယောက်ကတော့ သားနဲ့ အဆင်ပြေပါတယ် .."
အဓိပ္ပါယ်က အလွန်ရှင်းလင်းနေ၍ ယန်လင်မယား နှစ်ယောက်လုံး ချက်ချင်း သဘောပေါက်သွားကြသည် ။
နှစ်ယောက်လုံး တိတ်တခိုး သက်ပြင်းချလိုက်ကြ၏ ။
သူတို့၏ စိတ်ထဲတွင်....
' ဒုတိယသားက သားကြီးနဲ့ တတိယသားကို ထည့်ကို မစဥ်းစားတော့တဲ့ ပုံပဲ..'
သို့ပေသိ ထိုကလေးနှစ်ယောက်သည် သူတို့ သားသမီးများ ဖြစ်ကြ၍ မိဘတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရပေမည် ။
' သားကြီးအတွက် မိန်းမ မြန်မြန်ရှာပေးရမယ်.. '
နေ့ခင်းတွင် ငါးမျှားမသွားရ တော့၍ ယန်ကျီဝမ်က အခန်းထဲ ဝင်ပြီး အိပ်လိုက်တော့သည် ။ ယနေ့ည သန်းခေါင်ယံ ခိုစျေးသို့ သွားရမည်ဖြစ်၍ အိပ်ရေးဝအောင် အိပ်ထားရချေမည် ။
...
အရှေ့ခြံဝင်း၏ တံစက်မြိတ်အောက်တွင်...
သက်လတ်ပိုင်းအရွယ် အမျိုးသမီးများ အတင်းတုတ်နေကြစဥ် ရန်ရွေ့ဟွား ပြန်လာသည်ကို မြင်လိုက်ကြရသည် ။
ဒုတိယအဒေါ် က ( လျှိုင်ဟိုင်ကျုံးရဲ့ မိန်းမ) မေး၏ ။
" တတိယအဒေါ်.. လောင်ယန်နဲ့ လောင်အာ တို့ ပြန်လာကြတာလား.. သူတို့ ငါးမျှားဖို့ ထွက်သွားတာ မဟုတ်ဘူးလား.. "
ယန်ဖူကွေ့ အားလပ်ရက်တိုင်း ငါးမျှားထွက်သည်ကို ခြံဝင်းထဲရှိ လူတိုင်းသိကြ၏ ။
သူ ငါးမျှားသွားတိုင်း တစ်နေကုန် နေလေ့ရှိသည် ။
ရန်ရွေ့ဟွားက မှိုရသည့် မျက်နှာဖြင့်...
" အဲ့တာ ဒီနေ့ သူတို့နှစ်ယောက် ကံကောင်းကြလို့တဲ့..ပုံးလေးပုံး ယူသွားတာ အကုန်ပြည့်သွားလို့တဲ့လေ ..ဟင်းဟင်း.. ထည့်စရာမရှိတာနဲ့ ပြန်လာခဲ့ကြတာတဲ့.. "
" ဘုရားရေ.. ငါးတွေ ပုံးလေးပုံး အပြည့်တယ့်လား.. ရောင်းတော့ ဘယ်လောက်ရလိုက်လဲ.. "
အမျိုးသမီးများက အံ့အားသင့်စွာဖြင့် ဝိုင်းမေးလိုက်ကြသည် ။
ရန်ရွေ့ဟွားက ရောင့်ရဲတက်ဟန်ဖြင့် လက်ဝှေ့ယမ်း ပြလိုက်ပြီး ...
