အခန်း ၇၉-၈၀
Vol. 8 Ch. 79-80
Chapter 79+80
~
အခန်း ၇၉+၈၀ : လုံးဝ နားမလည်နိုင်...
~
" တတိယအဒေါ်လား.. "
ရှာကျူးက သူမေးပြီး သူခေါင်းခါလိုက်သည် ။ ပြန်စဥ်းစားကြည့်လျှင် တတိယအဒေါ် မဖြစ်နိုင် ။ တတိယအဒေါ်၏ ဟင်းချက်လက်ရာက သာမန်အိမ်ချက် ပျမ်းမျှ အဆင့်သာရှိ၏ ။ သာမန် အဒေါ်များနှင့် မထူးမခြားနားပင် ။
ယခု သူ့ရှေ့ရှိ ငါးစွပ်ပြုတ်ကို ချက်ထားသူက မာစတာအဆင့် စားဖိုမှူး ဖြစ်မည်မှန်း သေချာသည် ။ သူ ဝန်မခံချင်သော်လည်း ဤစာဖိုမှူး၏ လက်ရာက သူ့ထက်သာနေသည်ကို ဝန်ခံရပေမည် ။
" တတိယဦးလေးလား.. "
ရှာကျူးက ယန်ဖူကွေ့ကို စိုက်ကြည့်သည် ။
" ရှာကျူးးး..."
ရှာကျူး၏ ပမာမခန့် အမူအရာကို မြင်လျှင် ယန်ဖူကွေ့၏ ဒေါသက ပေါက်ကွဲထွက်လာသည် ။
" အကိုကျူး.. "
ယွီဆွေက ရှာကျူးကို ဆွဲခေါ်ရန် ကြိုးစားသော်လည်း ရှာကျူးက တုတ်တုတ်မှ မလှုပ် ။ အမှန်တရားအား မသိရလျှင် ဤနေရာမှ ခြေတဖဝါး ခွာမည် မဟုတ်ပေ ။
ယန်ကျီတိက ကြောက်လန့်သွားသဖြင့် မျက်ရည်ဝဲလာသည်ကို ယန်ကျီဝမ်မြင်လျှင် သူ၏ မျက်နှာက မည်းမှောင်လာသည် ။
သူ ဖြည်းဖြည်းချင်း ထရပ်လိုက်လျှင် ရှာကျူး လန့်သွားပြီး အမြန်ပြောလိုက်သည် ။
" ယန်လောင်အာ.. ဘာလုပ်ချင်လို့လဲ.. ငါ မင်းကို ကြောက်တယ်များ ထင်နေတာလား. .."
ရှာကျူး၏ စကားက သူ နောက်ဆုတ်လိုက်သော ခြေနှစ်လှမ်းအား ထည့်မတွက်လျှင် ယုံကြည်နိုင်ဖွယ် ရှိသည် ။
ယခု လေးငါးရက် ကြာခဲ့ပြီ ဖြစ်သော်လည်း သူ့နှာခေါင်းက တဆစ်ဆစ်နာနေသေး၏ ။
' ငါ ဘာလုပ်ချင်တာလဲ.. ဟုတ်စ..'
ယန်ကျီဝမ် ဒေါသတကြီး ရယ်လိုက်ပြီး...
" ဟားဟားဟား.. မင်းက ငါတို့ ထမင်းစားချိန်မှာ အတင်းလာလုစားနေတယ်.. ပြီးတော့ ငါ့ညီမကိုလည်း ငိုအောင် လုပ်တယ်.. ငါ မင်းကို ဘာလုပ်မယ်လို့ မင်းထင်လဲ.. "
" အာ..ဟို.. "
ရှာကျူး၏ အမူအရာက တောင့်တင်သွားပြီး မျက်နှာကနီရဲလာသည် ။ သူက ရှက်ရွံ့စွာဖြင့်...
