အခန်း ၈၇-၈၈
Vol. 8 Ch. 87-88
Chapter 87+88
~
အခန်း ၈၇+၈၈ : စက်ဘီး
~
ငယ်သေးသော လိုရှောင်အဲသည် ဒရာမာ ထဲကထက်ပင် ပို၍ လှပနေသေး၏ ။ ငယ်စဥ်ကတည်းက နူးညံ့စွာ ပျိုးထောင်လာခဲ့သော ပန်းလေးတစ်ပွင့် ဖြစ်၍ ပြီးပြည့်စုံသည့် အလှကို ပိုင်ဆိုင်ထားချေသည် ။
ခေတ်သစ်၌ ဤသို့ မိန်းကလေးမျိုးက စိတ်ဝင်စားဟန်ပြလျှင် ယန်ကျီဝမ်တစ်ယောက် အပျော်လွန်၍ ထကမိချေမည် ။ ချမ်းသာသည့် မိန်းမတစ်ယောက်ကို ယူနိုင်လျှင် ကြိုးစားရမည့် နှစ်ပေါင်းများစွာ သက်သာစေသည် ။
သူရဲကောင်းတစ်ယောက်က မိန်းမလှလေးကို ကယ်တင်ခြင်း...
မည်မျှ ပြည့်စုံလိုက်သော ဇာတ်ညွှန်းနည်း ။
ယခု မိန်းကလေးကိုယ်တိုင်က တက်တက်ကြွကြွ ဖိတ်ခေါ်နေ၍ တော်ကီအနည်း ပစ်လိုက်လျှင် အသာပင် ကြွေကျလာနိုင်သည် ။
ထမင်းပျော့ စားသူဟု ခေါ်မည်လော ။ သူ မရှက်ပေ ။ နာမည်ဆိုးသော်လည်း လူသက်သာသည် ။ သူ ငယ်ငယ်က ဗေဒင်ဆရာ ဟောထား၏ ။ ဝမ်းဗိုက်သိပ်မကောင်းသဖြင့် မိန်းမယူ၍ အသက်မွေးဝမ်းကြောင်း ပြုသည်က အသင့်တော်ဆုံး ဟူ၍ပင် ။
သို့ပေသိ ဤခေတ်တွင် ဂုဏ်သိက္ခာက အရေးကြီးပြီး အရင်းရှင် နောက်ခံဖြစ်သော လိုရှောင်အဲက ရွေးရန် မသင့်တော်ချေ ။
အနာဂတ်တွင် တရုတ်ပြည်မှ ထွက်ပြေးရမည်ဖြစ်၍ ဆယ်စုနှစ်တစ်ခု အထီးကျန် တစ်ယောက်ထဲ နေနိုင်မှ စဥ်းစားသင့်ပေသည် ။
ထို့ကြောင့် ခင်မင်ရန်ပင် စိတ်မဝင်စားတော့ပေ ။ လိုရှောင်အဲ၏ အလှအပကို သူသဘောကျသော်လည်း သူမ၏ နောက်ခံက ချိန်ကိုက်ဗုံးတစ်လုံး ဖြစ်နေသည် ။
" မစားတော့ဘူး.. လုပ်စရာရှိလို့ သွားတော့မယ်.. "
ထိုသို့ ပြောပြီးနောက် ယန်ကျီဝမ်က စက်ဘီးကို အားကုန် နင်းထွက်သွားသည် ။
စက်ဘီးအား လက်ထောက်ထားသော လိုရှောင်အဲသည် လဲကျမလို ဖြစ်သွား၏ ။
" ဘာလဲ.. ငါ့ကို နာမည်တောင် ပြောပြမသွားဘူး..ဟမ့်.. "
ယန်ကျီဝမ်၏ ပုံစံကို သူမကို မကျေမနပ် ဖြစ်သွားစေသည် ။ သူ၏ ပုံစံက သရဲတွေ့၍ ထွက်ပြေးသွားသည့် အတိုင်းပင် ။
သူမ က ဤမျှ ကြောက်စရာ ကောင်းနေသည်လော ။
သူမ ၏ ခေါင်းမာသော စရိုက်ကို ယန်ကျီဝမ်က သွားဆွမိလိုက်လေပြီ ။
လိုရှောင်အဲက ခြေဆောင့်ကာ နှာခေါင်းရှုံ့လိုက်ပြီး...
