← Chapters

အခန်း ၁၂၇၈

Vol. 128 Ch. 1278

အခန်း ၁၂၇၈

Vol. 128 Ch. 1278

အခန်း (၁၂၇၈) ယိုယောင်၏တိုက်ခိုက်မှု

"ဟူး။"

အစစ်အမှန်အရှင်မ ယိုယောင်က သူမ၏ စိတ်ခံစားမှုများကို ထိန်းချုပ်လိုက်ပြီး ထိုသူရှိရာသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

သူမ၏ နောက်ကျောဘက်တွင် ထားရှိသော လက်က ဆုပ်လိုက်ဖြန့်လိုက်ဖြစ်နေ၏။

သို့သော် သူမ၏ လက်ချောင်းထိပ်မှ ချင်းကွမ်း ဓားချီကိုပြတ်ပြတ်သားသား မထုတ်လွှတ်နိုင်ခဲ့ပေ။

သူမက အစောပိုင်းတုန်းက တိုက်ရိုက်လှုပ်ရှားရန် အမှန်တကယ်တွေးခဲ့ပြီး ထို့ကြောင့်ပင် ရှုယွီ သေဆုံးသည့် သတင်းကို သူမ၏ဆရာထံ ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။

သို့သော် အနည်းငယ် တည်ငြိမ်သွားပြီးနောက် ယိုယောင်က တစ်ဖန်ပြန်လည် တုံ့ဆိုင်းသွားခဲ့၏။

ယခုအချိန်တွင် မြောက်ပိုင်းတိုက်ကြီး တစ်ခုလုံးက ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို ခန့်မှန်းနေကြလိမ့်မည်ဟု သူမ အပြည့်အဝ စိတ်ကူးကြည့်နိုင်သည်။ အကယ်၍ သူမ ယခုလှုပ်ရှားလိုက်ပါက၊ ၎င်းသည် သူမ၏အရည်အချင်းမဲ့မှုနှင့် နောက်ဆက်တွဲ ဒေါသတကြီးအရှက်ရမှုကို အတည်ပြုပေးသကဲ့သို့ ဖြစ်သွားပေမည်။

သူမ၏ လက်ရှိ အဆင့်အတန်းကို အနိုင်နိုင် ထိန်းထားနိုင်လျှင်ပင်၊ ထိုသုံးဦးထဲတွင် နောက်ဆုံးအဆင့်သို့ကျဆင်းသွားဖွယ်ရှိပြီး ထိုမသေမျိုး ဧကရာဇ်ပလ္လင်အတွက် အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မည်။

"နင့်ရဲ့ကျင့်ကြံခြင်းကို နင်ဖုံးကွယ်ထားခဲ့တယ်။" သူမက လက်ချောင်းများကို ဖြည်းညှင်းစွာ ဖြေလျှော့လိုက်သည်။

"မင်း သိပြီးသား မဟုတ်ဘူးလား။" ရှန်းယီက ဂရုမစိုက်ဟန်ဖြင့် နောက်သို့ လှမ်းကြည့်လိုက်၏။

ဘာမှမဖြစ်ခဲ့သလို တည်ငြိမ်နေသော လူငယ်လေး၏အမူအရာက ယိုယောင် ထိန်းချုပ်ထားနိုင်ခဲ့သည့် ဒေါသမီးကိုပြန်လည် လောင်ကျွမ်းစေခဲ့သည်။ အံများကိုကြိတ်ကာ သူမက တိုးညှင်းစွာ ပြောလိုက်၏။ "အစောပိုင်းက ငါ မြင်ခဲ့တာတွေကလည်း အတုအယောင်တွေပဲ။"

"အဲဒီတော့ ဘာလဲ၊မင်းက ငါ့ကိုအပြစ်တင်နေတာလား။" ရှန်းယီက ရုတ်တရက် ရယ်မောလိုက်သည်။

နတ်ဆိုးတစ်သောင်းခန်းမဆောင်ထဲတွင် တောင်ပိုင်းဧကရာဇ်နှင့် ရှန်းရွှီ ဘိုးဘေး တို့က အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီး နှစ်ဦးစလုံးက အချင်းချင်း၏မျက်လုံးများထဲရှိ ခံစားချက်ကို မြင်တွေ့လိုက်ရ၏။ သူတို့၏သခင်က အခြားသူများ၏ဒေါသကို ဆွပေးရန် အမှန်တကယ် ကျွမ်းကျင်သည်ဟု ဆိုရပေမည်။

ထို့အပြင် မတူညီသော လူများနှင့် ရင်ဆိုင်ရသည့်အခါ သူက လုံးဝကွဲပြားခြားနားသော အသွင်အပြင်များကို ပြောင်းနိုင်စွမ်းရှိသည်။