" ယန်လောင်အာ.. ငါ တမင် လုပ်တာ မဟုတ်ဘူး.. မရင်းနှီးတဲ့ မွှေးရနံံ့ ရလိုက်လို့ ငါ စိတ်မထိန်းနိုင် ဖြစ်သွားတာပါ.. ငါ တောင်းပန်တယ်နော် ကျီတိ.. "
သူ တောင်းပန်ပြီးနောက် တူများအား ယန်ကျီတိထံသို့ အမြန်ပြန်ပေးလိုက်၏ ။
ယန်ကျီတိက ရွံရှာဟန်ဖြင့် တူများကို အင်္ကျီလက်စဖြင့် သုတ်လိုက်ပြီး ခေါင်းမဖော်တန်း စားလေတော့သည် ။
ဟဲယွီဆွေက လည်း ဝင်တောင်းပန်၏ ။
" အကိုကျီဝမ်.. ညီမလေး တောင်းပန်ပါတယ်နော်.. အကိုကျူးကို ဆွဲတာ မရလိုက်ဘူး.. "
" ရှာကျူး.. ခုချက်ချင်း အတူပြန်မယ်.. "
ထိုနောက် ယွီဆွေက ရှာကျူးအား အားကုန် ဆွဲလေတော့သည် ။
" ဟ ယွီဆွေ မဆွဲနဲ့.. ဒီငါးကို ဘယ်သူချက်ထားတာလဲ ငါ မသိသေးဘူး.. "
ရှာကျူးသည် အမှန်တရားအား ရှာမတွေ့လျှင် ထွက်မသွားဟု ဆုံးဖြတ်ထား၏ ။ သို့သော် ယန်ကျီဝမ်၏ အကြည့်က ပိုမို အေးစက်လာသည်ကို မြင်လိုက်ရသည် ။
ရှာကျူးက မတက်သာသည့်ဟန်ဖြင့် ယွီဆွေ ဆွဲခေါ်ရာနောက်သို့ ပါသွားတော့သည် ။
သူဆက်နေလျှင် ယန်လောင်အာက ပြေးရိုက်တော့မည့်ပုံပင် ။ သူ မကြောက်သော်လည်း ယခင်ဒဏ်ရာက မပျောက်သေး၍သာ နောက်ဆုတ်လိုက်ခြင်း ဖြစ်သည် ။
' ဟမ်.. ငါ့ဒဏ်ရာ မပျောက်သေးလို့ပေါ့ကွာ.. ဒဏ်ရာပျောက်လို့ကတော့ ရှာကျူး ဘာကောင်လဲ သိသွားမယ်.. '
" ဘာကောင်မှန်းကို မသိဘူး.. "
ယန်ဖူကွေ့ ခေါင်းခါပြီး ညည်းတွားလိုက်ကာ လက်ယမ်းပြလိုက်ပြီး...
" စားစား..ဆက်စားကြ.. "
ထို့နောက် တူအမြန်ပြိုင်ပွဲက စတင်လေတော့သည် ။
ယန်ကျီဝမ် အနည်းငယ် အံ့သြမိနေသည် ။
' ရှာကျူးက ဘယ်ဆိုးလို့လဲ.. ပါဝင်ပစ္စည်းတွေကို ချက်ချင်း ခွဲခြားပြနိုင်တယ်.. ပဲပင်ပေါက်ထည့်ရင် ပိုကောင်းမယ်ဆိုတာတောင် သိသေးတယ်.. '
အမှန်က ပဲပင်ပေါက် ထည့်ရမည်ဖြစ်ပြီး မရှိ၍ ဂေါ်ဖီထုပ် ထည့်ထားခြင်း ဖြစ်သည် ။
သို့သော် ယန်ကျီဝမ်သည် ရှာကျူး၏ တဇွတ်ထိုးဆန်မှုကို ဒေါသထွက်နေဆဲပင် ။
ထိုငတုံး မြန်မြန်မပြေးလျှင် သူ ဆွဲထိုးမိချေမည် ။
.........
ရှာကျူး မိသားစု...
