အခန်း ၁၁၈၉
Vol. 100 Ch. 1189
အခန်း ၁၁၈၉ –
မောင်နှမများ ပြန်လည်ဆုံစည်းခြင်း။
အဖြူရောင်မြက်ခင်းပြင် ပြည်နယ်၏ မိုးတိမ်အင်မော်တယ်မြို့တွင် လျန်မိသားစုသည် အခြေချနေထိုင်၏။
ယင်းသည်မြို့တော်ဟု ခေါ်ဆိုသော်လည်း လွန်စွာကျယ်ပြန့်သောဧရိယာကြောင့် နိုင်ငံငယ် တစ်ခုကဲ့သို့ပင် ခမ်းနားလှပေသည်။
များမကြာခင် ယွီထျန်းဦးဆောင်မှုဖြင့် စုရီနှင့်ဖန်ဟန်တို့သည် ဧကတစ်ထောင်ကျော် ကျယ်ဝန်းလှသော အိမ်တော်ကြီးတစ်ခုသို့ ရောက်ရှိလာခဲ့ကြ၏။
မြို့တော်တစ်ခွင်တွင် ပြန့်ကျဲ တည်ရှိနေသော လျန်မိသားစု၏ အိမ်တော်ကြီး အများအပြားအနက်မှ တစ်ခုမျှသာ ဖြစ်သည်။
“ သခင်လေးနဲ့ သခင်မလေးတို့ကို ဂါရဝပြုဖို့အတွက် ကောင်လေးဖန်ဟန်ကိုပဲ ခေါ်သွားပါရစေ မင်းဒီမှာ စောင့်ဆိုင်းနေပါ။ ”
ယွီထျန်းက စုရီကိုဧည့်ခန်းဆောင် တစ်ခုဆီသို့ ခေါ်ဆောင်လာပြီး အေးစက်စက် လေသံဖြင့်ပြောကြားလိုက်သည်။
“ မဟုတ်ဘူး ငါလည်း အစ်ကိုစုနဲ့အတူ ဒီနေရာမှာပဲစောင့်မယ် ငါ့အစ်မတွေ့ချင်တယ် ဆိုရင် သူကိုယ်တိုင်လာပါစေ။ ”
ရုတ်တရက် ဖန်ဟန်က ထိုင်ခုံတစ်လုံးတွင်ဝင်ထိုင်ကာ ပြောကြား လိုက်လေသည်။
ယွီထျန်းတစ်ယောက် မျက်ခုံးပင့်သွား၏။ စုရီမှအသာအယာပြုံးပြီး တိတ်ဆိတ်နေခဲ့သည်။ နောက်ဆုံးတွင် ယွီထျန်းသည် နှာခေါင်းရှုံ့လျက် လှည့်ထွက်သွားခဲ့တော့၏။
“ အစ်ကိုစု ငါလွန်သွားလား။ ”
ယွီထျန်း ထွက်သွားပြီးနောက် ဖန်ဟန်မှ စုရီကိုမေးမြန်းလာသည်။ စုရီမှ အခေါ်အဝေါ်ကို ပြောင်းလဲလာသော ဖန်ဟန်ထံခေါင်းပုတ်ကာ၊
“ အရမ်းကောင်းတယ်။ ”
-ဟု ဖြေကြားလိုက်၏။
“ လျန်မိသားစုက ဘယ်လောက်ပဲ အာဏာရှိရှိ ... သူတို့ဆီကနေ အကျိုးအမြတ် တစ်ခုခုကိုတောင်းခံဖို့ လာတာမှ မဟုတ်တာ ဘာဖြစ်လို့ သူတို့ရဲ့ အလိုကျအတိုင်း လိုက်ပြီး လုပ်ဆောင်နေရမှာလဲ ...
