အခန်း ၁၁၉၀
Vol. 100 Ch. 1190
အခန်း ၁၁၉၀ –
ကံဆိုးမှုကို မျှဝေခံစားကြခြင်း။
ခမ်းနားထည်ဝါလှသော ခန်းမဆောင်ကြီးအတွင်း၌ ကျောက်စိမ်းစားပွဲ တစ်ခုပေါ်တွင် ပူပူနွေးနွေးနှင့် အငွေ့များ ထောင်းထောင်းထနေသော ဟင်းလျာများ တည်ခင်းပေးထားသည်။
စုရီ၊ ဖန်ဟန်၊ လျန်ဝမ်ယုနှင့် ဖန်ယွီရုံတို့ လေးဦးသည် ဝိုင်းဖွဲ့ထိုင်နေကြပြီး အခြားသော အစေခံများ တစ်ဦးမျှ ရှိမနေချေ။
“ တာအိုစု ... ငါ့မင်းအတွက် တစ်ခွက်သောက်ပါရစေ ဒီနေ့ ပွဲကြီးကြီးကို မကျင်းပပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်။ ”
လျန်ဝမ်ယုက သူ့ဝိုင်ခွက်ကို ကိုင်မြှောက်လျက် လှိုက်လှိုက်လှဲလှဲ ပြုံးပြကာ တောင်းပန်ပြောကြားလိုက်သည်။
“ ဖန်းဟန်အပေါ် ထားရှိတဲ့ မင်းရဲ့ ကျေးဇူးတရားကို ငါနဲ့ယွီရုံးတို့က သေချာပေါက် ပြန်ဆပ်ပါ့မယ်။ ”
ထို့နောက် သူခွက်အတွင်းရှိ ဝိုင်ကို တကျိုက်တည်း မော့သောက်ချလိုက်တော့၏။ သူ့ဘေးရှိ ဖန်ယွီရုံသည်လည်း လေးစားမှုများနှင့် သူမဝိုင်ခွက်ကို မြှောက်ကာ လိုက်ပါ ဂုဏ်ပြုခဲ့လေသည်။
စုရီသည်လည်း ငြင်းဆန်ခြင်း မရှိဘဲ သူ့ဝိုင်ခွက်ကိုမြှောက်ကာ တစ်ဦးချင်းစီအပေါ် တုံ့ပြန်ဂုဏ်ပြုသောက်ပြလိုက်၏။
“ အစ်မ ... အစ်မနဲ့ အစ်ကိုလျန်တို့ ဘယ်လိုတွေ့ခဲ့ကြတာလဲ။ ”
ဖန်ဟန်မှ စူးစမ်းမေးမြန်းလေသည်။ လျန်ဝမ်ယုနှင့် ဖန်ယွီရုံသည် ဤမေးခွန်းအပေါ် မျှော်လင့်ထားသည့်အလား အချင်းချင်း ပြန်ကြည့်ကာ ပြုံးရယ်လိုက်ကြ၏။
“ ငါပဲ ပြောပြပါရစေ ... ။ ”
ဖန်ယွီရုံမှ ကြယ်တာရာကဲ့သို့ တောက်ပသောမျက်ဝန်းများတွင် အတိတ်ကို အမှတ်ရနေသော အရိပ်များ ပေါ်လာသည်။
သူမနှင့် ဖန်ဟန်တို့သည် လွန်ခဲ့သော သုံးနှစ်ခန့်က ကျွန်အဖြစ်ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပြန်လည်ရောင်းချခြင်း ခံလိုက်ရ၏။
ဖန်ယွီရုံကို ဝယ်ယူသူသည် သူမ၏ သွေးအဆီအနှစ်ကို ဆေးဖက်ဝင် ပစ္စည်းအဖြစ် အသုံးပြုကာ မိစ္ဆာဆေးပြားတစ်မျိုး ဖော်စပ်ရန် ကြံစည်ထားသည်။
ထိုစဉ် ခရီးကြမ်းနှင်နေသော လျန်ဝမ်ယုသည် မတော်တဆ တွေ့ရှိသွားကာ ထိုမိစ္ဆာကျင့်ကြံသူ (၁၉) ဦးကို နေရာ၌ပင် သုတ်သင်ပစ်ခဲ့၏။
