← Chapters

အခန်း ၈၅-၈၆

Vol. 8 Ch. 85-86

အခန်း ၈၅-၈၆

Vol. 8 Ch. 85-86

Chapter 85+86

~

အခန်း ၈၅+၈၆ : ယန်ကျီဝမ်: ငါ မမြင်ချင်ယောင် ဆောင်လိုက်ရမလား..

~

ယန်ကျီဝမ်သည် ဝမ်ဖူကျင်းသို့ ရောက်ရန် တစ်နာရီနီးပါး လမ်းလျှောက်လိုက်ရသည် ။

ဝမ်ဖူကျင်းသည် အနာဂတ်တွင် မြို့၏ အလယ်ဗဟိုဖြစ်လာမည် ဖြစ်ပြီး ကုန်တိုက်က ဤနေရာတွင် တည်ရှိ၏ ။

ကုန်တိုက်ဟု ခေါ်ဆိုသော်လည်း လေးထပ်သာရှိသည် ။ အထဲတွင် ပစ္စည်းကျိုးတို့ကျဲတဲ သာ ခင်းကျင်းထားလေသည် ။

ယန်ကျီဝမ် အထဲသို့ ရောက်လျှင် စျေးဝယ် အနည်းငယ်သာ ရှိသည်ကို မြင်လိုက်ရသည် ။ စက်ဘီးဆိုင်က ပထမထပ်တွင်ပင် တည်ရှိလေသည် ။

ယန်ကျီဝမ်က စက်ဘီးကောင်တာမှ အရောင်းစာရေးမကို ယဥ်ကျေးစွာ မေးလိုက်၏ ။

" မင်္ဂလာပါ ရဲဘော်.. ကျွန်တော် စက်ဘီးဝယ်ချင်လို့ပါ.. "

အရောင်းစာရေးမက အသက် ၃၀ ဝန်းကျင်ရှိပြီး နေကြာစေ့ကို ပျင်းရိစွာ ကိုက်နေ၏ ။

ယန်ကျီဝမ်၏ စကားကိုကြားလျှင် သူမက ထမရပ်ဘဲ ဂရုမစိုက်ဟန်ဖြင့်...

" Phoenix က ၂၀၀ ယွမ်.. forever က ၁၆၀ ယွမ်.. မိန်းမစီးဘီး ကုန်နေတယ်.. နင့်မှာ ပိုက်ဆံရှိလား.. "

ဤခေတ် အရောင်းစာရေးများ၏ ပုံစံက ဤသို့သာ ဖြစ်သည် ။

အမြဲတမ်း ​ပျင်းရိနေကြပြီး ဆရာကြီးစတိုင်ဖြင့် ဖောက်သည်များအား မာန်မဲနေ၏ ။ နောက်ပိုင်းခေတ် ဖောက်သည်အား အလေးထားရသည့် ပုံစံနှင့် တခြားစီပင် ။

( ဘာနဲ့တူလည်း ဆိုတော့ ရုံးတွေက အပေါက်ဆိုးတဲ့ စာရေးမတွေလိုပဲ... အဲ့ခေတ်အရောင်းစာရေးတွေက အစိုးရ ဝန်ထမ်းတွေဆိုတော့.. )

ယန်ကျီဝမ်၏ ပုံစံ ငယ်ရွယ်လွန်းနေ၍ သူမ၏ အမြင်အရ စက်ဘီးများအား သွားရည်လာကျသည့် ကလေးဟုသာ မြင်ပေသည် ။

စက်ဘီးစျေးကိုကြားလျှင် ယန်ကျီဝမ် လျှာကိုက်မိမတက် ဖြစ်သွားသည် ။ စျေးနှုန်းက အလွန်မြင့်မား လှ၏ ။

ဤခေတ်တွင် ငါးယွမ်ဖြင့် လူတစ်ယောက် တစ်လ လုံး စားသောက်နိုင်ပြီး ယွမ်နှစ်ရာဆိုသည်က လူ တစ်ယောက်၏ သုံးနှစ် စားရိတ်ပင် ။