ယခင် အစစ်အမှန်အရှင်မ လင်းစုနှင့် ကြုံတွေ့ရစဉ်က သူမကို လှုပ်ရှားစေချင်သောအခါ၊ ရှန်းယီက စကားအနည်းငယ်မျှသာပြောဆိုကာ တိတ်ဆိတ်ပြီး ထိန်းချုပ်ထားခဲ့သော်လည်း ထိုမိန်းကလေး၏နာကျင်နေသော နေရာကို တိကျစွာ နင်းနိုင်ခဲ့သည်။

ယခု ချင်းကွမ်းဂူ၏ထိပ်တန်းတပည့်နှင့် ရင်ဆိုင်ရချိန်တွင် ကောက်ကျစ်သော အစီအစဉ်အောင်မြင်သွားသည့် အောင်နိုင်သူတစ်ဦး၏အခန်းကဏ္ဍကို သူက ပြီးပြည့်စုံစွာ သရုပ်ဆောင်ပြနေ၏။

မျှော်လင့်ထားသည့်အတိုင်း ယိုယောင်၏နှုတ်ခမ်းနီနီလေးများက ပိုမိုတင်းကျပ်လာပြီး သူမ၏ မျက်လုံးများကို ဒေါသက တဖြည်းဖြည်းလွှမ်းမိုးသွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူမက လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။ "ငါ နင့်ကို အပြစ်မတင်ပါဘူး၊ ငါ့ရဲ့မျက်ကန်းဖြစ်မှုကိုပဲ အပြစ်တင်ပါတယ်။ ဒီတစ်ကြိမ်တော့ ငါ ဝန်ခံပါတယ်၊ အဲဒီ သမင်နတ်ဆိုးကို ငါ့ဆီပြန်ပေးပါ၊ ငါ တခြား ဘာမှမတောင်းဆိုပါဘူး၊ နင့်ရဲ့ ဈေးကိုသာ သတ်မှတ်လိုက်ပါ။"

"..."

ရှန်းယီ၏မျက်လုံးများတွင် အံ့ဩသင့်မှုဖြတ်ပြေးသွား၏။

ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် ဤအမျိုးသမီးက လှုပ်ရှားလိုသည့် သူမ၏စိတ်ဆန္ဒကို အတင်းအကျပ် ထိန်းချုပ်ထားနိုင်ခဲ့သည်။

ဤအရာက မြောက်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများအပေါ် သူ၏အမြင်ကို အနည်းငယ် ပြောင်းလဲသွားစေခဲ့၏။

ရှန်းယီအနေဖြင့် ယခုအချိန်တွင် ပြိုင်ဘက်ကို ကျော်လွန်နိုင်မည့် ယုံကြည်မှု အမှန်တကယ် ကင်းမဲ့နေသည်။ မည်သို့ပင်ဆိုစေ လမ်းကြောင်းနှစ်ခုလုံးပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားလျှင်ပင် သူက ရွှေမသေမျိုးတစ်ပါး၏တပည့် မဖြစ်သေးသဖြင့် ရတနာများနှင့် နည်းစနစ်များ ချို့တဲ့နေဆဲ ဖြစ်သည်။

ဤအမျိုးသမီး၏ဝိညာဉ် ရတနာများက မည်မျှအထိအသုံးဝင်နိုင်စွမ်းရှိမည်ကို မည်သူ သိနိုင်မည်နည်း။

သို့သော် သူက ယိုယောင်ကို မသတ်နိုင်လျှင်ပင် မိမိကိုယ်ကိုယ်ကာကွယ်ရန်မှာ ပြဿနာ မဟုတ်ပေ။

အကယ်၍ ပြိုင်ဘက်က ယနေ့ မလှုပ်ရှားပါက၊ မသေမျိုးသုံးပါးဂိုဏ်းထဲသို့ သူမည်သို့လုပ်ပြီး ရောက်ရှိသွားနိုင်မည်နည်း။

ယိုယောင်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျင့်ကြံသူတစ်ဦးက အခြားသူများသေချာပေါက်အလိုရှိနေမည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်လာမည် မဟုတ်လော။

"ဈေးသတ်မှတ်ဖို့ မလိုပါဘူး၊ ငါက အခုမှ ရောက်လာတာဆိုတော့အရှုပ်အထွေးတွေကို နားမလည်သေးဘူး၊ မင်း သင့်တော်သလိုသာ ပေးလိုက်ပါ။"