... နဂါးခြင်္သေ့မျိုးနွယ်စုရဲ့ သားစဉ်မြေးဆက်တစ်ယောက်အနေနဲ့ ... ဒီလို မာနမျိုးရှိသင့်တာ သဘာဝပါပဲ။ ”
-ဟု ပြောကြားလိုက်သည်။
“ အဟွတ် အဟွတ် ... ။ ”
အိမ်တော်၏ အခြားတစ်နေရာရှိ ခမ်းနားလှသော ခန်းမဆောင်ကြီးအတွင်း၌ ကျောက်စိမ်းပြားတစ်ချပ်ကို ဖတ်ရှုနေသည့် လျန်ဝမ်ယူသည် ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးသွားလေသည်။
သူသည် ရိုးရှင်းသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များစည်းထားကာ လွန်စွာသိမ်မွေ့သော ပုံစံမျိုးရှိချေ၏။
သို့သော် သူ့ရောင်ဝါသည် ဖရိုဖရဲနှင့် အားနည်းနေပြီး နာမကျန်းဖြစ်နေသည့်အလား အသားအရေဖြူဖျော့နေ၏။
ချောင်းဆိုးလိုက်သည့် အကြိမ်တိုင်းတွင် မျက်ခုံးနှစ်ခုကြား မထိန်းချုပ်နိုင်သော နာကျင်မှု ဝေဒနာအရိပ်အယောင်များ ပေါ်ထွက် လာတတ်လေသည်။
“ အစ်ကိုလျန် ... မင်းရဲ့ ဒဏ်ရာတွေက ဆိုးရွားလာပြန်ပြီလား။ ”
ဘေးတွင် ရပ်နေသော ဖန်ယွီရုံမှ စိုးရိမ်ပူပန်မှုများနှင့် နူးညံ့မှုများ ပြည့်နှက်လျက် ဂရုတစိုက်ဖေးမပေးရှာသည်။
“ ဒါက ပုံမှန်ပါပဲ။ ”
လျန်ဝမ်ယုက အသက်ကို ပြင်းပြင်းရှူသွင်းကာ ပြုံးရွှင်စွာဖြင့် အင်္ကျီလက် ဝှေ့ယမ်းပြလိုက်သည်။
“ ယွီရုံ ... ဒီညပြီးရင် ငါတို့ လက်ထပ်ကြရတော့မယ် ငါ့ကိုပိုပြီးတော့ ပျော်ရွှင်စေတာကတော့ မင်းရဲ့မောင်လေး ဖန်းဟန်သတင်းကို ရခဲ့တာပဲ။ ”
ဖန်ယွီရုံ၏ မျက်ဝန်းများတွင် မျှော်လင့်ချက်အလင်းရောင်များ တောက်ပ သွားပြီးနောက်၊
“ ဒါ အရမ်းကောင်းတယ်။ ”
-ဟု တုန့်ပြန်လိုက်၏။
ဤနှစ်များအတွင်း ဖန်ဟန်ကို သူမ လုံးဝမေ့မရခဲ့ချေ။ သူမနှင့် လျန်ဝမ်ယုတို့သည် လျန်မိသားစု၏ အင်အားကို အသုံးချကာ မောင်ဖြစ်သူ၏ တည်နေရာကို ရှာဖွေရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသည်။
သို့သော် အမြဲတမ်း လက်ချည်း သက်သက်ဖြင့်သာ အဆုံးသတ်ခဲ့ရတော့၏။ မမျှော်လင့်ဘဲလျန်ဝမ်ယူနှင့် လက်ထပ်ရန် ရက်ပိုင်းအလိုတွင် နဂါးခြင်္သေ့ ကြယ်တာရာ ပြောင်းလဲခြင်း သင်္ကေတထံမှ ဆက်သွယ်မှုကို လက်ခံရရှိခဲ့သည်။
စိတ်လှုပ်ရှားမှု၊ ထိတ်လန့်မှုနှင့် ဝမ်းမြောက်မှုများ ရောနှောနေကာ အိပ်မက် တစ်ခုလိုပေပင်။
“ ဒီအစေခံအိုကြီးက ... သခင်လေးနဲ့ သခင်မလေးတို့ကို ဂါရဝပြုပါတယ်။ ”
ထိုစဉ် ယွီထျန်းရောက်ရှိလာပြီး လျန်ဝမ်ယုနှင့် ဖန်ယွီရုံတို့ကို ရိုသေစွာ ဦးညွှတ် လိုက်လေသည်။
“ ဦးလေးယွီ ... ငါ့မောင်လေး ဘယ်မှာလဲ။ ”
“ ကောင်လေးဖန်ဟန်က အခု ဧည့်သည်ဆောင်ထဲမှာ စောင့်ဆိုင်းနေပါတယ်။ ”
ထိုအဖြေကြောင့် လျန်ဝမ်ယုမှ မျက်မှောင်ကြုတ်သွားပြီး၊
“ သူ့ကို ဘာလို့ တိုက်ရိုက် မဖိတ်ခေါ်ခဲ့တာလဲ။ ”
- ဟု မေးမြန်းလိုက်၏။ ယွီထျန်းမှ အမူအရာပြောင်းလဲလျက် အသံကိုနှိမ့်ချကာ၊
“ သခင်လေး ... ကောင်လေးဖန်ဟန် အနားမှာ သူ့ရဲ့အသက်သခင် ကျေးဇူးရှင်ဆိုတဲ့ လူငယ်လေးတစ်ယောက် ပါလာပါတယ် ...