" ဟမ့်.. နင် က ငါ့ကို နာမည်တောင် မပြောချင်ဘူးပေါ့ ..ရတယ်..ငါ နင့်ကို ရအောင် လိုက်ရှာမယ်.. ငါ လိုရှောင်အဲက ကြင်နာမှုကို တုန့်ပြန်ရမှ ကျေနပ်တာ.. နင် စောင့်ကြည့်နေလိုက် .."
သူမ စကားပြောပြီးနောက် လူဆိုးနှစ်ယောက်က လှုပ်စိ လှုပ်စိ ဖြစ်လာသည်ကို မြင်လိုက်ရ၏ ။
လိုရှောင်အဲ ထိတ်လန့်သွားပြီး အိတ်ကိုဆွဲကာ အမြန်ပြေးလေတော့သည် ။
နောက်ထပ် ကယ်မယ့်သူ ပေါ်လာရန် ကံကောင်းမည် မဟုတ်ပေ ။
...
တခြားတစ်ဖက်တွင် ...
ယန်ကျီဝမ်က ရဲစခန်းသို့ သွားပြီး လုပ်ရမည့် လုပ်ငန်းစဥ်များကို လုပ်ကာ အပြန်တွင် စျေးသို့ ဝင်၍ နှစ်ယွမ်တန် ကြက်တစ်ကောင် ဝယ်ခဲ့၏ ။
ကြက်မဖြစ်နေ၍ ကြက်ထီးထက် စျေးပိုပေးရသည် ။
ခြံဝင်းသို့ ပြန်ရောက်လျှင် မျှော်လင့်တကြီး စောင့်ဆိုင်းနေသော ယန်ဖူကွေ့အား မြင်လိုက်ရ၏ ။
" မင်းကလည်း ကြာလိုက်တာကွာ.. "
ယန်ဖူကွေ့က ယန်ကျီဝမ် ပြန်ရောက်လာသည်ကို မြင်လျှင် ညည်းညူလိုက်ပြီး ...
" ဒါ ၂၈ လက်မ forever လား.. အသစ်လို့ မပြောရဘူး လှချက်ပဲ.. "
သူက စက်ဘီးကို ညင်သာစွာ ပွတ်သပ်ရင်း မျက်လုံးများက တလက်လက် တောက်ပနေ၏ ။ သူ၏ မိန်းမကိုပင် ထိုသို့ ကြည့်ဖူးမည်မထင် ။
" လမ်းမှာ ပြဿနာ နည်းနည်းတွေ့လိုက်ရလို့ပါ.. "
ယန်ကျီဝမ်က ပြန်ဖြေပြီးနောက် ယန်ဖူကွေ့၏ အမူအရာကို မြင်လျှင် ရယ်လိုက်ပြီး...
" အဖေ စမ်းစီးကြည့်လေ.. "
" အေးအေး.."
ယန်ဖူကွေ့က စက်ဘီးကို လက်လွဲယူလိုက်ပြီး ပြုံးရွှင်သော မျက်နှာဖြင့် စီးထွက်သွားလေသည် ။ သူ ကြွားရန် အနီးပတ်ဝန်းကျင်သို့ ပတ်စီးပေတော့မည် ။
တည်ငြိမ်စွာ စီးနေသော သူ့အဖေကို ကြည့်ပြီး ယန်ကျီဝမ်က စိတ်ချသွားကာ အိမ်ထဲသို့ ဝင်သွားသည် ။
" အမေ.. ဒီနေ့ည ချက်ဖို့ ကြက်ဝယ်လာတယ်.. "
ယန်ကျီဝမ်က အိမ်ထဲသို့ ရောက်သည်နှင့် ရန်ရွေ့ဟွားကို လှမ်းခေါ်လိုက်သည် ။
သူက ပျင်းရိသူဖြစ်၍ နေ့တိုင်း ဟင်းမချက်ချင်ပေ ။
ရန်ရွေ့ဟွား ထွက်လာပြီး မျက်မှောင်ကြုတ်ကာ...