ရှန်းယီက အေးအေးလူလူမတ်တပ်ရပ်ကာ သူ၏အင်္ကျီလက်ကို ပေါ့ပေါ့ပါးပါး ခါလိုက်ရာ ဧရာမ သမင်ခေါင်းကြီးတစ်ခုက မြေကြီးပေါ်သို့ ဘုတ်ခနဲ ကျလာ၏။ အရှင်လတ်လတ်လည်ပင်းညှစ်ခံရသည့်မျှော်လင့်ချက်မဲ့မှုက ထိုအမာရွတ်ရှိသောမျက်နှာကို ပို၍ အရုပ်ဆိုးပြီး ကြောက်မက်ဖွယ်ကောင်းအောင် ဖန်တီးထားကာ၊ ဟာလာဟင်းလင်းဖြစ်နေသော မျက်လုံးများက သူ့ရှေ့ရှိအမျိုးသမီးကို တည့်တည့် စူးစိုက်ကြည့်နေသည်။

"..."

ယိုယောင်မှာ ထိုနေရာတွင်ပင် အေးခဲသွားခဲ့၏။

နတ်ဆိုးကပ်ဘေးကို ဖြေရှင်းရာတွင် လှိုင်းဂယက် အနည်းငယ်မျှပင်မဖြစ်ပေါ်စေဘဲ ဤတောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူပြသခဲ့သည့် နည်းလမ်းများအရ၊ ဤခေါင်းပေါ်ရှိ အမူအရာက သက်သေပြနေသကဲ့သို့ သူက သမင်နတ်ဆိုးထက် အများကြီး သာလွန်ကြောင်း ထင်ရှားပေသည်။

တစ်နည်းဆိုရလျှင် အောင်ပွဲအတွက် အသေအလဲ တိုက်ခိုက်ရသည့် မျှော်လင့်ချက်မဲ့ အခြေအနေမျိုး မရှိခဲ့ပေ။

ဤမိစ္ဆာတွင် သမင်နတ်ဆိုးကို သတ်ရန် အကြောင်းပြချက် မရှိပေ။ ထိုမဟာနတ်ဆိုးကြီးကို နှိမ်နင်းနိုင်စွမ်း သူအပြည့်အဝ ပိုင်ဆိုင်ထားသည်။

ထို့အပြင် နတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်သည့် လုပ်ရပ်က အကျိုးမရှိဘဲဆုံးရှုံးမှုသာ ရှိသည်။ ဤသို့ လုပ်ဆောင်ရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ... သူမကို ရန်စရန်ပင်။

"ငါ့ကိုရန်စချင်ခဲ့တာဆိုရင်တော့ နင် အောင်မြင်သွားပါပြီ။" ယိုယောင်၏ မျက်နှာပေါ်ရှိ စိတ်ခံစားမှုအားလုံးချက်ချင်း ပျောက်ကွယ်သွားပြီး သူမ၏မေးစေ့ကို အနည်းငယ်မော့ထားလိုက်ရာ အေးစက်သောလျစ်လျူရှုမှုသာ ကျန်ရှိတော့၏။

ဆန့်ထုတ်ထားသော သူမ၏ လက်က တဖြည်းဖြည်းလက်သီးအဖြစ် ဆုပ်သွားပြီး၊ ချင်းကွမ်း အလင်းတန်းများက စစ်တုရင်ခုံတစ်ခုအလားကောင်းကင်အမိုးခုံးကို ခွဲဖွင့်ကာ ခိုင်ယွမ်စီရင်စုအပေါ်ရှိ ကောင်းကင်ယံကို လွှမ်းခြုံသွားသည်။

"ဈေးနှုန်းကတော့ နင့်ရဲ့ အသက်ပဲ။" ခိုင်ယွမ်စီရင်စုက ကျင့်ကြံသူ များစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်ထားပြီးဖြစ်ရာ၊ အချို့မှာ အဝေးသို့ မရောက်ကြသေးပေ။ ဤမျှကြီးမားသော ဆူညံပွက်လောရိုက်မှုက သူတို့၏အမြင်မှ မလွတ်ကင်းနိုင်ပေ။

သူတို့အားလုံးက ပေါက်ကွဲထွက်လာသော ကပ်ဘေးချီ၏ ဦးတည်ချက်ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြ၏။

၎င်းတို့အထဲတွင် ဤနေရာ၌တိုက်ဆိုင်စွာ ရောက်နေသော လီရှန်းလည်း ပါဝင်သည်။

"စီနီယာအစ်ကို..." တပည့်များက တိုးညှင်းစွာ ခေါ်လိုက်ကြသည်။ ယခင်က မြောက်ပိုင်းတိုက်ကြီးမှ ဂိုဏ်းတူတပည့်များက မသေချာမရေရာ ဖြစ်နေသေးပြီး အချို့က စီနီယာအစ်မ ယိုယောင်က သဘောကောင်းသည်ဟု ထင်နေခဲ့သော်လည်း ယခုအခါ သူတို့အဆုံးအဖြတ်ကို အတည်ပြုပေးနိုင်လုနီးပါး ဖြစ်သွားပြီဖြစ်၏။