ဤနည်းဖြင့် ဖန်ယွီရုံကို လျန်အိမ်တော်သို့ ခေါ်ဆောင်လာပြီး ဂရုတစိုက် ပြုစုစောင့်ရှောက် ပေးခဲ့သည်။ ထိုနောက် သူမတို့နှစ်ဦးသည် ရင်းနှီးကျွမ်းဝင်လာခဲ့ကြခြင်းဖြစ်ချေ၏။
ထိုအချိန်မှစ၍ ဖန်ယွီရုံသည် လျန်မိသားစုနှင့်အတူနေထိုင်ခဲ့ပြီး အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ လျန်ဝမ်ယုနှင့် သူမ၏ ဆက်ဆံရေးမှာလည်း တဖြည်းဖြည်း ပိုမို နက်ရှိုင်းလာခဲ့လေသည်။
“ ဒါဆို အစ်ကိုလျန်က တကယ်တော့ အစ်မရဲ့ ကျေးဇူးရှင်ဖြစ်နေတာကိုး ... အစ်မက သူ့ကို လက်ထပ်ဖို့ ဆန္ဒရှိနေတာ မဆန်းပါဘူး။ ”
ဖန်ဟန်မှ နားလည်သွား၏။ လျန်ဝမ်ယုက ခေါင်းခါယမ်းလိုက်ပြီး၊
“ အဲဒီလို မပြောပါနဲ့ ညီလေးဖန် ... မင်းအစ်မနဲ့ငါ လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာက အသက်ကယ်တင်တာနဲ့ မဆိုင်ပါဘူး ...
... ငါတို့နှစ်ယောက်က ကံကြမ္မာချင်း ဆင်တူပြီး ... တစ်ယောက်ကိုတစ်ယောက် အစစ်မှန်ယုံကြည်ကြလို့ပါ။ ”
-ဟု တုန့်ပြန်ဖြေရှင်း၏။ ဖန်ယွီရုံမှလည်း ချိုသာစွာ ပြုံးလျက် ခေါင်းညိတ်ထောက်ခံပြီး လျန်ဝမ်ယုထံ နူးညံ့စွာကြည့်လေသည်။
“ တစ်ယောက်ကို တစ်ယောက် ယုံကြည်ကိုးစားရတဲ့ အဖော်မွန် ဟုတ်လား ဒါကို ဘယ်လိုမျိုး အဓိပ္ပာယ် ဖွင့်ဆိုထားလဲ။ ”
တချိန်လုံး တိတ်ဆိတ်နေသော စုရီမှ ဝင်ရောက်မေးမြန်းသည်။ ဖန်ယွီရုံးတစ်ယောက် မျက်မှောင်ကြုတ်သွားတော့၏။
ဤမေးခွန်းသည် လွန်စွာ ရုတ်တရက် ဆန်လွန်းနေပြီး မလိုအပ်ဟု သူမ ခံစားရသည်။ လျန်ဝမ်ယုသာလျှင် စိတ်ထဲမထားဘဲ ပြုံးလျက်၊
“ ရိုးရိုးသားသား ပြောရရင် ယွီရုံနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ ငါ့အခြေအနေတွေကို အကုန် ဖွင့်ဟပြောပြခဲ့သလို၊ သူမလည်း သူမရဲ့ အတိတ်နဲ့ အခြေအနေအားလုံးကို ပြောပြခဲ့ပါတယ် ဒါကြောင့် ...
... ငါတို့နှစ်ယောက် အတူတူရှင်သန်ဖို့ ဆုံးဖြတ်ချက်ချတာက ခဏတာ စိတ်လှုပ်ရှားမှု မဟုတ်ပါဘူး။ ”
-ဟု ရှင်းပြလေသည်။
“ ဟုတ်တယ် ... အစ်ကိုလျန်မှာ ကုသလို့မရတဲ့ နာတာရှည် ဝေဒနာဆိုးတစ်ခုကို ခံစားနေရသလို လျန်မိသားစုအတွင်းမှာလည်း သူ့ရဲ့ရာထူးအဆင့်အတန်းက အတော်လေး မတည်မငြိမ်ဖြစ်နေတယ် ...
