အခန်း ၁၁၉၂
Vol. 100 Ch. 1192
အခန်း ၁၁၉၂ –
မင်္ဂလာလက်ဆောင် ပေးအပ်ခြင်း။
“ ဒီမှာ ဘာတွေဖြစ်နေတာလဲ။ ”
မြေပြင်ပေါ်တွင် ဖရိုဖရဲဖြင့် သွေးများအန်နေသော အစေခံအိုကြီးကြောင့် လျန်မျိုးနွယ်စုမှ အဆင့်မြင့်အကြီးအကဲအချို့မှာ သတ်ဖြတ်လိုသည့် ဆန္ဒများ ပေါက်ပွားလာ၏။
“ ငါ့နာမည် ယွဲ့ဟောင်ဖန်းပဲ ... ယွဲ့မိသားစုကိုယ်စား ဒီမင်္ဂလာပွဲကိုလာတာ ဒီခွေးကျွန်အိုကြီးက ငါ့အစ်ကိုကိုမမြင်လို့ မျက်စိဖွင့်ပေးနေတာ ပြဿနာရှိလား။ ”
ယွဲ့ဟောင်ဖန်းမှ ဂရုမစိုက်ဘဲ သူ့နာမည်ကိုမိတ်ဆက်ပြီး ပြန်လည်မေးခွန်း ထုတ်လိုက်သည်။ ယွဲ့မိသားစုကိုယ်စားဟူသော ဝါကျကြောင့် လျန်မိသားစုအကြီးအကဲများမှာ ချက်ချင်းမျက်နှာများ ပြောင်းသွား၏။
“ သခင်လေးယွဲ့ ... ဒီထက် နည်းနည်းလောက် ရှင်းပြပေးလို့ရမလား။ ”
ရွှေရောင် ဝတ်ရုံကို ဆင်မြန်းထားသော လူလတ်ပိုင်းအရွယ် အကြီးအကဲတစ်ဦးက သတိ ကြီးစွာဖြင့် မေးမြန်းလိုက်သည်။ ဤသည်မှာ လျန်မျိုးနွယ်စု၏ ပြင်ပအကြီးအကဲခေါင်းဆောင် လျန်မင်ဖြစ်လေသည်။
“ ဒီထက်ရှင်းပြစေချင်လား ဒီနေ့ဟာ မင်္ဂလာပွဲနေ့မို့ ဒီလိုခွေးကျွန်အိုကြီးသက်သာ သွားတာ ... မဟုတ်ရင် ငါသူ့ခေါင်းကို ရိုက်ခွဲ ပစ်ရလိမ့်မယ်။ ”
ယွဲ့ဟောင်ဖန်းမှ ပို၍အေးစက်စွာ တုန့်ပြန်လိုက်လေသည်။ သူ့စကားများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ကုန်၏။
ယွဲ့ဟောင်ဖန်းသည် ယွဲ့မိသားစု၏ တိုက်ရိုက်မျိုးနွယ်စုဝင် တစ်ယောက်ဖြစ်နေပြီး လူငယ်မျိုးဆက်များကြားတွင် ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သည်။
သူ့ရာထူးနှင့် အဆင့်အတန်းသည် လျန်မိသားစု၏ အဆင့်မြင့်အကြီးအကဲထက် များစွာပို၍ မြင့်မား၏။
လျန်မင်က လဲကျနေသော အစေခံအိုကြီးကို စူးစိုက်ကြည့်ကာ၊
“ ဒါ အမှန်ပဲလား။ ”
-ဟု မေးမြန်းလိုက်သည်။ အစေခံအိုကြီးမှာ တုန်တုန်ရင်ရင်ဖြင့်၊
“ အဲဒီလူငယ်က လျန်ဝမ်ယုဇနီးရဲ့ မိတ်ဆွေလို့မိတ်ဆက်လာတာမို့ မောင်းထုတ်ဖို့ ကြိုးစားမိတာပါ။ ”
-ဟု ဖြေကြားလိုက်သည်။
ထိုစကားကြောင့် လူတိုင်း အခြေအနေကို ချက်ချင်း နားလည်သွားကြသည်။ လျန်ဝမ်ယုက မျက်နှာဖြူဖျော့လျက် အံကြိတ်ထားခဲ့ရ၏။
