← Chapters

အခန်း ၈၁-၈၂

Vol. 8 Ch. 81-82

အခန်း ၈၁-၈၂

Vol. 8 Ch. 81-82

Chapter 81+82

~

အခန်း ၈၁+၈၂ : ခိုစျေး ( မှောင်ခိုစျေး.. )

~

" တကယ်ပဲ အဲ့ကောင်စုတ် ယန်လောင်အာ ဖြစ်နေမလား.. "

ရှာကျူး လက်မခံလိုသော်လည်း လက်ခံလိုက်ရ၏ ။ ဖြစ်နိုင်ချေ အရှိဆုံးလူမှာ ထိုကလေးမှ လွဲ၍ တခြားသူ မရှိတော့ချေ ။

ဟဲယွီဆွေက ...

" ဖြစ်နိုင်တာပေါ့.. လူတိုင်း သင်လို့ရတာပဲကို.. "

" နင် ဘာမှ မသိဘဲ လျှောက်ပြော မနေနဲ့.. "

ရှာကျူးက နှာခေါင်းရှုံ့လိုက်ပြီး...

" ယန်လောင်အာက စာအုပ်ကလွဲရင် ဘာမှ မသိတဲ့ စာဂျပိုးလေ ..စာဖတ်တာကလွဲရင် ဘာလုပ်နိုင်လို့လဲ.. ဟာသပဲ.. "

သူ ထိုသို့ တွေးနေသည်မှာ အံ့သြစရာမဟုတ် ။ ယန်ကျီဝမ်၏ မူရင်းပိုင်ရှင်သည် ထိုသို့ လူမျိုး အမှန်ပင် ဖြစ်သည် ။

ထို့အပြင် ထိပ်တန်းစာဖိုမှူး အဆင့်ထိရောက်ရန် အနည်းဆုံး ဆယ်စုနှစ်တစ်ခု ချက်ပြုတ်ရမည်ဖြစ်ပြီး စာဖတ်၍ တက်နိုင်သည် မဟုတ်ပေ ။

သို့ပေသိ ယန်လောင်အာ မဟုတ်လျှင် မည်သူ ဖြစ်နိုင်မည်နည်း ။

" ဟုတ်ပြီ..ဟုတ်ပြီး.. ညီမလေးက ဘာမှ မသိဘူး.. "

ဟဲယွီဆွေက လေသံတိုးတိုးဖြင့်...

" ဒါပေမဲ့ အကိုနောက်ထက် ထပ်မလုပ်တာ ကောင်းမယ် ထင်တယ်နော်.. ညီမလေးသာ အကို့ကို ဆွဲခေါ်မလာရင် အကိုကျီဝမ်က ဝင်ရိုက်တော့မယ့် ပုံကြီး.."

" ငါ့လာရိုက်မှာလား.. ငါ သူ့ကို ကြောက်တယ်လို့ နင်ထင်နေတာလား..ဟမ့်.. "

ရှာကျူးက နှာ​ခေါင်းရှုံ့လိုက်ပြီး...

" နင်စားတဲ့ ပန်းကန် ကိုယ့်ဟာကို ဆေးတော့.. "

ယွီဆွေက ပြန်ငြင်းရန် ပျင်းရိလွန်းသည် ။ လက်ကျန် စားစရာများကို ပါးစပ်ထဲသို့ ပလုပ်ပလောင်းထိုးထည့်ပြီး သူမ၏ ခွက်ကိုမကာ ထွက်သွား၏ ။

" ဟူး..ဒီကောင်မလေး ​အသက်ကြီးလာလေ ကလန်ကဆန် လုပ်လာလေပဲ.. "

...

ညသန်းခေါင်ယံအချိန်...