မောင်နှမ နှစ်ယောက် အတူထိုင်စားနေကြသော်လည်း ရှာကျူးက ငူငူကြီး ထိုင်နေသည် ။
သူတို့နှစ်ယောက် အစောကတည်းက ထိုင်စားနေခြင်းဖြစ်ပြီး ရှာကျူးက ရုတ်တရက် ထပြေးသွားခြင်းပင် ။
ဟဲယွီဆွေက စားလက်စကို ထားခဲ့ပြီး ပြေးလိုက်သွားခဲ့ရ၏ ။
ထိုသို့နှင့် ယန်မိသားအိမ်တွင် ဖြစ်ပျက်ခဲ့သည် ။
ရှာကျူးသည် ပြန်ရောက်လာပြီးနောက် ဆက်မစားနိုင်တော့ ။ အတွေးထဲတွင် နစ်မြောနေ၏ ။
ယီဆွေက အကူအညီမဲ့ဟန်ဖြင့် ပြောသည် ။
" အကိုကျူး.. အဲ့အကြောင်း စဥ်းစားမနေနဲ့တော့လေ.. ခုမစားရင် ဟင်းတွေ အေးကုန်တော့မယ်.. "
သူမတို့ အဖေဖြစ်သူက စားဖိုမှူး တစ်ယောက်ဖြစ်ပြီး ရှာကျုး ငယ်ငယ်လေးထဲက စတင်သင်ကြားပေးခဲ့၏ ။
သို့သော် တန်ဝင်းလျာများက ချက်ပြုတ်ရန် ခက်ခဲ့သဖြင့် နောက်ပိုင်းတွင် စီချွမ်လျာ စားဖိုမှူးထံသို့ ပညာသင်ရန် ပို့ပေးခဲ့သည် ။
ရှာကျူးသည် ချက်ပြုတ်ရာတွင် အထူးပါရမီ ပါ၏ ။ ယခု အသက် ၂၀ ကျော်အရွယ်၌ ခေါင်းဆောင်စားဖိုမှူး ဖြစ်နေသည်ကို ကြည့်လျှင် သူ၏ ထူးကဲသော ပါရမီကို သိနိုင်သည် ။
( လူ ထောင်ချီ သောင်းချီ အလုပ်လုပ်နေတဲ့ သံမဏိစက်ရုံမှာ ကန်တင်းတွေက တစ်ခုတည်း ရှိတာ မဟုတ်လို့ စားဖိုမှူးချုပ်လို့ မရေးတာဗျ.. သူက သူ့ကန်တင်းမှာ ခေါင်းဆောင်.. ဒါပေမဲ့ အရေးအပါဆုံး ကန်တင်းမှာပေါ့.. ခေါင်းဆောင်တွေအတွက်ဆိုရင် သူပဲ ချက်ရတာမို့ စက်ရုံမှာ ဆရာကြီးပဲ.. )
သူ၏ ဟင်းချက်စွမ်းရည်မှာ ရာထူးထက် ကျော်လွန်နေသည်ဟု ဆိုရမည်ပင် ။ သူ၏ ဂျစ်ကန်ကန် အကျင့်နှင့် ပါးစပ်မထိန်းနိုင်သည်ကြောင့် အဆင့်ရှစ်၌ ရပ်နေပြီး ဆက်မတက်တော့ချေ ။
ယခု ယန်မိသားစုအိမ်သို့ ပြေးသွားခြင်းမှာလည်း ထိုအကျင့် ပြန်ပေါ်လာခြင်း ဖြစ်သည် ။
ရှာကျူးသည် ချက်ပြုတ်ရာ၌ တီထွင်ဖန်တီး ရသည်ကို သဘောကျ၍ ယခု သူ မသိသော ဟင်းလျာအနံ့ ရလိုက်၍ စိတ်မထိန်းနိုင်ဘဲ တဇွတ်ထိုး လုပ်မိသွားသည် ။
ယွီဆွေ၏ အသံကြောင့် ရှာကျူး လန့်သွားပြီး...