" ဘယ်လောက်မှ မရပါဘူး ဆယ်ယွမ်တည်းပါ.. "
တံခါးဝတွင် ထိုင်၍ ဆေးလိပ်သောက်နေသော ယန်ဖူကွေ့က သူ့မိန်းမ ကြွားနေသည်ကို ကြားလိုက်ရ၏ ။ သူ ခေါင်းခါလိုက်မိသော်လည်း မတားချေ ။
သူတို့ငါးမျှား၍ ပိုက်ဆံ အများကြီး ရနေသည်ကို အချိန်ကြာကြာ ဖုံးကွယ်ထားနိုင်မည် မဟုတ် ။ သူ့မိန်းမကလည်း ထုတ်မကြွားရဘဲ ကြာကြာ အောင့်ထားနိုင်မည် မဟုတ်မှန်း သူ သိပေသည် ။
ထို့အပြင် တခြားသူများ သိသွားမည်ကို မကြောက်ပေ ။ သူတို့မိသားစု၏ ဝင်ငွေအား ငါးဖမ်းခြင်းမှ ရရှိသည်ကို ခြံဝင်းအတွင်းရှိ လူများ သိထားမှသာ မနာလို၍ ထင်ကြေးအပေးခံရခြင်းမှ လွှတ်ကင်းနိုင်မည် ။
အတိုင်ခံရလျှင်လည်း သမဝါယမစတိုးမှ ပြေစာရှိ၍ ကိစ္စမရှိပေ ။
" ဆယ်ယွမ်တောင်လား.. ငါးတွေက ဖမ်းရတာ အဲ့လောက်တောင် လွယ်တယ်လား.. "
အဒေါ်ကြီးတစ်သိုက်က အံ့အားသင့်စွာ ဝိုင်းမေးနေကြ၏ ။
တစ်မနက်အတွင်း ငါး လေးပုံးစာ ရရှိခဲ့ခြင်းက အလကားသွားကောက်ခဲ့သည်နှင့်ပင် တူနေသည် ။
သူတို့၏ အိမ်မှ ယောကျာ်းသားများအား ငါးမျှားထွက်ခိုင်းရန် ကြံစည်နေကြလေပြီ ။
ရန်ရွေ့ဟွားက သူတို့၏ အတွေးများကို နားလည်သဖြင့် လက်ခါပြလိုက်ပြီး...
" ရှင်တို့တွေ တွေးနေတာကို ကျုပ်သိတယ်နော်.. ဒါပေမဲ့ လက်လျော့လိုက်ဖို့ အကြံပေးချင်တယ်.. ကျုပ်တို့ အိမ်က သားအဖ ငါးအများကြီးရတာက ဒုတိယသား တော်လို့ပဲ.. "
" ဘာများထူးခြားနေလို့လဲ.. ကျုပ်တို့အားလုံး ခေါင်းတစ်လုံး လက်နှစ်ဖက်ရှိတာခြင်း အတူတူပဲ.. "
အဒေါ်ကြီးများက ရန်ရွေ့ဟွား၏ စကားကို ကြားလျှင် မကျေမနပ် ဖြစ်သွားကြ၏ ။ ယန် မိသားစု ဒုတိယသား လုပ်နိုင်လျှင် သူတို့၏ သားများ မလုပ်နိုင်စရာ အကြောင်းမရှိ ။
မိဘများ၏ အမြင်၌ သူတို့၏ ကိုယ်ပိုင်ကလေးကသာ အထူးချွန်ဆုံးဖြစ်သည် ။
' မယုံလည်း နေပေါ့.. '
ရန်ရွေ့ဟွားက ဒုတိယသားတွင် လျှို့ဝှက်ချက် ရှိသည်ဟု ထုတ်ပြောမိလောက်သည်အထိ မတုံး၍ ပြန်မငြင်းပေ ။
လျှို့ဝှက်ငါးစာ ရှိကြောင်း သိရှိသွားကြပါက သူမတို့ မိသားစု အေးဆေး နေနိုင်တော့မည် မဟုတ်ချေ ။ တစ်ယောက်ပြီးတစ်ယောက် မရမခြင်း လာတောင်း နေကြပေလိမ့်မည် ။
အဒေါ်ကြီးများက ရန်ရွေ့ဟွား၏ စကားကို မယုံသဖြင့် အိမ်ပြန်ပြေး ကုန်ကြတော့သည် ။
ချက်ချင်းပင် ယန်သားအဖ ဆယ်ယွမ် ရှာနိုင်သည့် သတင်းက ခြံဝင်းတစ်ခုလုံး သိရှိသွားကြ၏ ။
ယနေ့ စနေ ဖြစ်သဖြင့် ခြံထဲက လူတိုင်းက ငါးမျှားတံငှားခြင်း သို့မဟုတ် ဝယ်၍ ကိုယ်စီထမ်းကာ ဟောက်ဟိုင်ကန်သို့ ထွက်လာခဲ့ကြသည် ။
ကျားမိသားစု....
ကျားကျန်းရှီသည် အိမ်သို့ အမြန်ပြန်ပြေးလာပြီး အိမ်၌ အနားယူနေသော ကျားဒုံရွှီအား ပြောသည် ။
" ဒုံရွှီ.. ဒီနေ့ ယန်လောင်အာ ငါးမျှား သွားတာ ဆယ်ယွမ်တောင် ရခဲ့တယ်လို့ အမေ ကြားတယ်.. ဒီရက်ပိုင်း ကောင်းကောင်းမစားရလို့ ပန့်ကန့်လေးတောင် ပိန်လာသလိုပဲ.. သားလည်း သွားကြိုးစား ကြည့်ပါလား .."