ယန်ကျီဝမ်က ပြင်ဆင်ပြီးသည်နှင့် အပြင်သို့ ထွက်လာခဲ့သည် ။

တံခါးဝသို့ ရောက်သည်နှင့် စောင့်ဆိုင်းနေသော သူ၏ အဖေဖြစ်သူအား မြင်လိုက်ရ၏ ။

" အဖေ.. မအိပ်သေးဘူးလား.. "

" မင်းကို အကြံပေးရအုံးမယ်.. "

ယန်ဖူကွေ့က...

" မျက်နှာအုပ်ဖို့ အဝတ်လိုတယ် ..ယူခဲ့လား.. "

" ဒီမှာ ပါ ပါတယ်.. "

ယန်ဖူကွေ့ ခေါင်းညိတ်လိုက်၏ ။ သူ့ဒုတိယသားအပေါ် အတော်လေး ယုံကြည်မှု ရှိသွားသည် ။

" သတိထားသွား.. တစ်ခုခုမှားရင် လွတ်အောင်ပြေး.. "

" ဟုတ်ကဲ့ပါ.. သား သွားတော့မယ်.. "

ယန်ကျီဝမ် နှုတ်ဆက်ပြီး ထွက်လာခဲ့၏ ။

ခြံဝင်းနှင့် ဟုံဟဲတံတားက သိပ်မဝေးလှ ။ မိနစ် ၂၀ ခန့်သာ လမ်းလျှောက်ရသည် ။

ခိုစျေးနားသို့ ရောက်သည်နှင့် ယန်ကျီဝမ်က အနက်ရောင်အဝတ်ကိုထုတ်၍ မျက်နှာတွင် မျက်လုံးနှစ်ကိုသာ ပေါ်အောင် စည်းထားလိုက်သည် ။

သူ ခိုစျေးအဝင်ဝသို့ ရောက်သည်နှင့် မှောင်ရိပ်ထဲတွင် ရပ်နေသော အစောင့်တစ်ယောက်ကို တွေ့လိုက်ရသည် ။

ယန်ကျီဝမ် အနားသို့ ရောက်လျှင် ထိုအစောင့်က အသံခပ်အုပ်အုပ်ဖြင့် မေးလိုက်၏ ။

" ဝယ်မှာလား.. ရောင်းမှာလား.."

" ဝယ်မှာ.. "

" ငါးဖန်.. "

ယန်ကျီဝမ်က ငါးဖန် ထုတ်ပေးလိုက်သည် ။

" ဝင်လို့ရပြီ ..မောင်းသံကြားရင် အနောက်ဘက် လမ်းကြားကို ပြေး.. အဲ့မှာ ထွက်ပေါက် ရှိတယ်.. "

ယန်ကျီဝမ် ခေါင်းညိတ်လိုက်ပြီး ခိုစျေးအတွင်းသို့ ဝင်လာခဲ့သည် ။

ဤသည်က ခိုစျေး၏ စည်းမျဥ်းပင် ။ ရောင်းလျှင် ဆယ်ဖန်( ၁ မော်) ဝယ်လျှင် ငါးဖန် ။

အရပ်ဝတ် ရဲများ ရောက်လာလျှင် သူတို့က အချက်ပေးမည် ဖြစ်သည် ။

ခဏကြာ လျှောက်လာပြီးနောက် လူရိပ်များကို တွေ့လိုက်ရ၏ ။

ဤနေရာ၌ ရောင်းဝယ်နေကြသူများ အားလုံး အလွန်သတိထားနေကြပြီး ရောင်းမည့်ပစ္စည်းများကို အဝတ်များဖြင့် ဖုံးအုပ်ထား၏ ။

ဘာရောင်းလဲ သိချင်လျှင် မေးမှ သိရပေမည် ။

သို့သော် အသံကျယ်ကျယ် ပြော၍ မရပေ ။ ခြေဟန်လက်ဟန်များဖြင့် ဆက်သွယ်ကြ၏ ။

ယန်ကျီဝမ်က ကူပွန်ဝယ်ရန် လာသည်ဖြစ်၍ လျှောက်ကြည့် မနေတော့ပေ ။

ခဏကြာအောင် လမ်းလျှောက်လာပြီးနောက် အပင်ကြီး တစ်ပင်အောက်တွင် ရပ်နေသူ တစ်ဦးကို တွေ့လိုက်ရသည် ။

ယန်ကျီဝမ်က ထိုသူနှင့် အကြည့်ချင်းစုံအောင် ကြည့်လိုက်သည် ။

ထိုလူက ယန်ကျီဝမ် ထံသို့ လျှောက်လာပြီး လေသံတိုးတိုးဖြင့်...