" ယွီဆွေ.. အဲ့ငါးကို ဘယ်သူ ချက်တယ်ထင်လဲ.. သူ့ကျွမ်းကျင်မှုက ငါ့အောက် မကျဘူး.. "
သူ မျက်နှာဆယ်လိုသဖြင့် ထိုသို့ ပြောလိုက်ခြင်းပင် ။ သူ၏ စိတ်ထဲတွင်တော့ ရှုံးနိမ့်မှုကို ဝန်ခံထားလေသည် ။ ထို့ကြောင့် မကျေမနပ် ဖြစ်နေမိ၏ ။
ရှာကျူးသည် ဤခြံဝင်း၌သာမက လမ်းနယ်မြေတစ်ခုလုံး၌ပါ သူ့ကိုယ်သူ အကျွမ်းကျင်ဆုံး စာဖိုမှူးဟု မှတ်ယူထားသည် ။
ယခု သူ့ထက် ကျွမ်းကျင်သူ ပေါ်ထွက်လာပြီး ထိုသည်က ယန်မိသားစုမှ ဖြစ်နေသည် ။ သူ မည်သို့ လက်ခံနိုင်ပါမည်နည်း ။
" အဒေါ်မဟုတ်ရင် ဦးလေး ဖြစ်မှာပေါ့.. "
ယွီဆွေက ခပ်ပေါ့ပေါ့ ပြန်ဖြေသည် ။
" မဖြစ်နိုင်ဘူး.. "
ရှာကျူးက ခေါင်းခါ၍...
" တတိယအဒေါ်က ဒီလောက် မကျွမ်းကျင်ဘူး.. တတိယဦးလေးဆို ပိုဝေးသေး.. ဒီဟင်းမျိုး သူ ချက်တောင် ချက်တက်ပါ့မလား မသိဘူး.. "
ယန်ဖူကွေ့သည် ယန်မိသားစု၏ တစ်ဦးတည်းသော အလုပ်သမားဖြစ်ပြီး အားလပ်ရက်များ၌ ငါးမျှားလေ့ရှိသည် ။ အိမ်မှူကိစ္စ အဝဝအား ရန်ရွေ့ဟွား တာဝန်ယူထားပြီး ယန်ဖူကွေ့က ဘာမှ လုပ်စရာ မလိုပေ ။
ယန်ဖူကွေ့ ချက်တက်မည့်အရာဆိုလျှင် ဟင်းရွက်ကြော်သာ ရှိချေမည် ။
" အကိုကျီချန်းနဲ့ အကို ကျီဝမ်ရော မဖြစ်နိုင်ဘူးလား.. "
ယွီဆွေက ထပ်မေးသည် ။ ထိုနောက်မှ လွဲ၍ ကျန်သည်က ကလေးများသာဖြစ်၍ စာရင်းထဲမှ ပယ်ထားနိုင်၏ ။
ထိုသည်ကို ကြားလျှင် ရှာကျူးက လှောင်ပြောင်ဟန်ဖြင့်...
" အဲ့တာ ပိုတောင် မဖြစ်နိုင်သေးတယ်.. ယန်ကျီချန်း ပုံစံနဲ့တော့ စားဖို့ကလွဲရင် ဘာမှ မသိတဲ့အကောင်.. သူက ဟင်းချက်တက်မှာလား.. ဟ..ဟ.."
ခြံဝင်းတစ်ခုထဲတွင် အတူတူကြီးပြင်း လာကြသူများဖြစ်၍ တစ်ယောက်အကြောင်းကို တစ်ယောက် သိကြပေသည် ။
" ဒါဆို အကို ကျီဝမ်ပဲ ကျန်တော့တယ်.. "
" အဲ့ကောင်ကို အကိုလို့ မခေါ်နဲ့.. "
ရှာကျူးက ဒေါသထွက်စွာဖြင့်...
" အဲ့ကောင်က ငါ့ကို အလစ်ထိုးထားတာ.. ငါပြန်ကောင်းတာနဲ့ သေချာပေါက် လက်စားချေမှာ.. "
ယွီဆွေက မျက်ဖြူလှန်ပြလိုက်ပြီး...
