အခန်း ၁၁၉၁
Vol. 100 Ch. 1191
အခန်း ၁၁၉၁ –
ခွေးကျွန်ကို ပါးရိုက်ခြင်း။
စုရီတစ်ယောက် မြို့တော်အတွင်း မထင်မရှားသော လက်ဖက်ရည်ဆိုင် အိုကြီး တစ်ဆိုင်သို့ ရောက်ရှိနေခဲ့သည်။
ဤနေရာ၏ ပုံရိပ်အမှန်သည် သတင်းအချက်အလက်များကို ရောင်းဝယ်ရာ နတ်ယန္တရားဂိုဏ်း လျှို့ဝှက်ဌာနခွဲငယ်တစ်ခု ဖြစ်ပေသည်။
“ ငါ အဖြူရောင်မြက်ခင်းပြင်ဒေသ လျန်မျိုးနွယ်စုနဲ့ ပတ်သက်တဲ့ သတင်းတွေ လိုချင်တယ် အသေးစိတ်ကျလေ ... ပိုပြီး ကောင်းလေပဲ။ ”
စုရီမှ နတ်ယန္တရားဂိုဏ်းအကြီးအကဲ ချူးပိုင်ချန်ပေးအပ်ထားခဲ့သော ကျောက်စိမ်း တံဆိပ်ကိုထုတ်ယူကာ ဆိုင်ပိုင်ရှင် အဘိုးကြီးထံ ပေးလိုက်လေသည်။
ထိုအမှတ်အသားပါ ကျောက်စိမ်းပြားကို မြင်လိုက်ရသောအခါ ဆိုင်ပိုင်ရှင်၏ မျက်နှာမှာ ချက်ချင်း တည်ကြည်လေးနက်သွားပြီး၊
“ ဂုဏ်သရေရှိ ဧည့်သည်တော် ... ခဏစောင့်ဆိုင်းပေးပါ။ ”
-ဟု ဆိုလျက် အတွင်းသို့ အပြေးအလွှား ဝင်ရောက်သွားသည်။ နာရီဝက်ကြာပြီးနောက် လျန်မျိုးနွယ်စု၏ လျှို့ဝှက်ချက်များ အားလုံးကို မှတ်တမ်းတင်ထားသော ကျောက်စိမ်းပြားကို ကိုင်ဆောင်လျက် စုရီ ပြန်ထွက်လာ၏။
ထို့နောက် တည်းခိုခန်းတစ်ခုတွင် အနားယူကာ ကျောက်စိမ်းပြားအတွင်းပါရှိသော အကြောင်းအရာများကို ဂရုတစိုက် ဖတ်ရှု ဆန်းစစ်နေတော့သည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားကာ စုရီသည် သူ၏ နတ်အာရုံကို ပြန်လည် ရုပ်သိမ်း လိုက်လေသည်။
နတ်ယန္တရားဂိုဏ်း၏ သတင်း အချက်အလက်များမှာ လွန်စွာ တိကျလှသဖြင့် လျန်မျိုးနွယ်စု၏ အခြေအနေအားလုံးကို ရှင်းလင်းစွာ နားလည်လိုက်ချေပြီ။
လျန်မျိုးနွယ်စုသည် ဓမ္မအဆုံးခေတ် ပြီးဆုံးသွားပြီးနောက် အသစ်ပေါ်ထွက်လာသည့် အင်အားစုတစ်ခုဖြစ်ပြီးသည်။ သူတို့၏ သမိုင်းကြောင်းမှာ နှစ်ပေါင်း (၉၀,၀၀၀) နီးပါးခန့်သာ ရှိသေး၏။
ဤမျှသော အခြေခံအုတ်မြစ်မှာ ရှေးဟောင်းမျိုးနွယ်စုကြီးများနှင့် နှိုင်းယှဉ်လျှင် ထည့်ပြောစရာစကားမရှိလှချေ။
လက်ရှိ လျန်မျိုးနွယ်စုတွင် တန်ခိုးကြီးမားသော အင်မော်တယ်များမှာ သူတော်စင်အဆင့် သုံးပါးဖြစ်သည်။