အနာဂတ်တွင် ကူပွန်များပါ လိုအုံးမည်ဖြစ်၍ စက်ဘီးစီးနိုင်သူက ရှားပါးလှ၏ ။

ဤခေတ်တွင် စစ်ဘီးစီးသူက နောင်ခေတ် ဇိမ်ခံကား မောင်းသူနှင့်ပင် နှိုင်းယှဥ်နိုင်သည် ။

ယန်ကျီဝမ်က တစ်ဘက်လူ၏ သဘောထားကို ဂရုမစိုက်ပေ ။ မည်သည့်နေရာတွင်မဆို အရောင်းစာရေးများက မောက်မာလှ​သည် ။

သူက အိတ်ကပ်အတွင်းမှ အမည်းရောင် ဆယ်ယွမ်တန် အရွက်ကြီး နှစ်ဆယ်ပါသည့် အထပ်လိုက်ကြီးကို ထုတ်ယူလိုက်သည် ။

ထိုငွေကို အရောင်းစာရေးအား ဝှေ့ယမ်းပြလိုက်သော အခါမှသာ သူမက မေးလိုက်၏ ။

" ဘယ်တံဆိပ် လိုချင်လဲ.. "

" Forever ပေးပါ.. "

ယန်ကျီဝမ်က ခဏစဥ်းစားပြီး ဖြေလိုက်သည် ။

သူ၏ အရင်ဘဝတွင် သူ ငယ်စဥ်အခါက အဘိုးဖြစ်သူ ပိုင်ဆိုင်သော Forever စက်ဘီးကို မြင်ဖူးသည် ။ ဆယ်စုနှစ်များစွာ သက်တမ်းရှိသော်လည်း ကြံ့ခိုင်နေသေး၍ ဤတံဆိပ်၏ အကြမ်းခံမှူကို သံသယ ဝင်စရာ မလိုပေ ။

" ခဏစောင့်.. "

အရောင်းစာရေးမက ပျင်းရိစွာ ထလိုက်ပြီး စက်ဘီးကို သွားယူသည် ။

ဤခေတ်တွင် စမ်းစီး၍ မရ ။ တစ်ခုခုမှားသွားလျှင် မည်သူ တာဝန်ယူပါမည်နည်း ။

စက်ဘီးရောက်လာပြီးနောက် ယန်ကျီဝမ်က သေချာစစ်ဆေးကြည့်ပြီး​ ငွေပေးချေလိုက်သည် ။

စာရေးမက ပြေစာ ထုတ်ပေးလိုက်ပြီး...

" ပြေစာကို ရဲစခန်းသွားပြီး တံဆိပ်တုံး ထုဖို့ မမေ့နဲ့အုံးနော်.. "

" ဟုတ်ကဲ့ပါ.. ကျေးဇူးတင်ပါတယ်.. "

ကျေးဇူးတင်စကား ပြောပြီး​နောက် ယန်ကျီဝမ်က စက်ဘီးကို တံခါးဝဆီသို့ တွန်းလာခဲ့၏ ။ ထို့နောက် စက်ဘီးပေါ်တက်ခွကာ နင်းထွက်လာခဲ့သည် ။

ယခင်ဘဝက ကလေးအရွယ်တည်းက စက်ဘီးစီးတက်ခဲ့၍ ယခုစီးနင်းရသည်က ပြဿနာမရှိပေ ။

မိနစ်အနည်းငယ်ခန့် စီးကြည့်ပြီးနောက် ကျွမ်းကျင်အဆင့်သို့ ပြန်လည်ရောက်ရှိသွားသည် ။

" ဟယ် ကြည့်ပါအုံး.. အဲ့လူငယ်လေးက မဆိုးတဲ့ပုံပဲ.. ဒီ အသက်အရွယ်မှာတောင် စက်ဘီးပိုင်နေပြီ ..ရုပ် လေးကလည်း မဆိုးဘူး.. ငါ့ သမီးနဲ့ သူ့ကို မိတ်ဆက်ပေးလိုက်ရရင် ကောင်းမလား မသိဘူး.. "

" နင့် သမီးလား.. ဗိုက်ခေါက်က တစ်တောင်လောက် ထွက်နေတာကို ..ငါ့ သမီးနဲ့ကမှ ပိုပြီး လိုက်ဖက်အုံးမယ် .."