မျိုးနွယ်စု၏ အိမ်တော်ထိန်းသည် သူ့ဇနီးလောင်း၏ သူငယ်ချင်း ဖြစ်သူများကို စော်ကားရဲနေသည်။ ရှက်ရွံ့စရာ ပေပင်။
“ ဒီကိစ္စက လျန်မိသားစုရဲ့အမှားပါ သခင်လေးယွဲ့အနေနဲ့ သဘောထားကြီးစွာ ခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”
လျန်မင်းက ချက်ချင်း ပြောင်းလဲသွားပြီး ရိုသေလေးစားစွာ ဦးညွှတ်လျက် တောင်းပန် စကားဆိုလိုက်လေသည်။
“ ဟမ့် ... ငါ့ကိုတောင်းပန်ရမှာမဟုတ်ဘူး ငါ့ရဲ့အစ်ကိုစု ကျေနပ်ရဲ့လားဆိုတာကိုပဲ ... မင်း မေးသင့်တယ်။ ”
လျန်မင်မှ အံ့အားသင့်သွားပြီး တောင်းပန်ရန်အတွက် စုရီထံလှည့်ကြည့်၏။ စုရီမှ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ကာ၊
“ ဒီနေ့က ပျော်ရွှင်စရာ မင်္ဂလာပွဲ အခမ်းအနားမို့ ... ဒီလိုသေးငယ်တဲ့ကိစ္စလေးနဲ့ အပျက်စီး မခံချင်ပါနဲ့ ဆက်လက်ပါ။ ”
-ဟု ပြောကြားလိုက်သည်။
သို့မှသာ လျန်မင်က စိတ်သက်သာရာ ရသွားပြီး မျက်နှာတွင်အပြုံးတစ်ပွင့်ပေါ်လာ၏။ ထို့နောက် ယွဲ့ဟောင်ဖန်းနှင့် စုရီတို့ကို အထဲသို့ ဝင်ရောက်ရန် ဖိတ်ခေါ်လိုက်လေသည်။
သို့သော် စုရီက ရပ်တန့်လိုက်ပြီး၊
“ ခဏလေးဦး ... ငါက သူတို့သမီးရဲ့ ဧည့်သည်တစ်ယောက်အနေနဲ့ ရောက်လာတာမို့ ငါ ပြင်ဆင်လာတဲ့ ဂုဏ်ပြုလက်ဆောင်ကို အရင် ပေးအပ်သင့်တာပေါ့။ ”
- ဟု ဆိုကာ လက်ဆောင်ကို ထုတ်ယူလေသည်။
တစ်ဖက်တွင် ယွဲ့ဟောင်ဖန်းသည် မနာလိုမှုများဝင်ရောက်လာ၏။ စုရီသည် မည်မျှ အံ့ဩဆန်းကြယ်ကြောင်း သူ အသိဆုံးပေပင်။ ထိုသို့သော လူမျိုးထံမှ လက်ဆောင်သည် မည်သို့သာမန်ဖြစ်မည်နည်း။
လျန်မင်နှင့် ကျန်ရှိသော လျန်မိသားစုဝင်များသည်လည်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မျက်နှာအမူအရာများ သိသိသာသာ နူးညံ့သွားကြလေသည်။
ယွဲ့ဟောင်ဖန်းပင် ‘အစ်ကို’ဟု ရိုသေစွာ ခေါ်ဆိုနေသည့် ဤလူငယ်လေးသည် အမှန်ပင် ယဉ်ကျေးသိတတ်လွန်းပေ၏။
လျန်ဝမ်ယုနှင့် ဖန်ယွီရုံတို့သည်လည်း စပ်စုလိုသော မျက်ဝန်းများဖြင့် စောင့်ကြည့် နေခဲ့သည်။
ဖန်ဟန်မှ ပြုံး၏။ ဤသည်မှာ အစ်ကိုစုပြင်ဆင်ပေးထားသော ပထမဆုံး လက်ဆောင်ဖြစ်ပေမည်။
သို့သော် လက်ဆောင်ကိုမြင်လိုက်ချိန်တွင် လူတိုင်းအေးခဲသွားပြီး သက်ဝင်လှုပ်ရှားနေသည့် လေထုမှာ ချက်ချင်း တိတ်ဆိတ်သွားတော့၏။
“ခေါင်းလောင်းတစ်လုံးလား။ ”