ထိုသူတော်စင်များအနက် အစွမ်းထက်ဆုံးသည် သူတော်စင်အင်မော်တယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသည့် လျန်ယွမ်ထောင်ဖြစ်သည်။
သို့သော် ထိုလျန်ယွမ်ထောင်သည် လွန်ခဲ့သော နှစ်ပေါင်း ရှစ်ထောင်ခန့်ကတည်းက ထိုက်ယီဂိုဏ်းသို့ သွားရောက်၍ လေ့ကျင့်နေ၏။
ဤအချက်က သူ့အာရုံကို ချက်ချင်း ဖမ်းစားသွားခဲ့သည်။ ထိုက်ယီဂိုဏ်းဟူသည်မှာ ဝမ်ယဲ့၏ ရန်သူကြီးဖြစ်သည့် ကျန်းထိုက်အာ တည်ထောင်ခဲ့သော ဂိုဏ်းကြီးပေပင်။
လက်ရှိအချိန်တွင် လျန်မျိုးနွယ်စု၏ ကိစ္စအဝဝကို ကနဦးသူတော်စင်အင်မော်တယ် အဆင့် အင်မော်တယ်နှစ်ဦးသာ စီမံကြ၏။
ထိုသူတော်စင် အင်မော်တယ်နှစ်ဦးမှာ မျိုးနွယ်စုခေါင်းဆောင် လျန်ကျိပေ့နှင့် မဟာ အကြီးအကဲလျန်ယွန်တုတို့ ဖြစ်ကြသည်။
သို့သော် လျန်ဝမ်တုသည် မျိုးနွယ်စု ခေါင်းဆောင် လျန်ကျိပေ့၏ ညီတစ်ယောက် ဖြစ်ပြီး လျန်ဝမ်ယု၏ အဖေဖြစ်၏။
လျန်ဝမ်ယုသည် ငယ်စဉ်ကတည်းက သူ့မိဘနှစ်ပါးစလုံး ကွယ်လွန်သွားခဲ့ရပြီး သူ၏ ကျင့်ကြံခြင်း အရည်အချင်းမှာ သာမန်ဖြစ်၏။
ထို့ကြောင့် မျိုးနွယ်စုအတွင်း တန်ဖိုးထားခြင်းမခံရဘဲ အမြဲတစေနှိမ့်ချရှုမြင် လှောင်ပြောင်ခံရလေသည်။ ပို၍ဆိုးသည်မှာ မကြာသေးမီ နှစ်များအတွင်း လျန်ဝမ်ယုသည် ရောဂါတစ်ခုကို ခံစားလာခဲ့ရသည်။
အသက်ဓါတ်ကို ပြင်းထန်စွာ ထိခိုက်စေပြီး ကျင့်ကြံမှုအုတ်မြစ်ကိုလည်း တရိပ်ရိပ် ကျဆင်း သွားစေသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က လျန်ဝမ်ယုသည် မျိုးနွယ်စုအတွင်းမှ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးကို မတော်တဆ စော်ကားမိသဖြင့် လျန်မိသားစု၏ မြင့်မြတ်တောင်ကြီးထံမှ နှင်ထုတ်ခံထားရ၏။
ထို့ကြောင့် လျန်ဝမ်ယု၏ မိဘများ ကွယ်လွန်သွားခဲ့ရခြင်းသည် လက်ရှိမျိုးနွယ်စု ခေါင်းဆောင်လျန်ကျိပေ့နှင့် ပတ်သက်နေ သည်ဟု သံသယများရှိနေခဲ့၏။
လျန်ဝမ်ယု၏ ဖခင်သည် မျိုးနွယ်စု ခေါင်းဆောင်နေရာအတွက် လျန်ကျိပေ့နှင့် ပြင်းထန်သော ပဋိပက္ခ ဖြစ်ပွားခဲ့ဖူးသည်။
လျန်ကျိပေ့ ခေါင်းဆောင်ရာထူးကို ရရှိပြီး မကြာမီမှာပင် လျန်ဝမ်ယု၏ မိဘနှစ်ပါးစလုံးမှာ ဆန်းကြယ်စွာ သေဆုံးသွားရခြင်းဖြစ်၏။