... သူက ငါ့ကို စိတ်ဆင်းရဲစေမှာ စိုးရိမ်တာကြောင့် အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပြီးပြီ သူ့အနားမှာ အတူရှိနေခွင့် မပေးချင်ခဲ့ပါဘူး။ ”
ဖန်ယွီရုံမှလည်း ဆိုသည်။ ဖန်ဟန် မှင်သပ်သွားရသလို စုရီသည်လည်း အနည်းငယ် အံ့အားသင့်သွားတော့၏။
“ အဲဒီတုန်းက အစ်ကိုလျန်က ... ငါဟာ နဂါးခြင်္သေ့မျိုးဆက်ဖြစ်ပြီး ငါတို့မျိုးနွယ်စုလည်း ပျက်စီးသွားခဲ့တာကို သိထားတယ် ငါ့အနားမှာ ရှိနေတဲ့လူ ဘယ်သူမဆို ဘေးဒုက္ခတွေခံရဖို့ များတာကိုနားလည်တယ် ...
... ဒါပေမဲ့ အစ်ကိုလျန်ကတော့ ... အဲဒီဘေးဒုက္ခတွေကို နည်းနည်းမှ ဂရုမစိုက်ဘဲ ငါ့အပေါ် ပိုပြီးတော့တောင် ကောင်းကောင်း မွန်မွန် ဆက်ဆံပေးခဲ့တယ်။ ”
ဤနေရာသို့ ရောက်သောအခါ ဖန်ယွီရုံ၏စိတ်ခံစားမှု ပြင်းထန်လာပုံရသဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်လေသည်။
လျန်ဝမ်ယုက ပြုံးပြီး၊
“ တာအိုစုရဲ့ အထင်သေးမှာကို ငါမကြောက်ပါဘူး ... တကယ်တော့ ငါဆိုတာ မျိုးနွယ်အတွင်းမှာ ဘယ်သူ့ရဲ့ တန်ဖိုးထားမှုကိုမှ မခံရတဲ့ အပယ်ခံတစ်ယောက်ပါပဲ ... ငါ့ရဲ့ မိဘတွေက ငါငယ်ငယ်တုန်းကတည်းက ...
... ကွယ်လွန်သွားခဲ့ကြပြီး ... မျိုးနွယ်စုရဲ့ လျစ်လျူရှုခြင်းကို ငါခံခဲ့ရတယ် အစေခံအိုကြီး အချို့ကတောင် ငါ့ကိုလှောင်ပြောင်ဝံ့တယ် ...
... ဒါ့ပြင် ငါ့မှာ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ကုသလို့မရတဲ့ ရောဂါတစ်ခုကို ခံစားနေရတာမို့ နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာပဲ ငါ သေဆုံးသွားနိုင်တယ်။ ”
စုရီတစ်ယောက် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။ မျိုးနွယ်စုအတွင်း အပယ်ခံ သားသမီး တစ်ယောက်သည်လော။
တစ်ချိန်က မဟာကျိုးမင်းဆက်၏ ကျောက်စိမ်းမြို့တော် စုမိသားစုအတွင်း သူ့ဘဝ အပေါ် ပြန်လည်သတိရလာသည်။
“ ဒါပေမဲ့ ... ယွီရုံကတော့ သူမအနေနဲ့ ငါနဲ့အတူရှိနေဖို့ ဆန္ဒရှိတယ်လို့ သေချာပေါက် ပြောခဲ့ပါတယ် ငါတို့နှစ်ယောက် လက်ထပ်ပြီး ငါတို့မိသားစုနှစ်ခုအတွက် မျိုးဆက်ကို ချန်ထားခဲ့နိုင်မယ် မဟုတ်လား ...
... ဒီလိုနဲ့ အနာဂါတ်မှာ ငါတို့ သေဆုံးသွားခဲ့ရင်တောင် ငါတို့အတွက် အမွေ ဆက်ခံမယ့်သူ ကျန်ရစ်ခဲ့မှာပါ။ ”
“ ဟုတ်တယ် ... ဒီအတွက် ငါလည်း ကိုယ့်အတ္တနဲ့ အကြောင်းပြချက်လေး ရှိနေတယ် အဲဒီတုန်းက ငါ့ရဲ့မောင်လေးကို ပြန်မတွေ့ နိုင်တော့မှာ စိုးရိမ်ပြီး ... ဒီလိုပဲအစီအစဉ် ဆွဲခဲ့တာပါ ငါသာ အစ်ကိုလျန်နဲ့အတူ ...