ဤသည်မှာ လက်ဖဝါးအရွယ်မျှသာ ရှိပြီး၊ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် သမိုင်းကြောင်း အဖြစ် အစက်အပြောက်များပင် ပါရှိနေသည်။
မင်္ဂလာပွဲတစ်ခုတွင် ခေါင်းလောင်းနှင့် နာရီတို့ကိုလက်ဆောင်ပေးခြင်းမျိုး ရှောင်ရှားရ ပေသည်။ အဓိပ္ပါယ်မှာ နောက်ဆုံးခရီးသို့ လိုက်ပါပို့ဆောင်ခြင်းဖြစ်၏။
လွန်စွာ နမိတ်မကောင်ချေ။ မြေပြင်၌ သွေးများဖြင့် လဲကျနေခဲ့သော အစေခံအိုကြီးက ဒေါသတကြီး ထရပ်လိုက်ကာ၊
“ အကြီးအကဲမင် ... ဒီနေ့က ငါတို့လျန်မိသားစုအတွက် ပျော်ရွှင်စရာနေ့လေး တစ်နေ့ပါ ... ဒါပေမဲ့ ဒီလူငယ်လေးက ခေါင်းလောင်းကို လက်ဆောင်ပေးနေတယ်။ ”
-ဟု တိုင်တမ်းလိုက်သည်။
တစ်ဖက်တွင် ယွဲ့ဟောင်ဖန်းသည် ထိတ်လန့်သွား၏။ ဤလျန်မိသားစုနှင့် အစ်ကိုစု အတိတ်တွင် ရန်ငြိုးတစ်ခုရှိနေသည်လော။
တကယ်၍သာ အခြေအနေသည် ထိုသို့ဆိုလျှင် သူသည် ယနေ့အစ်ကိုစုဘက်မှ ပြတ်ပြတ်သားသားရပ်တည်ပြီး လျန်မိသားစုနှင့် ဆက်ဆံရေးကို ဖြတ်တောက်ရပေမည်။
“ သခင်လေးယွဲ့ ... အစကတော့ မင်းရဲ့ ဂုဏ်သိက္ခာကိုငဲ့ညှာပြီး ငါတို့သည်းခံခဲ့ပါတယ် ဒါပေမဲ့ ဒီလူငယ်ရဲ့ ရည်ရွယ်ချက်က တကယ်ကို ဆိုးရွားလွန်းတာမို့ ငါတို့ လျစ်လျူရှုထားလို့ မရတော့ဘူး။ ”
လျန်မင်တစ်ယောက် ရေခဲကဲ့သို့ အေးစက်တင်းမာလာချေပြီ။ သူမျက်ဝန်းများထဲ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များပင် တောက်ပလာတော့၏။
“ ခဏနေပါဦး ... ။ ”
ပတ်ဝန်းကျင်တစ်ခုလုံး ဖိနှိမ်မှုများ ပြည့်နှက်လာ၏။ ထိုစဉ် ခရမ်းရောင် ဝတ်ရုံကို ဆင်မြန်းထားသော အဘိုးအိုတစ်ဦး အပြေးအလွှား ရောက်ရှိလာသည်။
သူက လူတိုင်းကို လျစ်လျူရှုကာ စုရီပေးအပ်ထားသည့် ကြေးခေါင်းလောင်းထံ အနီးကပ်စစ်ဆေးလိုက်တော့၏။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
တစ်ဆက်တည်းမှာပင် မျက်ဝန်းများ ပြူးကျယ်လာပြီး အံ့အားသင့်လျက် မယုံနိုင်ဖွယ် ကောက်ယူကြည့်နေခဲ့သည်။
ဤသည်မှာ မိုတရှင်း ပေပင်။ မိုးတိမ် အင်မော်တယ်ဂိုဏ်းမှ ဩဇာကြီးမားလှသော မဟာအကြီးအကဲတစ်ဦးဖြစ်၏။
ယနေ့ မင်္ဂလာပွဲသို့ တက်ရောက်သော ဧည့်သည်တော်များအနက် ရာထူးအမြင့်ဆုံး တည်ရှိမှုပေပင်။
“ အဟမ်း ... အကြီးအကဲမို ... ဒီခေါင်းလောင်းမှာ တစ်ခုခုပြဿနာရှိနေလား။ ”