ထို့ပြင် လျန်ဝမ်ယု ခံစားနေရသော နာတာရှည်ဝေဒနာဆိုးကြီးသည်လည်း သာမန် ရောဂါမဟုတ်ဘဲ အဆိပ်မိနေခြင်းပေပင်။
ဤအရာများမှာ တိကျခိုင်မာသော သက်သေအထောက်အထား မရှိဘဲ နတ်ယန္တရား ဂိုဏ်းမှ သုံးသပ်ထားသည့် ကောလာဟလ ကောက်ချက်များသာ ဖြစ်လေသည်။
“ ဒီကောင်လေးက မျိုးနွယ်စုအပေါ် ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း မကျေမနပ် ဖြစ်နေတာ မဆန်းဘူး သူ့ဘဝတစ်လျှောက်လုံး ဖြတ်သန်းခဲ့ရတဲ့ အခြေအနေက တကယ်ကို ရက်စက်ပြီး ဆိုးရွားလွန်းတာပဲ ... ။ ”
စုရီက မှတ်ချက်ပေးလိုက်သည်။ ထို့နောက်ကျောက်စိမ်းပြားတစ်ခု ထုတ်ယူကာ ဝါကျအချို့ရေးထွင်းလိုက်သည်။
“ ခရစ် ... ။ ”
များမကြာမီတွင် ထိုကျောက်စိမ်းပြား အတွင်း၌ နက်နဲဆန်းကြယ်လှသော ဓားတံဆိပ် တစ်ခု ထွက်ပေါ်လာသည်။ ကျောက်စိမ်းပြားကို အသာအယာ ဆုပ်ချေလိုက်သောအခါ ထိုဓားမှာ လေနှင့်အတူ ရောနှောပျောက်ကွယ်သွားသည်။
မိုးသောက်ချိန်ရောက်သောအခါ ကောင်းကင်ကြီးသည် ကြည်လင်တောက်ပကာ တက်ကြွနေချေပြီ။ စုရီသည်ဖန်ဟန်နှင့် ပြန်၍ ဆုံတွေ့ပြီးနောက် လျန်တောင်သို့ အတူတကွ လျှောက်လှမ်းလာခဲ့ကြသည်။
ဤကောင်းချီးမင်္ဂလာ ရှိလှသော တောင်တန်းသည် မြို့တော်၏ ဗဟိုချက်တွင် တည်ရှိချေ၏။ ယင်းကို ကြည့်ချင်းအားဖြင့် လျန်မိသားစုသည် ဤမြို့၌ ဩဇာမည်မျှ ကြီးမားကြောင်း မြင်သာလေသည်။
“ အစ်ကိုစု ညတုန်းက ငါ့ကိုအစ်မက မင်းအကြောင်းတွေမေးတယ် ငါဘာတစ်ခုမှ မဖြေခဲ့ဘူး။ ”
ဖန်ဟန်က စုရီကို မော့ကြည့်ကာ ပြောကြားလိုက်သည်။ စုရီတစ်ယောက် ပြုံးပြီး ခေါင်းညိတ်လိုက်တော့၏။
“ အရမ်း ကောင်းတယ် ဒီနေ့မင်းအစ်မ မင်္ဂလာပွဲအတွက် အဖိုးတန် လက်ဆောင်ကြီး သုံးခု ငါပြင်ဆင်ထားတယ်။ ”
“ အဲဒါ ဘာတွေလဲ အစ်ကိုစု။ ”
ဖန်ဟန်က သိချင်စိတ်ပြင်းပြလာသည်။
“ ဟားဟားဟား ... အချိန်တန်ရင် မင်းသေချာပေါက် သိလာပါလိမ့်မယ်။ ”
လျန်တောင်၏ တောင်စောင်းတွင် ခမ်းနားလှသော ရှေးဟောင်းခန်းမကြီးတစ်ခု ရှိနေသည်။ အရောင်အသွေး စုံလင်လှသော မင်္ဂလာမီးအိမ်များနှင့် အလှဆင်ပစ္စည်းများကို ဝေဝေဆာဆာ ချိတ်ဆွဲထား၏။