" ဟဲ့ ကြက်မကြီး ဝယ်လာရလား.. "
ယန်ကျီဝမ်က ခေါင်းညိတ်ပြီး..
" ကြက်မ ကမှ အာဟာရ ပိုရှိတာလေ.. အဖေ အားရှိအောင် ချက်ကျွေးလိုက်.. "
" သူ ရတဲ့ ဒဏ်ရာက ဘာမှ မဟုတ်ဘူး နှမြောစရာကြီး.. "
ရန်ရွေ့ဟွားက...
" အမေတို့ ဥစားရအောင် သိမ်းထားမလား.. "
" အစာဖိုးကုန်ပါတယ် အမေရာ ချက်သာ ချက်လိုက်ပါ.. "
ယန်ကျီဝမ်က ခေါင်းခါလိုက်သည် ။
" အေး..အေး.."
ရန်ရွေ့ဟွားက အနည်းငယ် တွန့်ဆုတ်နေသေးပြီး...
" နင့်အဖေပြောတော့ နင် စက်ဘီး သွားဝယ်တာဆို.. ဘယ်မှာလဲ အဲ့စက်ဘီးက.. "
" အဖေ ပတ်စီးနေတယ်.. "
" ဟမ့်.. အမြဲ ကြွားဖို့ချောင်းနေတာ.. "
ရန်ရွေ့ဟွားက ငေါက်လိုက်သည် ။
" အဘိုးကြီးယန်က တကယ့်ကို တစ်ခုခုပဲ.. စက်ဘီးတစ်စီးကို အနည်းဆုံး ၂၀၀ ယွမ်လောက် ပေးရတာ.. သူ တကယ်ပဲ နင့်ကို ဝယ်ပေးလိုက်တာလား ..နှမြောစရာကြီး.. ငါ့ရင်တွေ နာလိုက်တာ.. "
" ၁၆၀ ယွမ်ပါ.. "
ယန်ကျီဝမ်က အမှန်ပြင် ပေးလိုက်ပြီး...
" ပြီးတော့ အဖေက သားကို ဝယ်ပေးတာမဟုတ်ဘူး.. သားက ချေးထားတာ ပြန်ပေးမှာပါ.. "
" အဲ့တာလည်း စျေးကြီးတာပဲ.. ယွမ်တစ်ရာကျော်ဆိုတာ ငါတို့ မိသားစု ခြောက်လလောက် ဗိုက်ရိုက်စားလို့ရတယ်.. "
ယန်ကျီဝမ် ပြန်မငြင်းနိုင်တော့ ။ အခန်းတွင်းသို့သာ ပြေးပုန်းရတော့သည် ။
အပြစ်တင်စရာ လူမရှိတော့၍ ရန်ရွေ့ဟွား အပြင်သို့ ထွက်သွားသည် ။
သူမ မည်သို့ သွားမှန်း အသင်တို့ သိနိုင်မည်လော ။
မှန်ပေ၏ ။ သူမ အိမ်နီးချင်းများအား ကြွားရန် ထွက်သွားခြင်းပင် ။
ဤမျှ တန်ဖိုးကြီးမားသော ပစ္စည်းကို ဝယ်ယူသည့်အတွက် သူမ နှမြောသော်လည်း ဝယ်ပြီးဖြစ်၍ ကြွားရန်တာဝန် ရှိသွားလေပြီ ။
သူမတို့ ဝယ်ယူသော စက်ဘီးသည် ခြံဝင်း၏ ပထမဆုံး စက်ဘီးဖြစ်၍ ထူးရှယ်ပလန်နှင့် ကြွားရမည် ။
ရွှီတာမော့၏ စက်ဘီးအား ထည့်မတွက်ချေ ။ ထိုစက်ဘီးက စက်ရုံမှ ပေးထားသော စက်ရုံပိုင် စက်ဘီးဖြစ်၏ ။
ထို့ကြောင့် ရန်ရွေ့ဟွားသည် အိမ်တကာသို့ လှည့်၍ ကြွားဝါခြင်း လုပ်ငန်းကို စတင်လေတော့သည် ။
သိပ်မကြာလိုက် ထိုသတင်းကို ခြံဝင်း တစ်ခုလုံး သိသွားကြ၏ ။
ကျားမိသားစု....