" ကူပွန် လိုချင်လား.. "

ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး...

" ဘာကူပွန်တွေ ရှိလဲ.. "

" ဘာလိုချင်လဲ .."

ထိုလူက ပြန်မေးသည် ။

" ဆီကူပွန်.. အဓိကမဟုတ်တဲ့ အစားအစာကူပွန်.. အထည်ကူပွန် ရော.. ခင်ဗျားမှာ အရက်ကူပွန်ရော ရှိလား.. "

" မင်း ဘယ်လောက်လိုချင်လဲ... "

ယန်ကျီဝမ်က ခဏ စဥ်းစားပြီး သူ လိုချင်သလောက် ပြောလိုက်သည် ။

ထိုလူက ခေါင်းညိတ်ပြီး...

" ယွမ် နှစ်ဆယ်နဲ့ ဖန် ငါးဆယ် ကျမယ်.. "

ယန်ကျီဝမ်က ပိုက်ဆံထုတ်ပေးလိုက်သည်နှင့် ထိုလူက ကူပွန်များ လက်လွဲပေးလိုက်၏ ။

" နောက်တစ်ကြိမ် ကူပွန်လိုရင် ဒီနေရာကိုပဲ လာခဲ့ .."

ယန်ကျီဝမ်က ခေါင်းညိတ်၍ ...

" ဒီမှာ ပစ္စည်းရော လက်ခံလား.. "

" အွင်း.. "

ထိုလူ စိတ်ဝင်စား သွားပြီး...

" ငါ လက်ခံတယ်.. ဒါပေမဲ့ ရှားပါး ပစ္စည်းတော့ ဖြစ်ရမယ်.. "

" နာရီ ဆိုရင်ရော.. "

ယန်ကျီဝမ် ပွင့်ပွင့်လင်းလင်းမေးလိုက်သည် ။

" သေချာပေါက်ပေါ့.. "

ထိုလူ၏ မျက်လုံးများ ​တောက်ပလာပြီး...

" ပစ္စည်းပါလာ လား.. "

ယန်ကျီဝမ်က သူ၏ အင်္ကျီလက်ကို လိပ်တင် ပြလိုက်သည် ။

ထိုလူက သေချာစစ်ဆေးပြီး ...

" အခြေအနေက မဆိုးပါဘူး.. ဒါပေမဲ့ နာမည်ကြီး တံဆိပ် မဟုတ်ဘူးထင်တယ်.. "

ယခုခေတ်၌ ပြည်တွင်း တံဆိပ်ဟူ၍ SH တစ်ခုသာ ရှိပြီး ကျန်သည့်တံဆိပ်အားလုံးမှာ ပြည်ပမှ တင်သွင်းထားခြင်းပင် ။

" တံဆိပ်မပါဘူးလို့ ဘယ်သူပြောလဲ.. ဒီမှာ သေချာကြည့် ကျုပ် ဝမ်းကွဲ နိုင်ငံခြားကနေ ဝယ်လာတာ.. ပိုက်ဆံ လိုနေလို့သာ ထုတ်ရောင်းရမှာ ..ကျုပ် မရောင်းချင်ဘူး.. "