... မျိုးဆက်တစ်ယောက် ချန်ထားပေးနိုင်ခဲ့ရင် ငါတို့ရဲ့နဂါးခြင်္သေ့မျိုးဆက် လုံးဝပျက်သုဉ်းမသွားအောင် ကာကွယ်နိုင်ပြီ။ ”
ဤစကားကို ကြားသောအခါ စုရီသည် အရာအားလုံးကို သဘောပေါက် နားလည်သွား ခဲ့တော့သည်။ နောက်ဆုံးတွင် သူတို့နှစ်ဦးသည် အချင်းချင်း ဖြည့်ဆည်းရန် ကြိုးစားခြင်းပေပင်။
ထိုစဉ် ယွီထျန်းသည် အခန်းအတွင်း ဝင်လာကာ၊
“ သခင်လေး ... မျိုးနွယ်စုခေါင်းဆောင်က သခင်လေးရဲ့မင်္ဂလာပွဲအတွက် ဖိတ်စာ(၃)စောင် ထုတ်ပေးဖို့ သဘောတူလိုက်ပါတယ်။ ”
- ဟု သတင်းပို့လာသည်။
“ ဘာလို့ သုံးစောင်လဲ။ ”
လျန်ဝမ်ယုတစ်ယောက် မျက်နှာမှာ ချက်ချင်းပင် ညိုမည်းသွားပြီး ဒေါသတကြီး မေးမြန်းလိုက်လေသည်။ အဖိုးကြီးယွီထျန်းက လျန်ဝမ်ယုအကြည့်ကို ရှောင်ဖယ်လျက်၊
“ မျိုးနွယ်စု ခေါင်းဆောင်က ... ဒါဟာ မျိုးနွယ်စုရဲ့ ဂုဏ်သတင်း အဆင့်အတန်းဖြစ်တဲ့ အတွက် သခင်လေးအနေနဲ့ မင်္ဂလာပွဲကို အဆင့်အတန်းမရှိတဲ့ လူတွေ ဖိတ်ကြားလာမှာ မလိုလားပါဘူး။ ”
-ဟု ပြန်ဖြေသည်။
“ ဒါ ... ။ ”
လျန်ဝမ်ယုက ဒေါသတကြီး အံကြိတ်လျက်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်လေသည်။
“အစ်ကိုလျန် ... ဒီလိုကိစ္စအတွက် စိတ်မဆိုးပါနဲ့ ဒေါသထွက်ရင်မင်းရဲ့ကျန်းမာရေး ပိုပြီး ထိခိုက်ပါလိမ့်မယ်။ ”
ယွီရုံမှ ဖျောင်းဖျစကားဆိုသည်။ လျန်ဝမ်ယုက ခါးသီးစွာ ပြုံးလိုက်ပြီး ယွီထျန်းထံ လက်ဝှေ့ယမ်းပြလိုက်၏။
“ မင်း အခု ထွက်သွားလို့ရပြီ။ ”
“ ဟုတ်ကဲ့ ... ။ ”
ယွီထျန်းမှ လှည့်ထွက်သွားခဲ့တော့သည်။ လျန်ဝမ်ယုက စုရီနှင့် ဖန်ဟန်တို့ကိုကြည့်ကာ အားနာစွာဖြင့်၊
“ ဒီလိုမျိုး စိတ်မချမ်းမြေ့စရာ ... မြင်ကွင်းမျိုးအတွက် တောင်းပန်ပါတယ်။ ”
-ဟု တောင်းပန်တော့၏။
“ တာအိုစု ... မနက်ဖြန်မှာ ငါ့မင်္ဂလာပွဲကို တက်ရောက်ပေးနိုင်မလား။ ”
ဖန်ယွီရုံမှ စုရီထံ မျှော်လင့်စွာဖြင့် ဖိတ်ကြားလိုက်သည်။ လျန်ဝမ်ယုသည်လည်း ငံ့လင့်နေခဲ့၏။