ကျားကျန်းရှီက မနာလိုအားကျစွာဖြင့်...
" စက်ဘီး သောက်စုတ်များ ဘာကြွားစရာရှိလဲ.. ငါ့အိမ်မှာ အပ်ချုပ်စက် ရှိတယ်.. ငါ့သား ဒုံရွှီက သိပ်မကြာခင် စက်ဘီးဝယ်တော့မှာ.. "
ကျားမိသားစုတွင် အပ်ချုပ်စက် ရှိပြီး ကျားဒုံရွှီနှင့် ချင်ဟွိုင်ရုတို့ လက်ထပ်စဥ်က ဝယ်ထားခြင်းဖြစ်သည် ။
ချင်ဟွီုင်ရုတို့ဘက်မှ လက်ဖွဲ့ငွေ ဆယ်ယွမ်နှင့် အပ်ချုပ်စက် တစ်လုံး တောင်းဆိုခဲ့၏ ။
ဆယ်ယွမ်ဆိုသည်က မြို့၌ပင် အတော်များသည်ဟု ပြော၍ရသလို အပ်ချုပ်စက်ပါ ပါနေ၍ ချင်ဟွိုင်ရုကဲ့သို့ တောသူလေးက မည်သို့ တောင့်ခံနိုင်ပါမည်နည်း ။
ထိုစဥ်က ကျားကျန်းရှီ မကျေနပ်သော်လည်း ကျားဒုံရွှီက သဲသဲလှုပ် ဖြစ်နေ၍ သဘောတူခဲ့ရသည် ။
သို့သော် ချင်ဟွိုင်ရု အိမ်သို့ ရောက်ကတည်းက ကျားကျန်းရှီ၏ ဖိနှိပ်မှုကို ခံလိုက်ရတော့၏ ။ ဤသည်က သူမ၏ လက်စားချေမှု ဟုပင် ဆိုနိုင်သည် ။
အပြင်မှ သူ့အမေ၏ အသံကို ကြားလိုက်ရသော ကျားဒုံရွှီက အကူအညီမဲ့စွာ သက်ပြင်းချလိုက်မိသည် ။
သူ စက်ဘီး ဝယ်နိုင်မည်လော ။
ကျားမိသားစုတွင် သူတစ်ယောက်ထဲ အလုပ်လုပ်နေခြင်းဖြစ်ပြီး ကျန်လူများတွင် ကျေးလက်အိမ်တောင်စု မှတ်ပုံတင်သာ ရှိကြ၍ လစဥ် အစိုးရမှ ထောက်ပံ့သည့် ရိက္ခာ မရချေ ။
သူ၏ လစဥ်လစာမှာ စားသောက်စားရိတ်ပင် မလောက်၍ မည်သို့ စက်ဘီး ဝယ်နိုင်မည်နည်း ။
" အဖေ.. သား စက်ဘီး စီးချင်တယ် ..ဘွားဘွားပြောတာ အဖေက ခြံဝင်းထဲမှာ အတော်ဆုံးတဲ့ ဟိုယန်လောင်အာတောင် စက်ဘီး ဝယ်နိုင်တာ အဖေလည်း သားကို ဝယ်ပေးနော်.."
စက်ဘီးဝယ်ရန် ပူဆာနေသော သားဖြစ်သူကို ကြည့်၍ ကျားဒုံရွှီ ပို၍ပင် စိတ်ပင်ပန်းသွားသည် ။
ထို့နောက် ဆူညံသံကို နားမခံနိုင်တော့၍ ပန့်ကန့်ကို ရိုက်လေတော့၏ ။
ယီမိသားစု...
ပထမအဒေါ်က . .
" အဘိုးကြီးယီ ..လောင်ယန်က သူ့သားကို စက်ဘီးဝယ်ပေးတာ ထူးတော့ ထူးဆန်းတယ်နော်. သူ့လစာက တစ်လကို ယွမ် နှစ်ဆယ်ကျော်ပဲ ရတာလေ.."