ယန်ကျီဝမ်က ဝမ်းနည်းဟန်ဖြင့် ကြေကွဲပြလိုက်သည် ။

ထိုစကားကိုကြားလျှင် ထိုလူက အနည်းငယ် ယုံကြည်သွား၏ ။ သူ နိုင်ငံခြားတံဆိပ်များကို သိပ်မမြင်ဘူးသော်လည်း နာရီ၏ ပုံစံအရ စျေးကြီးမည်မှန်း ခန့်မှန်းနိုင်သည် ။

ထိုလူက မေးသည် ။

" စျေးဘယ်လောက် ခေါ်မှာလဲ.. "

ယန်ကျီဝမ်က လက်နှစ်ချောင်း ထောင်ပြသည် ။ ပြည်တွင်းနာရီစျေးနှုန်းမှာ ၁၂၀ ဖြစ်၍ စျေးပိုတောင်းရပေမည် ။

နာရီတံဆိပ်ကို သူ ကိုယ်တိုင်ပင် မသိသော်လည်း ပြည်တွင်းထုတ် ထက် ပိုသပ်ရပ်ပြီး နိုင်ငံခြား တံဆိပ်ဖြစ်၍ စျေးမနည်းသင့်ပေ ။

" ၂၀၀ တောင်လား.. "

ထိုလူ ဆွံ့အသွားပြီး...

" အပေါင်းအသင်း.. ဆိုင်မှာ​တောင် နာရီတစ်လုံးကို ၁၂၀ ပဲ ရှိတာလေ.. မင်း က ၂၀၀ တောင်းနေတာ မရိုးသားတော့ဘူး.. "

ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး...

" မင်း ပြောနေတာက ပြည်တွင်းတံဆိပ်လေ.. ငါ့ဟာက နိုင်ငံခြားဖြစ်.. စျေးပိုတာ ပုံမှန်ပဲဟ..နာရီကို သေချာကြည့်အုံး ဒီထက်မက အများကြီး တန်တယ်.. "

" မင်းပြောတဲ့ ၁၂၀ က နာရီကူပွန်လိုသေးတယ်လေ.. ကူပွန်စျေးကလည်း ၂၀.. ၃၀ လောက် ရှိတယ်မလား .."

ထိုလူက ပြုံးစိစိဖြင့်...

" သူငယ်ချင်း.. မင်းပြောတာ မှန်ပေမဲ့ ငါ့အတွက် ချန်ပေးထားအုံးလေ .."

နာရီက ကောင်းသော်လည်း ယွမ် ၂၀၀က စျေးအကန့်အသတ်သို့ ရောက်နေသည် ။ အမြတ်နည်းသလို ပြန်ရောင်းရန် မလွယ် ။

ကြိုးစားအားထုတ်ရမည့် ပင်ပန်းမှုနှင့် တန်မည်မဟုတ်ပေ ။

ယန်ကျီဝမ်က တွန့်ဆုတ်နေသလို ဟန်ဆောင်လိုက်ပြီး ခဏကြာမှ အံကြိတ်ကာ..

" ငါသာ ငွေအရမ်း လိုမနေရင် ဒါကို ထုတ်ရောင်းမှာ မဟုတ်ဘူး.. ငါ အနည်းဆုံး လက်ခံနိုင်တဲ့စျေးက ၁၈၀ ပဲ.. ဒီထက်နည်းရင်တော့ မရောင်းတော့ဘူး.. "

" ၁၈၀ လား.. "

ထိုလူက သေချာ စဥ်းစားကြည့်ပြီး​နောက် သူ ကြိုးစားပြီး ပြန်ရောင်းလျှင် ၂၅၀ ယွမ်ထက်မနည်းနိုင်ဟု ကောက်ချက် ချလိုက်သည် ။

ထိုလူက ခေါင်းညိတ်လိုက်ပြီး...