... ဒီလူငယ်လေးရဲ့ နောက်ခံအကြောင်းရင်းက သံသယဖြစ်စရာ ကောင်းသလို ... တစ်ခုခုကြံစည်နေမှာကို စိုးရိမ်မိပါတယ်။ ”
-ဟု တိုးတိုးလေး ရှင်းပြလိုက်သည်။
ထို့နောက် သူသည် ဖန်ဟန်ကို တွေ့ရှိခဲ့ချိန်မှစ၍ လမ်းခရီးတစ်လျှောက်တွင် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံး ပြန်လည် တင်ပြလိုက်၏။
“ အဲဒီစုရီဆိုတဲ့လူက တကယ်ကို မယဉ်ကျေးလွန်းပါဘူး အသက်အရွယ်အရ အရမ်းငယ်သေးပေမယ့် ... အရမ်းမာနကြီး လွန်းပါတယ် ... ။ ”
“ တိတ်စမ်း ... ။ ”
“ ခွမ်း ... ။ ”
လျန်ဝမ်ယုမှ လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါ်သို့ ဒေါသတကြီးကိုင်ပေါက်ကာ အေးစက်သွားတော့၏။
“ ယွီထျန်း ... မင်းကမှ တကယ့်ကို မာနကြီးလွန်းတာပဲ တာအိုစုရီဟာ ဖန်ဟန်ရဲ့ အသက်သခင်ကျေးဇူးရှင် ဖြစ်မှန်း သိလျက်နဲ့ သူ့အပေါ်မှာ ဒီလိုမျိုး မလေးမစားပြုပြီး အသရေဖျက်ဝံ့သလား ...
... ဒါက ငါတို့ လျန်မိသားစုရဲ့ ဧည့်ဝတ်ကျေပွန်တဲ့ အပြုအမူမျိုးလား မင်းမှာ စဉ်းစားဉာဏ်မရှိဘူးလား။ ”
ယွီထျန်းခမျာ တုန်လှုပ်သွားပြီး ချက်ချင်းခေါင်းငုံ့လျက် တိတ်ဆိတ်သွားရသည်။ ဖန်ယွီရုံသည်လည်း မျက်မှောင်ကြုတ်လိုက်ကာ မတ်တပ်ထရပ်လိုက်၏။
“ အစ်ကိုလျန် ... ငါတို့မောင်လေးကို အရင်သွားတွေ့ကြရအောင်။ ”
လျန်ဝမ်ယုက အလျင်အမြန်ပင်၊
“ ကောင်းပြီ ... အဖိုးကြီးယွီထျန်း လမ်းပြပါ။ ”
-ဟု အမိန့်ပေးလိုက်တော့၏။
ဧည့်သည်ဆောင်အတွင်း၌ ဖန်ဟန်နှင့် ဖန်ယွီရုံတို့မောင်နှမနှစ်ဦးသည် သုံးနှစ်ကျော်မျှ ခွဲခွာနေခဲ့ရပြီးနောက် ပြန်လည် ဆုံတွေ့ရသဖြင့် နှစ်ဦးစလုံး စိတ်လှုပ်ရှားမှုများ ပြည့်လျှံနေသည်။
ဖန်ဟန်ခမျာ မျက်လုံးများ ရဲတွတ်နေကာ ဖန်ယွီရုံမှာမူ ခံစားချက်များ မထိန်းနိုင်တော့ဘဲ မောင်ဖြစ်သူကို ပွေ့ဖက်ငိုကြွေးနေရှာ၏။
စုရီမှာမူ မောင်နှမနှစ်ဦး လွတ်လပ်စွာ စကားပြောနိုင်စေရန်အတွက် လိမ္မာပါးနပ်စွာ အပြင်သို့ ထွက်ခွာပေးခဲ့သည်။
“ ငါ့နာမည် လျန်ဝမ်ယုပါ ... တာအိုစုရီကိုနှုတ်ဆက်ပါတယ်။ ”
ဧည့်ခန်းမဆောင်၏ အပြင်ဘက် ဥယျာဉ်အတွင်းတွင် လျန်ဝမ်ယုမှ လက်နှစ်ဖက် ဆုပ်ကိုင်လျက် နှုတ်ဆက်လာလေသည်။
“ လမ်းခရီးတစ်လျှောက်မှာ ယွီထျန်းက တာအိုစုရီကို မလေးမစားလုပ်ခဲ့မိတာအတွက် တောင်းပန်ပါတယ် ... တာအိုစုရီအနေနဲ့ သူ့ကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”