ယနေ့ မင်္ဂလာပွဲ အခမ်းအနားကို ထိုနေရာတွင်ကျင်းပမည် ဖြစ်ကြောင်း မြင်သာ နေသည်။ သို့သော် လျန်မျိုးနွယ်စု၏ တရားဝင် ဖိတ်ကြားချက် ရှိသူများသည်သာ တောင်ပေါ်သို့ တက်ရောက်ခွင့် ရရှိကြပေမည်။
စုရီနှင့် ဖန်ဟန်တို့သည် လျန်ဝမ်ယု ပေးအပ်ထားခဲ့သော ဖိတ်စာကို ပြသလိုက်ရာ မည်သူမျှ တားဆီးခြင်း မရှိဘဲ တောင်စောင်းရှိ ခန်းမကြီးဆီသို့ ဝင်ရောက်ခွင့်ရလာသည်။
သူတို့ ရောက်ရှိလာချိန်တွင် ဂုဏ်ပြုစကား ပြောကြားရန် ရောက်ရှိနေသော ဧည့်သည်တော် အများအပြားဖြင့် စည်ကားလျက်ရှိနေ၏။
အနီရောင် မင်္ဂလာဝတ်စုံကြီးများကို ဆင်မြန်းထားကြသည့် လျန်ဝမ်ယုနှင့် ဖန်ယွီရုံ တို့သည် ကြိုဆိုရေးအတွက် ခန်းမကြီးရှေ့တွင် မတ်တပ်ရပ်နေလေသည်။
သူတို့သားသည် ချောမောခန့်ညားပြီး သူတို့သမီးသည်လည်း လှပကျော့ရှင်းလှသဖြင့် လွန်စွာလိုက်ဖက်ညီလှသော စုံတွဲတစ်တွဲ ဖြစ်နေချေသည်။
သို့သော် ရင်နာစရာ ကောင်းသည်မှာ ယနေ့မင်္ဂလာပွဲ၏ အဓိက ဇာတ်ကောင်များမှာ သူတို့ နှစ်ဦးမဟုတ်ကြချေ။ ဧည့်သည်တိုင်းသည် လျန်မျိုးနွယ်စု၏ အာဏာရှိသော အဆင့်မြင့် အကြီးအကဲများကိုသာ နှုတ်ဆက်လျက် ခေါ်ဆောင်သွားခြင်းခံရချေသည်။
ထိုကြောင့် မင်္ဂလာမောင်နှံသည် ရုပ်သေးနှစ်ရုပ်ကဲ့သို့ မင်္ဂလာခန်းဝတွင် မတ်တပ် ရပ်နေရချေပြီ။ မည်သူမျှ သူတို့နှစ်ဦးနှင့် မိတ်ဆက်ပေးရန် စိတ်ကူး မရှိချေ။
“ ဂုဏ်သရေရှိ ဟွမ်မျိုးနွယ်မှ အင်မော်တယ်ကျောက်တုံး (၁၀၀,၀၀၀)နဲ့ ခရမ်းရောင် ကျောက်စိမ်းလှံတစ်စုံ မင်္ဂလာ မောင်နှံအတွက် ချီးမြှင့်ပါတယ်။ ”
အနီးအနားရှိ စားပွဲတစ်ခုတွင် လျန်မိသားစု၏ အစေခံအိုကြီးတစ်ဦးသည် ဧည့်သည်တော်များ ပေးအပ်သော ဂုဏ်ပြု လက်ဆောင်စာရင်းကို အသံကျယ်ကျယ်ဖြင့် ဖတ်ကြားပြသနေသည်။
“ ချင်းမုအင်မော်တယ်ဂိုဏ်းမှ အင်မော်တယ်ကျောက်တုံး (၃၀၀,၀၀၀)နဲ့ ထင်းရှူးကြိုးကြာ ရှေးဟောင်း ပန်းချီကားကို ချီးမြှင့်ပါတယ်။ ”
လက်ဆောင်ပစ္စည်းများ စာရင်း ကြေငြာသံထွက်ပေါ်လာသည်နှင့် လေထုသည် တက်ကြွမှုများဖြင့် ပြည့်နှက်လာချေပြီ။
သို့သော် လျန်ဝမ်ယုမှ ပျော်ရွှင်ခြင်း မရှိချေ။ ဤအရာအားလုံးသည် မျိုးနွယ်စု၏ဘဏ္ဍာတိုက် ထဲသို့သာ ရောက်ရှိမည်ဖြစ်၏။