ယီကျုံးဟိုင် နှာခေါင်းရှုံ့လိုက်ပြီး...
" ဟမ့်.. တစ်လကို အဲ့လောက်ပဲ ရတယ်လို့ ဘယ်သူပြောလဲ အရှူးတွေမှ ယုံလိမ့်မယ်.. "
အဒေါ်ယီက ခဏတာ ကြောင်အသွားသည် ။ သူမ ယုံနေသည်ဖြစ်၍ သူမအား အရူးဟု ခေါ်ဆိုခြင်း မဟုတ်ပေလော ။
သို့သော် သူမသည် ကလေးမမွေးပေးနိုင်သူဖြစ်၍ ပြန်ခံမပြောရဲပေ ။ တိတ်တဆိတ် စိတ်ကောက်နေရုံသာ တက်နိုင်၏ ။
ထိုသည်ကို မြင်လျှင် ယီကျုံးဟိုင်က သူစကားပြော မှားသွားသည်ကို သတိထားမိသွားပြီး ချော့လိုက်သည် ။
" မိန်းမ.. ချစ်လေး.. ကိုယ် မင်းကို ပြောတာ မဟုတ်ဘူးလေ.. ခြံဝင်းထဲက တခြားသူတွေကို ပြောတာပါ.. "
" အွမ်း.."
အဒေါ်ယီက တိုးတိုးလေးသာ တုန့်ပြန်လိုက်သည် ။ သူမ လည်း ယီကျုံးဟိုင်၏ စိတ်ပင်ပန်းမှုကို နားလည်ပေသည် ။ သူမတို့ မိသားစု၌ ကလေးရှီပါက တစ်စီးမပြောနှင့် ဆယ်စီးပင် ဝယ်ပေးနိုင်၏ ။
ယခုတော့...
သူမတို့တွင် စုဆောင်းငွေများစွာ ရှီသော်လည်း မည်သည့်နေရာ၌ သုံးရမည်နည်း ။
ကျားဒုံရွှီအား ဝယ်ပေးရမည်လော ။ အနည်းအကျဥ်း ထောက်ပံ့ပေးရသည်က အဆင်ပြေသော်လည်း များလျှင် အဆင်မပြေ ။
ဤမျှ စေတနာကောင်းနေလျှင် အရင်ကတည်းက ကလေးမွေးစားထားမည် ဖြစ်သည် ။
ယခု သူ၏ အသက်မှာ ၄၀ ကျော်သာ ရှိသေးပြီး ယခုမွေးစား၍ ကလေးအရွယ်ရောက်ချိန်၌ ခြောက်ဆယ်ကျော်သာ ရှိအုံးမည် ။
အနားယူချိန်နှင့် ကွက်တိပင် ။
ကြီးပြင်းလာချိန်၌ ကျေးဇူးကန်းနိုင်သည်ဟု မပြောပါနှင့် ။ တစ်စုံတစ်ယောက်ကို ကြီးပြင်းအောင် ပြုစုစောင့်ရှောက်ခြင်းက မွေးဖွားခြင်းထက်ပင် ကျော်လွန်သည်ဟု ဆိုရိုးစကားပင် ရှိသေး၏ ။
ထို့အပြင် ကျေးလက်ဒေသများ၌ ခက်ခဲလှသဖြင့် ဆန္ဒရှိလျှင် လသားအရွယ်လေးများကို ကြိုက်သလောက် မွေးစားနိုင်သည် ။
ယီကျုံးဟိုင်က အသက်ကြီးလျှင် စောင့်ရှောက်မည့်သူကို လိုချင်သော်လည်း အချိန်နှင့် ငွေအား မစိုက်ထုတ်ချင်ပေ ။ အသင့်ဖြစ်ပြီးသားကိုသာ လိုချင်၏ ။
မဟုတ်လျှင် ကျားဒုံရွှီ သေသွားပြီးနောက် အရန်ဖြစ်သော ရှာကျူးအား ချက်ချင်း ရွေးလိုက်မည် မဟုတ်ချေ ။
( စာစဥ် ၉ ကစပြီး ၁၆ ပိုင်းထည့်ပေးပါမယ်ဗျ)