သူ့ဘေးတွင် ရပ်နေသော အဖိုးကြီးယွီထျန်းသည် ခေါင်းကို ငုံ့ချလျက် မသက်မသာသော အမူအရာဖြင့် စုရီထံ အလျင်အမြန် တောင်းပန်တော့သည်။
“ ဒီအဖိုးကြီးက မိုက်မဲမိတဲ့အတွက် ခွင့်လွှတ်ပေးပါ။ ”
လမ်းတလျှောက် ပြသခဲ့သော မာနနှင့် အရှိန်အဝါများ လုံးဝ ဥဿုံ ပျောက်ကွယ်နေခဲ့ပြီ ဖြစ်လေသည်။ စုရီက သူ့ကို လျစ်လျူရှုပြီး လျန်ဝမ်ယုထံ ကြည့်လိုက်၏။
“ ဒီလိုကိစ္စလေးအတွက် ငါစိတ်ထဲမှာ မထားပါဘူး။ ”
စုရီ တုန့်ပြန်မှုကြောင့် လျန်ဝမ်ယုခမျာ ချက်ချင်းပင် ဝမ်းမြောက်စွာ ပြုံးရယ်လာခဲ့ပြီး၊
“ တာအိုစုက ဖန်ဟန်ရဲ့ အသက်သခင် ကျေးဇူးရှင်ဆိုတာ ငါ ကြားသိရပါတယ် ... ဒီလို ကြီးမားလှတဲ့ ကျေးဇူးတရားအတွက် ပွဲတစ်ခု လုပ်ပေးဖို့ ငါ့မှာအချိန်မရှိတာ ခွင့်လွှတ်ပေးပါ။ ”
လျန်ဝမ်ယု လေသံသည် အလွန်ပင် ယဉ်ကျေးပျူငှာသောအပြုအမူမျိုး ရှိနေခဲ့ပြီး မာနထောင်လွှားခြင်း မရှိချေ။ သို့သော် စုရီမှ သက်ပြင်းချလိုက်ပြီး၊
“ ငါအဆင်ပြေပါတယ် မင်းကိုယ်မင်း ဂရုစိုက်ပါ။ ”
-ဟု ပြောကြားလိုက်တော့၏။
ထိုအချိန်တွင် အခန်းတွင်းရှိ မောင်နှမနှစ်ဦးသည်လည်း ငိုကြွေးနေရာမှ တည်ငြိမ်မှု ပြန်လည်ရရှိသွားကြသည်။
ဖန်ယွီရုံမှ သူမအသံကိုနှိမ့်ချကာ၊
“ မောင်လေး ... မင်း ပို့လိုက်တဲ့စာထဲမှာ ရေးထားတာတွေကြောင့် စိတ်မပူပါနဲ့ ... အဲဒီ တာအိုစုရီက တကယ်ပဲ မကောင်းတဲ့လူ မဟုတ်ရင် သေချာပေါက် ...
... ကျေးဇူးဆပ်ပါ့မယ် ဒါပေမဲ့ ... တကယ်လို့သာ သူက မင်းအပေါ်ကို တစ်ခုခု ရည်ရွယ်ထားရင် ... အစ်မေ သူ့ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ”
-ဟု ပြောကြားလိုက်သည်။ ဖန်ဟန်မှ သူ့အစ်မစကားကြောင့် အလျင်အမြန်ပင်၊
“ အစ်မ ... အစ်ကိုစုက မကောင်းတဲ့လူ မဟုတ်ဘူးဆိုတာ သေချာပေါက်အာမခံတယ် မင်း သူ့ကို ယုံလို့ရတယ်။ ”
-ဟု ရှင်းပြလိုက်သည်။
“ အစ်မလည်း အဲဒီလို ဖြစ်ပါစေလို့ ဆုတောင်းနေပါတယ် ဘာပဲဖြစ်ဖြစ် ငါတို့တွေ သတိထားရမယ် မဟုတ်လား ... ငါတို့ရဲ့ အတိတ်က ခါးသီးနာကျင်စရာတွေကို မမေ့ပစ်လိုက်နဲ့။ ”
ဖန်ဟန်မှ ထပ်မံ ရှင်းပြရန် ပါးစပ်ဟလိုက်သော်လည်း ဖန်ယွီရုံမှ နှုတ်ခမ်း အပေါ် လက်တင်လျက်၊
“ အခု ဒီအကြောင်းတွေကို ထပ်မပြောနဲ့တော့ တာအိုစုရီနဲ့ သွားတွေ့ ကြရအောင် သူ့ကိုအပြင်မှာ ကြာကြာကြီး စောင့်ခိုင်းထားလို့ မကောင်းဘူး။ ”
-ဟု အကြံပြုလိုက်သည်။
ထို့နောက်တွင် သူမသည် မောင်ဖြစ်သူ ဖန်ဟန်၏လက်ကို ဆွဲကိုင်လျက် ခန်းမအပြင်သို့ လျှောက်လှမ်းလာခဲ့သည်။
***