သူ့အတွက်မူ မည်သည့်ရတနာကိုမျှ ပေးအပ်လာမည် မဟုတ်ချေ။ ထိုအသိကြောင့် နှုတ်ခမ်းတင်းတင်းစေ့လျက် အံကြိတ်ထား လိုက်လေသည်။ ဖန်ယွီရုံမှ လျန်ဝမ်ယူ၏ လက်ကို ညင်သာစွာဆုပ်ကိုင်လိုက်ပြီး၊
“ အစ်ကိုလျန် စိတ်လျော့ပါ အဲဒီလို လူတွေအတွက်နဲ့ ဒေါသထွက်ရတာ တကယ်ပဲ မထိုက်တန်ပါဘူး။ ”
-ဟု နှစ်သိမ့်လိုက်သည်။ လျန်ဝမ်ယုမှ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အားယူကာ ပြုံးပြလိုက်တော့၏။
“ စိတ်ချပါ ယွီရုံ ... နှစ်ပေါင်းများစွာ ဒီမျိုးနွယ်စုဆီကနေ ငါခံစားရတဲ့အမုန်းတရားနဲ့ အရှက်ရမှုတွေ အားလုံးကို ... အနာဂတ်ကျရင် အဆတစ်ရာပြန်ပြီး ပေးဆပ်စေရမယ်။ ”
- ဟု ကတိပြုလိုက်တော့၏။
ထိုအချိန်တွင် စုရီနှင့် ဖန်ဟန်သည် မင်္ဂလာခန်းဝသို့ ရောက်ရှိလာသဖြင့် အပြုံးများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
“ အစ်မ ... ။ ”
ဖန်ဟန်က ဝမ်းသာအားရ ပြုံးလျက် ရှေ့သို့အပြေးအလွှား လှမ်းတက်ကာ၊
“ ဒီနေ့ အစ်မအရမ်းလှတယ်။ ”
-ဟု ချီးကျူးစကားဆိုလိုက်သည်။
“ မောင်လေး ... ခဏနေရင် မင်္ဂလာပွဲ အခမ်းအနား စတော့မှာမို့ အစ်မ မင်းကို သေချာ ဂရုစိုက်ပေးနိုင်မှာ မဟုတ်ဘူး မင်းတာအိုစုရဲ့ ဘေးမှာပဲနေပါ။ ”
-ဟု သတိပေးလိုက်သည်။ ဖန်ဟန်မှ နာခံမှုရှိစွာ ခေါင်းညိတ်ပြ၏။
“ ဟမ့် ... နေပါဦး ... ဒီကောင်လေးနှစ်ယောက်က ဘယ်ကနေ ရောက်လာတာလဲ။ ”
လက်ဆောင်စာရင်းကို မှတ်တမ်းတင်ကာ ဖတ်ကြားပေးနေသည့် အစေခံအိုကြီးမှစုရီတို့ကို သတိထားမိကာ မေးမြန်းလိုက်လေသည်။
“ အိမ်တော်ထိန်းကြီး ... ဒါက ငါ့ရဲ့ မောင်လေးဖန်ဟန်ပါ၊ ပြီးတော့ ဒီဘက်က ပုဂ္ဂိုလ်ကတော့ ... ။ ”
“ မိတ်ဆက်နေဖို့ မလိုတော့ပါဘူး ... ကြည့်ရတာ အဆင့်အတန်းမှ မရှိဘဲ ပွဲလာပြီး အလကားစားသောက်ဖို့ ရောက်လာတဲ့ သာမန် ကောင်လေးနှစ်ယောက်ပဲ မဟုတ်လား။ ”
အစေခံအိုကြီးမှ လှောင်ပြုံးဖြင့် ပြောကြားလိုက်သည်။ သူ့စကားလုံးများသည် လွန်စွာရိုင်းစိုင်းပွင့်လင်းလှပြီး ဖုံးကွယ်ထားခြင်း နည်းနည်းမျှ မရှိခဲ့ချေ။
ဖန်ယွီရုံခမျာ ဒေါသကြောင့် မျက်နှာ ချက်ချင်းရဲတွတ်သွားပြီး တဆက်ဆက်တုန်ရင် လာတော့၏။ လျန်ဝမ်ယုက မျက်မှောင်ကြုတ် လိုက်ကာ၊