စင်စစ်သော်ကား အင်မော်တယ်မြေ၌ လက်ထပ်ထိမ်းမြားခြင်းကိစ္စဟူသည် လွန်စွာ ရှုပ်ထွေးလှလေသည်။
နှစ်ဖက်စလုံး၏ ငွေကြေးအရင်းအမြစ်၊ လူအင်အားနှင့် ဂုဏ်ဒြပ်တို့ ပါဝင်နေလေသည်။ ဆိုလိုသည်မှာ သတို့သမီးဘက်မှ ဂုဏ်သရေရှိ ဧည့်သည်တော်များ တက်ရောက်ဂုဏ်ပြုခြင်း မရှိပါက မျက်နှာငယ်ရချေ၏။
ဖန်ယွီရုံမှ ဂုဏ်သိက္ခာကြောင့် မဟုတ်ဘဲ သူမမောင်လေးနှင့် မောင်လေး၏အသက်သခင် ကျေးဇူးရှင်တို့ကို အရေးအကြီးဆုံးဖြစ်သော ဤမင်္ဂလာပွဲ၌ သက်သေအဖြစ်ရှိစေလိုခြင်း ပေပင်။ စုရီမှ ခေါင်းညိတ်လိုက်ပြီး၊
“ စိတ်ချပါ ... ငါဒီပွဲကို သေချာပေါက် တက်ရောက်ပေးပါ့မယ် အခုတော့ ကိစ္စလေး အချို့အတွက် ခွင့်ပြုပါဦး။ ”
- ဟု ထရပ်လိုက်သည်။
“ အစ်ကိုစု မင်းဘယ်သွားမလို့လဲ။ ”
ဖန်ဟန်က နောက်မှ လိုက်လာသည်။ စုရီတစ်ယောက် ပြုံးလိုက်ပြီး သူ့ပခုံးကိုပုတ်ကာ လက်ဝှေ့ရမ်းလျက် အတားအစီးအလွှာတစ်ခု ဖန်တီးလိုက်သည်။
“ မင်းရဲ့အစ်မက ငါ့နောက်ခံကို သံသယဝင်နေတယ် မင်းကို ဒီညသေချာပေါက် ထပ်ပြီးမေးခွန်းထုတ်လိမ့်မယ် ဒါကို ငါ ဂရုမစိုက်ပေမယ့် ...
... အခုတော့ ငါ့ရဲ့စိတ်ကူးပြောင်းသွားပြီ တစ်ညလောက်တော့လျှို့ဝှက်ပေးပါ သူ့အတွက် လက်ဆောင်သုံးခု ပြင်ပေးမယ် ...
... အနာဂါတ်မှာ လျန်မိသားစုထဲက ဘယ်သူမှ မင်းအစ်မကိုလှောင်ပြောင်ဖို့ ဝံ့နေမှာ မဟုတ်ဘူးလို့ ငါအာမခံတယ်။ ”
ဖန်ဟန်မှ မျက်ဝန်းများတွင် မျှော်လင့်ချက်များ ချက်ချင်း ပြည့်လျှံလာသည်။ ခေါင်းတဆက်ဆက် ညိတ်လျက်၊
“ အစ်ကိုစုသာ ... ငါ့အစ်မကို နောက်ကွယ်ကနေ ထောက်ခံပေးမယ်ဆိုရင်... လျန်မျိုးနွယ်စုက လုံးဝ အထင်သေးရဲတော့မှာ မဟုတ်ပါဘူး ဒါတင်မကဘဲ အစ်ကိုလျန်တောင် မျိုးနွယ်စုအတွင်းက အပယ်ခံ ဘဝကို ပြောင်းလဲသွားစေနိုင်မယ်။ ”
-ဟု စိတ်အားထက်သန်စွာ ပြောကြားလိုက်သည်။ စုရီကပြုံးလျက် ပခုံးကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး၊
“ ဒါဆို အားလုံး အဆင်ပြေပြီ ... မနက်လင်းရင် ငါအိမ်တော်ကို ပြန်လာခဲ့မယ်။ ”
-ဟု ဆိုကာ ထွက်ခွာသွားတော့၏။
***