" ၁၈၀ ဆို​တော့လည်း ၁၈၀ ပေါ့... မိတ်ဖြစ်ဆွေဖြစ် လက်ခံလိုက်မယ် ..ဒါပေမဲ့ စစ်ဆေးကြည့်အုံးမယ်နော်.. "

ယန်ကျီဝမ်က လက်မှ နာရီကို ချွတ်ပေးလိုက်၏ ။ ငွေပမာဏ မနည်းသဖြင့် စစ်ဆေးခြင်းက မှန်ကန်ပေသည် ။

ထိုလူက သေချာစွာ စစ်ဆေးကြည့်ပြီး​နောက် ..

" ပစ္စည်းက အဆင်ပြေတယ်.. "

ထိုလူက ငွေရေတွက်ကာ ထုတ်ပေးလိုက်ပြီး သတိပေးလိုက်၏ ။

" မင်း ပြန်ထွက်ရင် အစောင့်ကို ငါးဖန် ထပ်ပေးလိုက်တာ ပိုကောင်းမယ် .."

ယန်ကျီဝမ်က ခေါင်းညိတ်၍...

" ကျေးဇူးတင်ပါတယ်.. "

" ရပါတယ်.. မင်းကူပွန်လိုလာရင် ..ဒါမှမဟုတ် ရောင်းစရာ တစ်ခုခု ရှိရင်.. ဒီနေရာကိုသာ လာခဲ့.. ငါ ဒီနေရာမှာ အများအားဖြင့် ရှိနေတက်တယ်.. "

" ဟုတ်ပြီ.. "

ယန်ကျီဝမ်က အိမ်သို့ ပြန်ရန် ဆုံးဖြတ်လိုက်သည် ။

စျေးပေါက်ဝတွင် ရပ်နေသော အစောင့်ကို ငါးဖန် ပေးပြီး​နောက် အိမ်အပြန်ခရီးကို စတင်ခဲ့တော့၏ ။

ယန်ကျီဝမ် ယွမ် ၁၈၀ ကို လက်ခံလိုက်တုန်းက စောင့်ကြည့်နေသည့် အကြည့်တစ်ခုကို ခံစားလိုက်မိသည် ။ အစောင့်အား ငွေထပ် မပေးပါက ဒုက္ခရောက်သွားနိုင်သည် ။

ခဏတာ ဟိုကွေ့ ဒီပတ်ဖြင့် လမ်းလျှောက်ပြီး​နောက် နောက်တွင် လိုက်ပါလာသည့်သူ မရှိသည့် အခါမှ ခြံဝင်းသို့ ပြန်လာခဲ့၏ ။

ခြံဝင်းတံခါးကို ယန်ဖူကွေ့က ဖွင့်ပေးထားသည် ။

ယန်ကျီဝမ်က အထဲဝင်ပြီး​နောက် တံခါးပြန်ပိတ်လိုက်၏ ။

သူ အိမ်တံခါးကို ဂရုတစိုက် ဖွင့်လိုက်လျှင်...

" ဒုတိယသားလား.. "

ယန်ဖူကွေ့ အသံက ထွက်ပေါ်လာသည် ။

" ဟုတ်တယ် အဖေ.."

ယန်ကျီဝမ်၏ အသံဆုံးလျှင် အိမ်တံခါး ပွင့်သွားပြီး ယန်ဖူကွေ့ ပေါ်လာသည် ။

ယန်ဖူကွေ့က ယန်ကျီဝမ်ကို ခေါင်းအစ ခြေအဆုံး သေချာစစ်ဆေးကြည့်ပြီး အရာအားလုံး အဆင်ပြေမှ သက်ပြင်းချလိုက်သည် ။

" မင်း အဆင်ပြေတာ ကောင်းတယ်.. နောက်နောင် အဲ့လို နေရာမျိုးက ရှောင်တာပဲ ကောင်းတယ်.. "

" သား နားလည်ပါတယ်.. "

ယန်ကျီဝမ်က သူ့အား စောင့်၍ စိတ်ပူနေသော ယန်ဖူကွေ့ကို ကြည့်ပြီး အနည်းငယ် ထိမိသွားသည် ။

All Chapters