“ အိမ်တော်ထိန်းကြီး ... စကားပြောတာဆင်ခြင်ပါ ... ငါ့ရဲ့ဂုဏ်သရေရှိ ဧည့်သည်တော်တွေကို ဒီထက်ပိုပြီး ယဉ်ယဉ် ကျေးကျေး မဆက်ဆံနိုင်ဘူးလား။ ”
-ဟု အော်ငေါက်လိုက်၏။
“ ဟမ့် ... သခင်လေးလျန်ဝမ်ယု မျိုးနွယ်စုရဲ့စည်းကမ်းအရ ... ဘယ်သူပဲဖြစ်ဖြစ် ဒီမင်္ဂလာပွဲကို တက်ရောက်ချင်ရင် မင်္ဂလာ လက်ဆောင်ပေးအပ်ရလိမ့်မယ်။ ”
အစေခံအိုကြီးသည် လျန်ဝမ်ယုကို ဂရုမစိုက်ဘဲ စုရီနှင့်ဖန်ဟန်တို့ထံ စောင်းငဲ့ကြည့် လိုက်ပြီးနောက်၊
“ မင်းတို့နှစ်ယောက်... တကယ်လို့ လက်ဆောင်ပစ္စည်း ပြင်ဆင်မလာဘူးဆိုရင် ဒီမင်္ဂလာပွဲထဲကို ခြေတစ်လှမ်းတောင် ဝင်ဖို့ မစဉ်းစားနဲ့။ ”
-ဟု မောင်းထုတ်လာတော့သည်။
ထိုအပြုအမူကြောင့် ဖန်ဟန်ခမျာ ဒေါသတကြီးနှင့် အံကြိတ်လိုက်သည်။ စုရီက စကားပြောရန် ပြင်လိုက်စဉ်၊
“ ဖြန်း ... ။ ”
-ဟူသော ပါးရိုက်သံကြီး ထွက်ပေါ်လာလေသည်။
ကျယ်လောင်ပြီး ပြတ်သားလှသော ပါးရိုက်သံကြီးကြောင့် ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားတော့၏။ လူတိုင်း၏အကြည့်မှာ အစေခံအိုကြီးထံ ကျဆင်းသွားသည်။
“ အား ... ။ ”
အဖိုးကြီးသည် သတ်ခံရခါနီး ဝက်တစ်ကောင်ကဲ့သို့ နာကျင်စွာအော်ဟစ်ပြီး မြေပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး လဲကျသွား၏။ ပါးပြင်မှာ ချက်ချင်းပင် ဖူးဖူးရောင်လာသည်။
“ ဘုန်း ... ။ ”
“ အား ... ။ ”
ယင်းသည် အဆုံးမဟုတ်သေးချေ။ လူငယ်တစ်ဦးသည် ရှေ့သို့လှမ်းတက်လာကာ ထိုအစေခံအိုကြီးကို ခြေထောက်ဖြင့် ထပ်မံ ကန်ကျောက်ကျိန်ဆဲတော့သည်။
“ ဟမ့် ... မင်းလို ကျွန်အိုကြီးက ငါ့ရဲ့အစ်ကိုစုကို ဒီလိုရိုင်းစိုင်းတဲ့စကားတွေ ပြောရဲတယ်လား မင်းတကယ်အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။ ”
“ ဘုန်း ... ။”
လူငယ်မှ ဤနေရာမှာတင် အစေခံအိုကြီးကိုသတ်ပစ်ချင်ဟန်ဖြင့် ထပ်မံ ဒ်ေသတကြီး ကန်ကျောက်တော့၏။
ဤနေရာသည် လျန်မျိုးနွယ်စု၏ မြင့်မြတ်တောင်ဖြစ်သည်။ သို့သော်လူငယ်သည် ဂရုမစိုက်ဟန်ဖြင့် လျန်မျိုးရိုးအိမ်တော်ထိန်းကို လူအများရှေ့တွင် ပါးရိုက်ကာ ရက်စက်စွာ ကန်ကျောက်နေခဲ့ချေပြီ။