လျန်မင်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး နားမလည်နိုင်စွာမေးမြန်းလေသည်။ မိုတရှင်းမှ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်ကာ၊
“ ဒီလို ရတနာမျိုးမှာ ဘယ်လိုလုပ် ပြဿနာတစ်ခုခုရှိနိုင်မှာလဲ မင်းတို့လျန်မျိုးရိုးက တကယ့်ကို အမှိုက်တွေပဲ။ ”
- ဟု အော်ဟစ် ရှုံချတော့သည်။
ခန်းမဆောင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရလေသည်။ ဤသို့သော ဂုဏ်သရေနှင့် အဆင့်အတန်း မြင့်မားလှသည့် အကြီးအကဲမှ ရတနာအဖြစ် ရှုမြင်နေသည်မှာ အမှန်ပင် မယုံနိုင်စရာတစ်ခု ဖြစ်ရပေမည်။
ထိုမိုတရှင်းသည် နှမျောတသစွာဖြင့် ခေါင်းလောင်းကို ပြန်ချလိုက်သည်။ ဖြစ်နိုင်ပါက ချက်ချင်း လုယူထွက်သွားလိုပုံရနေ၏။
“ တကယ်တော့ မင်းတို့လျန်မိသားစုက ဒီလိုမျိုးပြိုင်ဘက်ကင်း ဘုရားရတစ်ပါးရရှိနိုင်ဖို့ အတွက် တကယ် အရည်အချင်း မရှိသင့်ဘူး ငါ့ကို လက်လွှဲပေးပါ ငါ့ရဲ့ဂိုဏ်းကနေ ...
... မင်းတို့လျန်မိသားစုကို ဒီထက်မက အဆပေါင်းများစွာ ပိုပြီး တန်ဖိုးရှိတဲ့ ဂုဏ်ပြု လက်ဆောင်တွေနဲ့ အစားထိုးပေးမယ်။ ”
မိုတရှင်းမှ လျန်မင်ထံ စိုက်ကြည့်ကာ ကမ်းလှမ်းလိုက်လေသည်။ သူ့မျက်ဝန်းများတွင် လောဘမီးများ အလျှံလျှံငြီးလောင်မြိုက်နေ၏။
“ ဟားဟားဟား ... ငါ့ရဲ့အစ်ကိုမိုကို ဒီလောက်အထိ စိတ်လှုပ်ရှားသွားစေရအောင် ရတနာကဘာမိုလို့လဲ။ ”
ထိုစဉ် ခပ်ဖွဖွရယ်မောသံတစ်သံနှင့်အတူ အနက်ရောင်ဦးထုပ်ကြီးကို ဆောင်းထားသော အဘိုးအိုတစ်ဦး ဖြည်းညှင်းစွာ လျှောက်လှမ်း ရောက်ရှိလာခဲ့သည်။
ဤသည်မှာ လျန်မျိုးနွယ်စု၏ မဟာအကြီးအကဲဖြစ်သူ လျန်ယွန်တုပင်ဖြစ်၏။ ကနဦး သူတော်စင်အင်မော်တယ် ပေပင်။
သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခန်းမအတွင်းရှိ လူတိုင်းသည် သူ့ကိုအလိုလို လမ်းဖယ်ပေးလိုက်ကြသည်။
မိုတရှင်းခမျာ ထိုလူကိုမြင်သောအခါ ရတနာကိုလက်လွှတ်ရတော့မည်ဟု နားလည် သဖြင့် သက်ပြင်းချလိုက်တော့၏။
“ မင်းတို့ လျန်မိသားစုဝင်တွေက တကယ့်ကိုအမှိုက်တွေပဲ မျက်စိကန်းနေကြတာ ဒီရတနာက ကောင်းကင်ဘုံကောင်းချီးမင်္ဂလာ ရှေးဟောင်းခေါင်းလောင်းပဲ။ ”
“ ကောင်းကင်ဘုံ ကောင်းချီးမင်္ဂလာ ရှေးဟောင်းခေါင်းလောင်းလား ... ။ ”