" ဟမ်.. နင့် သမီးက ခုမှ သုံးနှစ်ပဲ ရှိသေးတာကို သူ့ကို ဆယ့်ငါးနှစ် စောင့်ခိုင်းမလို့လား.. "

" ....."

လမ်းတစ်လျောက် သက်လတ်ပိုင်းအရွယ် အမျိုးသမီး ကြီးများက ယန်ကျီဝမ်ကို မြင်လျှင် သမက်တစ်ယောက်လို စိုက်ကြည့်ကြသည် ။ ဤသည်က ယန်ကျီဝမ်ကို ဘဝင်ခိုက်သွားစေပြီး ပိတီတွေဖြာ၍ ရင်ကော့ကာ ဖြည်းဖြည်းချင်းသာ နင်းတော့သည် ။

" ရှင် ဘာလုပ်တာလဲ.. ကျွန်မအနားကို မကပ်နဲ့နော်.. "

ယန်ကျီဝမ် စက်ဘီး ပတ်နင်းနေရင်း လမ်းကြားတစ်ခုကို ဖြတ်အသွား စူးရှသော အသံတစ်ခုက ပေါ်ထွက်လာသည် ။

ယန်ကျီဝမ် စက်ဘီးဘရိတ်ကို ဆွဲညစ်လိုက်ပြီး ခဏတာ တုံ့ဆိုင်းသွားသော်လည်း လမ်းကြားထဲသို့ ချောင်းမကြည့်ဘဲ မနေနိုင် ။

လမ်းကြားအတွင်း လူရမ်းကား နှစ်ယောက်က ကောင်မလေး တစ်ယောက်အား ဆွဲလားရမ်းလား လုပ်နေကြ၏ ။

မိန်းကလေးက သူနှင့် ရွယ်တူခန့် ရှိမည်ဖြစ်ပြီး ဘဲဥပုံ မျက်နှာ ၊ ခေါင်းတွင် ကျစ်စမြီး နှစ်ချောင်းနှင့် ဝတ်ဆင်ထားသော အဝတ်အစားက...

' ဘာတဲ့... ပုလုကျိ ဆိုလား ( ရုရှားစတိုင် ဂါဝန်..)..အတော်လေး စျေးကြီးမယ်ထင်တယ်.. '

ထိုမိန်းကလေးက လက်ဆွဲအိတ် တစ်လုံးလည်း ကိုင်ထားသဖြင့် အတော်လေး ချမ်းသာပုံရ၏ ။ ပစ်မှတ်ထားခံရသည်က မဆန်းပေ ။

ယန်ကျီဝမ် တိတ်တဆိတ် ခေါင်းခါလိုက်သည် ။ ရုပ်ရှင် ဇာတ်လမ်းနှင့် တူသည့် အဖြစ်မျိုး ကြုံလာရမည်ဟု သူ မျှော်လင့် မထားချေ ။

သူ လှည့်ထွက်ရန် ပြင်လိုက်၏ ။ သူ သည် သူရဲကောင်းမဟုတ် ။ ခွန်အား သန်မာသော်လည်း သေနတ်မပြီး၍ မဆိုင်သည့် ကိစ္စများတွင် ဝင်မရှုပ်ချင် ။ မိန်းမလှလေးကို ကယ်တင်ပြီး သူရဲကောင်း လုပ်ရမည့် ဒရာမာမျိုးကို သူ စိတ်မဝင်စားပေ ။

သို့သော်လည်း ထိုမိန်းကလေးက ယန်ကျီဝမ် ရှိရာဘက်သို့ လှည့်ကြည့်လာလိမ့်မည်ဟု မည်သူမှ ထင်ထားမည် မဟုတ်ချေ ။

ယန်ကျီဝမ်ကို မြင်လျှင် မိန်းကလေး၏ မျက်ဝန်း လှလှလေးများက တောက်ပသွားပြီး..