ခန်းမအတွင်းရှိ ဧည်သည်တော်များပင် မျက်ခုံးပင့်လျက် လူငယ်ထံ မော့ကြည့်လာကြ လေသည်။ လျန်မိသားစုအစောင့်များလည်း အပြေးအလွှား ရောက်ရှိလာကြ၏။
“ အစ်ကိုယွဲ့ ... ။ ”
ဖန်ဟန်က ဘေးတစောင်းမြင်နေရသော ကြီးစိုးလွန်းသည့် လူငယ်ကို မှတ်မိသွားခဲ့သည်။ ဤသည်မှာ တိမ်သင်္ဘောပေါ်တွင် သူ့ကို ကယ်တင်ပေးခဲ့သော ယွဲ့ဟောင်ဖန်းပေပင်။
ယွဲ့ဟောင်ဖန်းက ဖန်ဟန်ကို အသာအယာလှည့်ကြည့်ပြီး ပြုံးပြလိုက်ကာ စုရီ ရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။
ထို့နောက် လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် ဦးညွှတ်ကာ၊
“ အစ်ကိုစု ... ငါတို့ ပြန်လည်ဆုံတွေ့ရတာ တကယ့်ကံကြမ္မာပါပဲ။ ”
-ဟု နှုတ်ဆက်လာတော့၏။
သူတို့နှစ်ဦးသည် မကြာသေးမီက ကြေးမုံရေကန် အင်မော်တယ် ဧည့်ခံပွဲအပြီးတွင် လမ်းခွဲလိုက်ခြင်းဖြစ်သည်။ စုရီသည်လည်း အနည်းငယ် အံ့အားသင့်စွာဖြင့်၊
“ မင်းကော မင်္ဂလာပွဲတက်လာတာလား။ ”
-ဟု မေးမြန်းလိုက်၏။
“ အစ်ကိုစု ... မင်း မသိသေးဘူး ငါ့ရဲ့ယွဲ့မိသားစုက လျန်မျိုးနွယ်စုရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့အတွက် ကိုယ်စားလှယ်အဖြစ် စေလွှတ်လိုက်တာပါ ...
... ဒီကို ရောက်ရောက်ချင်းမှာပဲ ... အဲဒီသုံးစားမရတဲ့ ခွေးကျွန်အိုကြီးကအစ်ကိုစုကို စော်ကားနေတာ ငါကြည့်မနေနိုင်ဘူး။ ”
စုရီမှ သဘောပေါက်သွားခဲ့သည်။ ယွဲ့ဟောင်ဖန်း၏ ယွဲ့မျိုးနွယ်စုသည်လည်း ဤပိုင်လုပြည်နယ်တွင် ရှိချေပြီ။
သူတော်စင်အင်မော်တယ်အဆင့် အင်အားစုတစ်ခုဖြစ်လေရာ လျန်မိသားစုမှ ဖိတ်ကြားခဲ့ပုံရ၏။
သမိုင်းကြောင်းနှင့် အခြေခံအုတ်မြစ် အရဆိုသော် ယွဲ့မျိုးရိုးသည် လျန်မိသားစုထက် အဆပေါင်းများစွာ အဆင့်အတန်း မြင့်မားလှပေသည်။
ဤအချိန်တွင် ခန်းမဆောင်အတွင်းမှ လျန်မိသားစု၏ အရေးပါလှသော အဆင့်မြင့် အကြီးအကဲအချို့ ရောက်ရှိလာပြီဖြစ်၏။
သူတို့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရောင်ဝါများသည် ပြင်းထန်ပြီး ကြီးစိုးနေခဲ့ကာ မျက်နှာအမူအရာများသည်လည်း လွန်စွာ ဆိုးရွားမှုန်မှိုင်းနေကြတော့၏။
“ ဒီမှာ ဘာတွေဖြစ်နေကြတာလဲ။ ”
***