ထိုအမည်ကို ကြားသောအခါ လျန်ယွန်တုတစ်ယောက် ချက်ချင်း လျင်မြန်စွာ ရွေ့လျားရောက်ရှိလာတော့သည်။
ဤသည်မှာ ဓမ္မအဆုံးခေတ်မတိုင်မီ အဖြူရောင်မြက်ခင်းပြင်ပြည်ရှိ ဓားတစ်သောင်း တောင်တန်း၏ အင်မော်တယ်ဘုရင်အဆင့် အထွတ်အမြတ် ရတနာကြီးပေပင်။
ဤရတနာသည် ပိုင်လုပြည်နယ်၌ ကြီးကျယ်ခမ်းနားသော မဟာရတနာ(၁၀၀) အဆင့်တွင် ထိပ်ဆုံး၌ ရပ်တည်နေ၏။
အင်မော်တယ်မြေတွင် မသိသူမရှိ ကျော်ကြားလှလေသည်။ ကောင်းကင်နှင့် မြေကြီးကြား ကောင်းချီးမင်္ဂလာစွမ်းအင်များကို စုဆောင်ကာ မျိုးနွယ်စုတစ်ခုလုံး၏ ကံကြမ္မာ အညွှန်းကိန်းထံ မြှင့်တင်ပေးနိုင်၏။
“ ဒါ ... ဒါက တကယ်ပဲ အဲဒီရတနာလား။ ”
လျန်ယွန်တုပင်လျှင် မျက်လုံးများ ပြူးကျယ်လျက် အလွန်အမင်း စိတ်လှုပ်ရှားသွား ခဲ့ရတော့သည်။ သူသည် ချက်ချင်း လှည့်ပြီး လျန်မင်ထံ ဒေါသတကြီး စိုက်ကြည့်၏။
“ မင်းက တကယ့်ကို မျက်စိမရှိတဲ့ အမှိုက်တစ်ယောက်ပဲ။ ”
ဤသည်မှာ သူတို့၏ နောက်ဆုံးခရီးကို ပို့ဆောင်ခြင်းမဟုတ်ဘဲ လျန်မိသားစုအတွက် ထာဝရကောင်းချီးမင်္ဂလာများ ပေးအပ်ခြင်း ဖြစ်လေသည်။
လျန်မင်ခမျာ ရှက်ရွံ့လွန်းသဖြင့် မျက်နှာတစ်ပြင်လုံး နီရဲသွားပြီး မြေပြင်တွင် တိုးလျိုးပျောက်ကွယ်လိုစိတ်များ ဝင်လာ၏။
ဤအချိန်ကျမှသာ ခန်းမအတွင်းရှိ လူအများသည် စုရီမှ ပေါ့ပေါ့တန်တန် ထုတ်ယူ ပေးအပ်ခဲ့သောလက်ဆောင်ဖြင့် ပြည်နယ်တစ်ခု ဝယ်ယူနိုင်ကြောင်း နားလည်လိုက်လေသည်။
“ တာအိုစု ... ဒါက အရမ်း တန်ဖိုးကြီးလွန်းတယ်။ ”
လျန်ဝမ်ယုမှ စိတ်မသက်မသာဖြင့် ပြောကြားလိုက်လေသည်။ ထို့နောက် ရှေ့သို့ လှမ်းတက်ကာ၊
“ ဒီလို ရတနာကို ကိုယ်တိုင် သိမ်းထားပါ။ ”
-ဟု ဆိုလျက် စုရီကို ပြန်ပေးလိုက်၏။
ဤလက်ဆောင်သည် မျိုးနွယ်စုအတွက်သာ အကျိုးရှိသွားမည်ကို ကောင်းစွာသိရှိထားသဖြင့် ငြင်းပယ်လိုက်ခြင်းဖြစ်သည်။
သူ့စကားနှင့် အပြုအမူများကြောင့် လျန်မိသားစု၏အကြီးအကဲများမှာ လျန်ဝမ်ယု အပေါ် သတ်ဖြတ်လိုသော အကြည့်များဖြင့် လှည့်ကြည့်လိုက်ကြသည်။
“ ငါ ပေးအပ်ပြီးသား လက်ဆောင်ကို ... ဘယ်လိုနည်းနဲ့မှပြန်မယူဘူး ... ပြီးတော့ ဒါက ငါ မင်းတို့ ဇနီးမောင်နှံအတွက် ပြင်ဆင်လာတဲ့ ဂုဏ်ပြုလက်ဆောင်ပဲ ...