" ဟေး.. ဟိုမှာ ရှိတဲ့ ရဲဘော် ..ကျွန်မကို ကယ်ပါအုံး.. "

ယန်ကျီဝမ်၏ နှုတ်ခမ်းများ တုန်ရီသွား၏ ။

လူဆိုးနှစ်ယောက်က ယန်ကျီဝမ်ကို လှည့်ကြည့်လိုက်ကြပြီး သူ့ထံသို့ ရန်လိုသည့် အမူအရာဖြင့် ပြေးလာကြသည် ။

ယန်ကျီဝမ်က...

" ညီအကိုတို့.. ကျုပ်က ဒီနားက ဖြတ်သွားတာပါ.. ကျုပ်ကို မမြင်သလို လွှတ်ပေးပါလား.. "

" မင်း အိမ်မက် မက်နေတာလား.. သောက်ကလေး.. မင်း ကံမကောင်းဘူး.. မင်း မမြင်သင့်တာ မြင်ပြီးသွားပြီ .."

လူဆိုး နှစ်ယောက်က သူတို့၏ လက်များကို ပွတ်သပ်၍ ယန်ကျီဝမ်ကို ဝိုင်းလိုက်ကြ၏ ။

ယန်ကျီဝမ် ထွက်ပြေးချင်လျှင်ပင် မလွတ်နိုင်တော့ ။

" ဟူးးး... "

ယန်ကျီဝမ် အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည် ။

သတင်းကောင်းမှာ ထိုလူနှစ်ယောက်သည် လက်နက်ကိုင်ဆောင်သော ရာဇဝတ်ကောင်များ ဖြစ်ပုံမရဘဲ သာမန်လမ်းသရဲများ ဖြစ်ပုံရသည် ။

" ငါ့ လမ်းငါ သွားချင်ရုံပါကွာ.. "

ယန်ကျီဝမ်က စက်ဘီးကို ဘေးသို့ ကပ်ရပ်ထားလိုက်သည် ။ အသစ်စက်စက် စက်ဘီးလေး ဖြစ်၍ အပွန်းအစင်း မခံချင်ပေ ။

တစ်မိနစ်ခန့် ကြာလျှင်...

" ဘုတ်.. ဘုတ်.."

လူဆိုး နှစ်ယောက် မြေပြင်ပေါ်သို့ လဲကျ သွားကြသည် ။

ယန်ကျီဝမ်၏ ခွန်အားဖြင့် သာမန်လူနှစ်ယောက် စာမဖွဲ့လောက်ပေ ။

သူ ပြဿနာ မကြုံချင်သော်လည်း ဤနှစ်ယောက်က အတင်းတွန်းအားပေးနေ၍ တိုက်ခိုက်လိုက်ရ၏ ။

" ရဲဘော်.. ရှင်က အံ့သြစရာပဲ.. ယိ ယိ ဆိုတာနဲ့ လူဆိုးနှစ်​ယောက်လုံး မှောက်သွားပြီး.. "

ထိုမိန်းကလေးက အနားရောက်လာပြီး ခြေကားယား လက်ကားယားဖြင့် ယန်ကျီဝမ်တိုက်ခိုက်ခဲ့သည့် ဟန်ကို လုပ်ပြလိုက်သည် ။

ယန်ကျီဝမ်က ထိုကလေးမကို ခဏတာ စိုက်ကြည့်ပြီးမှ ပြောလိုက်သည် ။

" ကောင်မလေး.. မင်းက တကယ်ကို နှလုံးသားကြီးတယ်နော်.. "

( လူဆိုးနှစ်ယောက် ဝိုင်းခံရတာတောင် ကြောက်မနေဘဲ ဟာသလာလုပ်နေလို့ ရွဲ့တာ..)

မိန်းကလေး၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်က ထိပ်တန်းအဆင့်ထဲပါသဖြင့် လူဆိုးနှစ်ယောက်သာ စိတ်ရိုင်းဝင်ပါက ကိုယ်ကျိုးနည်းပေမည် ။

ယခု ထိုကလေးမက ပျော်ပင် ပျော်နေချေသေး၏ ။

" အာ..ဘာပြောတာလဲ.. "

ထိုမိန်းကလေး၏ မျက်နှာလေးတွင် မေးခွန်းအမှတ်အသား အကြီးကြီးပေါ်လာပြီး သူ့ကို အူတူတူဖြင့် ကြည့်နေလေ၏ ။

" ဘာမှ မဟုတ်ပါဘူး .."