" အဲ့နေ့က ဖြစ်တာကို သမီး ကြားထားပြီးပြီ.. စလုပ်တာက အကိုကျူးဆို .."
" အကို့ကို သမီး ပြောထားသားပဲ.. အဲ့ ကျားမိသားစုနဲ့ ဝေးဝေးနေပါဆို ..ဘာလို့ အဲ့လောက် ပက်သက်ချင်နေတာလဲ.. "
" ဟေး ယွီဆွေ.. နင်က ငါ့ညီမနော်.. နင့်အကို ကို ဘယ်လို ပြောနေတာလဲ.. "
ရှာကျူးက...
" ဟိုအဘိုးကြီး မုဆိုးမနောက် လိုက်ပြေးတုန်းက နင့်အကို ဒုံရွှီ ပြောင်းဖူးမှုန့် ချေးပေးခဲ့တာ နင်မေ့သွားပြီလား.. သူ ဒုက္ခရောက်နေတဲ့အချိန် ပြန်မကူညီရင် ကျေးဇူးကန်းရာ ကြမှာပေါ့.. "
( ရှာကျူးနဲ့ ယွီဆွေ ရဲ့ အဖေက ရှာကျူး ၁၆ နှစ်သားလောက်မှာ မုဆိုးမနဲ့အတူ ထွက်ပြေးသွားတာပါဗျ.. ဒါက နောက်ပိုင်းပါမှာဆိုတော့ အများကြီး ရှင်းမပြတော့ဘူး.. )
" ပြီးတော့ ပထမဦးလေးနဲ့ အဒေါ်က ငါတို့ကို ဘယ်လောက် ဂရုစိုက်ခဲ့လဲ ပြန်စဥ်းစားကြည့်.. ဦးလေးယီကို ထိရင် ဝင်ပါရမှာပဲ.. "
ယွီဆွေက ပြန်လည်ငြင်းခုံရန် ပျင်းရိလွန်း၍ နှုတ်ခမ်းကို တင်းတင်းစေ့ထား၏ ။
ကျားမိသားစုမှ ပြောင်းဖူးမှုန့် ချေးပေးဖူးသည်လော ။ ပြန်ဆပ်ထားသည်မှာ ကြာလေပြီ ။ ထို့အပြင် လွန်ခဲ့သော ၂ နှစ်အတွင်း ရှာကျူးက ကျားမိသားစုအတွက် ဟင်းချိုင့်များ မကြာခဏ ပို့ပေးတက်သည် ။
ပထမ ဦးလေးနှင့် အဒေါ်က ဂရုစိုက်သည်လော ။ ပထမအဒေါ်က ဂရုစိုက်သည်ကို သူမ မငြင်းလို ။ ပထမဦးလေးသည်တော့ သူ၏ အကိုဖြစ်သူ ရှာကျူးအား အသုံးချနေသည်ဟု သူမ မြင်၏ ။
ထို့အပြင် ပထမဦးလေးက သူမ၏ အကို ငတုံးအား အနောက်ခြံမှ အဘွားကြီးအတွက် အစားအစာ ပို့ခိုင်းသေးသည် ။ သူတို့နှင့် ဘာမှ မဆိုင်သော အဘွားကြီးအား မည်သည့်အတွက်ကြောင့် ချက်ပြုတ်ကျွေးနေရပါသနည်း ။
သူမ ယခင်က ဤအကြောင်းများအား ရှာကျူးနှင့် ငြင်းခုံဖူးသော်လည်း အဆူခံရသည်ကသာ အဖက်တင်သည် ။ ထို့ကြောင့် နောက်ထပ် ငြင်းခုံရန် ပျင်းရိလွန်း၏ ။
သူမသည် ကျောင်းတက်နေဆဲဖြစ်ပြီး ဝင်ငွေ မရှိ၍ ပိုက်ဆံရှာ၍ မိသားစုကို တာဝန်ယူထားသော ရှာကျူးကို အတွန့်မတက်ရဲချေ ။