... ငါ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ... မင်းတို့ နှစ်ယောက်ကလွဲလို့ အခြားဘယ်သူ့ဆီမှာမှ မမြင်ချင်ဘူး ထိတောင်မထိစေနဲ့။ ”
စုရီက ပြုံးလျက် ပြတ်သားစွာ ပြောကြားလိုက်သည်။ လျန်မိသားစုဝင်များမှာ မျက်နှာပျက်ယွင်းသွားကြပြီး အကြည့်ချင်း ဖလှယ်လိုက်ကြတော့၏။
ဤရတနာကို လျန်မိသားစု၏ ဘဏ္ဍာတိုက်ထဲသို့ မည်သို့တရားဝင်သိမ်းယူရန် ကြိုးစားသင့်ကြောင်း အကြံဉာဏ်များ စတင် စဉ်းစားလာခဲ့ကြလေသည်။
တစ်ဖက်တွင်မူ လျန်ဝမ်ယုမှာ လွန်စွာ ပျော်ရွှင်သွားပြီး၊
“ ဒါဆိုရင်တော့ ... တာအိုစုကို ငါတို့ဇနီးမောင်နှံက ကျေးဇူးတင်ပါတယ်။ ”
-ဟု ဦးညွှတ်လိုက်တော့၏။
( တကယ့်ကို နုံအလိုက်တာ ... မင်းတို့ ဇနီးမောင်နှံလက်ထဲ ရောက်သွားရင်တောင်မှ နောက်ဆုံးကျရင် လျန်မိသားစုပိုင်ဆိုင်တဲ့ ရတနာပဲ ဖြစ်လာမှာမဟုတ်လား။ )
လျန်မင်မှ တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။ ဤသို့ဖြင့်မင်္ဂလာပွဲမှ စုရီတို့အပေါ် အရှက်ခွဲမှု ဇာတ်လမ်းတိုလေးမှာ ပြီးဆုံးသွားခဲ့ရလေသည်။
စုရီ၊ ယွဲ့ဟောင်ဖန်းနှင့် ဖန်ဟန် သုံးဦးစလုံးကို လျန်မိသားစုမှ ဂုဏ်ထူးဆောင် ဧည့်သည်တော်များအဖြစ် ပြောင်းလဲ သတ်မှတ်ပေးခဲ့၏။
ဤဖြစ်ရပ်ကြောင့် လျန်မိသားစုဝင် အများအပြား၏ ဖန်ယွီရုံအပေါ် ထားရှိနေသော အမြင်များသည်လည်း ပြောင်းလဲသွားချေပြီ။
အတိတ်ကာလက ကျွန်တစ်ဦးအဖြစ် အားကိုးရာမဲ့နေသော မိန်းကလေးတစ်ဦးသည် စုရီကဲ့သို့ တစ်စုံတစ်ဦးကို နောက်ခံရှိနေသည်မှာ မယုံနိုင်စရာဖြစ်နေ၏။
ထို့ကြောင့် လူတိုင်းသည် စုရီနောက်ခံကို တိုးတိုးတိတ်တိတ် စုံစမ်းနေတော့သည်။ စုရီမှ ပြုံးလျက် ထိုနတ်အာရုံများထံ လျစ်လျူရှုကာ ဝိုင်ကို အရသာခံသောက်နေခဲ့ချေပြီ။
သူ့ခွက် ပြန်ချလိုက်တိုင်း ယွဲ့ဟောင်ဖန်းသည် အလိုက်တသိနှင့် ထပ်ဖြည့် ပေးနေတော့၏။ မြင်ကွင်းသည် အလွန်ပင် ကြီးစိုးကာ မောက်မာလွန်းနေခဲ့သည်။
***