ထိုစကားကို ကြားလျှင် ကျားဒုံရွှီက ခါးသီးစွာ ပြုံးပြီး...
" အမေ.. တခြားသူတွေ လျှောက်ကြွားတာ ယုံမနေနဲ့.. သားလည်း ဟောက်ဟိုင်ကန်ကို ရောက်ဖူးပါတယ်.. ပိတ်ရက်ဆို အဲ့နေရာမှာ ကန်ထဲက ငါးထက် ငါးမျှားတဲ့သူက ပိုများနေအုံးမယ်.. "
သူ မသွားချင်၍ ဆင်ခြေ ပေးခြင်းမဟုတ် ။ မယုံကြည် ခြင်းသာဖြစ်သည် ။
အပိုဝင်ငွေ သေချာပေါက် ရနိုင်မည် ဆိုပါက ထိုနေရာသို့ သူရောက်နေပြီး ဖြစ်ပေမည် ။ တစ်မိသားစုလုံးသည် သူ၏ ဝင်ငွေအပေါ် မှီခိုနေရ၍ ငါးဖမ်းခြင်းက ဤမျှ လွယ်ကူနေလျှင် သူ တုန့်ဆိုင်းနေမည် မဟုတ်ချေ ။
" တကယ်လား.. "
ထိုအခါမှ ကျားကျန်းရှီ နားလည်သွားပြီး...
" ရန်ရွေ့ဟွားက တမင် ကြွားနေတာလား.. တစ်ရက် ဆယ်ယွမ်ဆိုတာ ပိုက်ဆံကောက်ရတာထက်တောင် ပိုမြန်နေသေးတယ်.. အဲ့လိုသာ ပုံမှန်ရနေရင် ပုံမှန်အလုပ်တွေ ဘာလို့ လုပ်နေတော့မှာလဲ.. "
ကျားဒုံရွှီ ခဏ စဥ်းစားပြီးနောက် စိတ်ပြောင်းသွားကာ...
" ဘာပဲဖြစ်ဖြစ် ဒီနေ့က ပိတ်ရက်ပဲ ဆိုတော့ သွားစမ်းကြည့်လိုက်မယ်လေ.. ကံကောင်းလို့ ငါးဖမ်းမိရင် အမေ့မြေးအတွက် အဟာရဖြည့်ပေးနိုင်တာပေါ့.. "
သူ့မိန်းမအား ငါးကျွေးချင်သည်ဟုတော့ ထုတ်မပြောလိုက်ပေ ။ ထိုစကားကို သူ့အမေကြားလျှင် ဒေါသအိုး ပေါက်ကွဲသွားနိုင်သည် ။
ထိုစကားကို ကြားလျှင် ကျားကျန်းရှီ ပြုံးလိုက်ပြီး...
" ကောင်းတယ်.. စမ်းကြည့်တာ ဘာမှ မမှားဘူး.. မှန်နေရင် ဘယ်လို လုပ်မလဲ.. "
တိုက်တွန်းနေသည့် အဓိက အကြောင်းရင်းမှာ သူမ ငါးစားချင်နေ၍ပင် ။
ထို့နောက် ကျားဒုံရွှီက ချောင်ထိုးထားသည့် ငါးမျှားတံကို ထုတ်ယူလိုက်ပြီး ပုံးကိုဆွဲကာ ထွက်လာခဲ့သည် ။
အပြင်သို့ ထွက်လာသည်နှင့် ယီကျုံးဟိုင်နှင့် တည့်တည့်တိုးသည် ။
ယီကျုံးဟိုင်က... .
" ဒုံရွှီ.. မင်းလည်း ငါးမျှား သွားမလို့လား.. "
ကျားဒုံရွှီက ခေါင်းညိတ်၍ ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်ပြီး...
" ယန်လောင်အာ ငါးမျှားပြီး ပိုက်ဆံအများကြီး ရလိုက်တယ်ကြားလို့ ကျွန်တော်လည်း ကံသွားစမ်းမလို့.. "
" အင်း ငါလည်းကြားတယ် ..ငါဒီနေ့ အားနေတာဆိုတော့ မင်းနဲ့ အတူလိုက်ခဲ့မယ်.. ဒုံရွှီ ငါ့ကို ခဏစောင့်အုံး.. "
" ဟုတ်ကဲ့ပါ ဆရာ.. "