ယန်ကျီဝမ်က လက်ခါပြလိုက်ပြီး..

" မင်း ဘာမှ မဖြစ်ရင် မြန်မြန်ပြန်တော့.. နောက်ကျရင် ဒီလို လူပြတ်တဲ့နေရာတွေ လျှောက်မသွားနဲ့.. ကယ်မဲ့လူ မရှိရင် ဒုက္ခရောက်လိမ့်မယ်.. "

" ဒီနေ့ ကိုယ်ရံတော် ခေါ်လာဖို့ မေ့သွားလို့ပါ.. "

မိန်းကလေးက နှုတ်ခမ်းဆူလိုက်ပြီး...

" ဒီကိစ္စ ရဲတွေကို သွားမတိုင်တော့ဘူးလား.. "

" မင်း​ကြိုက်သလို ဆုံးဖြတ်လေ.. "

ယန်ကျီဝမ်က စက်ဘီးကို ယူလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည် ။

ယခု ရဲစခန်းသို့ တံဆိပ်တုံးထု သွားရမည် ဖြစ်သော်လည်း နောက်ထပ် ကိစ္စရပ်များ တိုးလာသည်က ဒုက္ခများပေသည် ။ ထိုသို့ လုပ်​ဆောင်ရန် သူ ပျင်းရိလွန်း၏ ။

" ဟေးဟေး.. မသွားနဲ့.. "

ယန်ကျီဝမ်က စက်ဘီး နင်းလိုက်သော်လည်း ထိုမိန်းကလေးက စက်ဘီးနောက်မြီးကို လက်နှစ်ဖြင့် ဆွဲထားသည် ။

ယန်ကျီဝမ်က မျက်မှောက်ကြုတ်ပြီး လှည့်ကြည့်လိုက်၏ ။

မိန်းကလေးက...

" ရဲဘော်.. ကျွန်မ ရှင့်ကို ကျေးဇူးမတင်ရသေးဘူးလေ.. ကျွန်မ ထမင်းလိုက်ကျွေးမယ်လေ ..ဒါနဲ့ ကျွန်မ နာမည်က လိုရှောင်အဲ ပါ.. ရှင့်နာမည်ကရော.. "

"ဟမ်.."

ယန်ကျီဝမ် အာမေဋိတ်သံ ထွက်သွားသည် ။

' တိုက်တိုက်ဆိုင်ဆိုင် တွေ့တဲ့ မိန်းကလေးက သူဖြစ်နေတာလား.. သူ့ပုံစံ ရင်းနှီးသလို ခံစားနေရတာ ဒါ့ကြောင့်ကိုး.. '

လိုရှောင်အဲသည် ကံမကောင်းသော မိန်းကလေးတစ်ယောက်ပင် ။ ယနေ့ ကိုယ်ရံတော် မပါသည့် နေ့တွင်ပင် တိုက်တိုက်ဆိုင်ဆိုင် ဓားပြ တိုက်ခံရသည်ကိုသာ ကြည့်ပါလော့ ။

သူမ၏ အသက်မှာ ယန်ကျီဝမ်နှင့် သိပ်မကွာဘဲ ၁၉၆၁ သို့မဟုတ် ၆၂ လောက်တွင် ရွှီတာမော့နှင့် လက်ထပ်မည်ဖြစ်သည် ။

ထို့နောက် သုံးနှစ်လုံးလုံး ကလေးမရသဖြင့် အမြုံမဟု သမုတ်ခြင်းကို ခံခဲ့ရ၏ ။ အမှန်တကယ် ကလေးမရနိုင်သူက ရွှီတာမော့ ဖြစ်သည် ။

နောက်ပိုင်းတွင် မိသားစု၏ အရှင်းရှင်​နောက်ခံကြောင့် အဝေးသို့ ထွက်သွားခဲ့ရသည် ။ သနားစရာ ကောင်းသော မိန်းကလေး တစ်ယောင်ပင် ။

သို့သော် သူနှင့် ဘာမှမဆိုင် ။

All Chapters