မြောက်ပိုင်းတိုက်ကြီး၏ ကောင်းကင်ပါရမီရှင်က တောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူကို အမှန်တကယ်ပင် မယှဉ်နိုင်ခဲ့ပေ။

"ကြည့်ရတာ သူက အရှုံးကြီးရှုံးလို့ တည်ငြိမ်မှုကို တကယ် ဆုံးရှုံးသွားပုံရတယ်။" လီရှန်းက မြင်ကွင်းကို ကြည့်ချင်ခဲ့သည်မှာ မှန်သော်လည်း၊ ဤမျှအထိကြီးထွားလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

မသေမျိုးတစ်ပါးက သေမျိုးများရှေ့တွင် ပွင့်ပွင့်လင်းလင်းတိုက်ခိုက်ခြင်းမှာ မြောက်ပိုင်းတိုက်ကြီးတွင်သာမက ဂိုဏ်းနှစ်ခုလုံးကို ဖြတ်ကျော်ကြည့်လျှင်ပင် ဤသည်က ပထမဆုံးအကြိမ် ဖြစ်လောက်ပေသည်။

"နည်းနည်းတော့ နှမြောစရာပဲ။" လီရှန်းက သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်၏။ ယခုလေးတင် မြင့်တက်လာမည့်အရိပ်အယောင်များ ပြသနေသော ထိုလူငယ်လေးက၊ နောက်ဆုံးတွင် ထိုနောက်ဆုံး နေရာကိုစွန့်လွှတ်ရသည့် စျေးနှုန်းဖြင့် ယိုယောင်၏ပြင်းထန်သော ဖိနှိပ်မှုကို ခံလိုက်ရသည်။

ဤတိုက်ပွဲ၏ ရလဒ်နှင့် ပတ်သက်၍ သူ မည်သည့် မျှော်လင့်ချက်မှ မထားပေ။

တောင်ပိုင်းတိုက်ကြီးမှ လူများက သတ္တိနှင့် ဉာဏ်ရည်ဉာဏ်သွေး ရှိသော်လည်း နောက်ခံနှင့် အခြေခံအုတ်မြစ် ချို့တဲ့ကြသည်။ အကယ်၍ အကြီးအကဲ တစ်ယောက်ယောက်က သတိပြုမိပြီး သူအချိန်အနည်းငယ်ပိုရှိခဲ့ပါက မျှော်လင့်ချက် အနည်းငယ် ရှိလာနိုင်ပေသည်။

သို့တိုင် သူက အရမ်း အလျင်လိုလွန်းနေခဲ့၏။

ယိုယောင်၏ အပြုအမူကလည်း ထူးဆန်းနေသည်။ သူမအပေါ် လီရှန်း၏ နားလည်မှုအရဆိုလျှင် ဤအမျိုးသမီးက ဤမျှစိတ်မရှည်သူ မဖြစ်သင့်ပေ။

အကယ်၍ ချီရှန်းသာ ဤအကြောင်းကို သိပါက၊ သူက ရယ်မောနေလောက်ပြီဖြစ်၏။

လူအုပ်ကြီး၏ ဆွေးနွေးမှုများကြားတွင်။

အစစ်အမှန်အရှင်မ ယိုယောင်က သူမ၏ လက်ချောင်းငါးချောင်းကို ပြင်းပြင်းထန်ထန် ဆုပ်လိုက်ပြီးဖြစ်ကာ ကောင်းကင်အမိုးခုံးရှိ စစ်တုရင်ခုံက ချက်ချင်း ကျဆင်းလာ၏။ ကျယ်ပြန့်သော ချင်းကွမ်းအလင်းတန်းက လွတ်မြောက်၍မရသော ပိုက်ကွန်တစ်ခုအလား တင်းကျပ်လာပြီး ပြင်းထန်သော အသက်ရှူကျပ်မှုကို ခံစားရစေကာ၊ ၎င်း၏ အမြန်နှုန်းက ပြီးခဲ့သည့်အကြိမ်က ချင်းကွမ်း ဓားအစီအရင်ထက် အဆတစ်ရာ ပိုမြန်နေသည်။

ပြီးခဲ့သည့်အကြိမ်က စမ်းသပ်မှုတစ်ခုဟုဆိုရလျှင် ဤတစ်ကြိမ်တွင်မူ သူမက သူ၏အသက်ကို ယူရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

All Chapters